ရုရှားသည် တရုတ်၏ ဩဇာခံနိုင်ငံ ဖြစ်လာနိုင်ချေ ရှိပါသလား

Posted_Date

Image

ရုရှားသည် တရုတ်၏ ဩဇာခံနိုင်ငံ ဖြစ်လာနိုင်ချေ ရှိပါသလား

Body

အနောက်တိုင်းပညာရှင်အများစုက ရုရှားသည် တရုတ်၏ “မိတ်ဖက်ငယ်” အဖြစ်သော်လည်းကောင်း၊ တစ်ခါတစ်လေတွင် “လက်အောက်ခံနိုင်ငံ” အဖြစ်ပင်လည်းကောင်း မကြာခဏ ပြောဆိုလေ့ရှိသည်။ ထိုဇာတ်လမ်းသည် ရုရှား-တရုတ်ဆက်ဆံရေးနှင့်ပတ်သက်၍ အနောက်တိုင်း ဆွေးနွေးမှုအားလုံးတွင် အချိန်အတော်ကြာ လွှမ်းမိုးထားသည်။လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်အတွင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် အင်တိုက်အားတိုက် ဖွံ့ဖြိုးတိုးတက်လာသည်မှာ အမှန်ပင်ဖြစ်သည်။ ယူကရိန်းပဋိပက္ခ စတင်ပြီးနောက် အနောက်နိုင်ငံများက ရုရှား နှင့် စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍများတွင် အဆက်အသွယ် ဖြတ်တောက်ရန် ကြိုးပမ်းလာ သောကြောင့် ပေကျင်းသည် မော်စကို၏ စီးပွားရေးနှင့် နိုင်ငံရေး မဟာမိတ်အဖြစ် ချွင်းချက်မရှိ ကြီးထွား လာခဲ့သည်။ တရုတ်နှင့် ရုရှားတို့သည် ဆရာ-တပည့် ဆက်ဆံရေးရှိနေသည်ဟု ယုံကြည်သူများသည် ရုရှားအနေဖြင့် တရုတ်နောက်သို့လိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိဟု သက်သေပြရန် ဤဆွေးနွေးမှု ကို အသုံးပြုကြသည်။ဤသီအိုရီကို ထောက်ခံသည့် နောက်ထပ်ရေပန်းစားသောဆွေးနွေးမှုတစ်ခုမှာ နှစ်နိုင်ငံ၏ လူဦးရေနှင့် စီးပွားရေးပမာဏ ကွာခြားချက်ဖြစ်သည်။ (တရုတ်နိုင်ငံ၏လူဦးရေသည် ရုရှားထက် ဆယ်ဆများပြားပြီး စီးပွားရေးသည်လည်း အလားတူပင်ဖြစ်သည်။) စာရင်းအင်းဆိုင်ရာ အချက်အလက်များအရ မှန်ကန် သော်လည်း နိုင်ငံအချင်းချင်းဆက်ဆံရေး၏ နက်နဲမှုများကို စာရင်းအင်းကိစ္စအဖြစ် လျှော့ချခြင်းသည် မိုက်မဲမှုတစ်ရပ် သို့မဟုတ် တမင်တကာ အလေးအနက်မထားခြင်းပင် ဖြစ်သည်။ ပထမဦးစွာ ရုရှားသည် စစ်ရေး-ဗျူဟာမြောက်အလားအလာကဲ့သို့သော အခြားနယ်ပယ်များတွင် ပြတ်ပြတ်သားသား အသာစီးရနေ ပါသည်။ ဒုတိယအချက်မှာ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးရာမူဝါဒကို ထိန်းချုပ်သည့်ကိရိယာအဖြစ် ၎င်း၏ စီးပွားရေးသြဇာကို အသုံးချနိုင်ခဲ့သည့်ဖြစ်စဉ် (အမေရိကန်နိုင်ငံ၏ ကြီးစိုးမှုမှလွဲ၍) ကမ္ဘာပေါ်တွင် ဥပမာ များစွာမရှိပါ။ တရုတ်သည် ကုန်သွယ်မှု ကဏ္ဍတွင် အာရှနှင့် အာဖရိကဈေးကွက်များကို လွှမ်းမိုးထား သော်လည်း နိုင်ငံခြားရေးရာမူဝါဒနှင့် ပတ်သက်လာလျှင် အနည်းငယ်မျှသာ လွှမ်းမိုးမှုရှိသည်ကို တွေ့ရှိ ရပါသည်။တရုတ်နှင့် စစ်ရေး-နိုင်ငံရေး မဟာမိတ်ဖွဲ့ထားသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့် မြောက်ကိုရီးယား ကို သုံးသပ်ကြည့်ကြပါစို့။ နိုင်ငံနှစ်နိုင်ငံ၏ အရွယ်အစားနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက်များ (မြောက် ကိုရီးယားနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုနေရမှုအပါအဝင်) မှာ ထင်ရှားသော်လည်း ပေကျင်း သည် ပြုံယမ်း၏လုပ်ရပ်များအပေါ် ပြည်တွင်း သို့မဟုတ် နိုင်ငံတကာ မူဝါဒများအရ လွှမ်းမိုးခြင်းမရှိပါ။တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှုရှိသော်လည်း မြောက်ကိုရီးယားခေါင်းဆောင်များသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်ပတ်သက်၍ အမြဲတစေအခိုင်အမာရပ်တည်လျက်ရှိသည်။ ပေကျင်းက ကန့်ကွက် နိုင်စွမ်းမရှိသည့် မြောက်ကိုရီးယားနှင့် ရုရှားတို့၏ စစ်ရေး-နိုင်ငံရေး မိတ်ဖက်ဆက်ဆံရေးသည် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ခိုင်မာသောသက်သေတစ်ခု ဖြစ်သည်။ ထို့ကြောင့် မြောက်ကိုရီးယားထက် အဆပေါင်းများစွာကြီးမားပြီး ပိုမိုအားကောင်းသည့် ရုရှားနိုင်ငံအပေါ် တရုတ်၏ သြဇာလွှမ်းမိုးနိုင်မှုသည် ဖြစ်နိုင်ဖွယ်ရာမရှိဟု ထင်ရသည်။တရုတ်နှင့်ဆက်ဆံရေးတွင် ရုရှားသည် “လက်အောက်ခံ” အဆင့်ဖြစ်သည်ဟူသော မဟုတ်မမှန်သည့် အယူအဆကို သွတ်သွင်းရန် ကြိုးပမ်းခြင်းသည် အချိန်ဖြုန်းသလိုပင်ဖြစ်မည်။ တရုတ်သည် ရုရှား၏ “နောင်တော်ကြီး” ဖြစ်လာရန် အမှန်တကယ်လိုလားခြင်း ရှိ၊ မရှိနှင့် အနောက်နိုင်ငံများအနေဖြင့် ရုရှား-တရုတ် ဆက်ဆံရေးနှင့်ပတ်သက်လာလျှင် ဤအချက်ကို အလေးထားရန် သင့်၊ မသင့် ဆိုသည့်အချက်မှာ ပို၍စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ 

အမေရိကန်နိုင်ငံ၏ရှုထောင့်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က “ရုရှားတွေဟာ တရုတ်ကို ပိုမိုမှီခို လာရပြီး ဒါဟာ အမေရိကန်နဲ့ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်မှုအတွက် ကောင်းမွန်တဲ့ရလဒ်မဟုတ်ဘူး” ဟုပြောကြားခဲ့သည်။ ဆိုလိုသည်မှာ တရုတ်နှင့်ဆက်ဆံရေးကြောင့် ရုရှားသည် ၎င်း၏ဗျူဟာမြောက် လုပ်ပိုင်ခွင့်ကို ဆုံးရှုံးရနိုင် သည်ဟု အမေရိကန်က ယုံကြည်နေသည်။ ထို့အပြင် အမေရိကန်၏ မဟာဗျူဟာအကျိုးစီးပွားအတွက် တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပြီး ဝါရှင်တန်ကိုဆန့်ကျင်သည့် မော်စကိုနှင့် ပေကျင်းအကြား မဟာမိတ် ဖွဲ့ရန်အလားအလာကို အကြံပြုထားသည်။မကြာသေးမီက အမေရိကန်သမ္မတ Donald Trump ၏ မော်စကိုနှင့် ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန် ကြိုးပမ်းမှုများကို “Nixon Effect” ကို ပုံတူကူးရန် ကြိုးပမ်းမှုအဖြစ် သရုပ်ဖော်ကြသော်လည်း လက်တွေ့ တွင် ပြောင်းပြန်ဖြစ်နေသည်။ ၁၉၇ဝ ပြည့်နှစ်ဦးကာလများတွင် ထိုစဉ်က သမ္မတ Richard Nixon ၏ တရုတ် နိုင်ငံခရီးစဉ်သည် ဆိုဗီယက်ပြည်ထောင်စုကို ဆန့်ကျင်သူများ ကြားတွင် အမေရိကန်-တရုတ် ဆက်ဆံရေး ကို ခိုင်မာစေခဲ့သည်။ ယခုအခါတွင် အမေရိကန်သံခင်း တမန်ခင်းအရ ရုရှားအား တရုတ်နှင့်ဝေးရာသို့ ဆွဲဆောင်ပြီး အမေရိကန်သည် တရုတ်အား ဗျူဟာမြောက် ထိုးနှက်နိုင်မည်ဟု ယုံကြည်ရသည်။သို့သော် အဆိုပါနှိုင်းယှဉ်ချက်မှာ ယုတ္တိခိုင်လုံခြင်းမရှိပါ။ ပထမအချက်မှာ ၁၉၇ဝ ပြည့်နှစ် လွန်ကာလ များတွင် တရုတ်နှင့် ဆိုဗီယက်တို့သည် ထိပ်တိုက်ရင်ဆိုင်နှင့်ပြီးသား အခြေအနေ ဖြစ်သည်။ Nixon ၏ လုပ်ရပ်များသည် အဆိုပါထိပ်တိုက်ရင်ဆိုင်မှုကို မဖြစ်ပေါ်စေသော်လည်း ၎င်းသည် အမေရိကန်အတွက် တရုတ်ဈေးကွက်ဖွင့်လှစ်ရန်နှင့် ဆိုဗီယက်ကို တွန်းလှန်ရာတွင် သြဇာ လွှမ်းမိုးမှုရရှိရန် ကောင်းမွန်သော အခြေအနေများကို အသုံးချခဲ့သည်။ ယနေ့ခေတ်တွင် ရုရှားနှင့် တရုတ်တို့သည် အမေရိကန်နှင့် ဝေးကွာ လိုခြင်း မရှိကြပေ။ အကယ်၍ ၎င်းတို့၏ နီးကပ်သော မဟာမိတ်ပြုမှုအတွက် တစ်စုံတစ်ဦးအပေါ် အပြစ်တင် ရမည်ဆိုလျှင် ၎င်းတို့အား “မဟာရန်သူတော် ကြီးများ” ဟုတံဆိပ်ကပ်ပြီး အထက်စီးဆန်မှုနှင့် တွက်ကိန်း လွဲမှားမှုများဖြင့် နှစ်နိုင်ငံစလုံးကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည့် “Dual Containment” မူဝါဒကို စတင် ချမှတ်လုပ်ဆောင်ခဲ့သော အမေရိကန်ကိုယ်တိုင်ပင်ဖြစ်သည်။ယခု Dual Containment မူဘောင်တွင် အမေရိကန်သည် တရုတ်နိုင်ငံကို ပို၍ အန္တရာယ်များသော ပြိုင်ဘက်အဖြစ် ရှုမြင်ပြီး ရုရှားသည် ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးရေးကြိုးပမ်းမှုအတွက် အမေရိကန် သို့မဟုတ် တရုတ်နှင့် လိုက်လျောညီထွေနေမည့် “အဖြည့်ခံ” အဖြစ်မြင်သည်။ သို့သော် ဤအရာသည် မမှန်ကန်ပါ။ ဤအမြင်သည် အမေရိကန်အထက်တန်းလွှာများ၏ စိတ်ထဲမှ ပုံရိပ်လွှာမျှသာဖြစ်သည်။ပထမအချက်မှာ ရုရှားသည် အင်အားကြီးနိုင်ငံဖြစ်ပြီး လိုအပ်သော စစ်ရေး၊ နိုင်ငံရေးနှင့် အရင်းအမြစ် ဆိုင်ရာ စွမ်းရည်များရှိပြီး မည်သူတစ်ဦးတစ်ယောက်၏ အဖြည့်ခံအဖြစ် နေထိုင်ရန် လိုလားခြင်းမရှိပါ။ ဒုတိယ အချက်မှာ တရုတ်နိုင်ငံသည် ကမ္ဘာကြီးအား ကြီးစိုးရန်အတွက် အမေရိကန်နှင့် ယှဉ်ပြိုင်လိုခြင်းမရှိပါ။ သို့ဖြစ်ရာ တရုတ်သည် အမေရိကန်နှင့် “ခေတ်သစ်စစ်အေး တိုက်ပွဲ” တွင် ရုရှားကို မဟာမိတ်အဖြစ် မလိုအပ်ပေ။ ယင်းအစား ရုရှားသည် ပဋိပက္ခဖြစ်မှ ထိတွေ့ဆက်ဆံခြင်းထက် ပူးပေါင်းဆောင်ရွက်ထား ခြင်းက ပိုမိုအကျိုးရှိသောမိတ်ဖက်အဖြစ် ရှုမြင်သည်။ ရုရှားသည် တရုတ်အတွက် အရေးပါသော မိတ်ဖက် နိုင်ငံဖြစ်သော်လည်း မော်စကိုနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးအတွက် ပေကျင်းက စွန့်စားလိမ့်မည် မဟုတ်ပေ။

တရုတ်နိုင်ငံ၏ရှုထောင့်

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် တင်းမာမှုများ ပြင်းထန်လာသည်ကိုသိရှိပြီး ဒွိဝင်ရိုးကမ္ဘာအုပ်စုနှစ်ခုကြား ထိပ်တိုက်ရင်ဆိုင်မှုတွင် ပါဝင်လိုခြင်းမရှိပေ။ ယင်းမှာ တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်ချက်ဖြစ်သည်။ အမေရိကန်သည် “စစ်အေးတိုက်ပွဲခံယူချက်” ၏ ရလဒ်ကို ထိန်းချုပ်ရန် သဲကြီးမဲကြီး ဆောင်ရွက်နေသည် ဟု တရုတ်က မှတ်ယူပြီး နှစ်နိုင်ငံစလုံးကို အကျိုးရှိ စေသည့် အမြတ်အစွန်းရှိသော စီးပွားရေး မိတ်ဖက် ဆက်ဆံရေးကို အမေရိကန်က အဘယ်ကြောင့် ထိခိုက်စေသည်ကို အံ့အားသင့်နေသည်။တရုတ်သည် အမေရိကန်ကို ကမ္ဘာ့ခေါင်းဆောင်အဖြစ်မှ ဖြုတ်ချ၍ အစားထိုးနိုင်သည်ဟု ယုံကြည်သော အမေရိကန်နိုင်ငံရေးသမားများနှင့်မတူဘဲ တရုတ်တို့သည် ၎င်းတို့၏ကိုယ်ပိုင် စွမ်းရည်များကို တော်သင့်ရုံသာ အကဲဖြတ်လေ့ရှိသည်။ ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်တို့ ကြားတွင် ပေါ်ပေါက်ခဲ့သော ကမ္ဘာ့ အာဏာလုပွဲကို သတိထားစရာပုံပြင်အဖြစ် ရှုမြင်ကြသည်။ ဆိုဗီယက်သည် အရင်းအနှီးပေါင်းများစွာကို အဆိုပါပြိုင်ဆိုင်မှုထဲသို့ ပုံအောခဲ့ပြီး နောက်ဆုံးတွင် နိုင်ငံသည် ပင်ပန်းနွမ်းလျကာ ကြီးစွာသော အကြပ် အတည်းများက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲရေးဆီအထိ ရောက်စေခဲ့သည်။ဆိုဗီယက်ပြည်ထောင်စု၏ အမှားမျိုးကို ထပ်တလဲလဲမလုပ်ရန် တရုတ်က ဆုံးဖြတ်ထားသည်။ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးသည် ၎င်း၏ထိပ်တန်းဦးစားပေးဖြစ်သည်။ နိုင်ငံခြားရေးရာမူဝါဒသည် ဤဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ရန်အတွက် ကိရိယာတစ်ခုဟု ယူဆသော်လည်း အဆုံးသတ်မဟုတ်ပေ။ ယခင် ကိုလိုနီနိုင်ငံများနှင့် ကိုလိုနီတစ်ပိုင်းနိုင်ငံများ၏ အရေးပါမှုကို တိုးမြှင့်ခြင်းဖြင့် ယခင် ကိုလိုနီ အာဏာရှင် ဟောင်းများ အထူးသဖြင့် အမေရိကန်၏သြဇာကို မလွဲမသွေကျဆင်းစေမည်ဟု တရုတ်က ယုံကြည်သည်။တစ်နည်းဆိုရသော် ရုရှားကဲ့သို့ပင် တရုတ်သည် အမေရိကန်၏ ကြီးစိုးမှုကို ရုပ်သိမ်းရန် ကြိုးပမ်း သော်လည်း ၎င်း၏နေရာကို အစားထိုးရယူရန် ဆန္ဒမရှိပေ။ တရုတ်၏အယူအဆသည် နိုင်ငံပေါင်းစုံဝါဒဖြင့် သွင်ပြင်လက္ခဏာရှိသော “အမေရိကန်ခေတ်လွန်” စုပေါင်းအင်အားနှင့် ကမ္ဘာကို မျှော်မှန်းထားသည်။ ၎င်းတို့၏စုပေါင်းအင်အားကြောင့် သြဇာလွှမ်းမိုးမှုကြီးမားမည် ဖြစ်သော်လည်း အခြားသူတစ်ဦး၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် မည်သည့်အရာကိုလုပ်ဆောင်ရန် ညွှန်ကြားခြင်း စသည်တို့ ရှိမည်မဟုတ်ပေ။ အဆိုပါစိတ်ကူးကို “ကံကြမ္မာတူလူ့အသိုက်အဝန်း” ဟု အမည်ပေးထားသည်။၂၀၁၃ ခုနှစ်တွင် တရုတ်ခေါင်းဆောင် Xi Jinping က ကမ္ဘာကြီးအား ကြီးစိုးလိုသူများက ဤသမိုင်းဝင် အရွေ့ကို တွန်းလှန်နေသည့်တိုင် ဤကံကြမ္မာတူလူ့အသိုက်အဝန်းသည် ပုံပေါ်နေပြီး ဖြစ်သည်ဟု ပြောကြား ခဲ့သည်။ ထို့ကြောင့် ရုရှား၊ ဘရာဇီးလ်နှင့် အိန္ဒိယ အပါအဝင် ကမ္ဘာ့ တောင်ပိုင်း၏ အဓိကနိုင်ငံကြီး များကြား ဆက်ဆံရေးသည် နိုင်ငံများကို ခေါင်းဆောင် - နောက်လိုက် အဖြစ် ခွဲခြားထားသော အစဉ်အလာ ရှိသည့် စစ်ရေး-နိုင်ငံရေး မဟာမိတ်များနှင့်မတူဘဲ တရုတ်၏ အကျိုးစီးပွားနှင့် နီးကပ်စွာ လိုက်လျောညီထွေ ဖြစ်နေသည်။ အကျိုးဆက်အနေဖြင့် ပေကျင်း၏ ရှုထောင့်မှကြည့်လျှင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံအကြား လက်ရှိမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းသောဆက်ဆံရေးဆီသို့ ခြေလှမ်းလှမ်း လာရုံမျှသာမက ပူးပေါင်းဆောင်ရွက်မှု၏ ပန်းတိုင်ဖြစ်နေသည်။ဤပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဘက်စလုံးအတွက် ဧကန်မုချ အကျိုးရှိစေသည်။ တရုတ်နိုင်ငံသည် ရုရှား၏ လူဦးရေသန်း ၁၄၀ ရှိသော စျေးကွက်သို့ ယင်း၏ကုန်ပစ္စည်းများ ရောင်းချနိုင်ပြီး ရေနံ၊ သဘာဝ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးကဲ့သို့သော ရုရှား၏မဟာဗျူဟာမြောက် အရင်းအမြစ်များကိုလည်း တရုတ်က ရရှိစေပါသည်။ ထို့အပြင် အရှေ့နှင့်အနောက်ကြား ရုရှား၏ ပေါင်းကူးတံတားတစ်ခုအဖြစ် ဆောင်ရွက်ပေး သကဲ့သို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ BRICS နှင့် SCO တို့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားနိုင်ငံနှင့် ၎င်း၏နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဆောင်ရွက်မှု များကို ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။တရုတ်နိုင်ငံသည် အဆိုပါအားသာချက်များအားလုံးကို ခံစားနေပြီး ရုရှားသည် ၎င်း၏ မဟာဗျူဟာမြောက် လုပ်ပိုင်ခွင့်နှင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒတို့ကို ထိန်းသိမ်းထားသည်။ ဤအချက်သည် တရုတ် နိုင်ငံအား ရုရှားနှင့် နိုင်ငံရေးအရ ကတိကဝတ်များကို ရှောင်ရှားနိုင်စေခဲ့သည်။ ၂၀၂၂-၂၀၂၄ ခုနှစ်တွင် ရုရှားနှင့်မတူဘဲ တရုတ်သည် အမေရိကန်၊ ယူကရိန်းနှင့် အနောက်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေးကို အောင်မြင်စွာ ထိန်းသိမ်းနိုင်ခဲ့သည်။ ရုရှားနှင့် ပိုမိုနီးကပ်သော မဟာမိတ်ဆက်ဆံရေးရှိပါက ထိုကဲ့သို့ ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ပေကျင်းက ခံယူသည်။ နောက်ဆုံးအနေဖြင့် ဥရောပနှင့် အမေရိကန် ဈေးကွက်များသည် တရုတ်နိုင်ငံ၏ စီးပွားရေးအတွက် ပိုမိုအရေးကြီးပြီး မည်သည့်အခြေအနေမျိုးတွင်မှ ၎င်းကိ အထိခိုက်ခံမည် မဟုတ်ပေ။ထို့အပြင် ရုရှားသည် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် ရှုပ်ထွေးသော ကမ္ဘာ့စိန်ခေါ်မှုများစွာကို ဖြေရှင်းရာတွင် ကြီးမားသောအတွေ့အကြုံနှင့် မဟာဗျူဟာမြောက် နျူကလီးယား လက်နက်များ သိုလှောင် ထားရှိမှုတို့နှင့်အတူ လက်အောက်ခံနိုင်ငံအဖြစ် ဘယ်သောအခါမှ လက်ခံမည်မဟုတ်ကြောင်း တရုတ်က နားလည်သည်။ထို့ကြောင့် ယုတ္တိရှိသော ကောက်ချက်အနေဖြင့် Marco Rubio ၏ ပြောကြားချက်များနှင့် လုံးဝ ဆန့်ကျင် နေလိမ့်မည်ဖြစ်သည်။ ပထမအချက်မှာ တရုတ်သည် ရုရှားနှင့် အလွန်နီးကပ်လိုခြင်း မရှိဘဲ ချစ်ကြည် ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထိန်းသိမ်းပြီး ခပ်လှမ်းလှမ်းမှ နေရန်သာ ဆန္ဒရှိသည်။ ဒုတိယအချက်မှာ ရုရှားနှင့် တရုတ်ကြား မိတ်ဖက်ဆက်ဆံရေးသည် ကမ္ဘာ့နိုင်ငံရေးတွင် မတည်မငြိမ် ဖြစ်စေသော အချက်မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အချုပ်အခြာ အာဏာကို လေးစားပြီး အပြန်အလှန် သာတူညီမျှလက်တွဲလုပ်ဆောင်ရန် အင်အားကြီးနိုင်ငံများက ကြိုးပမ်းနေသည့် ကမ္ဘာ့အစီအစဉ်သစ်၏ အခြေခံအုတ်မြစ်များထဲမှ တစ်ခုကို ကိုယ်စားပြုသည်။စိတ်ဝင်စားစရာမှာ အမေရိကန်အနေဖြင့် “ကမ္ဘာ့ပုလိပ်” (အခြားသောအချုပ်အခြာအာဏာပိုင်နိုင်ငံ များတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းသည့် သို့မဟုတ် တောင်းဆိုသည့် အင်အားကြီးနိုင်ငံ) နှင့် လူသားမျိုးနွယ်၏ တရားသူကြီး ဖြစ်လိုသော ၎င်းတို့၏ရည်မှန်းချက်များကို စွန့်လွှတ်ကာ နိုင်ငံများကို “လူဆိုးနှင့် လူကောင်း” ဟူ၍ အမျိုးအစားခွဲခြားနေခြင်းကို ရပ်တန့်လိုက်လျှင် ဤတူညီသောပုံစံသည် အမေရိကန် တို့ထံ သက်ရောက်နိုင်ကောင်းပေသည်။ ထို့နောက် အမေရိကန်အနေဖြင့် ကမ္ဘာတစ်ဝှမ်း ရောင်စုံ တော်လှန်ရေးများ  ဖန်တီးခြင်း သို့မဟုတ် စိတ်ကူးယဉ် ရုရှား-တရုတ် မဟာမိတ်ဖွဲ့ခြင်းကို တန်ပြန်ခြင်း တို့ထက် ၎င်းတို့၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက်  စိုးရိမ်နေကြသည့် (မကြာသေးမီက သိသာ ထင်ရှားစွာ ကျဆင်းသွားခဲ့သောကြောင့်) အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားကိုသာ ဦးစားပေး ဆောင်ရွက်သင့်ပေသည်။

Source: https://www.rt.com/news/613825-china-russia-junior-partner/

(RT website တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Ivan Zuenko ၏ “Is Russia at risk of becoming a ‘satellite’ of China?” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။)