ကျောက်ကပ်လေးကျန်းမာနေစေဖို့

Posted_Date

Image

ကျောက်ကပ်လေးကျန်းမာနေစေဖို့

Body

ခန္ဓာကိုယ်က အစိတ်အပိုင်းတွေ အားလုံးကျန်းမာနေမှ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာ လှုပ်ရှားနိုင်မှာပါ။ အစိတ်အပိုင်းတိုင်းက သူ့အခန်းကဏ္ဍကို အကောင်းဆုံး ထမ်းဆောင်နေလို့သာ စိတ်သွားတိုင်းကိုယ်ပါနေရ တာပါ။ တကယ်လို့များ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုက အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တော့တဲ့ အခါ နာမကျန်းဖြစ်မှုတွေက စလာတော့မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကို ဖယ်ရှား ပေးနေတဲ့ ကျောက်ကပ်လေးကျန်းမာနေစေဖို့ ဘာတွေကို ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ကျောက်ကပ်

ကျောက်ကပ်ဆိုတာ ကျောဘက်နံရိုးတွေရဲ့ အောက်ဘက်နားမှာရှိတဲ့ လက်သီးဆုပ်အရွယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းပါ။ ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ အလုပ် အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။

ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို စစ်ထုတ်ပေးတာပါ။ သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ်နဲ့ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။

ဒါတွေအပြင် ကျောက်ကပ်က ကိုယ်တွင်း pH ပမာဏနဲ့ ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှုကိုလည်း ထိန်းညှိပေးပါတယ်။ အရိုးတွေ သန်မာစေပြီး ကြွက်သားတွေ အကောင်းဆုံး လုပ်ဆောင်မှုတွေရရှိစေဖို့အတွက် ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ ဗီတာမင် D ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါတယ်။ ဒီလောက် တာဝန်အများကြီးကို ယူထားမှတော့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာဖို့အတွက် ကျောက်ကပ်ကျန်းမာဖို့က မရှိမဖြစ်လိုအပ်မယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။

ကျောက်ကပ်လေးကျန်းမာနေစေဖို့

ကျောက်ကပ်လေးကျန်းမာနေစေဖို့ဆိုရင် ဒီအချက်လေးတွေ သတိထားလုပ်ဆောင်ပေးသင့်ပါတယ်။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

နေ့စဉ် ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်ကို ကျစ်လျစ်စေရုံတင်မဟုတ်ဘဲ နာတာရှည် ကျောက်ကပ်ရောဂါကနေပါ ကာကွယ်ပြီးသားဖြစ်စေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို လျော့ကျစေနိုင်လို့ နှလုံး ကျန်းမာစေနိုင်သလို နာတာရှည်ကျောက်ကပ်ရောဂါကနေပါ ကာကွယ်ပြီးသားဖြစ်စေမှာပါ။

ဒါကြောင့် နေ့စဉ် အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ယောဂကစားတာ၊ ရေကူး တာတွေကို လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်တာက ကျောက်ကပ်လေးတွေကို ကျန်းမာစေနိုင်မှာပါ။

သွေးချိုထိန်းပါ

ဆီးချိုရောဂါရှိသူတွေနဲ့ ပုံမှန်ထက် သွေးတွင်းသကြားဓာတ်မြင့်နေသူတွေက ကျောက်ကပ်ထိခိုက်နိုင်ခြေ ပိုများနေ ကြပါတယ်။ သွေးတွင်းသကြားဓာတ်က ခန္ဓာကိုယ်ဆဲလ်တွေ လိုအပ်တဲ့ ပမာဏထက် ပိုများနေတဲ့အခါ ကျောက်ကပ်က သွေးကြောတွေကို ထိခိုက်လာပါတယ်။ ဒီအခြေအနေက ရေရှည် ဖြစ်လာတဲ့အခါ ကျောက်ကပ် ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။

သွေးပေါင်ချိန်ကို ထိန်းညှိပါ

ခဏခဏသွေးတိုးတာက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးမတိုးအောင် ဂရုစိုက်ပါ။ ဒါကရေရှည်မှာကျောက်ကပ်ကို ပျက်စီးနိုင်ခြေနည်းစေပါတယ်။

အဝမလွန်ပါစေနဲ့

အဝလွန်တာက ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုပါ။ အဝလွန်တာရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ ဆီးချို၊ နှလုံးနဲ့ သွေးတိုးရောဂါတွေ ဖြစ်လာခဲ့ရင် ကျောက်ကပ်ကို အလွယ်တကူ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသောက်မှုပုံစံကို ဂရုစိုက်လို့ ပုံမှန်ကိုယ် အလေးချိန်ကို ထိန်းညှိပေးပါ။

ရေများများသောက်ပါ 

နေ့စဉ် ရေလုံလောက်အောင် သောက်တာက ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်နေတာပါပဲ။ ဒါကြောင့် ရေသောက်မပျင်းပါနဲ့။ ရေကိုလုံလောက်တဲ့ ပမာဏဖြစ်အောင်သောက်သုံးပေးပါ။ ရေသောက်တာက ကျောက်ကပ် ထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပစ်နိုင်ပါတယ်။ နာတာရှည် ကျောက်ကပ် ရောဂါခံစားရ နိုင်ခြေကိုလည်း နည်းစေနိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက ခန္ဓာကိုယ်က သွေးကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ သွေးကြောလေးတွေ ထိခိုက်မှုက ကျောက်ကပ်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု နည်းသွားစေနိုင် ပါတယ်။ ဆေးလိပ်သောက်တာက ကျောက်ကပ်ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် ကျောက်ကပ် ကျန်းမာချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်သင့်သလို တစ်ဆင့်ခံဆေးလိပ်ငွေ့ကိုလည်း ရှောင်သင့်ပါတယ်။

မလိုအပ်ဘဲ ဆေးတွေမသောက်ပါနဲ့ ဆေးတွေကိုမလိုအပ်ဘဲသောက်တာကလည်း ကျောက်ကပ် ထိခိုက်စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲကတစ်ခုပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို စိတ်ထင်တိုင်း သောက်တာ၊ အဖျားပျောက်ဆေးတွေကို မလိုအပ်ဘဲသောက်တာအပြင် အချို့သော ဆေးဖက်ဝင် အပင်တွေကနေ ထုတ်တယ်ဆိုတဲ့ ဆေးတွေကို ထင်တိုင်းမသောက်သင့်ပါဘူး။

ကျောက်ကပ်လေးကျန်းမာနေစေဖို့ ဘာတွေစားမလဲ………

အစားအသောက်တိုင်းက ကျောက်ကပ်ကို မကျန်းမာစေနိုင်ပါဘူး။ အချို့ အစားအစာတွေဆိုရင် ကျောက်ကပ်ကို တော်တော်လေးထိခိုက်စေနိုင်တာပါ။ ဒါကြောင့် ကျောက်ကပ်ကျန်းမာနေစေဖို့ဆိုရင်

ပန်းဂေါ်ဖီ

ဘလူးဘယ်ရီ

ငါး

ကြက်သွန်ဖြူ

ကြက်သွန်နီ

ဂေါ်ဖီထုတ်

ပန်းငရုတ်ပွ

ပန်းသီး စတာတွေကို စားသုံးပေးလို့ ရပါတယ်။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အငန်ကဲတဲ့ အစားအစာတွေကိုတော့ ရှောင်သင့်ပါတယ်။

ကိုးကား- https://hellosayarwon.com/