အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၂)
Posted_Date
Image

Body
အကြမ်းဖက်ဝါဒနှင့်ပတ်သက်ပြီး ယူဆချက်များ
အကြမ်းဖက်ဝါဒနှင့် ပတ်သက်ပြီး ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမား ဖြစ်ရသည်။ အကြမ်းဖက်သမားများသည် စိတ်မူမမှန်သူများဖြစ်သည်။ အကြမ်းဖက်မှုကြောင့် တစ်နေ့တစ်ခြား အသေအပျောက် ပိုများနေသည်။ အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သောဝါဒဖြစ်သည်။ အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိသည် စသည်ဖြင့် ယူဆချက်များရှိပါသည်။ ထိုယူဆချက်များသည် အမှန်တကယ်လော၊ ယုံတမ်းလောဆိုသည်ကို အချက်အလက်အထောက်အထားများဖြင့် ဝေဖန်သုံးသပ် ပါမည်။
၁။ ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမား ဖြစ်ရသည်
ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမားဖြစ်ရသည်ဆိုသော ယူဆချက်မှာ အကြမ်းဖက်ဝါဒကို ဖြစ်စေသော မူလအကြောင်းရင်းကို ဖော်ထုတ်ထားခြင်းဖြစ်သည်။ ထိုယူဆချက် မည်သည့်နေရာမှ စထွက်လာသနည်း ဆိုသည်ကို ကြည့်ရာတွင် ထိုယူဆချက်သည် နိုင်ငံရေးသမားများနှင့် လူသိများထင်ရှားသူများ စပြောခဲ့သည့် ယူဆချက် ဖြစ်ကြောင်းတွေ့ရသည်။ ဥပမာနှစ်ခု ပြပါမည်။ ပထမတစ်ခုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကောလင်းပါဝဲ (Colin Powell) ၂၀၀၂ ခုနှစ်တွင် ပြောကြားခဲ့သည့်စကားဖြစ်သည်။ ၎င်းက အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် ဆင်းရဲမွဲတေသည့်နေရာ၊ မသိနားမလည်မှုများသာရှိသည့်နေရာ၊ ဘဝအတွက် မျှော်လင့်ချက်မရှိသည့် နေရာမှလာသည်ဟု ၎င်းအနေဖြင့် အပြည့်အဝ ယုံကြည်သည်ဟု ပြောသွားခဲ့သည်။ ဒုတိယတစ်ယောက်မှာ တောင်အာဖရိကနိုင်ငံမှ ခရစ်ယာန် ဘုန်းတော်ကြီး ဒစ်စမွန်တူးတူး (Desmond Tutu) ဖြစ်သည်။ ၎င်းက ကမ္ဘာကြီးတွင် မျှော်လင့်ချက် မရှိလောက်အောင် ဆင်းရဲမွဲတေမှု၊ ရောဂါဘယနှင့် မသိနားမလည်မှုများ ရှိနေသမျှ ကာလပတ်လုံး အကြမ်းဖက်မှုကို အနိုင်တိုက်နိုင်မည် မဟုတ်ဟု ၂၀၀၇ ခုနှစ်တွင် ပြောကြားခဲ့သည်။ ဆင်းရဲမှုနှင့်အကြမ်းဖက်ဝါဒ အဆက်အစပ်ရှိသည်ဟု ပြောကြား ခဲ့သူများမှာ ကောလင်းပါဝဲနှင့် ဒစ်စမွန်တူးတူးသာမက အခြားသြဇာရှိပုဂ္ဂိုလ် အများအပြားလည်း ပါဝင် ပါသည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ၎င်းတို့အနက်အများစုမှာ အကြမ်းဖက်ဝါဒကဲ့သို့သော အရေးကြီး ကိစ္စများနှင့်ပတ်သက်၍ မဟာဗျူဟာနှင့် မူဝါဒများချမှတ်ရန် တာဝန်ရှိသည့် နိုင်ငံရေးသမားများနှင့် ကမ္ဘာ့ ခေါင်းဆောင်များ ဖြစ်နေသည်ကို တွေ့ရသည်။
၎င်းတို့ပြောကြားခဲ့သည်မှာ အမှန်လော၊ အမှားလော။ ဆင်းရဲမှုသည် အကြမ်းဖက်မှု ဖြစ်စေသော အကြောင်းရင်းခံ ဖြစ်ပါသလော။ ထိုမေးခွန်းများကို အဖြေရှာရန်အတွက် ဆင်းရဲမှုနှင့် အကြမ်းဖက်ဝါဒ ဆက်စပ်မှုရှိသည်ဟု အဘယ်ကြောင့် ကောက်ချက်ချရသည်ကို ဆန်းစစ်ကြည့်ပါမည်။ အခြေခံစိတ်ကူးစိတ်သန်းမှာ ဆင်းရဲမှုကြောင့် ဘဝတိုးတက်ရန် အခွင့်အလမ်း မရှိသည့်အတွက် ချမ်းသာသူများအပေါ် ဒေါသထွက်ခြင်း (သို့မဟုတ်) အစိုးရကို အပြစ်တင်ခြင်း ဖြစ်ပြီး နာကျည်းချက်မှာအဓိကဖြစ်သည်။ မျှော်လင့်ချက်မရှိသည့် ဆင်းရဲသားများအနေဖြင့် ၎င်းတို့၏ နာကျည်းချက်၊ ၎င်းတို့၏ ဒေါသ၊ ၎င်းတို့၏စိတ်ပျက်ရမှုများကို အစိုးရ၏ နိုင်ငံရေး လုပ်ငန်းအစီအစဉ် အပေါ်ပုံချပြီး အကြမ်းဖက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အချို့ကလည်း ဆင်းရဲသော နိုင်ငံ အချို့မှ အကြမ်းဖက်သမားအချို့သည် လူ့အသိုင်းအဝိုင်း၏ အောက်ဆုံးအလွှာမှ ဖြစ်သည်ကို ထောက်ပြ ကြသည်။ အချို့က ဆင်းရဲသားများအတွက် တိုက်ပွဲဝင်သည်ဟု ကြေညာထားသော လက်ဝဲစွန်း အကြမ်းဖက် အဖွဲ့အချို့ကို ထောက်ပြကြပါသည်။
ဆင်းရဲခြင်းသည် အကြမ်းဖက်မှုကို ဖြစ်စေသည့်အကြောင်းရင်းခံဟု ပြောကြခြင်းသည် တကယ့်အမှန်တရား ဟုတ်၊မဟုတ် အရေးကြီးပါ၏လော။ ထိုယူဆချက်မှန်၊ မမှန် စမ်းသပ်စစ်ဆေးရန် ဘာကြောင့် လိုအပ်ပါ သနည်း။ အကြမ်းဖက်မှုဖြစ်စေသော အကြောင်းရင်းခံများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် သုံးရမည် ဖြစ်သောကြောင့် ထိုယူဆချက်မှန်/မမှန် စမ်းသပ်စစ်ဆေးရန် အရေးကြီးခြင်းဖြစ်သည်။ ဆင်းရဲခြင်းသည်သာ အကြမ်းဖက်မှု၏ တကယ့်အကြောင်းရင်းခံဆိုလျှင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးကို ယခုထက်ပို အားထည့် လုပ်ဆောင်ရမည်ဖြစ်ပြီး ၎င်းသည် လူသားချင်းစာနာထောက်ထားမှ ကြည့်လျှင်လည်း အမှန်တကယ် ကောင်းမွန်ပါသည်။ သို့သော် ဆင်းရဲမှုပပျောက်ရေးဆောင်ရွက်ချက်များသည် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားနိုင်ချေကို လျော့ချပေးရန် အကူအညီဖြစ်/ မဖြစ်သိရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပေါ်လစီမိတ်ကာများအနေဖြင့် အခြားသောပြဿနာများမှာကဲ့သို့ပင် အကြမ်းဖက်တိုက်ဖျက်ရေးအတွက်လည်း ငွေ၊ အချိန်၊ လူ စသော ရင်းမြစ်များ ကန့်သတ်ချက် ရှိခြင်းကြောင့်ဖြစ်သည်။ အကယ်၍ ထိုရင်းမြစ်များကို ဆင်းရဲမှုပပျောက်ရေးအတွက် သုံးလိုက်လျှင် အခြားကိစ္စများအတွက် သုံးစရာရှိမည်မဟုတ်တော့သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဆင်းရဲမှုသည် အကြမ်းဖက်ဝါဒ၏ အမှန်တကယ် အကြောင်းရင်းခံ ဟုတ်၊ မဟုတ် သိရန် လိုအပ်ပြီး အကြမ်းဖက်နှိမ်နင်းရေးရှုထောင့်မှကြည့်လျှင် ဆင်းရဲမှုလျော့ချရေးသည် အရေးကြီး ကိစ္စ ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန်လိုအပ်ပါသည်။
ထို့ကြောင့် ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမားဖြစ်ရသည်ဆိုသည့် အဆိုမှန်/ မမှန် ကို လက်တွေ့ မျက်မြင် အချက်အလက်များနှင့် ပညာရပ်ဆိုင်ရာသုတေသနများနှင့် တိုက်ဆိုင်စစ်ဆေးကြည့်ပါမည်။ အကြမ်းဖက်သမား များ၏ အချက်အလက်များကို လေ့လာကြည့်ရာတွင် အကြမ်းဖက်သမားအများစုသည် အလွန်ဆင်းရဲသူများ (သို့မဟုတ်) အခြားသူများထက် များစွာ ဆင်းရဲသူများမဟုတ်ကြောင်း တွေ့ရသည်။ တကယ်တမ်းတွင် အချို့ အကြမ်းဖက်သမားများမှာ အလွန်ချမ်းသာသူများ ဖြစ်ကြသည်။ လူသိအများဆုံး အကြမ်းဖက်သမားဖြစ်သည့် အိုစမာဘင်လာဒင် (Osama binLaden) ဆိုလျှင် ချမ်းသာသည့်ဆော်ဒီမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ၂၀၀၉ ခုနှစ်က ဒက်ထရွိုက်မြို့သို့ သွားသည့် လေယာဉ်ကို ဖောက်ခွဲရန် ကြိုးစားခဲ့သော အူမာဖာရွက် အဗ္ဗ ဒူမာတေလဘ် (Umar Farouk Abdumu tallab) သည် နိုင်ဂျီးရီးယားရှိ ချမ်းသာသောမိသားစုမှ ဆင်းသက် လာသူဖြစ်ပြီး လန်ဒန်တွင် ကျောင်းတက်ခဲ့သူဖြစ်သည်။ အခြားသော အကြမ်းဖက်သမား အများအပြား မှာလည်း လူလတ်တန်းစား (သို့မဟုတ်) လူလတ်တန်းစားတွင် ထိပ်ပိုင်းမှ ဖြစ်ကြသည်။ ဥပမာ လူ ၈၀ ကျော် ကို ပစ်သတ်ခဲ့သော နော်ဝေမှ အန်ဒါး ဘရီဗစ် (Anders Breivik) ဖြစ်သည်။ ၁၉၆၀-၇၀ ပြည့်လွန်နှစ်များ အတွင်းက ဂျာမန်မှ လက်ဝဲစွန်းအကြမ်းဖက်အဖွဲ့ ဖြစ်သော တပ်နီ(Red Army Faction) ၏ ခေါင်းဆောင် ယူလိုက် မိန်းဟော့ (Ulrike Meinhof) ကိုကြည့်လျှင် သူမသည်လည်း ချမ်းသာသော မိသားစုမှဖြစ်ကာ ပညာကောင်းစွာတတ်ပြီး ဘဝအတွက် အခွင့်အလမ်းကောင်းများစွာ ရှိသူဖြစ်သည်။ ဥရောပမှ ဂျီဟတ် အကြမ်းဖက်သမားများကို လေ့လာကြည့်ရာတွင် အများစုမှာ ပြည်ပမှ ရွေ့ပြောင်းအခြေချသူများ (migrants) (သို့မဟုတ်) ၎င်းတို့၏ သား၊ သမီးများ ဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့နေသည့် နိုင်ငံတွင် အောက်ခြေ အသိုင်းအဝန်း မှ ဖြစ်သော်လည်း အခြားသော ပြည်ပမှရွေ့ပြောင်း အခြေချသူများထက် ပိုမိုဆင်းရဲသူများ မဟုတ်ကြောင်း တွေ့ရသည်။ အခြားသော ဖွံ့ဖြိုးဆဲကမ္ဘာမှ အကြမ်းဖက်သမားများကို လေ့လာကြည့်ရာတွင်လည်း ထိုအတိုင်းသာ တွေ့ရပါသည်။ အကြမ်းဖက်သမား အများအပြားမှာ ချမ်းသာသူများ (သို့မဟုတ်) လူလတ်တန်းစားပင် မဟုတ်ကြသော်လည်း ၎င်းတို့နိုင်ငံမှ အခြားနိုင်ငံသားအများစုထက် ပိုမိုဆင်းရဲသူများ မဟုတ်ကြပါ။
၂၀၁၂ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်တွင် အကြမ်းဖက်မှုအဖြစ်အများဆုံးငါးနိုင်ငံဖြစ်သော အီရတ်၊ အာဖဂန် နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ရုရှားနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့မှာလည်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများမဟုတ်ကြပါ။ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံ၏ ဝင်ငွေအဆင့်အပေါ် ကမ္ဘာ့ဘဏ်က ပြုစုထားသော အချက်အလက်များအရ အီရတ်နိုင်ငံသည် အဆင့် ၁၁၁ ရှိပြီး ဝင်ငွေ အလယ်အလတ်အဆင့်နိုင်ငံများအနက် အမြင့်ပိုင်းတွင်ရှိပြီး ပါကစ္စတန်၊ အိန္ဒိယနှင့် နိုင်ဂျီးရီးယားတို့မှာ အဆင့် ၁၃၉ မှ ၁၅၀ အတွင်းရှိကာ ဝင်ငွေ အလယ်အလတ်နိုင်ငံများအနက် အောက်ပိုင်းတွင် ပါဝင်သည်။ ရုရှားမှာ အဆင့် ၅၅ ဖြစ်ပြီး ဝင်ငွေမြင့် နိုင်ငံစာရင်းတွင် ပါဝင်သည်။ အကြမ်းဖက်မှု အဖြစ်အများဆုံးနိုင်ငံများအနက် အာဖဂန်နစ္စတန် တစ်နိုင်ငံသာ ဝင်ငွေ နည်းပါးသောနိုင်ငံဖြစ်ပြီး အာဖဂန်သည်ပင် ၎င်းထက် ဆင်းရဲသောနိုင်ငံ ၁၅ နိုင်ငံ ရှိသေးသည်။ ထို့ပြင် ဝင်ငွေအနိမ့်ဆုံး ၁၀ နိုင်ငံတွင် ကွန်ဂို တစ်နိုင်ငံမှလွဲ၍ မည်သည့်နိုင်ငံတွင်မှ အကြမ်းဖက်မှုနှုန်း မမြင့်ရုံသာမက အတော်အသင့်ဖြစ်ပွားသည့် အခြေအနေပင် မရှိပါ။ ၁၉၆၀ နှင့် ၇၀ ပြည့်လွန်နှစ်များအတွင်းက လက်ဝဲစွန်း အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်ခဲ့သည့် ဂျာမနီ၊ အီတလီနှင့် ဂျပန်နိုင်ငံများကို ပြန်ကြည့်လျှင် ထိုအချိန် ကရော၊ ယနေ့ပါ ချမ်းသာသောနိုင်ငံများ ဖြစ်ကြသည်။ ထို့ကြောင့် အကြမ်းဖက်သမားတစ်ဦးချင်းနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့်နိုင်ငံများ နှစ်မျိုးစလုံးကို လေ့လာကြည့်ရာတွင် ဆင်းရဲမှုကြောင့် အကြမ်းဖက်သမားဖြစ်ရသည်ဆိုသောအချက်မှာ ခိုင်လုံမှု မရှိကြောင်း တွေ့ရပါသည်။
ဂျိမ်းပီယာဇာ(James Piazaa) က ဆင်းရဲမှုနှင့် အကြမ်းဖက်မှု အဆက်အစပ်ရှိ၊မရှိကို မေခရိုအဆင့်လေ့လာမှု ပြုလုပ်ခဲ့ရာတွင် ဝင်ငွေနိမ့်ခြင်း၊ စာမတတ်မှုနှုန်းမြင့်ခြင်း၊ မျှော်မှန်း သက်တမ်းနိမ့်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်း စသောအချက်များနှင့် အကြမ်းဖက်မှု အဆက်အစပ်ရှိ/ မရှိ လေ့လာခဲ့ပြီးနောက် ဆင်းရဲခြင်းနှင့် အကြမ်းဖက်မှု ဆက်စပ်ခြင်းမရှိဟု သုံးသပ်ခဲ့သည်။ အလန်ခရူဂါ(Alan Krueger)နှင့် ယေဂါမလက်ခိုဗာ (Jitka Maleckova) တို့ကလည်း အကြမ်းဖက်သမားတစ်ဦးချင်း၏ ဘဝကိုလေ့လာပြီး ဆင်းရဲမှုနှင့် အကြမ်းဖက်မှု အဆက် အစပ်ရှိ/မရှိ လေ့လာမှုဆောင်ရွက်ခဲ့သည်။ ၎င်းတို့၏ သုတေသနကို လက်ဘနွန်မှ ရှီးယိုက် အစ္စလာမ်မစ်စစ်သွေးကြွအဖွဲ့ဖြစ်သော ဟစ်ဇဘိုလာအဖွဲ့ကို အဓိကထား ဆောင်ရွက်ခဲ့သည်။ ၎င်းတို့သည် အကြမ်းဖက်သမား တစ်ဦးချင်း၏ ဘဝကိုလေ့လာပြီးနောက် ဆင်းရဲမှု၊ ပညာမတတ်မြောက်မှု တို့နှင့် အကြမ်းဖက်မှုတို့သည် ဆက်စပ်မှု အလွန်အားနည်းကြောင်း တွေ့ရှိခဲ့ပါသည်။ အကြမ်းဖက်မှုသည် နိုင်ငံရေးအခြေအနေကို တုန့်ပြန်ခြင်းသာဖြစ်ပြီး စီးပွားရေးနှင့် အဆက်အစပ်မရှိသလောက်ဖြစ်သည်ဟု သုံးသပ်ကြသည်။
ထို့ကြောင့် အချက်အလက်များနှင့် ပညာရပ်ဆိုင်ရာလေ့လာချက်များအရ ဆင်းရဲမှုနှင့် အကြမ်းဖက်မှု တိုက်ရိုက် ဆက်နွယ်မှုရှိသည်ဟူသောအချက်မှာ ခိုင်မာမှုမရှိကြောင်း တွေ့ရသည်။ ဆင်းရဲသည့်အတွက် အကြမ်းဖက် သမား ဖြစ်သွားသူ တစ်ဦးတစ်လေ ရှိကောင်းရှိနိုင်သော်လည်း ဆင်းရဲခြင်းသည် အကြမ်းဖက်သမားဖြစ်စေသော အကြောင်းရင်းဖြစ်သည် ဟူသော အဆိုကို ထောက်ခံပေးနိုင်သည့် သက်သေအထောက်အထားမရှိကြောင်း တွေ့ရပါသည်။
၂။ အကြမ်းဖက်သမားများသည် စိတ်မူမမှန်သူများဖြစ်သည်
ဆင်းရဲခြင်းကြောင့် အကြမ်းဖက်သမားဖြစ်ရသည်ဆိုသော အဆိုသည် အမှန်တကယ် ဟုတ်/မဟုတ် လေ့လာပြီးနောက် အကြမ်းဖက်သမားများသည် စိတ်မူမမှန်သူများဖြစ်သည် ဆိုသောယူဆချက် မှန်ကန်ခြင်း ရှိ/ မရှိ လေ့လာဆန်းစစ်သွားပါမည်။ ထိုအဆို နောက်ကွယ်မှ ယုတ္တိဗေဒမှာ ရိုးစင်းပါသည်။ လူတစ်ဦးအနေဖြင့် အပြစ်ကင်းမဲ့သူများ မည်သို့သတ်နိုင်ပါမည်နည်း။ မိမိကိုယ်ကို အသေခံ၍ လူများကို မည်သည့် အကြောင်းကြောင့် သတ်နိုင်ပါမည်နည်း ဟူသော စဉ်းစားချက်မှ လာခြင်းဖြစ်သည်။ အသိုင်းအဝိုင်းအများစုတွင် မိမိကိုယ်မိမိ အသေခံ၍ တိုက်ခိုက်ခြင်းဟူသော အယူအဆသည် နားလည်သဘောပေါက်ရန် ခက်ခဲသောကိစ္စ ဖြစ်သည်။ မည်သို့သောလူမျိုးက အသေခံပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို ဆောင်ရွက်ပါမည်နည်း။ ၎င်းတို့အနေဖြင့် စိတ်ပုံမှန်မဟုတ်၍သာ ထိုသို့လုပ်ဆောင်ကြခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ ရုံးတင်တရားစွဲဆိုခြင်းခံရသော အကြမ်းဖက်သမားအချို့၏ အပြုအမူများကလည်း ထိုအဆိုကို ထောက်ခံအားပေးနေသည်။ သို့သော်လည်း အကြမ်းဖက်သမားများသည် တကယ်ပင် စိတ်ပုံမှန်မရှိသူများလော၊ သူတို့သည် ကျွန်တော်တို့နှင့် မတူသူများ လော။ သို့မဟုတ် အကြမ်းဖက်သမားများသည် အခြားသူများနှင့် ကွာခြားချက်မရှိသူသော သူလို၊ ကိုယ်လို လူများလော။ အကြမ်းဖက်သမားများသည် အမှန်တကယ်သာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူများဆိုလျှင် ၎င်းသည် အကြမ်းဖက်နှိမ်နင်းရေးအပေါ် အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ပြီး စိတ်ကျန်းမာရေးဆရာဝန်များ နှင့် ပိုမိုပူးပေါင်းဆောင်ရွက်မှု လိုအပ်မည်ဖြစ်သည်။ ထို့ပြင် အသိုင်းအဝိုင်းတိုင်းတွင် ပုံစံမျိုးစုံဖြင့် စိတ်ကျန်းမာရေး ချို့ယွင်းသူများစွာရှိနေပြီး ၎င်းတို့သည် သာမန်သူလို ငါလို မဟုတ်ရုံမျှဖြင့် အားလုံးကို ထောင်သွင်း အကျဉ်းချထားနိုင်မည်လည်း မဟုတ်သဖြင့် အကြမ်းဖက်နှိမ်နင်းရေးအတွက် ဘာမှလုပ်မရ ဟူသော သုံးသပ်ချက်မျိုး ထွက်လာနိုင်ပါသည်။
တက္ကသိုလ်များတွင် ဗုံးခွဲခဲ့သည် တဒ် ကာဇင်စကီ (Ted Kaczynzki)၊ နော်ဝေတွင် လူအများအပြားကိုပစ်သတ်ခဲ့သည့် အန်ဒရီ ဘရီဗစ် (Anders Breiviks)၊ ရှုးဖိနပ်အတွင်း ဗုံးထည့်ကာ လေယာဉ်ကို ဗုံးခွဲရန် ကြိုးစားခဲ့သည့် ရတ်ချတ်ရိဒ်(Richard Reid)၊ ၉/၁၁ ဖြစ်စဉ်ကို နောက်ကွယ်ကကြိုးကိုင်ခဲ့သည့် ခါလစ် ရှိတ် မိုဟာမက် (Khalid Sheikh Mohammed)၊ တက္ကဆပ်ပြည်နယ် ဟုတပ်မြို့တွင် လုပ်ဖော်ကိုင်ဖက် ၁၃ ဦးကို ပစ်သတ်ခဲ့သည့် အမေရိကန်တပ်မတော်မှ စိတ်ပညာရှင် ဗိုလ်မှူး နိဒယ်ဟတ်ဆန်(Nidal Hasan) စသည် တို့သည် ရူးသွပ်နေသူများလော၊ ပုံမှန်လော။ ကျွန်တော်တို့နှင့် များစွာကွာခြားသူများလော။ ထိုသို့ လူအများ အပြား သေစေမည့်ကိစ္စများကို ဘာကြောင့်လုပ်ကြသည်ကို ကျွန်တော်တို့ အများစုအနေဖြင့် နားလည်ရန် အလွန်ခက်ခဲပါလိမ့်မည်။ ထိုသို့အကြမ်းဖက်သူများသည် လူအစုလိုက် အပြုံလိုက်သတ်သူများနှင့် ကျောင်းများတွင် ဝင်ပစ်သူများကဲ့သို့ပင် သူလိုငါလို မဟုတ်သော စိတ်ပုံမမှန်သူများဟု ယူဆကြသည်။ ကျွန်တော်တို့သိကြသည့်အတိုင်းလူအစုလိုက် အပြုံလိုက်သတ်သူများနှင့် ကျောင်းများတွင် ဝင်ပစ်သူများထဲမှ အချို့သည် စိတ်ကျန်းမာရေး ချို့ယွင်းသူများ ဖြစ်ကြပါသည်။ သို့သော်လည်း အကြမ်းဖက်သမားများသည် စိတ်မမှန်၍ လူသတ်သူများနှင့် များစွာ ခြားနားပါသည်။
လူအစုလိုက် အပြုံလိုက်သတ်သူများ၊ ကျောင်းများတွင် ဝင်ပစ်သူများနှင့် အကြမ်းဖက်သမားများကြား အဓိက ခြားနားချက်မှာ ပထမအမျိုးစားများ လူသတ်ခြင်းတွင် နိုင်ငံရေးသည် အကြောင်းရင်းခံမဟုတ်ပဲ အကြမ်းဖက် သမားများတွင်မူ နိုင်ငံရေးမှာအကြောင်းရင်းခံဖြစ်သည်။ အကြမ်းဖက်မှုသည် ဆင်ခြင်တုံတရားကို အခြေခံသော အပြုအမူဖြစ်ပြီး အကြမ်းဖက်သမားများ၏လုပ်ရပ်သည်လည်း နိုင်ငံရေးရည်မှန်းချက်တစ်ခုခုကို ရရှိရန် လူသတ်ခြင်း ဖြစ်၍ ဆင်ခြင်တုံတရားကို အခြေခံသောအလုပ်ဖြစ်သည်။ အကြမ်းဖက်သမားများ၏ စိတ်ပညာကို လေ့လာသည့်နယ်ပယ်တွင် ရှေ့ဆောင်ပညာရှင်တစ်ဦးဖြစ်ပြီး “The Mind of the Terrorist” စာအုပ်ကို ရေးသားသူ ဂျရိုး ပို့စ် (Jerrold Post) က အကြမ်းဖက်သမားများသည် စိတ်ကျ ရောဂါခံစား နေရသူများ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူများ မဟုတ်ပဲ သာမန်သူလို ကိုယ်လို ပုံမှန်စိတ်ရှိသူများသာ ဖြစ်သည်ဟု ဆိုသည်။ တကယ်တမ်းတွင် အကြမ်းဖက်အဖွဲ့များသည် လုံခြုံရေးကျိုးပေါက်မည့် အန္တရာယ် ရှိသည့်အတွက် စိတ်ပိုင်းဆိုင်ရာမူမမှန်သူများကို ထုတ်ပစ်လေ့ရှိပြီး စိတ်မမှန်သူများကို လုံးဝလက်ခံလေ့ မရှိဟု ၎င်းကဆိုသည်။ အကြမ်းဖက်မှု လေ့လာရေးပညာရှင် လူစီ ရက်ချတ် ဆန် (Louise Richardson) ကလည်း အကြမ်းဖက်သမားများသည် ရူးသွပ်နေသူများဖြစ်ကြောင်း အထောက်အထားမတွေ့ရဟု ဆိုပါသည်။ စိတ်ပညာရှင်များ ဆောင်ရွက်သလို အကြမ်းဖက်မှုလေ့လာရေးပညာရှင်များအနေဖြင့် အကြမ်းဖက်သမား များကို အင်တာဗျူးရန်၊ စောင့်ကြည့်ရန် အခွင့်အလမ်း အလွန်နည်းပါသည်။ သို့သော်လည်း အကြမ်းဖက် သမားများသည် ရူးသွပ်နေသူများ ဖြစ်သည်ဆိုသော လက်တွေ့အထောက်အထား မရှိသလောက် နည်းသည့်အတွက် ထိုယူဆချက်သည် မှားယွင်းသောယူဆချက် ဖြစ်ပါသည်။
Reference; GeorgetownX: Terrorism and Counterterrorism, www.edx.org
Reference; Terrorism and Counterrorism: Comparing Theory and Practice by Leiden University, coursera.org
အပိုင်း(၃) ဖတ်ရှုရန်- https://sacministry.gov.mm/my/article/3954