တိုင်းရင်းကြက်မွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး
Posted_Date
Image

Body
ကျေးလက်နေပြည်သူများ၏ စားရေရိက္ခာ ပြည့်စုံဖူလုံရေး၊ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းကြက်မွေးမြူရေးကို“ဟင်းစားမှသည် တစ်နိုင်တစ်ပိုင် တစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ် စီးပွားဖြစ်မှသည် ပြည်ပပို့ကုန်အမည်တစ်မျိုး…”အဖြစ်မွေးမြူပါက မိသားစုစားရေရိက္ခာအတွက် ဟင်းစားရရှိလာမည့်အပြင် ပိုလျှံသည်များကို ဈေးကွက် တင်ပို့ရောင်းချပါက မွေးမြူရေး အလုပ်အကိုင် အခွင့်အလမ်း စီးပွားရေးလုပ်ငန်းတစ်ခု အနေဖြင့် ပိုလျှံ တိုးပွားဝင်ငွေ အခွင့်အလမ်းရရှိလာမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေ ပြည်သူများဖြစ်ကြပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် မြေကြီးပေါ်တွင် စိုက်ပျိုးမွေးမြူကာ စိုက်ပျိုး၍ အပင်မှထွက်ရှိလာသည်များကို မွေးမြူရေးတိရစ္ဆာန်များတွင်ကျွေးမွေး၍ အသား၊ ငါး၊ နို့၊ ဥများ ထုတ်လုပ်ကာ လူသားများအတွက် အဓိကလိုအပ်သော အစာကွင်းဆက်၊ အစာသံသရာ အတွက် စားရေရိက္ခာပြည့်စုံဖူလုံအောင် ဆောင်ရွက်ပေးနေသော လုပ်ငန်းဖြစ်ပေသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်းအရ တိုင်းရင်းကြက်၊ ဥစားကြက်၊ အသားစားကြက်၊ ကြက်ကောင်ရေစုစုပေါင်း ၈၀ ဒသမ ၈၆ သန်းရှိကာ ဒေသကြက်ကောင်ရေသည် ကြက်စုစုပေါင်း၏ ၅၄ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ပြည်သူများ၏ အသားရိက္ခာအတွက် အဓိက ပံ့ပိုးပေးနေသော မွေးမြူရေးလုပ်ငန်းဖြစ်သည်။ ကျေးလက်ဒေသများတွင် တိုင်းရင်းကြက်မွေးမြူရေးသည် ဝင်ငွေကောင်းရရှိစေနိုင်ပြီး ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောလုပ်ငန်းတစ်ရပ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထင်ရှားသော တိုင်းရင်းကြက်မျိုးများဖြစ်သည့်
(က) စစ်တကောင်းကြက်
( ခ ) အင်ပင်ဝကြက်
( ဂ ) လည်ပြောင်ကြက်
(ဃ) တိုက်ကြက် အစရှိသောမျိုးများသည် အထူးထင်ရှားသည်။
တိုင်းရင်းကြက်မွေးမြူရေးသည် ဥစားကြက်နှင့် အသားတိုးကြက်မွေးမြူရေး လုပ်ငန်းများကဲ့သို့ ကုန်ကျစရိတ်မများဘဲ မွေးမြူထုတ်လုပ်နိုင်သော မွေးမြူရေးလုပ်ငန်း တစ်ခုဖြစ်ပေသည်။ အဓိကအားဖြင့်
(၁) အဆောက်အအုံ၊ အစာ၊ ဆေး၊ ခြံသုံးပစ္စည်းနှင့် လုပ်အားခ စသည့်ကုန်ကျစရိတ်များ သက်သာစွာ မွေးမြူနိုင်ခြင်း။
(၂) ဆိုးရွားသော ရာသီဥတုဒဏ်၊ ရောဂါဒဏ်၊ အစာချို့တဲ့မှုဒဏ်ကို နိုင်ငံခြားကြက်မျိုးများထက် ခံနိုင်ရည်ရှိခြင်း။
(၃) ဒေသတွင်းမိမိဘာသာ ရှာဖွေစားသောက်နိုင်ခြင်း။
(၄) ဖောက်စက်မလိုအပ်ဘဲ မိမိကိုင်တိုင်ဝပ်၍ သားပေါက်နိုင်ခြင်း။
(၅) ကြက်ငယ်များအပေါ် မိခင်၊ ဖခင်စိတ်ထားရှိနိုင်ပြီး ကြက်ငယ်များအဝရှင်သန်ရန် လေ့ကျင့်သင်ကြားထိန်းကျောင်းပေးနိုင်ခြင်း။
(၆) အရွယ်ရောက်သောအခါ မိမိဘာသာရန်သူကို ကာကွယ်ရှင်သန် လှုပ်ရှားနိုင်ခြင်း။
(၇) ကြက်သား၏ အနံ့၊ အရသာနှင့် ဖွဲ့စည်းမှုကောင်းမွန်ခြင်း။
(၈) ကြက်ဥ၏အနှစ်အရည်အသွေးကောင်းမွန်ခြင်း စသည့် အရည်အသွေးကောင်းများ ရှိပေသည်။
အထက်ဖော်ပြပါ အရည်အသွေးကောင်းများရှိသော်လည်း တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျကျွေးမွေး၊ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလျှင် သေပျောက်ဆုံးရှုံး ပျက်စီးမှုများ ကြုံတွေ့ရတတ်သည်။
“ဆရာမပြ နည်းမကျ”ဆိုသကဲ့သို့ တတ်သိနားလည်သော ဆရာ၊ တိရစ္ဆာန်ဆေးကုဆရာဝန်(မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန)များ၏ နည်းမှန်လမ်းမှန်နည်းပေး လမ်းပြမှုဖြင့် တိုင်းရင်းကြက်မွေးမြူရေးကို စနစ်တကျမွေးမြူထုတ်လုပ်ပါက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သောမွေးမြူရေး လုပ်ငန်းဖြစ်ပေသည်။
တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းများသည် အချိန်တိုကာလအတွင်း ရင်းနှီးမြှုပ်နှံငွေပြန်လည်ရရှိနိုင်ခြင်း၊ မိမိတို့ဒေသအတွင်းရှိ တိုင်းရင်းကြက်မျိုးများ၏ ထုတ်လုပ်နိုင်မှုစွမ်းရည်သည် စနစ်တကျ မွေးမြူထုတ်လုပ်ပါက ပုံမှန်သိရှိထားသည်ထက် များစွာသာလွန် ကောင်းမွန်ခြင်း၊ အသားနှင့်ဥများ၏ အနံ့အရသာများမှာ မွေးမြူရေးကြက်ဥ၊ ကြက်သားများထက် လူကြိုက်များပြီး ထုတ်ကုန်တန်ဖိုးပိုမိုမြင့်မားခြင်းတို့ကြောင့် ယခုအချိန်ကာလတွင် တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်းသည် မွေးမြူရန်အခွင့်အလမ်း ပိုမိုကောင်းမွန်လျက်ရှိသည်။
တိုင်းရင်းကြက်မွေးမြူရေး လုပ်ငန်း ပိုမိုတိုးတက်အောင်မြင်စေရန် ကြက်ခြံဆောက်လုပ်ပေးရမည်။ ညအိပ်ရန်၊ ခွေး၊ ကြောင်၊ ငှက်၊ သားရဲတိရစ္ဆာန်တို့ရန်မှ ကာကွယ်ရန်နှင့် ရာသီဥတုဒဏ်မှ ကာကွယ်ရန်ဖြစ်သည်။ တိုင်းရင်းကြက်များသည် ကိုယ်တိုင်ရှာဖ ွေစားသောက်နိုင်သော်လည်း စပါး၊ ဆန်၊ ဆန်ကွဲ၊ ဖွဲနု၊ ထမင်း(သို့)ရောစပ်စာ၊ အစာစိမ်း၊ဒေသအလိုက် ရရှိနိုင်သော ပိုးစာရွက်၊ ဘောစကိုင်းရွက်၊ ကန်စွန်းရွက်၊ ဗေဒါရွက်၊ ဟင်းသီးဟင်းရွက်တို့ကိုလည်း ဖွဲနု၊ ဆန်ကွဲ၊ ပဲဖတ်တို့ဖြင့်ရောစပ်ကာ အစာခွက်ဖြင့် ကျွေးမွေးနိုင်သည်။
သန့်ရှင်း၍ လတ်ဆတ်သော အစာနှင့်ရေရရှိရေးသည် မွေးမြူရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ သန့်ရှင်းသောအစာနှင့် ရေရရှိရေးအတွက် သန့်ရှင်းသော အစာခွက်၊ ရေခွက်အသုံးပြုရေးသည်လည်း အရေးကြီးလှပေသည်။
တိုင်းရင်းကြက်များသည် မြန်မာနိုင်ငံအနှံ့အပြားဒေသ အသီးသီး၏ ရာသီဥတုပတ်ဝန်းကျင် အခြေအနေနှင့် ယဉ်ပါးပြီးဖြစ်ကာ မိဘ၊ ဘိုးဘွားလက်ထက် အစဉ်အဆက်မွေးမြူခဲ့ကြသော ဒေသကြက်မျိုးများဖြစ်သည်။ တိုင်းရင်းကြက်မွေးမြူရေးတွင်-
“ကြက်မကိုးကောင် ကိုးလရှောင်တစ်နေ့တစ်ကောင် စားသုံးမျိုးမတုံး” ဆိုသောစကားရှိသည်။ စနစ်တကျမွေးမြူမှသာလျှင် ဆိုရိုးစကားနှင့်ကိုက်ညီသော အကျိုးကျေးဇူးကို ခံစားရမည်ဖြစ်သည်။
တိုင်းရင်းကြက်မွေးမြူရေးတွင် ဥတင်းများ ထားရှိပေးရမည်။ ကြက်ခြံ၏ မှောင်၍ ထောင့်ကျသောနေရာတွင် ဥတင်းကိုမြေပြင်မှ ၁ ပေခွဲအကွာတွင် ကောက်ရိုး၊ မြက်ခြောက်ခင်းပြီး ခိုင်ခိုင်မြဲမြဲထားပေးရမည်။ ကြက်မတစ်ကောင်လျှင် ဥတင်းတစ်ခုနှုန်းထားပေးရမည်။ ဝပ်ကြက်မ သားပေါက်ပြီးပါက ဥတင်းထဲမှ ကောက်ရိုး၊ မြက်ခြောက်များကို စွန့်ဖယ်၍ မီးရှို့ပစ်ရမည်။ ကြက်သန်း၊ လှေးများ မတွယ်ကပ်စေရန် ကြက်ခြံအတွင်း ဥတင်း၊ အိပ်တန်းအကြိုအကြားနေရာများကို ဆေးရွက်ကြီးထည့်ခြင်း၊ ဆေးရွက်ကြီးစိမ်ထားသောရေဖြင့် ပက်ဖျန်း၊ သုတ်လိမ်းပေးခြင်းတို့ကို ပြုလုပ်ရမည်။ ကြက်ငယ်လေးများ ပေါက်လာပါက သီးသန့်အနွေးပေး မွေးမြူခြင်းဖြင့် ကြက်မများ တစ်နှစ်လျှင် သုံးကြိမ်မှလေးကြိမ် သားပေါက်ရာမှ ငါးကြိမ်မှခြောက်ကြိမ်အထိ ပိုမိုပေါက်ပွားနိုင်ပြီး ခွေး၊ ကြောင်၊ ကျီး၊ စွန် စသည်တို့ကြောင့် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်သည်။
တိုင်းရင်းကြက်မွေးမြူရေးခြံကို နေ့စဉ်သန့်ရှင်းရေးပြုလုပ်ပေးရမည်။ သန့်ရှင်းရေး ပြုလုပ်ချိန်တွင် ကြက်ချေးအရောင်နှင့် ဖွဲ့စည်းပါဝင်မှုကိုကြည့်ရှုပြီး ကြက်များ၏ ကျန်းမာရေးအခြေအနေကို နေ့စဉ်စစ်ဆေးပေးရမည်။ အထူးသဖြင့် တိုင်းရင်းကြက်များ အိပ်တန်းဝင်နေချိန်နှင့် အစာကျွေးချိန်တွင် သေချာစစ်ဆေးပေးရမည်။
တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကအဟန့်အတားဖြစ်စေသော အတားအဆီးမှာ ကြက်လည်လိမ်ရောဂါ ဖြစ်ပွားမှုဖြစ်သည်။ မှိုင်ကုပ်ပြီးရက်ပိုင်းအတွင်း ကြက်တစ်အုပ်လုံးဆုံးရှုံးနိုင်သည်။ ကြက်ဝမ်းကျရောဂါသည် ဒုတိယဆုံးရှုံးမှုများသော ရောဂါဖြစ်သည်။ ကြက်အသက်အရွယ် မရွေးဖြစ်ပွားကာ ဆုံးရှုံးမှုများတတ်သည်။ ကြက်ငယ်ကလေးများ ညအချိန်တွင် ခြင်ကိုက်ရာမှ မျက်ခွံတွင် အနာဖြစ်ပြီး ကြက်ကျောက်ရောဂါလည်းဖြစ်ပွားတတ်သည်။ ၎င်းရောဂါများကို ကာကွယ်ဆေးပေးခြင်းဖြင့် အပြည့်အဝကာကွယ်နိုင်သည်။
သန်ကောင်များကြောင့်လည်း ထုတ်လုပ်မှု ကျဆင်းတတ်သဖြင့် သန်ချဆေးများကိုလည်း ပုံမှန်တိုက်ကျွေးပေးရန် လိုအပ်သည်။
မှတ်တမ်းများထားရှိခြင်းသည် တိုင်းရင်းကြက်မွေးမြူရေးတွင် ကြက်မျိုးရွေးချယ်မှုကို အထောက် အကူဖြစ်စေသည်။ ကြက်မတစ်ကောင်ချင်းအလိုက် ဥနှုန်း၊ သားပေါက်နှုန်း၊ ကြီးထွားနှုန်း၊ အစာစားနှုန်းတို့ကိုမှတ်တမ်းထားမှသာ မျိုးကြက်ရွေးချယ်ခြင်းနှင့် ပယ်ခြင်းများပြုလုပ်နိုင်ပြီး အကျိုးသက်ရောက်မှုကို ဆန်းစစ်နိုင်မည်ဖြစ်သည်။
တိုင်းရင်းကြက်မွေးမြူရေးကို မိရိုးဖလာနည်းဖြင့်သာ မွေးမြူနေကြသဖြင့် တိုးတက်မှု နှောင့်နှေးနေပေသည်။ နည်းစနစ်တကျ မွေးမြူမည်ဆိုပါက မျိုးထိန်းသိမ်းခြင်းနှင့် ကြီးထွားနှုန်း၊ထုတ်လုပ်မှု အမြင့်မားဆုံးရရှိစေရန် ဆောင်ရွက်နိုင်ပြီး ပြောင်းလဲလာသော သဘာဝပတ်ဝန်းကျင် ရာသီဥတုအခြေအနေများတွင် လိုက်လျောညီထွေဖြစ်စေနိုင်သည့် မျိုးသစ်များထွက်ပေါ်လာစေရန်နှင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးမှစီးပွားဖြစ်မွေးမြူရေး အသွင်ဖြစ်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ယခုအခါ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း မိမိတို့နိုင်ငံဒေသအသီးသီးရှိ ဒေသကြက်မျိုးများကိုပြန်လည်ဖော်ထုတ်မွေးမြူနေကြသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း တိုင်းရင်းကြက်များကို စနစ်တကျမွေးမြူခြင်းဖြင့် အစားအစာပြည့်စုံဖူလုံရေး၊ အစားအစာဘေးကင်း လုံခြုံရေးအတွက် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကျေးလက်လူမှုုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံတော်၏ စားရေရိက္ခာပြည့်စုံ ဖူလုံရေးတွင်အရေးပါသောမွေးမြူရေး လုပ်ငန်းဖြစ်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
Source: Myawady Web Portal