အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်လေ့လာခြင်း

Posted_Date

Image

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်လေ့လာခြင်း

Body

အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တည်ရှိပြီး ၇၃၅,၃၅၈ စတုရန်းမိုင် ကျယ်ဝန်းသဖြင့် ကုန်းမြေဧရိယာတွင် (၁၄)ခု မြောက် အကြီးဆုံးနိုင်ငံဖြစ်ပါသည်။ လူဦးရေ ၂၆၁ သန်းခန့်ရှိပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံ ဖြစ်ပါသည်။ နိုင်ငံ၏ လက်ရှိမြို့တော်မှာ ဂျာကာတာမြို့ဖြစ်ပြီး ကျွန်းပေါင်း ၁၇,၀၀၀ ကျော် ပါဝင်ဖွဲ့စည်းထားသော ကမ္ဘာ့အကြီးဆုံးကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် အုပ်ချုပ်ရေးပြည်နယ် (၃၄)ခု၊ ဒေသန္တရအုပ်ချုပ်ရေးနယ်မြေ (regency) ၄၁၀ ခု၊ မြူနီစီပယ်အုပ်ချုပ်ရေးနယ်ပယ် (municipality) ၉၈ ခု၊ ခရိုင် ၆,၉၉၄ ခု၊ မြို့ပေါ်ရပ်ကွက် ၈,၃၀၉ ခုနှင့် ကျေးရွာ ၇၂,၉၉၄ ခုတို့ဖြင့် ဖွဲ့စည်းထားပါသည်။

လူမှုစီးပွားရေးရည်မှန်းချက်များ အောင်မြင်စေရန် နိုင်ငံတော်၏ စီးပွားရေးကို လမ်းညွှန်ရာတွင် အသုံးပြုသည့် ဘဏ္ဍာရေးဆိုင်ရာကိရိယာတစ်ခုအနေဖြင့် အခွန်ကောက်ခံခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၈၃ ခုနှစ်တွင် ဝင်ငွေခွန်အက် ဥပဒေ (Indonesia Income Tax Act) ကို ပြဋ္ဌာန်းခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် အောက်ဖော်ပြပါ အခွန်အမျိုးအစားများကို ဗဟိုအစိုးရအပြင် ပြည်နယ်နှင့် ဒေသဆိုင်ရာ အစိုးရများမှ အခွန်အမျိုးအစားနှင့် ပတ်သက်သည့် တရားစီရင်ပိုင်ခွင့် အပေါ် မူတည်၍ ကောက်ခံလျက် ရှိပါသည်-

ဗဟိုအဆင့် (National Level)

၁။       ဝင်ငွေခွန် (Income Tax) ၊

၂။       တန်ဖိုးဖြည့်ခွန်နှင့် ဇိမ်ခံပစ္စည်းအရောင်းခွန် (Value Added Tax and Sales Tax on Luxury Goods)၊

၃။       သတ္တုတူးဖော်ရေးလုပ်ငန်း၊ ဥယျာဉ်စိုက်ပျိုးခြင်းနှင့် သစ်တောတို့အပေါ် ကောက်ခံသည့် မြေနှင့် အဆောက်အဦအခွန်၊ (Land and Building Tax on Mining, Gardening and Foresty) ၊

၄။       တံဆိပ်ခေါင်းခွန် (Stamp Duty) ၊

၅။       အကောက်ခွန်နှင့် ယစ်မျိုးခွန် (Custom and Excises) ၊

၆။       ပို့ကုန်သွင်းကုန်ခွန် (Import and Export Duties) ၊

ပြည်နယ်အဆင့် (Provincial Level)

၁။       မော်တော်ယာဉ်အခွန် (Motor Vehicle Tax) ၊

၂။       မော်တော်ယာဉ်ပိုင်ဆိုင်မှု လွှဲပြောင်းခွန် (Motor Vehicle Transfer Duty) ၊

၃။       စက်သုံးဆီအခွန် (Motor Fuel Tax - Earmarking) ၊

၄။       မြေအောက်ရေခွန် (Surface Water Tax) ၊

၅။       စီးကရက်အခွန် (Cigarrete Tax - Earmarking Vehicle) ၊ 

မြို့ပြနှင့် ခရိုင်အဆင့် (Cities and Regency Levels)

၁။       ဟိုတယ်အခွန် (Hotel Tax) ၊

၂။       စားသောက်ဆိုင်အခွန် (Restaurant Tax) ၊

၃။       ဖျော်ဖြေရေးအခွန် (Entertainment Tax) ၊

၄။       ကြော်ငြာအခွန် (Advertisement Tax) ၊

၅။       လမ်းမီးအခွန် (Street Illumination Tax - Earmarking) ၊

၆။       ဓာတ်သတ္တုအခွန် (Nonmetal and Non-stone Mineral Tax) ၊

၇။       ယာဉ်ရပ်နားခွန် (Parking Tax) ၊

၈။       မြေအောက်ရေခွန် (Ground Water Tax) ၊

၉။       ငှက်သိုက်ထုတ်ယူရောင်းချခွန် (Walet Bird’s Nest Tax)

၁၀။     မြို့ပြ၊ ကျေးလက်မြေနှင့် အဆောက်အဦခွန် (Urban & Rural Land and   Building Tax) ၊

၁၁။     မြေယာနှင့် အဆောက်အအုံ သိမ်းယူမှုအခွန် (Land & Building Acquisition Duty) ။

ဗဟိုအဆင့် (National Level) တွင် ဝင်ငွေခွန်၊ တန်ဖိုးဖြည့်ခွန်နှင့် ဇိမ်ခံပစ္စည်း အရောင်းခွန်၊ တံဆိပ်ခေါင်းခွန်တို့ကို အခွန်အကောက်ဆိုင်ရာညွှန်ကြားမှုဦးစီးဌာန (Directorate General of Taxes)၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိပါသည်။ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေနှင့် အဆောက်အဦပေါ်တွင် ကောက်ခံသည့်အခွန်ကို ဓာတ်သတ္တုနှင့် ကျောက်မီးသွေးညွှန်ကြားမှုဦးစီးဌာန (Directorate General of Minerals and Coal)၊ စွမ်းအင်နှင့်သတ္တုဝန်ကြီးဌာန (Ministry of Energy and Mineral)မှ အခွန်ကောက်ခံပြီး ဉယျာဉ် စိုက်ပျိုးခြင်းနှင့် သစ်တောခွန်ကို သစ်တောညွှန်ကြားမှု ဦးစီးဌာန(Directorate General of Forestry)၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန (Ministry of Environment and Forestry) မှ ကောက်ခံလျက်ရှိပါသည်။ အကောက်ခွန်နှင့် ယစ်မျိုးခွန်၊ ပို့ကုန် သွင်းကုန်ခွန်တို့ကို အကောက်ခွန်နှင့် ယစ်မျိုးခွန်ညွှန်ကြားမှုဦးစီးဌာန (Directorate General of Customs and Excises)၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကောက်ခံလျက်ရှိပါသည်။

ပြည်နယ်အဆင့် (Provincial Level) တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဥပဒေအမှတ်-၂၈၊ ၂၀၀၉ ခုနှစ် ဒေသ ဆိုင်ရာအခွန်နှင့်အခများအရ မော်တော်ယာဉ်အခွန်၊ မော်တော်ယာဉ် ပိုင်ဆိုင်မှု လွှဲပြောင်းခွန်၊ မြေအောက် ရေခွန်တို့ကို ပြည်နယ်အစိုးရ (Regional Government) မှ အခွန်ကောက်ခံပြီး စက်သုံးဆီအခွန်နှင့် စီးကရက်အခွန်တို့ကို အကောက်ခွန်နှင့် ယစ်မျိုးခွန် ညွှန်ကြားမှုဦးစီးဌာန (Directorate General of Customs and Excises) ၊ ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ကောက်ခံလျက်ရှိပါသည်။

မြို့ပြနှင့် ခရိုင်အဆင့် (Cities and Regency Levels) တွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဥပဒေအမှတ်-၂၈၊ ၂၀၀၉ ခုနှစ် ဒေသဆိုင်ရာအခွန်နှင့်အခများအရ ဟိုတယ်အခွန်၊ စားသောက်ဆိုင်အခွန်၊ ဖျော်ဖြေရေး အခွန်၊ ကြော်ငြာအခွန်၊ လမ်းမီးအခွန်၊ ဓာတ်သတ္တုအခွန်၊ ယာဉ်ရပ်နားခွန်၊ မြေအောက်ရေခွန်၊ ငှက်သိုက်ထုတ်ယူ ရောင်းချခွန်၊ မြို့ပြ၊ ကျေးလက်မြေနှင့် အဆောက်အဦခွန်၊ မြေယာနှင့် အဆောက်အအုံ သိမ်းယူမှုအခွန် တို့ကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီရင်ပိုင်ခွင့်အလိုက် ကောက်ခံလျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်သည် ၁၉၄၄ ခုနှစ် ဝင်ငွေခွန်ဥပဒေနှင့် ၁၉၂၅ ခုနှစ် ကော်ပိုရေးရှင်း ဝင်ငွေခွန်ဥပဒေတို့ကို အခြေခံကာ အင်အားကြီးမားသော ကိုလိုနီခေတ်မှ စတင်၍ ကြီးထွားလာခြင်း ဖြစ်ပါသည်။ ထိုအချိန်က အင်ဒိုနီးရှားနိုင်ငံသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍမှ အခွန်ကောက်ခံ ရရှိမှု အပေါ် မှီခိုနေပြီး ယင်းအခွန်ရငွေမှာ စုစုပေါင်းအခွန်အကောက် ကောက်ခံရရှိငွေ၏ ၇၀.၁ ရာခိုင်နှုန်း အထိ ရှိပါသည်။ ၁၉၄၄ ခုနှစ် ဥပဒေကို အကြိမ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပြီး ၁၉၇၀ ခုနှစ် ဥပဒေအမှတ် (၉) ဖြင့် ပြင်ဆင်အတည်ပြုခဲ့ပါသည်။ နောက်ပိုင်းတွင် ၁၉၈၃ ခုနှစ် ဥပဒေအမှတ်(၇)ဖြင့် တစ်ဦးချင်း ဝင်ငွေခွန်နှင့် ကော်ပိုရိတ် ဝင်ငွေခွန်တို့ကို  ပေါင်းစပ်ထားသော  ဝင်ငွေခွန်ဥပဒေကို  ပြဋ္ဌာန်းခဲ့ပါသည်။ 

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်သည် အခွန်ထမ်းပြည်သူများအား လက်ရှိအခွန်ဥပဒေ၊ စည်းမျဉ်းများနှင့် အညီ တွက်ချက်ရန်၊ ပေးဆောင်ရန်နှင့် အစီရင်ခံရန် တာဝန်များကို လုပ်ဆောင်စေခြင်းပင်ဖြစ်ပါသည်။ ဝင်ငွေခွန်ကောက်ခံရန် ပင်ရင်းမှနုတ်ယူခွန်စနစ် (Withholding Tax System) ကို ကျင့်သုံးပြီး အမျိုးမျိုးသော လုပ်ငန်းများနှင့် ငွေပေးချေမှု လုပ်ငန်းများသည် ပြင်ပအဖွဲ့အစည်းများမှ အခွန်ကို ပင်ရင်းမှနုတ်ယူကာ အခွန်ဌာနသို့ ပေးသွင်းရန် လိုအပ်မည်ဖြစ်ပါသည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (Organization for Economic Cooperation and Development -OECD) မှ တင်ပြသော အခွန်ဖွဲ့စည်းပုံ ဆိုင်ရာစာရင်းဇယားများအရ ကော်ပိုရိတ်အခွန်၊ တန်ဖိုးဖြည့်ခွန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ကောက်ခံသည့် အခွန်အကောက် များသည် အင်ဒိုနီးရှားနိုင်ငံတွင် အခွန်ရငွေအတွက် ၂၉ ရာခိုင်နှုန်းနှင့် ၃၄ ရာခိုင်နှုန်းအကြား ရရှိသည်ကို တွေ့ရှိရပါသည်။ နိုင်ငံ၏ အခွန်နှင့် GDP အချိုး သည် ၂၀၂၁ ခုနှစ်တွင် ၁၀.၉ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၁၂.၁ ရာခိုင်နှုန်းဝန်းကျင်နှင့် ၂၀၂၃ ခုနှစ် တွင် ၁၀.၂၁ ရာခိုင်နှုန်းရှိပြီး အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ် ပါက OECD ပျမ်းမျှထက် သုံးပုံတစ်ပုံအောက် နိမ့်ကျနေသည်ကို တွေ့ရှိရပါသည်။

၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း COVID-19 ကပ်ရောဂါသည် နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးတွင် စတင်ဝင်ရောက်လာခဲ့သောကြောင့် အစိုးရသည် ကော်ပိုရိတ်ခွန်နှုန်းထားကို ၂၅ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းထိ လျှော့ချခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၂၀ ရာခိုင်နှုန်းအထိ ‌လျှော့ချခဲ့ပါသည်။ ဆက်လက်၍ ကပ်ရောဂါ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ဖြေရှင်းရန် နိုင်ငံခြားပိုင် ကော်ပိုရေးရှင်းများ အပါအဝင် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးနိုင်ရန် အစိုးရမှ များစွာထောက်ပံ့ ကူညီခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် အင်ဒိုနီးရှားသမ္မတသည် ၂၀၂၀ ပြည့်နှစ်၊ ဥပဒေအမှတ် (၁၁) ဖြင့် အလုပ်အကိုင်ဖန်တီးမှုဆိုင်ရာဥပဒေ (Job Creation Law) ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အင်ဒိုနီးရှား တရားစီရင်ရေးစနစ် ပြောင်းလဲမှုစာမျက်နှာသစ်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြုပြင်ပြောင်းလဲမှုများတွင် အခွန်ဥပဒေများစွာ ပြင်ဆင်မှုများပါဝင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တရားမျှတမှုနှင့် တန်းတူညီမျှမှုပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် Job Creation Law ကို ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ Job Creation Law အတည်ပြုပြဋ္ဌာန်းလိုက်ခြင်းနှင့်အတူ လျင်မြန်သော လူမှုအပြောင်းအလဲ များအကြားတွင် နိုင်ငံ၏ အခွန်စနစ်သည် အချို့သော  ဗျူရိုကရေစီလုပ်ငန်းများကို လွယ်ကူချောမွေ့စေပြီး ပိုမိုထိရောက်သောနည်းလမ်းဖြင့် လည်ပတ်ရန် ကြိုးပမ်းနိုင်သောကြောင့် ယခင်ကထက် တိုးတက်ပြောင်းလဲ လာခြင်းပင် ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားခဲ့စဉ်က Job Creation Law ပဏာမခြေလှမ်း အဖြစ် ဒစ်ဂျစ်တယ်စီးပွားရေး အခွန်ကောက်ခံမှုမူဝါဒကို ထုတ်ပြန်ကာ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။

၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင် ဗဟိုအခွန်စနစ် (Core Tax System-COTS)ဖြင့် နိုင်ငံ၏ လုပ်ငန်းစဉ် များကို ပံ့ပိုးပေးပြီး အခွန်ထမ်းသန်း ၄၀ ကျော်နှင့် ၎င်းတို့၏ အခွန် ပြန်အမ်းရေးစာရွက်စာတမ်းများကို စီမံခန့်ခွဲကာ အင်ဒိုနီးရှားနိုင်ငံရှိ အခွန်ရုံးပေါင်း(၅၈၃)ခုတွင် အလုပ်နှင့် လုပ်ငန်းစဉ်များ၏ အရည်အသွေး  ကို မထိခိုက်စေဘဲ မလိုအပ်ဘဲပွားများနေသော ကိန်းဂဏန်းများ အသုံးပြုခြင်းကို လျှော့ချခြင်းဖြင့် လုပ်ငန်းများလွယ်ကူချောမွေ့စေရေးကို ရည်ရွယ်ပါသည်။ ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အာရုံစိုက်မှုသည် ပြန်လည်ဆန်းသစ်ထားသော ဒစ်ဂျစ်တယ်စနစ်သို့ အလုံးစုံပြောင်းလဲကာ အခွန် ကောက်ခံမှုဆိုင်ရာ အလားအလာကောင်းများ ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ အခွန်အကောက်ဆိုင်ရာ ညွှန်ကြားမှုဦးစီး ဌာန (DGT) သည် စီမံခန့်ခွဲမှုနှင့် အခွန်ကောက်ခံမှုတို့အတွက် တာဝန်ရှိသောဌာန ဖြစ်ပါသည်။ အခွန်ထမ်း ပြည်သူများသည် DGT တွင် မှတ်ပုံတင်ပြီး ၎င်းတို့၏ အခွန်အကောက်များကို အခွန်အမျိုးအစားပေါ် မူတည်၍ အခွန်ပေးသွင်းရန် လိုအပ်ပါသည်။ အခွန်များကို ပင်ရင်းမှနုတ်ယူခွန် (Withholding Tax)- လစာ၊ အမြတ်ဝေစုနှင့် အတိုးများကဲ့သို့သော အချို့ငွေပေးချေမှုမှ အခွန်များကို နုတ်ယူခြင်း၊ အခွန်ထမ်း ကိုယ်တိုင် ဝင်ငွေကြေညာလွှာ တင်သွင်းစည်းကြပ်ခြင်း (self-assessment) အခွန်ထမ်းကိုယ်တိုင် မိမိ ပေးဆောင်ရမည့်အခွန်ကို တွက်ချက်ပြီး ပေးဆောင်ခြင်း၊ ဘဏ်များ သို့မဟုတ် e-payment လမ်းကြောင်း များမှ အခွန်ပေးဆောင်ခြင်းတို့ဖြင့် ကောက်ခံလျက်ရှိပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတော်ဘဏ္ဍာငွေကို ဖြည့်တင်းပေးသော အဓိက အခွန်အမျိုးအစားမှာ ဝင်ငွေခွန် (တစ်ဦးချင်းဝင်ငွေခွန်၊ ကော်ပိုရိတ်ခွန်) ဖြစ်ပြီး အခွန်ကောက်ခံမှု စုစုပေါင်း၏  ၅၀-၆၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ တန်ဖိုးဖြည့်ခွန်သည် အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအများဆုံးဖြစ်ပြီး အခွန်ကောက်ခံမှု စုစုပေါင်း၏ ၃၀-၄၀ ရာခိုင်နှုန်းခန့်ရှိပါသည်။ ယစ်မျိုးခွန် (ဆေးလိပ်နှင့် လောင်စာဆီထွက်ကုန်)နှင့် မြေနှင့် အဆောက်အဦခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ဒေသဆိုင်ရာအခွန်များကဲ့သို့သော အခြားအခွန် အမျိုးအစားများအတွက် အခွန်ကောက်ခံမှု စုစုပေါင်း၏ ၅-၁၀ ရာခိုင်နှုန်းခန့် ရှိပါသည်။ စီးပွားရေး အခြေအနေများ၊ မူဝါဒပြောင်းလဲမှုများနှင့် အခွန်စီမံခန့်ခွဲရေးလုပ်ဆောင်မှုများအပေါ်မူတည်၍ အခွန် အမျိုးအစားတစ်ခုစီ၏ နိုင်ငံတော်ဘဏ္ဍာငွေအား ဖြည့်တင်းမှုသည် နှစ်စဉ်မတူညီနိုင်ပါ။ သို့သော်လည်း နိုင်ငံတော် ဘဏ္ဍာငွေကို အဓိကဖြည့်တင်းသော အခွန်အမျိုးအစားမှာ ဝင်ငွေခွန်နှင့် တန်ဖိုးဖြည့်ခွန်တို့ပင် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အခွန်ကောက်ခံမှုစနစ်မှာ ၁၉၄၅ ခုနှစ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၊ ပုဒ်မခွဲ(က)ပါ “နိုင်ငံတော်ဘဏ္ဍာငွေကို စီမံခန့်ခွဲရာတွင် အခြေခံအဖြစ် နိုင်ငံတော်ဘဏ္ဍာငွေကို ဥပဒေ အရ နှစ်စဉ်သတ်မှတ်ပြဋ္ဌာန်းပြီး ပြည်သူများ၏ သာယာဝပြောမှု ကို အကောင်းဆုံးရရှိစေရန်အတွက် ပွင့်လင်းမြင်သာစွာ တာဝန်ခံမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်” ပြဋ္ဌာန်းချက်အရခေတ်ကာလနှင့်ကိုက်ညီသော အခွန်ဆိုင်ရာမူဝါဒများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိနိုင်ပေသည်။ 

ကိုးကားချက်

(၁)   General@metalaw.id

(၂)    https://taxsummeries.pwc.com/Indonesia/individual/taxadministration

(၃)   Indonesia tax guide 2023-2024

(၄)   Indonesia pocket tax book 2023-2024

(၅)   Ministry of Finance Republic of Indonesia Regulation Number 257/pmk-001/2011

(၆)   “အင်ဒိုနီးရှားနိုင်ငံ၏ အခွန်စနစ်နှင့် အခွန်အယူခံစနစ်ကို လေ့လာတင်ပြခြင်း” ၊ ဒေါ်ဝင့်စန္ဒီကျော်၊ ဦးစီးအရာရှိ၊ အခွန်အယူခံခုံအဖွဲ့ရုံး၊ နစက-၃