မြင်အောင်ကြည့်၊ သိအောင်ဆင်ခြင်၊ နိုင်ငံရေး ရေလိုက်မလွဲစေချင်

Posted_Date

Image

မြင်အောင်ကြည့်၊ သိအောင်ဆင်ခြင်၊ နိုင်ငံရေး ရေလိုက်မလွဲစေချင်

Body

မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ ၁၉၄၈ ခုနှစ်ကဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၇၇ နှစ်ပြည့် မြောက်ခဲ့ပြီး ဖြစ်သည်။ ထို ၇၇ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံရေးအရွှေ့အပြောင်း များစွာဖြစ် ခဲ့သည်။ မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို လွယ်လွယ်နှင့်ရယူခဲ့ရခြင်းကား မဟုတ်ပေ။ ပြည်သူများ၏ အသက်၊ သွေး၊ ချွေးပေါင်းများစွာ စတေးပြီးမှရယူခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးတိုက်ပွဲကာလတွင် နိုင်ငံရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ အလျှိုလျှို ပေါ်ပေါက်ခဲ့သည်။ ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုများမှ သည် မိမိအာဏာရရှိရေး၊ မိမိပါတီဩဇာအာဏာရရှိရေးကို ဦးတည်ဆောင်ရွက်ခဲ့ကြသည်။ ပကတိ အမြင်ဖြင့် ရှုမြင်သုံးသပ်ခြင်းမပြုနိုင်ခဲ့ကြဘဲ နိုင်ငံရေး အယူအဆမတူမှု၊ နိုင်ငံရေးရေလိုက်လွဲမှုများကြောင့် နိုင်ငံတွင်း နိုင်ငံရေးအကျပ်အတည်းများကို တွေ့ခဲ့ကြရသည်။ နိုင်ငံရေးရေလိုက်လွဲမှုကြောင့် တွေ့ကြုံခဲ့ရသော နိုင်ငံရေးအကျပ်အတည်းများမှာ (၅) ကြိမ် ရှိခဲ့ပြီး ယင်းအကျပ်အတည်းများကြောင့်ပင် နိုင်ငံ၏ဖွံ့ဖြိုးရေး၊ နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝ တိုးတက်ရေးတွင် အဟန့်အတားအနှောင့်အယှက်များဖြစ်ခဲ့ကာ ပြည်သူများဘဝဖွံ့ဖြိုးမှုနည်းခဲ့ရသည်။

နိုင်ငံတော်တာဝန်ယူနေကြသူများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များအနေဖြင့် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား အတွက် ဖြစ်ပျက်ခဲ့သည်များကို လေ့လာသုံးသပ်ဆင်ခြင် နိုင်ကြပြီး သမိုင်းသင်ခန်းစာများကိုရယူကာ ပြုပြင်သင့်သည်များကိုပြုပြင်၊ ရှောင်တန်သည်ကို ရှောင်၊ ဆောင်ရမည့် အရာများကိုဆောင်၍ နိုင်ငံတော်၏အနာဂတ်ရေးအတွက် ရှေးရှုဆောင်ရွက်သွားကြရန်လိုပေမည်။

မြန်မာနိုင်ငံ၏နိုင်ငံရေးအကျပ်အတည်းများ

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်။ သို့ရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီသည် ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် တောခိုသွားခဲ့သည်။ ကွန်မြူနစ်ပါတီ တောခိုသောအခါ ပြည်တွင်းစစ်ကို ရှောင်လွှဲနိုင်ရန် ဖဆပလ အစိုးရအဖွဲ့က နည်းမျိုးစုံဖြင့်ကြိုးစားခဲ့သည်။ ကွန်မြူနစ်များနှင့် ဆွေးနွေးသည်။ ရလဒ်မှာ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်နှစ် ခြမ်းကွဲပြီး ရဲဘော်ဖြူများထပ်မံတောခိုခြင်းဖြစ်သည်။ ကွန်မြူနစ်များ စည်းရုံးထားသော တပ်ရင်းတပ်ဖွဲ့အချို့ကလည်း တောခိုသည်။ ကေအင်(န်)ဒီအို လက်နက်ကိုင်တပ်များကလည်း မြို့များ၊ ရွာများကို သိမ်းယူလာသည်။ ၁၉၄၈ခုနှစ်၊ ၁၉၄၉ ခုနှစ် တို့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသောနိုင်ငံရေး အကျပ်အတည်းကြီးလည်း ဖြစ်သည်။ တိုင်းပြည်ကို ပြည်တွင်းစစ်သို့တွန်းပို့ခဲ့သော ဖြစ်ရပ်လည်းဖြစ်သည်။

၁၉၅၈ ခုနှစ်တွင် ပြည်တွင်းသောင်းကျန်းသူအချို့ လက်နက်ချကြသည်။ ထိုအချိန်တွင် ဖဆပလ အစိုးရ အဖွဲ့သည်လည်း တည်မြဲနှင့်သန့်ရှင်း ဆိုပြီး နှစ်ပိုင်းကွဲခဲ့သည်။ ကိုယ်ပိုင်ခါးပိုက်ဆောင်တပ်များဖွဲ့ ကြသည်။ အစိုးရသည် ကိုယ့်လူကိုယ်မနိုင်တော့။ တပ်မတော်မှနိုင်ငံတော်အာဏာကိုထိန်းသိမ်းရေး ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု နှင့်သွားရောက်ဆွေးနွေးသည်။ ဦးနုက အာဏာသိမ်းယူသည့်ပုံစံဖြင့် တိုင်းပြည်အာဏာကိုသိမ်းယူပါက သူ့အတွက်လည်းမကောင်း၊ တပ်မတော်အတွက် လည်းမကောင်း၊ ထို့ကြောင့် နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီး နေဝင်းသို့ တရားဝင်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဦးနုသည် ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ယူပြီး ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်ပြီး အိမ်စောင့်အစိုးရဖွဲ့စည်းပေးရန် တရားဝင်တာဝန်လွှဲပြောင်းပေးခဲ့သည်။ အိမ်စောင့်အစိုးရအဖွဲ့သည် ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလအထိ ၆ လကြာတာဝန်ယူခဲ့သည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်မဟုတ်သူတစ်ဦးက ဝန်ကြီးချုပ် တာဝန် ကို ၆ လသာရယူခွင့် ရှိသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်သမ္မတထံသို့ နုတ်ထွက်လွှာ တင်သွင်း ခဲ့သည်။ သို့ရာတွင် အိမ်စောင့်အစိုးရ၏တာဝန်ဖြစ်သော လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပခြင်းမပြုနိုင်သေးသဖြင့် ပါလီမန်လွှတ်တော်ခေါ်ယူပြီး ဗိုလ်ချုပ် ကြီးနေဝင်းအား ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဒုတိအကြိမ်တာဝန်အပ်နှင်းခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့် အစိုးရ သည် ရွေးကောက်ပွဲပြုလုပ်ပေးပြီး အနိုင်ရသော ပြည်ထောင်စုပါတီ(သန့်ရှင်း ဖဆပလ)သို့ ၁၉၆၀ပြည့် နှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင်ပြန်လည် တာဝန်လွှဲ ပြောင်းပေးအပ်ခဲ့သည်။ ၁၉၅၈ ခုနှစ် ဖဆပလအဖွဲ့တွင်း နိုင်ငံရေးပဋိပက္ခသည် နိုင်ငံ၏ ဒုတိယအကြိမ် နိုင်ငံရေးအကျပ်အတည်းဖြစ်သည်။

သို့သော် ဦးနုခေါင်းဆောင်သော အရပ်သားအုပ်ချုပ်မှုသည် ကြာရှည်ခြင်းမရှိခဲ့။ ပါတီတွင်း ဦး၊ ဗိုလ်၊ သခင် အုပ်စုကွဲများဖြစ်လာသည်။ တိုင်းရင်းသားပြည်နယ်များ၏ အရေးကလည်းမအေး။ ပြည်နယ် တစ်ခုဆိုလျှင် ပြည်မမှခွဲထွက်ပြီး အနောက်အုပ်စု ဆီတိုးအဖွဲ့နှင့်ပူးပေါင်းရန်ကြံစည်လာသည်။ အနောက်အုပ်စု၏ ကွန်မြူနစ်ဆန့်ကျင်ရေးအခြေစိုက်စခန်းကြီးတစ်ခုဖြစ်လာမည်။ ဦးနုအစိုးရကဟန့်တားခြင်းငှာတတ်နိုင်စွမ်း မရှိတော့။ ထို့ကြောင့် ပြည်ထောင်စု မပြိုကွဲရေးအတွက် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းခဲ့ရသည်။ တည်ဆဲ ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေ ကိုဖျက်သိမ်းခဲ့သည်။ ၁၉၆၂ ခုနှစ် နိုင်ငံရေး အကျပ်အတည်းမှာ တတိယအကြိမ်နိုင်ငံရေး အကျပ်အတည်းဖြစ်သည်။

၁၉၆၂ ခုနှစ်တွင်အာဏာသိမ်းယူပြီး တော်လှန်ရေး ကောင်စီအစိုးရကိုဖွဲ့စည်းသည်။ ၁၉၆၄ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖွဲ့စည်းသည်။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲခဲ့ပြီး ရွေးကောက်ပွဲများပြုလုပ်ကာ လွှတ်တော်ခေါ်ယူလျက် တစ်ပါတီအာဏာရှင်အစိုးရအဖြစ် အုပ်စိုးခဲ့သည်။ တိုင်းပြည်ကို ဆိုရှယ်လစ်စီးပွားရေးစနစ်ဖြင့် ထူထောင်ခဲ့သည်။ သို့ရာတွင် ကမ္ဘာပေါ်၌ ဆိုရှယ်လစ်စနစ် များကျဆုံးလာခြင်းနှင့် ကြုံရသည်။ ဆိုဗီယက်ပြည်ထောင်စုကဲ့သို့ အင်အားတောင့်တင်းလှသော ကွန်မြူနစ် အင်ပါယာကြီးပင်လျှင် ပြိုကွဲရသောအခါ မြန်မာနိုင်ငံကဲ့သို့ အမှီအခိုကင်းစွာရပ်တည်ခဲ့သောနိုင်ငံမှာ ပိုမို ဆိုးရွားခဲ့သည်။ ၁၉၈၈ ခုနှစ်ကာလတွင် နိုင်ငံ၏စီးပွားရေးမှာ ချွတ်ခြုံကျနေသည်။ ပြည်သူများ ကျေနပ်ခြင်း မရှိကြတော့။ လူများလမ်းပေါ်ထွက် ဆန္ဒပြလာကြသည်။

၁၉၈၈ ခုနှစ်က တစ်နှစ်အတွင်း လမ်းစဉ်ပါတီအစိုးရအဖွဲ့တွင် သမ္မတ(၃)ဆက် အပြောင်းအလဲဖြစ်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးစိန်လွင်အပြီး ဆက်ခံသော နိုင်ငံတော်သမ္မတ ဦးမောင်မောင်က မိမိ တို့အစိုးရအဖွဲ့ကို ဖျက်သိမ်းပေးမည်။ လွှတ်တော်ခေါ်ယူပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရေး ဆောင်ရွက် ပေးမည်။ ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းပေးပြီး ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်ကြရန် တိုက်တွန်း သည်။ ရွေးကောက်ပွဲတွင် လမ်းစဉ်ပါတီဗဟိုကော်မတီဝင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပါဝင်ယှဉ်ပြိုင်ခြင်း ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမောင်မောင်က အာဏာလွှဲပြောင်း ရေးသည် ၁၉၇၄ ခုနှစ်ဥပဒေနှင့်အညီသာဖြစ်သင့်သည်။ ဥပဒေနှင့်မညီသောအလုပ်ကို လုပ်ခွင့်မပေးနိုင်။ ရွေးကောက်ပွဲ ပြုလုပ်ပြီးသည်အထိ ခဏစောင့်ပါဟုဆိုသည်။ သို့ရာတွင် ထိုစဉ်ကအင်အားကြီး အဖွဲ့အစည်း များကလက်ခံခြင်းမရှိခဲ့ကြ။ ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့စည်းပေးရန်သာ တွင်တွင်တောင်းဆိုခဲ့ကြသည်။

သို့ဖြင့် နိုင်ငံအတွင်း မည်သည့်နေရာမျှ မတည်ငြိမ်။ လူများကျီးလန့်စာ စားဖြစ်နေရသည်။ ရပ်ရွာများလည်း မအေးချမ်း၊ မသာယာ။ မည်သူ့ကို ကြောက်ရမှန်းမသိ။ မည်သူ့စကားနားထောင်ရမှန်း မသိ။ ဖြစ်ချင်တိုင်း ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးဆို သည်မှာယုံတမ်းစကားဖြစ်နေသည်။ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုများ ဖြစ်နေသည်။

ပြည်သူပိုင် စက်ရုံ၊ အလုပ်ရုံများလုယက် ဖျက်ဆီးခြင်းခံနေရသည်။ သို့ဖြင့် တပ်မတော်မှ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံ အာဏာကိုသိမ်းယူခဲ့သည်။ အာဏာသိမ်းယူသည် ဆိုခြင်းထက် ထိုစဉ် ကလမ်းစဉ်ပါတီအစိုးရက အာဏာသိမ်းရန်လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ အာဏာကို လွှဲပြောင်း ပေးလိုက်ခြင်းလည်းဖြစ်သည်။အာဏာသိမ်းခြင်းနှင့်အတူ ၁၉၇၄ ခုနှစ်အခြေခံ ဥပဒေသည်လည်း နိဂုံးချုပ် သွားခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအကျပ်အတည်းကား မြန်မာနိုင်ငံ၏ စတုတ္ထ အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းလည်းဖြစ်သည်။

နောက်ဆုံး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင်ဖြစ်ပျက်ခဲ့သည့်အရင်းခံအကြောင်းတရားမှာ ရွေးကောက်ပွဲ မသမာမှုကြောင့်ဖြစ်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မဲစာရင်းကွာခြားမှု ကြီးမားနေခြင်းနှင့် ပတ်သက်၍ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကဖြေပေးရန် ပထမ အဆင့် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးရန်ငြင်းဆန်သဖြင့် ပြည်ထောင်စုလွှတ်တော်ကတစ်ဆင့် ဥပဒေ နှင့်အညီ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူပေးရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ငြင်းဆန်ခြင်းခံလိုက်ရသည်။ ရွေးကောက်ပွဲမသမာမှုများနှင့်ပတ်သက်သည့် အခြေအနေများကို နိုင်ငံတော် အစိုးရ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ခုခုက နည်းလမ်းရှာ ဖြေရှင်း ပေးရန် အဆင့်ဆင့်တောင်းဆိုခဲ့သော်လည်း အဆင့်အားလုံးတွင် ငြင်းပယ်ခြင်းခံခဲ့ရသည်။ ထိုအဆင့်များ အားလုံးတွင် ငြင်းပယ်ခြင်းခံရသည့်အခါ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ” အစည်းအဝေး ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးပေးရန်တင်ပြခဲ့သေးသော်လည်း တာဝန်ရှိသူအဆင့်ဆင့်က ဖြေရှင်းပေးခြင်း မရှိခဲ့။ ထိုသို့ ဖြေရှင်းမပေးဘဲ အမှန်တရားကိုလျစ်လျူရှုပြီး မသမာသည့်ရွေးကောက်ပွဲရလဒ်များဖြင့် လွှတ်တော်အသီးသီးကိုခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန်ကြိုးစားခြင်းတို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈)ပုဒ်မ (၄၀)၊ ပုဒ်မခွဲ(ဂ)နှင့်ပုဒ်မ(၄၁၇) ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန်ဆောင်ရွက်ခြင်း” ဖြစ်သည့် အတွက် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈)ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကို ကြေညာဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံ၏နိုင်ငံရေး အကျပ်အတည်းမှာ မြန်မာနိုင်ငံ၏ပဉ္စမမြောက်အကျပ်အတည်းလည်းဖြစ်သည်။

 

ဤအကျပ်အတည်းမှာယနေ့ထက်ထိပြီးဆုံးခြင်းမရှိနိုင်သေး။ အာဏာလက်လွတ်ခဲ့ရသော NLD ပါတီ နှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၊ ပါတီဝင်များသည် နိုင်ငံရေးအာဏာပြန်လည်ရရှိနိုင်ရေး အတွက် လက်နက်ကိုင်တိုက်ပွဲများကိုဆင်နွှဲကာ တိုင်းပြည်အားစစ်နွံအတွင်းသက်ရောက်စေခဲ့သည်။ တစ်ဆက်တည်း မှာပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း မိမိတို့တိုင်းရင်းသား လူမျိုးတို့၏ ရပိုင်ခွင့်ကို အကြောင်းပြကာ ဖက်ဒရယ်အရေးရှေ့တန်းတင်ပြီး တိုက်ပွဲများကိုဖော်ဆောင်ခဲ့ ကြသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို အကြောင်းပြုကာ တရုတ်နိုင်ငံ၏ ကျောထောက် နောက်ခံပေးမှုဖြင့် (၁၀၂၇)စစ်ဆင်ရေးကိုစတင်ခဲ့ပြီး နယ်မြေများချဲ့ထွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ သိမ်းပိုက်ခံထားရသောနယ်မြေများရှိ တိုင်းရင်းသားပြည်သူများ၏ ဘဝမှာ ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ နေကြရသည်။ ထို့ထက်မက ဖက်ဒရယ်အရေးအကြောင်းပြကာ နိုင်ငံတော် ပြိုကွဲမည့်အန္တရာယ်နှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစတင်ကြုံတွေ့ခဲ့ရသော နိုင်ငံတော်၏ ပဉ္စမမြောက် အကျပ်အတည်းမှာ စစ်ရေး၊ နိုင်ငံရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ အကျပ်အတည်းများကို ဖြစ်ပေါ် စေပြီး နိုင်ငံတော်မှဖြေရှင်းရန် ကြိုးပမ်းလုပ်ဆောင်ရဆဲလည်း ဖြစ်သည်။

တပ်မတော်မှ နိုင်ငံရေးတာဝန်ယူခဲ့ရမှုများ

မြန်မာနိုင်ငံသမိုင်းတွင် ဖြစ်ပေါ်ခဲ့သောနိုင်ငံရေး အကျပ်အတည်းအဖြစ်အပျက်များကို လေ့လာသုံးသပ် ရသလောက်ဆိုပါက (၅)ကြိမ်ရှိခဲ့သည်။ ဤကာလများအတွင်း တပ်မတော်သည် နိုင်ငံရေး တာဝန်ကို ယူခဲ့ရသည့် အကြိမ်ပေါင်း(၄)ကြိမ်ရှိခဲ့သည်။ ၁၉၅၈ ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၆၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင်တစ်ကြိမ်နှင့် ၂၀၂၁ ခုနှစ်တွင်တစ်ကြိမ်ဖြစ်သည်။ ဤ (၄)ကြိမ် အနက် ၁၉၅၈ခုနှစ် ဖြစ်စဉ်နှင့် ၂၀၂၁ခုနှစ် ဖြစ်စဉ်နှစ်ရပ်တွင် တပ်မတော်မှနိုင်ငံတာဝန်ယူခဲ့ရခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်အညီ ရယူခဲ့ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ၁၉၅၈ ခုနှစ် ဖြစ်စဉ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်မှ လွှတ်တော် ခေါ်ယူပြီးတာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကာ ထိုစဉ်ကရှိခဲ့သော ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း ဖျက်သိမ်းခြင်းမပြုခဲ့ပေ။ ၂၀၂၁ခုနှစ် ဖြစ်စဉ်တွင်လည်း ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပေးထားချက်ဖြစ်သော အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ အာဏာကို လွှဲပြောင်း ထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းခြင်း မပြုချေ။ ၁၉၈၈ ခုနှစ်ဖြစ်စဉ်တွင်လည်း တပ်မတော်မှ နိုင်ငံတော်အာဏာကိုထိန်းသိမ်းရယူခဲ့သည်ဆိုသော်လည်း ထိုစဉ်က လမ်းစဉ်ပါတီအစိုးရအနေဖြင့် နိုင်ငံတော်ကိုထိန်းချုပ်နိုင်ခြင်းမရှိတော့သဖြင့် နိုင်ငံတော်အာဏာကိုတပ်မတော်သို့ လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်ကိုတွေ့ရပေသည်။

(ဆက်လက်ဖော်ပြပါမည်)