အကြမ်းဖက်ဝါဒနှင့်အကြမ်းဖက်နှိမ်နင်းရေး အပိုင်း (၃)
Posted_Date
Image

Body
အကြမ်းဖက်ဝါဒနှင့်ပတ်သက်ပြီး ယူဆချက်များ(အဆက်)
၃။ အကြမ်းဖက်မှုများကြောင့် တစ်နေ့တစ်ခြား အသေအပျောက်များလာသည်
အကြမ်းဖက်မှုများကြောင့် တစ်နေ့တစ်ခြား အသေအပျာက်ပိုများလာနေသည်ဆိုသော ယူဆချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူ အရေ အတွက် စုစုပေါင်းတိုးတက်လာခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုချင်းတွင် ယခင် တိုက်ခိုက်မှုများထက် သေဆုံးမှုတိုးလာခြင်းဟု နှစ်မျိုးခွဲနိုင်ပြီး ထိုနှစ်မျိုးသည်လည်း တစ်ခုနှင့် တစ်ခု အပြန်အလှန်ဆက်စပ်နေပါသည်။ ထိုယူဆချက်၏ မူလအစမှာ ၉/၁၁ တိုက်ခိုက်မှု နောက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုများ၏ ပုံသဏ္ဍာန်နှင့် အရွယ် အစားသည် ယခင်ကနှင့် များစွာခြားနားသွားပြီ ၊ ၉/၁၁ နောက်ပိုင်းတွင် အကြမ်းဖက်ဝါဒသည် အတိတ်ကထက် များစွာပိုမိုကြီးမားသော အန္တရာယ်ဖြစ်လာနေသည် ဆိုသော အယူအဆတွင် အခြေခံသည်။ ပထမဆုံးပြောကြားခဲ့သူမှာ ထိုအချိန်က အမေရိကန် ဒုတိယသမ္မတ ဒစ်ချေနီ (Dick Cheney) ဖြစ်ပြီး ၎င်းက နိုင်ငံတစ်ခုအနေဖြင့် မိမိတို့ရင်ဆိုင်နေရသည့် အကြီးဆုံး အန္တရာယ်မှာ သိန်းနှင့်ချီသော အမေရိကန်နိုင်ငံသားများကို သေစေနိုင်သည့် ဓာတု၊ ဇီဝ နှင့် အနုမြူ လက်နက်များဖြင့် အမေရိကန်မြို့ကြီးများ၏အလယ်တွင် အကြမ်းဖက် တိုက်ခိုက်ခံရ နိုင်သည့် အန္တရာယ်ဖြစ်သည်ဟု ၂၀၀၄ ခုနှစ်တွင် ပြောကြားခဲ့မှုဖြစ်သည်။ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အလားတူပြောကြားခဲ့သည်။ လက်နက်နည်းပညာတွင် တိုးတက်မှုများကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများသည် ယခင်ကထက် သေကြေ ဖျက်ဆီး နိုင်စွမ်း ပိုလာခဲ့ပြီး အကြမ်းဖက်သမားများတွင် လက်နက်မျိုးစုံရှိပြီး ပို၍လည်း တိုးလာနေ သည်ဟု ၎င်း၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။ လန်ဒန် ကိန်းစ်ကောလိပ်မှ ဂျာမန်လူမျိုးပညာရှင် ပီတာ နျူမန်း (Peter Neumann)ကလည်း အရပ်သားများကို အများ အပြား သေကြေအောင် အကြမ်းဖက်တိုက်ခိုက်မှုသည် ထုံးစံဖြစ်လာပြီး နိုင်ငံတကာတွင် ဖြစ်ပွားလာနေသည်ဟု ၂၀၀၉ ခုနှစ်တွင် ပြောကြားခဲ့သည်။ ထိုယူဆချက်များသည် တကယ် အမှန်လောဆိုသည်ကို လေ့လာပါမည်။
၉/၁၁ တိုက်ခိုက်မှုနှင့် မွမ်ဘိုင်း၊ ဘယ်ဆလင်၊ ဘဂ္ဂဒက်နှင့် ဘာလီ အကြမ်းဖက် တိုက်ခိုက်မှုများတွင် လူအများအပြားသေကြေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အကြမ်းဖက် သမားများသည် အဆင့်မြင့်ပေါက်ကွဲပစ္စည်းများကို အသေခံဗုံးခွဲမှုများတွင် သုံးလာကြသလို အကြမ်းဖက်သမားတို့၏ အလေ့အထမှာလည်း ပြောင်းလဲလာသည်။ အကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူ ဘရိုင်ယန်ဂျန်ကင် (Bryan Jenkins)က အကြမ်းဖက်သမားတို့၏ အဓိက ရည်ရွယ်ချက်မှာ လူများများ သေစေရန်မဟုတ်၊ လူများများကြည့်ကြစေရန်ဖြစ်သည်ဟု ၁၉၇၅ ခုနှစ်က ပြောကြားခဲ့သည်။ သို့သော် အကြမ်းဖက်ဝါဒတွင် အကြီးကျယ်ဆုံး ပြောင်းလဲမှု မှာ သေကြေဖျက်ဆီးမှု များနိုင်သမျှများရေး ဖြစ်လာပြီး ယနေ့ခေတ် အကြမ်းဖက်သမားများ အနေဖြင့် လူများများ သေစေရန်နှင့် လူများများကြည့်စေရန် ရည်ရွယ်လာကြသည်ဟု ၂၀၀၆ ခုနှစ်တွင် ၎င်းက ပြောင်းလဲပြောဆိုခဲ့သည်။ အကြမ်းဖက်သမားများအနေဖြင့် လူများများ သေစေလိုသည် ဟု ဘရိုင်ယန်ဂျန်ကင် ပြောသည်မှာ အမှန်လော။ အကြမ်းဖက်သမားများ အနေဖြင့် ထိုသို့လူများများသေအောင် လုပ်နေကြသည်လော။ အကြမ်းဖက်မှုများသည် ယခင် ဆယ်စုနှစ်များကထက် သေကြေပျက်စီးမှု ပိုများလာသည်လော။ ကျွန်တော်တို့အနေဖြင့် ထိုယူဆချက်မှန်/ မမှန်ဘာကြောင့် ဆန်းစစ်ဖို့ လိုပါသနည်း။ အကယ်၍သာ အကြမ်းဖက်မှု များကြောင့် သေကြေပျက်စီးမှုပိုများလာနေသည်ဆိုလျှင် ကျွန်ုပ်တို့အနေဖြင့် ထိုအန္တရာယ်ကို ပိုမို၍ ပြင်းပြင်းထန်ထန် ကာကွယ်ရမည်ဖြစ်သည်။ တကယ်မဟုတ်ခဲ့လျှင်တော့ အကြမ်းဖက် နှိမ်နင်းရေးအတွက် သုံးရမည့်ရင်းမြစ်များကို ဆင်းရဲမှုလျှော့ချရေး၊ ပညာရေး၊ ကျန်းမာရေး တို့အတွက် သုံးစွဲနိုင်မည်ဖြစ်သည်။
အကြမ်းဖက်မှုများကြောင့် သေကြေဖျက်ဆီးမှု တိုးတက်လာခြင်းရှိ/မရှိကို မာရီလန်း တက္ကသိုလ် အခြေစိုက် start ဟုခေါ်သော အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒကို တုန့်ပြန်ရေး အား လေ့လာသည့်အမျိုးသားပူးပေါင်းအဖွဲ့ (the national consortium for the study of terrorism and responses to terrorism, also known as start) က ပြုစုထားသည့် ၉/၁၁ မတိုင်မီ ၁၀ နှစ်နှင့် ၉/၁၁ နောက်ပိုင်း ၁၀ နှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူအရေအတွက်အပေါ် အခြေခံပြီး သုံးသပ်သွားပါမည်။ အောက်ပါဂရပ်တွင် ၁၉၉၁ ခုနှစ် မှ ၂၀၁၀ အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူ အရေအတွက်ကို တွေ့နိုင်ပါသည်။

ထိုဂရပ်တွင် ၁၉၉၀ ပြည့်လွန်အစောပိုင်းနှစ်များက သေဆုံးသူအရေအတွက် ၈၀၀၀ မှ တစ်သောင်းအထိ မြင့်မားခဲ့ကာ ၁၉၉၅ ခုနှစ်တွင် ကျဆင်းသွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တစ်သောင်းကျော်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။ တစ်ဖန် ၉/၁၁ မတိုင်မီအထိ အကြမ်းဖက်မှုကြောင့် သေဆုံးသူအရေအတွက်နိမ့်ကျသွားခဲ့ပြီး ၁၉၉၉ နှင့် ၂၀၀၀ ပြည့်နှစ် တို့တွင် တစ်ကမ္ဘာလုံးတွင် သေဆုံးသူအရေအတွက် ၄၀၀၀ အောက်သာရှိသည်ကို မြင်တွေ့နိုင် သည်။ ၂၀၁၁ တွင်မူ သေဆုံးသူအရေအတွက် ၆၀၀၀ ကျော်အထိပြန်လည်မြင့်တက်လာခဲ့ပြီး ၉/၁၁ တိုက်ခိုက်မှု တစ်ခုတည်းကပင် သေဆုံးသူအရေအတွက် ၃၀၀၀ ဝန်းကျင်ရှိသည်။ ၎င်းနောက် ၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်များတွင် သေဆုံးသူအရေအတွက် ပြန်လည်ကျဆင်းသွားပြီး ၂၀၀၄ ခုနှစ်မှစ၍ ဆက်တိုက်မြင့်တက်လာခဲ့ရာ ၂၀၀၇ ခုနှစ်တွင် ၁၂၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ၂၀၀၈ နောက်ပိုင်းတွင် သေဆုံးသူအရေအတွက် အနည်းငယ် ပြန်လည် ကျဆင်းခဲ့သော်လည်း ၈၀၀၀ ဝန်းကျင် ရှိနေဆဲ ဖြစ်သည်။ ထိုအချက်အလက်များအရ အကြမ်းဖက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူအရေအတွက်သည် တစ်နှစ်နှင့်တစ်နှစ် မတူညီပဲ အတက်အကျများရှိပြီး ယေဘုယျအားဖြင့် သေဆုံးသူအရေအတွက် တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာနေသည်ဟု ပြော၍မရနိုင်ကြောင်း တွေ့ရှိရသလို အနာဂတ်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု မဆိုနိုင်ကြောင်း သုံးသပ်ရသည်။ သို့သော်လည်းဒေသအလိုက်ခွဲခြားလေ့လာလျှင်မူ အချို့ဒေသများတွင် သေဆုံးမှု ပိုမို မြင့်တက်လာနေပြီး အထူးသဖြင့်အရှေ့တောင်အာရှဒေသတွင် သေဆုံးမှု မြင့်တက်နေသည့် အလားအလာရှိကြောင်း တွေ့ရှိရသည်။

ယခုဆက်လက်ပြီး တိုက်ခိုက်မှုတစ်ခုချင်းစီတွင် သေဆုံးမှု ပိုမိုတိုးလာခြင်း ရှိ/မရှိ လေ့လာဆန်းစစ်ပါမည်။ ထိုသို့လေ့လာရာတွင် ၂၀၀၉ ခုနှစ်က ဂျိမ်း ပီယာဇာ(James Piazza) ၏ လေ့လာချက်ပါ နိုင်ငံတကာအကြမ်းဖက်မှုများတွင် တိုက်ခိုက်မှုတစ်ခုချင်း၏ ထိခိုက် သေဆုံးမှုအရေအတွက်များကို အခြေခံပါမည်။ ၎င်း၏လေ့လာတွေ့ရှိချက် အရ ၁၉၆၈ မှ ၁၉၇၉ ခုနှစ်အတွင်း နိုင်ငံတကာအကြမ်းဖက်တိုက်ခိုက်မှုများတွင် တိုက်ခိုက်မှုတစ်ခု၏ ပျမ်းမျှ သေဆုံး ၊ ဒဏ်ရာရရှိသူအရေအတွက်သည် ၂ ကျော်ရုံသာရှိရာမှ ၁၉၈၀ ပြည့်လွန်နှစ်များတွင် ၄ ဦး အထိ တိုးလာခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များတွင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုစီ၏ ပျမ်းမျှသေဆုံး ဒဏ်ရာရသူ အရေအတွက်မှာ ၁၀ ဦးကျော် ဖြစ်လာကာ ၂၀၀၀ မှ ၂၀၀၅ ခုနှစ် ကြားတွင်မူ ၁၁ ဦးအထိ တိုးတက်လာခဲ့သည်။ ထိုအချက်အလက်များအရ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုချင်း တွင် သေဆုံးဒဏ်ရာရသူအရေအတွက် ပိုမို တိုးတက်လာနေသည်မှာ ထင်ရှားပါသည်။
ထို့ကြောင့် အကြမ်းဖက်မှုများကြောင့် တစ်နေ့တစ်ခြား အသေအပျောက် ပိုများလာနေ သည်ဆိုသော ယူဆချက်သည် လေ့လာတွေ့ရှိချက်များအရ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် တစ်ကမ္ဘာလုံးတွင် သေဆုံးသူအရေအတွက် စုစုပေါင်းတိုးတက်များပြားနေခြင်း မရှိသော်လည်း အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုချင်းတွင် ယခင် တိုက်ခိုက်မှုများထက် သေဆုံးဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားလာနေသည့်အတွက် တစ်စိတ်တစ်ပိုင်း မှန်ကန်သည် ဟု ဆိုနိုင် ပါသည်။
၄။ အကြမ်းဖက်ဝါဒသည်အဓိကအားဖြင့်အနောက်အုပ်စုကိုဆန့်ကျင်သောဝါဒဖြစ်သည်
ဆက်လက်၍ အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သော ဝါဒ ဖြစ်သည် ဟူသော ယူဆချက် မှန်/မမှန် လေ့လာသုံးသပ်ပါမည်။ ပထမဆုံးအနေဖြင့် အကြမ်းဖက်ဝါဒ၏ ပစ်မှတ်များသည် အဓိကအားဖြင့် အနောက်တိုင်းသားများ ဟုတ်/မဟုတ် လေ့လာသုံးသပ်ပါမည်။ ၎င်းနောက် အကြမ်းဖက်ဝါဒ၏ ကြွေးကြော်သံများကို အနောက်နိုင်ငံ များကို ဆန့်ကျင်သောကြွေးကြော်သံ ဟုတ်/မဟုတ် ဆန်းစစ်ပါမည်။
အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကိုဆန့်ကျင်သောဝါဒ ဖြစ်သည် ဟူသော ယူဆချက်သည် မည်သည့်နေရာမှ စထွက်လာသနည်းဆိုသည်ကို ရှာဖွေကြည့်ပါ မည်။ တကယ်တမ်းတွင် ထိုယူဆချက်ကို ပထမဆုံး ထုတ်ဖော်သူသည် အမေရိကန်သမ္မတ ဂျော့ဘုရှ် (George W Bush) ဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုအပြီး ၁၀ ရက်အကြာ မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ သမ္မတ ဘုရှ်က “သူတို့(အယ်ဂိုဒ်ဒါက) က ကျွန်တော်တို့ကို ဘာလို့ မုန်းကြတာလဲလို့ အမေရိကန်တွေက မေးကြတယ်။ အမေရိကန်ဟာ ဒီမိုကရက်တစ်နည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရဖြစ်ပြီး သူတို့က ကိုယ့်ဘာသာကိုယ် ခန့်ထားတဲ့ ခေါင်းဆောင်တွေဖြစ်လို့ ကျွန်တော်တို့ကို မုန်းကြတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်မှု၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာပြောကြားခွင့်၊ လွတ်လပ်စွာ မဲပေးခွင့်နဲ့စုဝေးခွင့်၊ ပြီးတော့တစ်ယောက်နဲ့တစ်ယောက် လွတ်လပ်စွာသဘောကွဲလွဲခွင့်တွေ ကို မုန်းကြတယ်” ဟု ပြောကြားခဲ့သည်။ ထိုစကားသည် အကြမ်းဖက်သမားများအနေဖြင့် အနောက်တိုင်းကို ဆန့်ကျင်သည့် အတွေးအခေါ် (သို့မဟုတ်) အနောက်တိုင်းကို ဆန့်ကျင်သည့် လုပ်ငန်းစဉ်ရှိကြောင်း ပြနေသည်။ ထိုအချိန်က အယ်ဂိုဒ်ဒါခေါင်းဆောင် အိုစမာ ဘင်လာဒင် နှင့်အင်တာဗျူးများစွာသည်လည်း ၎င်းအနေဖြင့် အနောက်တိုင်းကို ဆန့်ကျင်သည့် လုပ်ငန်းစဉ် ရှိကြောင်း သက်သေပြနေသည်။ ဥပမာအားဖြင့် ၂၀၀၂ ခုနှစ်က ဘင်လာဒင်နှင့် အယ်လ်ဂျာ ဇီးယားအင်တာဗျူးတွင် ဘင်လာဒင်က ၎င်း၏ အကြမ်းဖက်စစ်ပွဲတွင် အဓိက ဦးစားပေး ပစ်မှတ် များမှာ အစ္စလာမ်ကို မယုံကြည်သူများ၊ ၎င်းတို့၏မတရားမှုများကို မရပ်တန့်သည့် အမေရိကန် နှင့်ဂျူးများ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အကြမ်းဖက်ဝါဒ ကျွမ်းကျင်သူများနှင့် ပညာရှင် များကလည်း အကြမ်းဖက်သမားများ၏ အနောက်နိုင်ငံများအပေါ် တိုက်ခိုက်မှုများကို ထောက်ပြခဲ့ပြီး ၎င်းတို့တွင် ဂျီဟတ်ဝါဒနှင့် ဂျီဟတ်များ အကြောင်း စာအုပ်များစွာ ရေးသား ခဲ့သည့် ဝါလစ်ဖားရစ် (Walid Fharis) လည်း ပါဝင်သည်။ ဝါလစ်သည် အကြမ်းဖက် အဖွဲ့များနှင့် အကြမ်းဖက်သမားတစ်ဦးချင်းအနေဖြင့် အနောက်နိုင်ငံများကို တိုက်ခိုက်သည့် ဘာသာရေးစစ်ပွဲ၊ အနောက်တိုင်းယဉ်ကျေးမှုနှင့် ဒီမိုကရေစီကို ဆန့်ကျင်သည့် အယူအဆ ရေးရာစစ်ပွဲ (ideological war ) မည်သို့ မည်ပုံဆင်နွှဲသည်ကို လေ့လာသုံးသပ်သည့် စာအုပ် များစွာ ရေးသားခဲ့သည်။
အချို့ကမူ အနောက်တိုင်းကို ဆန့်ကျင်သည့် ဘာသာရေးစစ်ပွဲ အသွင်ဆောင်သော အကြမ်းဖက်ဝါဒ (anti-western jihadist terrorism) (သို့မဟုတ်) အစ္စလာမ်မစ် အကြမ်းဖက် ဝါဒသည် အကြမ်းဖက်ဝါဒပုံစံသစ် တစ်မျိုး ဖြစ်သည်ဟု ဆိုသည်။ ဥပမာအားဖြင့် မာရသာ ခရမ်းရှော (MarthaCrenshaw) က ၂၀၀၀ ပြည့်နှစ်ထုတ် စာအုပ်တွင် “အကြမ်းဖက်ဝါဒသစ် သည် ဘာသာရေးယုံကြည်ချက်က လှုံ့ဆော်ပေးပြီး အကြမ်းဖက်ဝါဒဟောင်းများထက် ဘာသာရေးအယူ ပိုသည်း၊ သေကြေဖျက်ဆီးမှုပိုများကာ ပိုမိုပျံ့နှံ့မှုများပြီး တစ်ကမ္ဘာလုံးတွင် ပိုမိုဖြစ်လာနေသည်။ အကြမ်းဖက်ဝါဒသစ်သည် အနောက်တိုင်းကို ဆန့်ကျင်သည့် အကြမ်း ဖက် ဝါဒဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ အစပြုပြီး အစ္စလာမ်မစ် အခြေခံဝါဒီများနှင့် ဆက်စပ်သည်” ဟု ဖော်ပြခဲ့သည်။ ၎င်းက အစ္စလာမ်မစ်အခြေခံဝါဒီ အကြမ်းဖက်သမားများ သည် အရပ်သားများကို အကြီးအကျယ်သေစေလိုစိတ်ရှိပြီး အမေရိကန်နှင့် အနောက်နိုင်ငံများ ကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ဆိုသည်။
အဆိုပါ ယူဆချက် မှန်/မမှန်ကို လေ့လာဆန်းစစ်ကြည့်ပါမည်။ ထိုသို့လေ့လာဆန်းစစ် ရန် ပထမဦးစွာ ၂၀၁၅ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော ဒေသများ၏ မြေပုံကို လေ့လာကြည့်ပါမည်။

ထိုမြေပုံအရ အကြမ်းဖက်တိုက်ခိုက်မှု အခံရဆုံးဒေသများသည် အနောက်အုပ်စုနိုင်ငံ များ မဟုတ်သည်ကိုတွေ့ရပါမည်။ အနောက်အုပ်စုနိုင်ငံများအနေဖြင့် အကြမ်းဖက် တိုက်ခိုက် ခံရမှု အလွန်နိမ့်ပါသည်။ မြောက်အမေရိကတိုက်၊ တောင်အမေရိကတိုက်၊ အနောက်ဥရောပ နှင့် သြစတေးလျတိုက်များတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် အရှေ့ အလယ်ပိုင်းဒေသတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုများကို ယှဉ်ကြည့်နိုင်ပါသည်။ တကယ်တမ်းတွင် အကြမ်းဖက် တိုက်ခိုက်မှုကို အဓိကရင်ဆိုင်နေရသည့်နိုင်ငံများမှာ မူဆလင်နိုင်ငံများ ဖြစ်သည်။
တစ်ဖန် အကြမ်းဖက်တိုက်ခိုက်ခံရမှုများတွင် သေဆုံးသူများကို လေ့လာဆန်းစစ်ရာတွင်လည်း မူဆလင်များသာ ဖြစ်သည်ကို တွေ့ရသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသား အကြမ်းဖက်နှိမ်နင်းရေးစင်တာ၏ ၂၀၁၁ အစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်း ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုအစုစုကြောင့် သေဆုံးသူစုစုပေါင်း ၏ ၈၂% မှ ၉၇ % အထိ သည် မူဆလင်များဖြစ်သည်ဟု သိရသည်။၂၀၀၃ ခုနှစ်တွင် အမေရိကန်က ဦးဆောင် ကျူးကျော်ခဲ့ပြီးနောက် အီရတ်တွင် အနောက်နိုင်ငံများမှ တပ်အများအပြားရှိနေစဉ်မှာပင် အယ်လ်ဂိုဒ်ဒါ နှင့် ၎င်း၏ဆက်စပ်အဖွဲ့များ၏ တိုက်ခိုက်မှုအများစုသည် အနောက်နိုင်ငံများကို တပ်များကို ပစ်မှတ်ထားခြင်းမဟုတ်ပဲ ၎င်းတို့နှင့်ဘာသာတူ မူဆလင်များကိုသာ အဓိက တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် အကြမ်းဖက် အဖွဲ့များအနေဖြင့် အနောက်နိုင်ငံ များကို ပစ်မှတ်ထားသည်ဟု ကြွေးကြော်ကြသော်လည်း တကယ်တမ်းတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူအများစုမှာ အနောက်နိုင်ငံသားများမဟုတ်ဘဲ မူဆလင်များ သာ ဖြစ်ကြောင်း တွေ့ရသည်။
အနောက်နိုင်ငံများတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကို လေ့လာပါမည်။ ဥရောပရဲတပ်ဖွဲ့ Europol ၏ ၂၀၁၃ အကြမ်းဖက်မှုအစီရင်ခံစာအရ ဥရောပသမဂ္ဂအတွင်း ၂၀၁၂ ခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၇ ဦးရှိပြီး ၎င်းတို့ အနက် အစ္စလာမ္မစ်အစွန်းရောက်အုပ်စု၊ သို့မဟုတ် ဂျီဟတ်ဝါဒီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့်သေဆုံးသူမှာ တစ်ဝက်အောက်သာ ရှိသည်ဟုဆိုသည်။ ၂၀၁၂ ခုနှစ်အတွင်း ဥရောပ သမဂ္ဂတွင် အကြမ်းဖက်တိုက်ခိုက်မှုစုစုပေါင်း ၂၁၉ ခု ဖြစ်ပွားခဲ့သည့်အနက် အများစုမှာ ပြင်သစ်နှင့် စပိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး (ပြင်သစ်တွင် ၁၂၅ ခု စပိန်တွင် ၅၄ ခု) ခွဲထွက်ရေး သမားများ (သို့မဟုတ်) လူမျိုးစုအမျိုးသားရေးဝါဒီအကြမ်းဖက်အုပ်စုများက လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ၂၀၁၂ အတွင်း ဘာသာရေးအခြေခံအကြမ်းဖက်အုပ်စုများက ဥရောပသမဂ္ဂအတွင်း တိုက်ခိုက်မှုစုစုပေါင်းမှာ ၆ ခုသာ ရှိသည်။ ထို့ကြောင့် ဥရောပတွင်ပင် အကြမ်းဖက်တိုက်ခိုက်မှု အများစုမှာ အနောက်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်သော တိုက်ခိုက်မှုများဟု မဆိုနိုင်ပါ။
အမေရိကန်ပြည်ထောင်စုကိုကြည့်ပါက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၂ ခုနှစ်အတွင်း အမေရိကန်မြေပေါ်တွင် အနောက်အုပ်စုကိုဆန့်ကျင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ မရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် အကြမ်းဖက်ဝါဒသည် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သောဝါဒ ဖြစ်သည်ဟူသော ယူဆချက်ကို လေ့လာကြည့်ရာတွင် အယ်ဂိုဒ်ဒါနှင့် အခြားသော အစ္စလာမ္မစ် အကြမ်းဖက်အဖွဲ့များ(သို့မဟုတ်) ဂျီဟတ်အဖွဲ့များ၏ကြွေးကြော်သံမှာ အနောက်ဆန့်ကျင်ရေး ဖြစ်ပြီး ဘာသာရေးကိုအခြေခံသည့် ထိုအကြမ်းဖက်အုပ်စုများသည် လက်ရှိအကြမ်းဖက်လှိုင်း တွင် အလွှမ်းမိုးဆုံးလည်း ဖြစ်ပုံရပြီး အကြမ်းဖက်တိုက်ခိုက်မှု အများအပြားကို ထိုအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သေဆုံးသူများ နှင့် အကြမ်းဖက်တိုက်ခိုက်သည့်ပစ်မှတ်များကို ကြည့်လိုက်သောအခါ အနောက်နိုင်ငံသားများ အလွန်နည်းပါးကြောင်းတွေ့ရသည်။ ဘာသာရေးအခြေခံအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု များကြောင့် သေဆုံးသူအများစုမှာ မူဆလင်နိုင်ငံများမှ မူဆလင်များဖြစ်သည်ကို တွေ့ရသည်။ အနောက်နိုင်ငံများ၌ အကြမ်းဖက်တိုက်ခိုက်မှုအများစုမှာ ခွဲထွက်ရေးအုပ်စုများ၊ လက်ယာစွန်း နှင့် လက်ဝဲစွန်းအဖွဲ့များနှင့်ဆက်စပ်နေသည်ကများပြီး အနောက်ဆန့်ကျင်ရေး ဘာသာရေး အခြေခံအကြမ်းဖက်အဖွဲ့များနှင့် အဆက်အစပ်နည်းကြောင်း တွေ့ရသည်။ ထို့ကြောင့် အဓိကအားဖြင့် အနောက်အုပ်စုကို ဆန့်ကျင်သောဝါဒ ဖြစ်သည်ဆိုသော ယူဆချက်သည် တစ်ဝက်မှန် တစ်ဝက်မှားဖြစ်သည်ဟု သုံးသပ်ရသည်။
၅။ အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိသည်
အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိသည်ဆိုသော ယူဆချက်ကို ဆက်လက်၍ လေ့လာသုံးသပ်ပါမည်။ အကြမ်းဖက်သမားများ အောင်မြင်နေသည်ဟု မည်သူက ပြောခဲ့ သနည်း၊ အကြမ်းဖက်မှုသတင်းများသည် မီဒီယာများ၏ ခေါင်းစည်းပိုင်းတွင် နေရာယူနေပြီး အကြမ်းဖက်နှိမ်နင်းရေးကို နိုင်ငံအသီးသီးမှ အစိုးရများက အထူးအလေးထားနေရခြင်းသည် အကြမ်းဖက်ဝါဒ၏ အောင်မြင်ဟု ဆိုနိုင်ပါမည်လော။ ထိုအချက်များသည် အကြမ်းဖက်သမား များ အလိုရှိသည့်အချက်များ ဖြစ်ပါ၏လော။ နိုင်ငံရေးဖိုရမ်များတွင် အကြမ်းဖက်ဝါဒကို အလေးပေးဆွေးနွေးကြရုံနှင့်် အကြမ်းဖက်ဝါဒ အောင်မြင်မှုရှိသည်ဟု ဆိုနိုင်ပါမည်လော ဆိုသည်ကို လေ့လာဆန်းစစ်ပါမည်။ ထို့ပြင် အကြမ်းဖက်ဝါဒသည် များသောအားဖြင့် နိုင်ငံရေး ရည်မှန်းချက်ပါရှိသောကြောင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ခြင်း ရှိ/မရှိ ကို လည်း လေ့လာဆန်းစစ်ပါမည်။
အကြမ်းဖက်ဝါဒအောင်မြင်ခြင်း ရှိ/မရှိ တိုင်းတာရန် မတူကွဲပြားသော စံချိန်စံညွှန်းနှင့် နည်းလမ်းများစွာ ရှိပါသည်။ ဥပမာအားဖြင့် အကြမ်းဖက်သမားများအနေဖြင့် အသေအပျောက် အကြီးအကျယ်မြင့်မားအောင် လုပ်နိုင်ပါက အောင်မြင်သည်ဟု သတ်မှတ်မည်လော (သို့မဟုတ်) အစိုးရများအနေဖြင့် အကြမ်းဖက်သမားများနှင့် ဆွေးနွေးညှိနှိုင်းရသည် အထိ အကြမ်းဖက်များအင်အားကြီးလာပါက အောင်မြင်သည်ဟုဆိုမည်လော (သို့မဟုတ်) အကြမ်းဖက် သမားများအနေဖြင့် အဖမ်းခံရခြင်း၊ အသတ်ခံရခြင်းမရှိပဲ ၎င်းတို့၏အကြမ်းဖက်အဖွဲ့များ သည် ဆယ်စုနှစ်ပေါင်း များစွာဆက်လက်ရှင်သန်နေပါက အောင်မြင်သည်ဟု ဆိုမည်လော စသည်ဖြင့် ဖြစ်သည်။
အကြမ်းဖက်ဝါဒကိုလေ့လာသည့် ပညာရှင်အများစုလုပ်ကြသည်မှာ သက်ဆိုင်ရာ အကြမ်းဖက်အဖွဲ့များက ကြေညာထားသည့် နိုင်ငံရေးရည်မှန်းချက်ကို ကြည့်ပြီး ထိုအဖွဲ့များ အနေဖြင့် ၎င်းတို့၏ ရည်မှန်းချက် ထမြောက်ခြင်း ရှိ/မရှိကို ကြည့်ပြီး အောင်မြင်မှု ရှိ/မရှိ ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ထိုသို့ဆုံးဖြတ်ခြင်းမှာ ကျဉ်းမြောင်းလွန်းသည်ဟုယူဆပြီး အကြမ်းဖက် အဖွဲ့များကပေးနိုင်သောကြောက်ရွံ့မှုနှင့် မီဒီယာများပေါ်တွင် ဖော်ပြခံရမှုကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်ဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များသည် အကြမ်းဖက် အဖွဲ့များ၏ အန္တိမရည်မှန်းချက်မဟုတ်သော်လည်း အရေးကြီးသည့် ကြားရည်မှန်းချက်များ (intermediate goals) ဖြစ်သောကြောင့် ဖြစ်သည်။ အများပြည်သူ၏ အရေးစိုက်မှုမရဘဲ၊ အကြောက်တရားကို အဆင့်တစ်ခုအထိမဖြစ်စေပဲ အကြမ်းဖက်သမားများ၏ နိုင်ငံရေး ရည်မှန်းချက်မရနိုင်သောကြောင့် ဖြစ်သည်။
အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေးရည်မှန်းချက် အောင်မြင်ခြင်းရှိ/မရှိကို ပထမဆုံး လေ့လာပါမည်။ ပညာရှင်အများစုသည် အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရှိ/မရှိ လေ့လာ ဆန်းစစ်ရာတွင် အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေး ရည်မှန်းချက်များကို အဓိကထားကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ထိုသို့လေ့လာရာတွင် အကြမ်းဖက်ဝါဒသည် ရည်မှန်းချက်ကို ရောက်ရှိ စေနိုင်သည့် လက်သုံးကရိယာအဖြစ် ရှုမြင်ပါသည်။ အကြမ်းဖက်သမားများသည် အရှုံးအမြတ် တွက်တတ်သော ဆင်ခြင်တုံတရားရှိသူများဖြစ်၍ ၎င်းတို့အနေဖြင့် အနည်းဆုံးအားဖြင့် ၎င်းတို့ ၏ နိုင်ငံရေးရည်မှန်းချက်အချို့အောင်မြင်ရန် အခွင့်အလမ်းအနည်းငယ်မျှပင်ဖြစ်စေရှိနေ သည်ဟု ထင်မြင်သောကြောင့်သာ အကြမ်းဖက်ဝါဒကို ကျင့်သုံးခြင်းဖြစ်သည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော အကြမ်းဖက်အဖွဲ့ ၂၈ ဖွဲ့ကို မက်စ် အဘရာဟမ်(Max Abrahms)က လေ့လာခဲ့ရာတွင် သုံးသပ် ချက် ၂ ခု ထွက်လာခဲ့သည်။ ပထမအချက်မှာ ထိုအဖွဲ့များအနေဖြင့် ၎င်းတို့၏ ပေါ်လစီ ရည်မှန်းချက်များအနက် ၇% သာလျှင် အောင်မြင်ထမြောက်ခဲ့ပြီး ဒုတိယအချက်မှာ ၎င်းတို့၏ အောင်မြင်မှုသည် နည်းဗျူဟာရွေးချယ်မှု၊ အထူးသဖြင့် ပစ်မှတ်ရွေးချယ်မှုအပေါ် များစွာ မူတည်နေခြင်းဖြစ်သည်။ စစ်ဘက်ပစ်မှတ်များထက် အရပ်ဖက်ပစ်မှတ်များကို တိုက်ခိုက်မှု ပိုများသည့် အဖွဲ့များသည် ၎င်းတို့၏ ပေါ်လစီရည်မှန်းချက် အောင်မြင်လေ့မရှိကြောင်း တွေ့ရ သည်။ ထိုလေ့လာမှု၏ တွေ့ရှိချက်များအရ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့၏ ပေါ်လစီ ရည်မှန်းချက်များ အောင်မြင်မှုရရှိလေ့မရှိပဲ ထိုသို့ အောင်မြင်မှုနှုန်း နည်းရခြင်းမှာလည်း အကြမ်းဖက်ဝါဒ၏ နည်းဗျူဟာကိုယ်တိုင်ကြောင့်ဖြစ်သည်။ အရပ်သားများကို တိုက်ခိုက်ခြင်း သည် အကြမ်းဖက်အဖွဲ့များ အရေးနိမ့်မှု၏ အဓိကအကြောင်းဖြစ်သည်။
အခြားသော အကြမ်းဖက်ဝါဒလေ့လာသူများကလည်း အကြမ်းဖက်ဝါဒသည် အောင်မြင်မှုမရှိဟု သုံးသပ်ခဲ့ကြသည်။ အကြမ်းဖက်ဝါဒသည် အောင်မြင်မှုမရှိလျှင်၊ အကြမ်းဖက်ဝါဒသည် နိုင်ငံရေးရည်မှန်းချက်ရရှိနိုင်ခြင်းမရှိလျှင် အဘယ်ကြောင့် အကြမ်းဖက်သမားများ ဆက်လက် အကြမ်းဖက်နေကြသနည်းဟု မေးခွန်းထုတ်စရာရှိလာပါသည်။ အချို့သော အကြမ်းဖက်သမားများသည် ၎င်းတို့၏ရန်သူကို ခြိမ်းခြောက်ခြင်းဖြင့် အဆုံးသတ်တွင် ၎င်းတို့လိုလားချက်များ ပြည့်ဝပြီး အကြမ်းဖက်ဝါဒသည် ၎င်းတို့အတွက် အမြဲအလုပ်ဖြစ်ပုံရသည်ဟု ယုံကြည်ကြပုံ ရှိသည်ဟု ပေါလ် ဝီကန်ဆန် (Paul Wilkison) က ဆိုသည်။ သို့သော်လည်း တကယ်တမ်းတွင် အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာရည်မှန်းချက်များ ရရှိခဲ့သည်မှာ အလွန် ရှားပါးပြီး ကိုလိုနီလွတ်မြောက်ရေးလှုပ်ရှားမှုအတွင်း ဗြိတိသျှနှင့်ပြင်သစ်တို့ကို တွန်းလှန်ခဲ့စဉ် ကာလအတွင်း အချို့အကြမ်းဖက်အဖွဲ့များသာ အောင်မြင်မှုရရှိခဲ့သည်ဟုဆိုကာ အယ်လ်ဂျီး ယားမှ FLN (Front dela Liberation Nationale) အဖွဲ့ကို အောင်မြင်သည့် အကြမ်းဖက်အဖွဲ့ အဖြစ် သူကဥပမာပေးသည်။ သို့သော်လည်း FLN ၏ အယ်ဂျီးယားလွတ်မြောက်ရေးလှုပ်ရှားမှု ကို အကြမ်းဖက်မှုအဖြစ် တံဆိပ်ကပ်သည်ကို လက်မခံသူများ အများအပြား ရှိနိုင်သည်။ နယ်ချဲ့လွတ်မြောက်ရေး လှုပ်ရှားမှုနောက်ပိုင်းတွင်မူ နိုင်ငံတစ်ခုကို ထိန်းချုပ်သိမ်းပိုက် နိုင်သည့်အဆင့်နှင့် တိုင်းတာလျှင် အောင်မြင်မှုရရှိခဲ့သော အကြမ်းဖက်လှုပ်ရှားမှုဟူ၍ တစ်ခုမှ မရှိပါ။ အစ္စလာမ်မစ်နိုင်ငံတော်(IS)အဖွဲ့သည် အီရတ်နှင့် ဆီးရီးယားရှိ နယ်မြေအချို့ကို ယာယီ သိမ်းပိုက်နိုင်ခဲ့သော်လည်း အကြမ်းဖက်အဖွဲ့တစ်ခုအနေဖြင့် နိုင်ငံတစ်ခုကိုသိမ်းပိုက်နိုင်ခြင်း၊ အာဏာရယူနိုင်ခဲ့ခြင်းမျိုး မရှိပါ။ အကြမ်းဖက်ဝါဒကို လက်နက်တစ်ခုအဖြစ် အသုံးပြုသော သူပုန်များအနေဖြင့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ဒေသခံလူထု၏ ထောက်ခံမှုမရဟု ဝီကန်ဆန်က ဆိုသည်။
အကြမ်းဖက်ဝါဒအောင်မြင်မှု ရှိ/မရှိ လေ့လာခဲ့သော အရေးကြီးသည့် စာရေးသူ တစ်ဦး မှာ ဘရိုင်ယန် ဂျန်ကင် (Brian Jenkins) ဖြစ်သည်။ ၂၀၀၆ ခုနှစ်က ရေးခဲ့သော ဆောင်းပါး တစ်ပိုဒ်တွင် သူက အကြမ်းသမားများ ပရော်ဖက်ရှယ်ဆန်လာမှု ပိုမိုတိုးတက်လာခြင်းနှင့် အကြမ်းဖက်မှုများကြောင့် သေဆုံးသူတိုးတက်လာခြင်းတို့ကို စိတ်ပူကြောင်း ဖော်ပြခဲ့သော် လည်း အကြမ်းဖက်ဝါဒ အောင်မြင်မှုအပေါ်တွင် ၎င်းက သံသယရှိသည်။ အကြမ်းဖက်သမား များသည် အကြမ်းဖက်မှုများ ပြန့်ပွားအောင်လုပ်ဆောင်နိုင်ခဲ့ပြီး ၎င်းတို့၏လုပ်ငန်းများ အတွက် ဘဏ္ဍာငွေကြေး ထောက်ပံ့မှုနည်းသစ်များ တီထွင်ခဲ့ကာ ဆက်သွယ်ရေး မဟာဗျူဟာသစ်များ ဖော်ထုတ်ခဲ့ကြသလို ဖွဲ့စည်းပုံ မော်ဒယ်သစ်များ ဖန်တီးခဲ့ကြကြောင်း၊ သို့ရာတွင် အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များ မအောင်မြင် ခဲ့ကြောင်း ရေးသားခဲ့ပြီး ၎င်းသည်ပင် အကြမ်းဖက်ဝါဒ၏ ဝိရောဒိဟု ဆိုသည်။ အကြမ်းဖက် သမားများသည် ရံဖန်ရံခါတွင် နည်းဗျူဟာအောင်မြင်မှုရရှိပြီး လူအများ၏ အာရုံစိုက်မှုရရှိကာ သတိပေးမှုဖြစ်စေပြီး လူသစ်များကို ဆွဲဆောင်နိုင်သည်။ သို့ရာတွင် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များနှင့် တိုင်းတာလျှင်မူ အကြမ်းဖက်သမားများ၏ အရေးတော်ပုံမှာ အောင်မြင်မှုမရှိပါ။ ထိုအမြင်အရ အကြမ်းဖက်ဝါဒမှာ အောင်မြင်မှုမရှိဟု ဆိုနိုင်သော်လည်း အကြမ်းဖက်လုပ်ရပ်များမှာ ဆက်လက်ဖြစ်ပွားနေသည်ဟု ဂျန်ကင်က ဆိုသည်။
ထိုအချက်များနှင့်တိုင်းတာပါက အယ်ဂိုဒ်ဒါအဖွဲ့သည် အောင်မြင်မှုရရှိသည်ဟု ဆိုနိုင်မည်လော။ သို့တည်း မဟုတ် ၎င်းတို့ကြေညာထားသည့် ရည်မှန်းချက်များ အနာဂတ်တွင် ပြည့်ဝဖွယ်ရှိသလော။ ထိုနေရာတွင် ပြဿနာမှာ အယ်ဂိုဒ်ဒါကို အဓိပ္ပာယ်ဖွင့်ရန် အခက်အခဲ ဖြစ်သည်။ အယ်ဂိုဒ်ဒါဆိုသည်မှာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့တွင်ရှိသော အမာခံ အယ်ဂိုဒ်ဒါအဖွဲ့ကို ဆိုလိုသည်လော၊ သို့တည်းမဟုတ် အယ်ဂိုဒ်ဒါနှင့် အီရတ်နှင့် အာရေဗျ ကျွန်းဆွယ်ရှိ ၎င်း၏ အနီးကပ်ပေါင်းစည်းထားသည့် ဆက်စပ်အဖွဲ့များပါ ပါဝင်သည်လော၊ သို့တည်းမဟုတ် အယ်ဂိုဒ်ဒါအဖွဲ့ နှင့် အိုင်ဒီယိုလိုဂျီအရ တစ်နည်းနည်းဖြင့်ဆက်စပ်နေသော အဖွဲ့များပါ ပါဝင်သည့် အယ်ဂိုဒ်ဒါကွန်ယက်ကို ဆိုလိုသည်လော စသည်ဖြင့် ဖြစ်သည်။ အယ်ဂိုဒ်ဒါအဖွဲ့၏ ရည်မှန်းချက်မှာ လက်ရှိ အစ္စလာမ်မစ်အစိုးရများကို ဖြုတ်ချပြီး အစ္စလာမ် မစ် ကာလီဖိတ်နိုင်ငံထူထောင်ရန်၊ မူဆလင်နိုင်ငံများမှ နိုင်ငံခြားသားအားလုံးကို မောင်းထုတ် ရန်နှင့် ဂျူး၊ အမေရိကန်နှင့် အခြားသော မယုံကြည်သူများကို သတ်ဖြတ်ရန်ဖြစ်သည်။ ထိုရည်မှန်းချက်များ အောင်မြင်မှု ရှိ/မရှိနှင့် တိုင်းတာပါက အယ်ဂိုဒ်ဒါအဖွဲ့သည် အကြီး အကျယ် အရေးနိမ့်ခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း အယ်ဂိုဒ်ဒါအဖွဲ့သည် အမေရိကန် နှင့် ၎င်း၏မဟာမိတ်များကို အာဖဂန်နစ္စတန်တွင် အကုန်အကျများလှသော စစ်ပွဲတစ်ခုအတွင်း ဆွဲသွင်းခြင်းနှင့် အခြားကမ္ဘာ့ဒေသများတွင် စစ်ဆင်ရေးများ ဆင်နွှဲစေရန် စီမံ ဆောင်ရွက်နိုင်ခဲ့သည်။ နိုင်ငံအများအပြားမှ တာဝန်ရှိသူများအနေဖြင့် အယ်ဂိုဒ်ဒါနှင့် ဆက်စပ် အဖွဲ့များ၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် လုပ်ဆောင်နေရဆဲဖြစ်ပြီး အယ်ဂိုဒ်ဒါအဖွဲ့အနေဖြင့် ၎င်း၏ခေါင်းဆောင်များစွာ အဖမ်းခံရ၊ အသတ်ခံရသော်လည်း သတင်းထိပ်စည်းများ လုပ်နိုင် နေဆဲဖြစ်သည်။
ထိုနေရာတွင် အကြမ်းဖက်အဖွဲ့များ၏ အောင်မြင်မှုကို အယ်ဂိုဒ်ဒါအဖွဲ့ကဲ့သို့ ၎င်းတို့ ထုတ်ပြန်ကြေညာထားသည့် နိုင်ငံရေးရည်မှန်းချက်အောင်မြင်ခြင်း ရှိ/မရှိတစ်ခုတည်းကိုသာ ကြည့်၍ ဆုံးဖြတ်၍ ရပါမည်လော၊ အကြောက်တရား မြင့်မားစေမှု၊ သို့တည်းမဟုတ် အကြမ်းဖက်ဝါဒကို တန်ပြန်ရန် အကြီးအကျယ်ရင်းနှီးမြှပ်နှံနေရမှု၊ သို့မဟုတ် အကြမ်းဖက်ဝါဒ ၏ ခြိမ်းခြောက်မှုသည် နိုင်ငံရေးလုပ်ငန်းအစီအစဉ်တွင် ဦးစားပေးမြင့်နေဆဲ ဖြစ်သည်တို့ကို ထည့်သွင်းစဉ်းစားခြင်းမပြုတော့ပြီလော၊ ထိုအချက်များသည် အကြမ်းဖက်ဝါဒ၏ အောင်မြင်မှု သင်္ကေတများ မဟုတ်ပါသလောဟု မေးခွန်းထုတ်စရာရှိသည်။ အကယ်၍သာ ထိုအချက်များဖြင့် အကြမ်းဖက်ဝါဒ၏အောင်မြင်မှုကို တိုင်းတာပါက မကြာသေးမီနှစ်များအတွင်း အကြမ်းဖက် ဝါဒနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် မည်မျှအောင်မြင်မှု ရခဲ့ပါသနည်း။
အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုကို ထိပ်စည်းသတင်းဖြစ်မှုနှင့် တိုင်းတာလျှင် အကြမ်းဖက်သမားများအနေဖြင့် ထိပ်စည်းသတင်းများလုပ်ရာတွင် အလွန်တော်သည် ၊ သို့တည်းမဟုတ် အကြမ်းဖက်သမားများနှင့် မီဒီယာသည် အကြမ်းဖက်ဝါဒနှင့်ပတ်သက်သည့် ထိပ်စည်းသတင်း များ ဖန်တီးရာတွင် အလွန်တော်သည်ဟု ဆိုနိုင်သည်။ တကယ်တမ်းတွင် ထိပ်စည်းသတင်း များကိုရေးသူမှာ အကြမ်းဖက်သမားများမဟုတ်ပဲ ဂျာနယ်လစ်များဖြစ်ပြီး ထိုသို့ ရေးကြသည် မှာလည်း တောင်းဆိုမှုရှိသောကြောင့်ဖြစ်သည်။ အကြမ်းဖက်မှုနှင့် ဆက်စပ်သောသတင်းများ သည် ကမ္ဘာ့နေရာ အများအပြားမှ မီဒီယာတွင် နေ့စဉ်လိုလိုပင် ထိပ်စည်းသတင်းအဖြစ် ပါနေ သည်။ ၁၉၈၇ ခုနှစ်တွင်ပြုလုပ်ခဲ့သော အိုင်ယန်ဂါ နှင့် ခိုင်ဒါ (Iyengar and Kinder) တို့၏ လေ့လာချက်အရ ၁၉၈၁ ခုနှစ်မှ ၁၉၈၆ ခုနှစ် အတွင်း အမေရိကန်ပြည်ထောင်စုမှ ရုပ်သံဌာန များဖြစ်သော ABC ၊ CBS နှင့် NBC တို့သည် အကြမ်းဝါဒအကြောင်းကို ဆင်းရဲမှု၊ အလုပ် လက်မဲ့၊ လူမျိုးရေးမညီမျှမှုနှင့် ရာဇဝတ်မှုများထက် ပိုမို ဖော်ပြခဲ့သည်ဟု ဆိုသည်။ ထို့ကြောင့် ၉/၁၁ ဖြစ်ရပ်မတိုင်မီကတည်းကပင် အကြမ်းဖက်ဝါဒ အကြောင်းသည် သတင်းခေါင်းကြီး ဖြစ်နေပြီ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကို ၂၀၀၁ ခုနှစ်တွင် မမျှော်လင့်ပဲ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင်မူ မီဒီယာများတွင် အကြမ်းဖက်ဝါဒအကြောင်းဖော်ပြသည် မှာလည်း မျှော်လင့်မထားလောက်အောင် များပြားလာသည်။ လူသုံးဦးသာ သေဆုံးခဲ့သော ဘော့စတွန်မာရသွန်ကို ဗုံးခွဲတိုက်ခိုက်မှုသည် အီရတ်၊ အာဖဂန်စသော ဒေသများတွင် လူများစွာ သေဆုံးသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် နှိုင်းစာလျှင် အသေးစားတိုက်ခိုက်မှု သာ ဖြစ်သော်လည်း ကမ္ဘာတစ်လွှား သတင်းခေါင်းကြီး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကံမကောင်း အကြောင်းမလှစွာပင် အကြမ်းဖက်သမားများသည် ထိပ်တန်းသတင်းများဖြစ်လာရန် အလွယ် တကူပြုလုပ်နိုင်ကြောင်းတွေ့ရသည်။
အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုကို အကြောက်တရား ဖြန့်ဖြူးနိုင်မှုနှင့် တိုင်းတာရန် မကြာသေးမီနှစ်များ အတွင်းက ပြုလုပ်ခဲ့သော လူထုထင်မြင်ချက်စစ်တမ်းများကို လေ့လာ ကြည့်ပါမည်။ အမေရိကန်များကို ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များအား အကြမ်းဖက် တိုက်ခိုက်မှုသားကောင်ဖြစ်မည်ကို စိတ်ပူခြင်းရှိ/မရှိ နှစ်စဉ်ကောက်ယူခဲ့သော Gallop စစ်တမ်း အရ ၁၉၉၆ ခုနှစ်တွင် စိတ်ပူသူ ၃၉% ရှိရာမှ ၂၀၀၀ ပြည့်နှစ် ဧပြီတွင် ၂၅% အထိ ကျဆင်း သွားခဲ့သည်။ ၉/၁၁ အကြမ်းဖက်မှုဖြစ်ပွားပြီး ပထမပတ်အတွင်းတွင် ၅၉% အထိ မြင့်တက် ခဲ့သော်လည်း ၎င်းနောက်ပိုင်းတွင် ၂၈ နှင့် ၄၈% အကြား ပြောင်းလဲနေခဲ့သည်။ ဘော့စတွန် မာရသွန်ဗုံးခွဲမှုအပြီး ၂၀၁၃ အစောပိုင်း တွင် ၄၀% ဖြစ်လာခဲ့ပြီး ၁၉၉၆ ခုနှစ်ကနှင့် အတူတူ နီးပါးဖြစ်သည်။ ဥရောပသမဂ္ဂအတွင်း Eurobarometer ၏ လူထုထင်မြင်ချက် စစ်တမ်းအရ ပြီးခဲ့သည့် ဆယ်စုနှစ်တွင်းအကြမ်းဖက်မှုအပေါ် စိုးရိမ်မှုမှာ အတက်အကျရှိပြီး အမေရိကန် ထက်များစွာ နိမ့်ပါသည်။ သို့သော်လည်း ယနေ့တွင်ပင်အနောက်နိုင်ငံများစွာတွင် အကြမ်း ဖက်မှုသည် ၎င်းတို့လူထု၏ ထိပ်တန်းစိတ်ပူစရာဆယ်ခုတွင် ပါဝင်နေဆဲဖြစ်သည်။
အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုကိုတိုင်းတာရန်မှာ အောင်မြင်မှုအပေါ် အဓိပ္ပာယ်ဖွင့်ဆို ချက်အပေါ် များစွာ မူတည်ပါသည်။ အလွန်နည်းပါးလှသော အကြမ်းဖက်အဖွဲ့အစည်းများ သည်သာ ၎င်းတို့ကြေညာထားသော နိုင်ငံရေးရည်မှန်းချက်များ ရရှိခဲ့သော်လည်း ၎င်းတို့သည် မီဒီယာ၏ စိတ်ဝင်စားမှုများစွာ ရရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။ သို့ရာတွင် ၎င်းတို့အပေါ် ကြောက်ရွံ့မှုအဆင့်မှာ ၎င်းတို့၏လုပ်ဆောင်မှုအပေါ်မူတည်ပြီး တစ်သက်လုံး ကြောက်နေကြ သည် မဟုတ်ပါ။ နှစ်အနှစ်ငယ်ကြာပြီးနောက်တွင် အကြမ်းဖက်အဖွဲ့များမှာ တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။ ထို့ကြောင့် အကြမ်းဖက်အဖွဲ့များသည် လူအများ၏ အလေးထား မှုကိုရရှိသော်လည်း များစွာအောင်မြင်သည်ဟု မဆိုနိုင်ပါ။
Reference; GeorgetownX: Terrorism and Counterterrorism, www.edx.org
Reference; Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org
အပိုင်း(၄)ဖတ်ရှုရန်- https://sacministry.gov.mm/my/article/4217