ရောဂါဟူသမျှ၏အစ အစာမကြေခြင်းက

Posted_Date

Image

ရောဂါဟူသမျှ၏အစ အစာမကြေခြင်းက

Body

"ရောဂါမူလံ အာစိဏ္ဏကံ"

စာရေးသူသည်၁၉၈၀ပြည့်နှစ်က မန္တလေးမြို့ရှိ တိုင်းရင်းဆေးသိပ္ပံတွင် ပညာဆည်းပူးခဲ့စဉ် ရောဂါရောက်ကြောင်း ပညာရပ်တွင် အထက်ဖော်ပြပါ ပါဠိစာသားလေးကို သင်ကြားခဲ့ရသည်။ ဆိုလိုရင်းမှာ ရောဂါဟူသမျှ အစာမကြေခြင်းမှစသည်ဟု ဆိုလိုသည်။

ပြီးခဲ့သောလပိုင်းကစာရေးသူ၏ ငယ်သူငယ်ချင်း  ကျောင်းဆရာမတစ်ဦး သားအိမ်ကင်ဆာရောဂါဖြင့်   ဆုံးပါးသွားသည်။ ထူးဆန်းသည်မှာ သူသည် လွန်ခဲ့သောတစ်နှစ်ခန့်မှစပြီး အစာမကြေ၊ လေအန်သည်။  အစာစားလျှင် များများစားမရ၊      ရင်ဘတ်ထဲမှတောင့်တင်းပြီး နေမကောင်းဟု  စာရေးသူထံ  ဖုန်းဆက်ပြောသည်။ စာရေးသူ၏ဆေးခန်းမှ  အစာကြေဆေးတစ်မျိုးမျိုး လိုချင်သည်ဟုပြောသဖြင့် ဝမ်းမီးတောက်အစာကြေဆေးနှင့်လေအန်လျှင်သောက်ရန်  အစာအိမ်လေနှိမ်ဆေးနှစ်မျိုးကို   ကျောင်းသူလေးတစ်ဦးမှတစ်ဆင့်ပေးခိုင်းလိုက်သည်။

ဆေးပေးပြီးနောက် တစ်လခန့်အကြာတွင် သူ့ထံမှ ဖုန်းလာပြန်ပါသည်။ ဆေးသောက်ပြီး သက်သာသွားသလိုဖြစ်သော်လည်း  ယခုပြန်ဖြစ်လာသဖြင့် အထူးကု ဆရာဝန်ကြီးတစ်ဦးနှင့်ပြနေကြောင်း၊ ဆေးစစ်၊ ဓာတ်မှန်ရိုက်၊ Ultrasound နှင့်လည်း   စစ်ဆေးကြောင်း၊    ရောဂါမှာ အစာအိမ်ရောင်နေခြင်းနှင့် သည်းခြေတွင် ကျောက်တည်နေခြင်းကို  တွေ့ရသဖြင့် ခွဲစိတ်ကုသရမလိုဖြစ်နေကြောင်း ပြောပါသည်။

သူ့အစားအသောက်၊ အနေအထိုင်ကို မေးကြည့်သောအခါ ကျောင်းသို့ ထမင်းကို ဘူးဖြင့်ထည့်လာပြီး ဟင်းပါမလာ၊ ထမင်း စားချိန်ကျမှ ကျောင်းရှေ့တွင်ရောင်းချသောငါးအူချောင်း၊ ဝက်အူချောင်းနှင့် ဆော့စ်ခေါ် အချဉ်ရည်၊ ငရုတ်ရည်တို့နှင့် စားလေ့ရှိပြီး တစ်ခါတစ်ရံ ဗယာကြော်၊ ပဲကြော် စသည့် အကြော်စုံဝယ်စားလေ့ရှိ ကြောင်းပြောသည်။  သူသည် လက်ဖက်သုပ်ကိုလည်း     ပဲကြော်၊    နှစ်ပြန်ကြော်တို့ဖြင့်စားရသည်ကို    ကြိုက်နှစ်သက်၍ တစ်ခါတစ်ရံ လက်ဖက်သုပ်နှင့်ထမင်းစားလေ့ရှိကြောင်း ပြောသည်။

အမှန်တော့   အစားအသောက်မမှန်၊ ယမ်းစိမ်းပါသော ငါးအူချောင်း၊ ဝက်အူချောင်းများက သူ့အစာအိမ်ကို ရောင်ရမ်းစေခဲ့ခြင်းဖြစ်ပုံရသည်။  ထို့ပြင်ထိုဆိုင်များမှပေးသော  ဆော့စ်ခေါ် အချဉ်ရည်များတွင်လည်း အနီရောင်ဆိုးဆေးမကင်းပါ။ လက်ဖက်နှင့် မြန်မာလူမျိုးများ မကင်းကြပါ။ ရှေးမြန်မာ လူမျိုးများ စားခဲ့သောအစာ ဖြစ်ပါသည်။ သို့သော် လက်ဖက်ကို အချိုမှုန့်ခေါ်  ဟင်းချိုမှုန့် သို့မဟုတ် အချဉ်ခဲများဖြင့်  ပြုပြင်ထားလျှင်  မကောင်းပါ။ မကြာခဏစွဲမြဲစွာစားလျှင်ရောဂါရနိုင်သည်။

ထို့အတူနှစ်ပြန်ကြော်အစားများသူများမှာ ဆီကြောင့်မကောင်းသော ဘေးဥပဒ်ရသည့်အပြင် သည်းခြေကျောက်တည်ရောဂါဖြစ်နိုင်ကြောင်း ဆေးပညာရှင် များက သတိပေးတားမြစ်ထားကြသည်။ သုံးပြီးသားဆီဖြင့်  ပြန်ကြော်သောအစာများသည် ကင်ဆာရောဂါဖြစ်နိုင်သည်ဟုလည်းပြောကြသည်။      လူများတွင်ဖြစ်လေ့ရှိသော  ဆီးကျောက်တည်ခြင်းနှင့် ကျောက်ကပ်ကျောက်တည်ခြင်းမှာ ရေတွင် ထုံးဓာတ်များ၍ဖြစ်သော်လည်း သည်းခြေအိတ်ကျောက်တည်ခြင်းမှာ   ဆီကြော်၊ နှစ်ပြန်ကြော်များကြောင့်သာ   ဖြစ်လေ့ရှိ သည်။

စာရေးသူ၏   သူငယ်ချင်းဆရာမမှာ ဆေးရုံတက်ပြီး သည်းခြေတွင်ကျောက်တည်ခြင်းကို ခွဲစိတ်ကုသလိုက်သည်။ ထို့နောက် ဆေးရုံမှဆင်းလာပြီး မကြာမီ ဆေးရုံပြန်တက်ရသည်ဟု ကြားသိရသည်။  သူ့အစာအိမ်မှ အောင့်ပြန်သဖြင့် ဆေးရုံတက်ရသည်ဟုစာရေးသူက  ထင်မိသဖြင့်  သတင်းသွားမေးသောအခါ စာရေးသူထင်သလိုမဟုတ်ပါ။ သူ့ဝမ်းဗိုက်အောက်ပိုင်းတစ်လျှောက် ကိုက်ခဲကာ ဆီးသွားလျှင်နာကျင်ပြီး ခက်ခဲစွာသွားရသဖြင့်ဆေးရုံတက်ရသည်ဟုသိရပါသည်။

ဆေးရုံ၌စစ်ဆေးသောအခါသူ၏ သားအိမ်တွင်ကင်ဆာဟုယူဆရသော အလုံးတွေ့နေသည်ဟုပြောသည်။ ထိုကင်ဆာမှာလည်း  အတော်ပျံ့နှံ့နေပြီဟုယူဆနိုင်သလိုတခြားဖြစ်နိုင်ခြေတစ်ခုမှာ အစာအိမ်ကင်ဆာမှတစ်ဆင့် ဆီးအိမ်နှင့် သားအိမ်သို့ပျံ့နှံ့လာမှ သိရခြင်းလည်းဖြစ်နိုင်ကြောင်း ပြောပါ သည်။

သူငယ်ချင်းဆရာမသည် ဆေးရုံဆင်းလိုက်၊ တက်လိုက်နှင့် သုံးလကျော် ခံစားသွားရပါသည်။ ကင်ဆာဆေးများဒဏ်ကို ခံစားရင်း  ဆုံးပါးသွားရသော်လည်း သေသည်အထိသူ့ကိုယ်သူ  ကင်ဆာရောဂါရနေသည်ကို သိမသွားရရှာပါ။ မိသားစုက အစာအိမ်ရောင်သည်၊ သားအိမ်တွင် အလုံးတွေ့၍ ဆေးသွင်းရမည် စသည်ဖြင့် လှီးလွှဲပြောထားကြသည်။

စာရေးသူ၏စိတ်ထဲတွင် လွန်ခဲ့သော တစ်နှစ်ကျော်က  ဖုန်းဆက်ပြီး သူ့တွင် အစာမကြေဖြစ်နေကြောင်းပြောခဲ့သည်ကိုပင် အမှတ်တရဖြစ်နေမိပါသည်။ အစာမကြေခြင်းက    အစလား၊    သည်းခြေကျောက်က  အစလား၊ သားအိမ်ကင်ဆာအထိ မည်ကဲ့သို့ဖြစ်သွားရသနည်း။ တွေးထင်ချက်မျိုးစုံဖြင့်  တဝဲလည်လည်ဖြစ်လျက်ရှိပါတော့သည်။ အစာမကြေရောဂါသည်အဖြစ်အများဆုံး ရောဂါဖြစ်ပြီး   လူတိုင်း တစ်နေ့မဟုတ်တစ်နေ့၊ တစ်ကြိမ် မဟုတ်တစ်ကြိမ်ဖြစ်ပွားကြမည်ဖြစ်သည်။ သို့မဟုတ်ဖြစ်ဖူးခဲ့ကြမည်ဖြစ်သည်။ အစာမကြေရောဂါသည် အစာအိမ်ရောဂါများထဲတွင် အစဦးရောဂါ ဖြစ်လေသည်။ မြို့ကြီးပြကြီးတွင်နေထိုင်ကြသူများသည်ကျေးလက်တောရွာတွင် နေထိုင်သူများထက်အစာအိမ်ရောဂါ ပို၍ဖြစ်ပွားလေ့ရှိသည်။ လူဦးရေထူထပ်  ခြင်း၊ စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှု၊ သောက များခြင်း၊ ဝမ်းနည်းဝမ်းသာ၊ ပူဆွေးသောက များခြင်း၊ အလိုကြီး၍ လောဘများခြင်း၊ ရတာမလို၍  လိုတာမရခြင်း စသည်တို့ သည် အစာအိမ်ရောဂါ၏အခြေခံစေ့ဆော် မှုအကြောင်းရင်းများပင်ဖြစ်သည်။

စိတ်လှုပ်ရှားမှုဖြစ်သည့်အခါတိုင်းတွင် အစာအိမ်တွင် အစာခြေရည်များထွက်လာ လေ့ရှိသည်။ ထိုအစာခြေရည်များသည် ခြေရန်အစာမရှိသောအခါ အစာအိမ်နံရံ ကိုပြန်လည် လောင်ကျွမ်းလေသည်။ အကြိမ်များသောအခါ အစာအိမ်အနာဖြစ် လာလေသည်။    အစာအိမ်အနာ သည် အချိန်ကြာမြင့်စွာ  ကုသရပြီး ပူ၊ စပ်၊ ချဉ် သောအစာများ၊ မာကျောသောအစာများ၊ အကြော် အလှော်များ စသည်ဖြင့်ရှောင် ရသောအစာများသဖြင့် ပိန်ချုံး၍ အားနည်းလာလေသည်။အားနည်းသောသူတွင်ပြင်ပမှ ရောဂါအမျိုးမျိုး ဝင်ရောက်ကပ်ငြိရန်လွယ်ကူလေသည်။သာမန်ဥတုအပြောင်းအလဲကြောင့် ဖြစ်သော ပူ၊ အိုက်၊  ချမ်းအေး ဒဏ်များကိုလည်း   အားနည်း၍   ခံနိုင်ရည်မရှိဖြစ်လာလေသည်။

ဒေါသကြီးသူ၊ စိတ်တိုသူ၊ စိတ်မြန်သူတို့ သည် အစာအိမ်ရောဂါဖြစ်ပွားရန် အလွန် နီးစပ်သူများဖြစ်သည်။ အစာကို မြန်မြန် စားသူ၊ ကြေညက်အောင်မစားသူ၊ အလုပ် တစ်ဖက်ဖြင့်အစာစားသူ၊ အေးစက်သော အစာ၊ အချိန်လွန်၍ နောက်ကျသောအစာ၊ အရည်သောက်မပါဘဲ   စားရသောအစာတို့သည်  အစာမ ကြေရောဂါဖြစ်စေသည့်အစာများဖြစ်သည်။မကြေညက်သောအစာများသည်အစာအိမ်ကိုပင်ပန်း စေပြီး  အူသိမ်၊ အူမတို့မှလည်း အာဟာရကို   မစုပ်ယူနိုင်ပေ။     အစာမကြေလျှင်   ဝမ်းချုပ်သည်။  ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲရောဂါများမှာ   အကြောတင်းခြင်း၊ ဇက်ကြောတက်ခြင်း၊ ထိုင်းမှိုင်း လေးလံခြင်းတို့ဖြစ်သည်။

လူတချို့တွင်      ဖြစ်ပွားလေ့ရှိသော ခေါင်းကိုက်ရောဂါ၊  ခေါင်းတစ်ခြမ်းကိုက်ရောဂါနှင့်  မျက်ရိုးကိုက် ရောဂါများသည် မစာမကြေခြင်းကြောင့် ဖြစ်သည်ကများ သည်။ ထို့ကြောင့်ပင် ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းတစ်လုံးမခဲဟု ဆိုစကားရှိခဲ့ ခြင်းဖြစ်သည်။ ခေါင်းကိုက်ပျောက်ဆေးများကို သောက်ကြ သောအခါ အစာအိမ်ကိုလောင်ကျွမ်းသဖြင့်   အစာအိမ်ရောင်ခြင်း၊ အစာအိမ်မှသွေးယိုစိမ့်ခြင်း၊ အစာအိမ်ပေါက်ခြင်းအထိ ဖြစ်တတ်သဖြင့် ဆေးအတွက်ဘေးမဖြစ်စေရန်နှင့်   အစာဟောင်းများအောက်သို့ ကျစေရန် နေ့စဉ် မှန်မှန် လမ်းလျှောက်ပေးခြင်းဖြင့် ကုစားလျှင် ပျောက်ကင်းနိုင်သော သဘာဝ ကုထုံးများရှိသည်။

တိုင်းရင်းဆေးပညာတွင် ခန္ဓာကိုယ်သို့ ရောဂါရောက်ကြောင်းပညာရပ်ကို သင်ကြားရသည့်အခါ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသော     အကြောင်းတရားလေးပါးရှိသည်။ ထိုအကြောင်းတရားတို့တွင် လေးခု မြောက်ဖြစ်သည့်   အာဟာရဟူသော အကြောင်းတရားသည်    စားသင့်သည့် အစာမစားသင့်သည့် အစာ၊  စားရမည့် အတိုင်းအတာ၊ စားသင့်သည့်အချိန်အခါ၊ မစားသင့်သည့်အချိန် အခါတို့ပေါ်မူတည် ၍ စားတိုင်းအာဟာရမဖြစ်သောသဘော တရားကို ညွှန်ပြနေသည်။

အိန္ဒိယနိုင်ငံမှ   မြစ်ဖျားခံလာသော အာယု‌ဗ္ဗေဒဆေးပညာတွင်  လေ၊ သည်း ခြေ၊   သလိပ်အကြောင်း တရားများနှင့် အစာစားခြင်းကို ဆက်စပ်သောအခါ-

နံနက် သလိပ်

သလိပ်ဆိုသည်မှာပါးစပ်မှထွေးပစ်သည့်သလိပ်ကိုမဆိုလိုပါ။ ခန္ဓာကိုယ် အတွင်းရှိ ဆူဖြိုးဝဖြိုးစေသော အေးသည့်ဓာတ်သဘောကိုဆိုလိုခြင်းဖြစ်သည်။ နံနက်စာစားသောအခါအထူးသဖြင့် အရုဏ်တက်နံနက်စောစောကို ဆိုလိုခြင်း ဖြစ်သည်။သံဃာတော်များအရုဏ် ဆွမ်းစားချိန်နှင့် ကိုက်ညီသည်။ နံနက်စာ စားသူသည် အာဟာရဖြစ်ပြီး ဝဖြိုးသည် ဟု ဆိုလိုသည်။ ထို့ကြောင့် ပိန်ချင်သူများသည် နံနက်စောစောအစာကို ရှောင်ရမည် ဖြစ်သည်။   ပိန်ချင်၍ ညစာမစားဘဲနေသည်ဆိုသည်မှာသဘာဝမကျပါ။  ပိန်လည်းပိန်မည်  မဟုတ်ပါ။   ပိန်ချင်လျှင် နံနက်အိပ်ရာထအစာကို ထမင်းမစားနှင့်၊ အဝမစားနှင့်။  စွပ်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ကော်ဖီ၊ မုန့်တို့ကဲ့သို့ အစာခံပဲ စားရန်သင့်သည်။

နေ့လယ် သည်းခြေ

နေ့လယ်သည်းခြေဆိုသည်မှာနေ့လယ်စာစားသောသူများသည်အစာကြေစေခြင်း၊  လှုပ်ရှားမှု မြန်ဆန်စေခြင်း၊ ခန္ဓာကိုယ်မှ အရောင်အဆင်းထွက်ခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊  တွေးခေါ်ဉာဏ်ကောင်းခြင်း၊   စိတ်ဓာတ်တက်ကြွခြင်း၊ ပင်ပန်းမှုဒဏ်ခံနိုင်ခြင်း စသည့်အကျိုးတရားများကိုရသည်ဟု ဆိုလိုသည်။

ညနေ လေ

ညနေစာစားသောသူများသည်စားလိုက်သည့်အစာကြောင့်အာဟာရမဖြစ်ဘဲ လေဖြစ်သွားသည်။ ခန္ဓာကိုယ်တွင် လေလွန်ကဲလျှင် အစားပျက်ခြင်း၊ အိပ်မပျော်ခြင်း၊ ယားယံခြင်း၊ ဂနာမငြိမ်စိတ်ပျံ့လွင့် ခြင်း စသောရောဂါများ    ဖြစ်ပွားတတ်သည်။

ည အပုပ်

နံနက်စာ၊ နေ့လယ်စာများသည် အကျိုးပြုသောအစာများဖြစ်ပြီး ညနေစာ၊ ညစာ များသည်အကျိုး မပြုသောအစာများဖြစ်သည်။  ညဉ့်နက်မှစားသောအစာကို အပုပ်စာဟုခေါ်သည်။ အပုပ်ဓာတ်သည် အသားအရေညစ်နွမ်းခြင်း၊ မွဲခြောက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခြေသည်း၊ လက်သည်းများကွဲခြင်း၊ ငိုက်မျဉ်းခြင်း၊ ခန္ဓာကိုယ်မှ မကောင်းသောအနံ့အသက်များ    ထွက်ခြင်း စသည်တို့ ဖြစ်ပွားစေသည်။ အောင်မြင်မှုတစ်ခုခုကြုံသောအခါနှင့်  မင်္ဂလာပွဲများတွင် ညစာစားပွဲများ  ပြုလုပ်လေ့ရှိကြသည်။ ညစာ စားပွဲများတွင် ညဉ့်နက်မှ စားသောအစာများသည်  လူကို  အကျိုးမပြုဘဲ   အကျိုးယုတ်စေသော အစာများဖြစ်သည်။

တချို့မှာ   ညဘက်တွင်   အစာစားကြသည်။ ညစာများကို မခြေနိုင်သည့် အစာအိမ်မှရောဂါစဖြစ်လေသည်။အပုပ်ဓာတ်ကြောင့်ဆံပင်ဖြူခြင်း၊ သွားဖုံးကြွပြီး  သွားများကျိုးလွယ်ခြင်း၊   အသားအရေ ညစ်မွဲခြင်းများဖြစ်လာသော်လည်း သတိမမူမိကြပေ။ နှစ်ချီကြာပြီး ရောဂါမျိုးစုံဝင်လာမှ သိကြသော အခါ နောက်ကျနေလေပြီ။

နိဂုံးချုပ်တင်ပြလိုသည်မှာအစာကို ဆာမှစားပါ။  သင့်တင့်သောအစာကိုသာ စားပါ။ သန့်ရှင်းသော အစာ၊ သဘာဝအစာ များကိုသာစားပါ။   ဓာတုဗေဒနည်းဖြင့် ပြုပြင်ထားသောအစာများကို ရှောင်ပါ။ နံနက်စောစောစားသောအစာနှင့် နေ့လယ် စားသောအစာများသည် အစာအိမ်တွင်ကြေကျက်ပြီး   လူကိုအကျိုးပြုသည်။ ညနေစာစားလျှင်လေကိုဖြစ်စေသည်။ ညစာ(ညဉ့် နက်စာ)စားလျှင် လူကိုအကျိုးမပြု၊ အပုပ်ဓာတ်ကိုဖြစ်စေသည်။

ရောဂါမူလံ အာစိဏ္ဏကံ ရောဂါဟူသမျှ အစာမကြေခြင်းက စသည်ဟူသောစကား ကို အမြဲဆင် ခြင်နိုင်ကြပါစေ။

MWD Web Portal

Photo - Gastroenterology Consultant