မြင်အောင်ကြည့်၊ သိအောင်ဆင်ခြင်၊ နိုင်ငံရေး ရေလိုက်မလွဲစေချင် (၂)
Posted_Date
Image

Body
မြန်မာ့နိုင်ငံရေးသမိုင်းကိုကြည့်လျှင် နိုင်ငံရေးအချိုးအကွေ့များရှိခဲ့သည်။ ထိုနိုင်ငံရေးအချိုး အကွေ့များတွင် နိုင်ငံရေးပါတီများ၏ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များသည် နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့သည့် အကြောင်းအချက်များကို သေချာစွာဆန်းစစ်ခြင်းမရှိခဲ့ကြပေ။ ဆန်းစစ်ခြင်းလည်း ရှိဟန် မတူ။ မိမိတို့၏ တစ်ဖက်စောင်းနင်းအယူအဆ၊ အတွေးအခေါ်များကိုသာ နှလုံးသွင်းကာ တိုင်းပြည်၏ မျက်နှာကိုမထောက်၊ မိမိတို့၏ကိုယ်ကျိုး အတ္တများကိုသာ မျက်မှောက်ပြုထားပြီး နိုင်ငံရေး ရေလိုက်လွဲ လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့်လည်း နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများအနေဖြင့် စစ်ပွဲ သံသရာတွင် လည်ရင်း ဆင်းရဲဒုက္ခရောက်ခဲ့ကြရသည်။
နိုင်ငံရေးရေလိုက်လွဲခဲ့သူများ
ဂဠုန်ဦးစော
နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဂဠုန် ဦးစောသည် အာဏာလောဘဇောကြောင့် နိုင်ငံရေး ရေလိုက် လွဲခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမရှိတော့လျှင် ၎င်းသည်သာ နန်းရင်းဝန်ဖြစ်လာမည်၊ ဝန်ကြီးချုပ် ဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်ခဲ့သည်။ ထိုသို့ ယုံကြည်အောင်လည်း ဗြိတိသျှတို့က အထောက်အကူပြု ပေးထားသည်။ လုပ်ကြံမှု မတိုင်မီ လက်နက်အမြောက်အမြားထုတ်ပေးခဲ့ခြင်းဖြင့် လုပ်ကြံမှု အထမြောက် အောင် ကူညီဆောင်ရွက်ပေးခဲ့သည်။ လက်နက်များထုတ်ပေးခဲ့ခြင်းမှာ ဗြိတိသျှစစ်အရာရှိ အချို့၏ ဆောင်ရွက်ချက်သာဖြစ်သည်ဟုဆိုခြင်းမှာ ထမင်းရေပူ လာလျှာလွှဲ ပြောဆိုခြင်းသာဖြစ်သည်။
ဂဠုန်ဦးစော၏ ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းအပါများအား လုပ်ကြံမှုတွင် နိုင်ငံရေးသင်ခန်းစာ ရယူ စရာများရှိသည်။ ဂဠုန်ဦးစောသည် တိုင်းတစ်ပါးသား ဗြိတိသျှတို့၏ သပ်လျှိုမွေးစားခြင်းကို ခံလိုက်ရသူ ဖြစ်သည်။ လုပ်ကြံမှုအောင်မြင်ခဲ့သော်လည်း တကယ့်အမှုအခင်း ဖြစ်ရပ်တွင် ၎င်း၏ ဆရာသခင် မွေးစား ဖခင် ဗြိတိသျှတို့သည် ၎င်းကို မျက်နှာလွှဲခဲ့ကြသည်။ ဦးစောသည် သူမှန်းထားသည့် အတိုင်းဖြစ်မလာခဲ့ရှာဘဲ သေဒဏ်ကျခံသွားရသည်။ နိုင်ငံအတွက်လည်း ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော နိုင်ငံ့ခေါင်းဆောင် ကောင်းများကိုဆုံးရှုံးလိုက်ရသည်။ ပေးဆပ်ရမှုကြီးမားပါ၏။
ဗမာပြည်ကွန်မြူနစ်ပါတီနှင့်တောခိုသောင်းကျန်းသူများ
နောက်ထပ်နိုင်ငံရေး ရေလိုက်လွဲခဲ့သူများမှာ ဗမာပြည်ကွန်မြူနစ်ပါတီ(အလံဖြူ)နှင့် ကွန်မြူနစ်ပါတီ (ဗမာပြည်) (အလံနီ)ပါတီခေါင်းဆောင်များ ဖြစ်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် ရယူ ခဲ့သော မြန်မာနိုင်ငံလွတ်လပ်ရေးကို ရွှေရည်စိမ်လွတ်လပ်ရေး၊ အတုအယောင်လွတ်လပ်ရေးဟု ဆိုကာ အသိအမှတ်မပြုနိုင်ခဲ့ကြ။ နု-အက်တလီ စာချုပ်အရ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် လုံးဝ လွတ်လပ်ရေးကိုရရှိသည် မှန်သော်လည်း အင်္ဂလိပ်တို့က မြန်မာနိုင်ငံအတွက်ကုန်ကျခဲ့ရသည့် အကြွေးငွေ (၁၄၇)ကုဋေကို အရစ်ကျပြန်ဆပ်ရမည်ဟုဆိုသည်။ အင်္ဂလိပ် ကြည်း၊ ရေ၊ လေ မစ်ရှင်ကိုလည်း မြန်မာ နိုင်ငံတွင် ဆက်လက်ထားရှိရမည် ဟုဆိုသည်။ ထို့ကြောင့်ကွန်မြူနစ်တို့က မြန်မာနိုင်ငံသည် စစ်ရေး၊ စီးပွားရေးကဏ္ဍတို့တွင် မလွတ်လပ်ဟု လက်ညှိုးထိုးဝေဖန်ခဲ့ကြသည်။
ဗမာပြည်ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံအား ကိုလိုနီတစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်းနိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။ သို့ဖြင့် ကွန်မြူနစ်ပါတီသည် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုကိုင်စွဲပြီး လွတ်လပ်ရေးရပြီး ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော ဖဆပလ အစိုးရကိုဆန့်ကျင်တိုက်ခိုက်ခြင်းဖြင့် နိုင်ငံသားအ ချင်းချင်းသတ်ဖြတ်သည့်စစ်ပွဲကို ဆင်နွှဲခဲ့ကြသည်။ မြန်မာနိုင်ငံသည် စစ်ပွဲအတွင်း နစ်မွန်းကာတိုင်းပြည် တိုးတက်ရေးကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့။ ဗမာပြည် ကွန်မြူနစ်ပါတီသည် အိန္ဒိယ ကွန်မြူနစ်ပါတီ၏ အတွေးအခေါ်များ လွှမ်းမိုးခြင်းကိုလည်း ခံခဲ့ရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီသည် ရရှိခဲ့သော မြန်မာ့ လွတ်လပ်ရေး၏ပကတိအမြင်ကို ဆင်ခြင်သိရှိခြင်း မရှိခဲ့ဘဲ ပုဂ္ဂိုလ်ရေး အာဃာတများ၊ မိမိပါတီနှင့်မိမိတို့ အာဏာရရှိရေးကိုသာဆောင်ရွက်ခဲ့ကြပြီး နိုင်ငံရေး ရေလိုက်လွဲခဲ့ရာမှ တိုင်းပြည်မှာ မီးဟုန်းဟုန်း တောက်လောင်ခဲ့ရသည်။ ပြည်သူများ ဆင်းရဲတွင်း ရောက်ခဲ့ရသည်။ ပြည်သူများ၏ ပေးဆပ်ခဲ့ရမှုမှာ ရင်နင့်စရာလည်းဖြစ်သည်။
NLDပါတီ
(၁၉၈၈)ခုနှစ်တွင် လွတ်လပ်ရေးရပြီး မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရေးကြီးသောဖြစ်စဉ်ကြီးတစ်ခုဖြစ်ခဲ့ သည်။ တစ်ပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ခြေ လှမ်းနိုင်ခဲ့သော ကာလတစ်ခုလည်းဖြစ်သည်။ ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရသည် နိုင်ငံတော်အာဏာကို (၁၉၇၄)ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ရွေးကောက်ပွဲမှတစ်ဆင့်လွှဲပြောင်းပေးရန် ကမ်းလှမ်းခဲ့သည်။ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးမောင်မောင်က နိုင်ငံတော်အာဏာ လွှဲပြောင်းရေးကို ဖွဲ့စည်းပုံ အခြေခံ အတိုင်းသာဖြစ်စေချင်သည်။ သမိုင်းတွင် အမည်းစက်အထင်မခံစေချင်။ ထို့ကြောင့် လွှတ်တော်ခေါ်ယူပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် ဆုံးဖြတ်ပေးခဲ့သည်။ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို ဖွဲ့စည်း ပေးခဲ့သည်။ သို့ရာတွင် NLD ပါတီ၏အမြုတေဖြစ်သည့် နိုင်ငံရေးအင်အားစုက ရွေးကောက်ပွဲဖြင့် နိုင်ငံတော်အာဏာလွှဲပြောင်းပေးခြင်းကိုလက်မခံခဲ့။ ကြားဖြတ်အစိုးရဖွဲ့စည်းပေးရန်သာ တောင်းဆို ခဲ့သည်။ နိုင်ငံတော်အစိုးရနှင့်ထိပ်တိုက်ရင်ဆိုင်တိုးခဲ့သည်။ မိမိတို့နှင့်အတူ ပြည်သူများရှိသည်ဟု ဘဝင် သွေးနားထင်ရောက်နေခဲ့ကြသည်။ ရရှိခဲ့သောအခွင့်အရေးကို ရယူနိုင်ခြင်းမရှိခဲ့ကြ။
သို့ဖြင့်ဆူပူအုံကြွမှုများပြင်းထန်လာကာ ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး တပ်မတော်က နိုင်ငံတော် အာဏာ ကိုလွှဲပြောင်းရယူခဲ့ရသည်။ နိုင်ငံရေးရေလိုက်လွဲခဲ့ခြင်းဖြစ်ပါ၏။ (၁၉၉၀)ပြည့်နှစ်တွင် ထိုစဉ်ကအာဏာ သိမ်းအစိုးရက ပြည်လုံးကျွတ်ရွေးကောက်တင်မြှောက်ပွဲကိုလုပ်ပေးခဲ့သည်။ NLD ပါတီသည် တောင်ပြို ကမ်းပြိုအနိုင်ရခဲ့သည်။ အစိုးရဖွဲ့စည်းရေး ဖွဲ့စည်းပုံအခြေခံဥပဒေမရှိသေး။ ထို့ကြောင့် အနိုင်ရပါတီနှင့် ပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် တပ်မတော်ကစီစဉ်ဆောင်ရွက်ခဲ့သည်။ အနိုင်ရပါတီက လက်ခံခြင်းမရှိခဲ့ဘဲ အစိုးရဖွဲ့စည်းရန်ကြိုးပမ်းခဲ့သည်။ ဦးစိန်ဝင်း ဦးဆောင်သော ပြည်ပြေး အစိုးရအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံခြားထွက်သွားကြသည်။ ကျန်ရစ်သူပါတီဝင်များကလည်း နိုင်ငံတော် မှဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး အမျိုးသားညီလာခံမှထွက်သွားခဲ့ခြင်းဖြင့် နိုင်ငံရေး ဇာတ်မျောကြီး ဖြစ်ခဲ့ရပြီး စစ်အုပ်ချုပ်ရေး ကာလကသာ သက်ဆိုးရှည်ခဲ့သည်။ မိမိတို့ပါတီ၏သဘောထား အမြင်များ ပါဝင်ခြင်းမရှိနိုင်ခဲ့။ သို့ရာတွင် NLD ပါတီသည် တပ်မတော်အစိုးရအဖွဲ့မှရေးဆွဲခဲ့သော (၂၀ဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပသောရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးထားချက်အတိုင်း နိုင်ငံရေးအာဏာကို ရယူနိုင်ခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်သည်။ NLD ပါတီ သည် အတွေးမှား၍ အမြင်မှားခဲ့ကာ နိုင်ငံရေးရေ လိုက်လွဲခဲ့သည်ကို တွေ့မြင် ရသည်။
(၂၀၂၁)ခုနှစ်တွင်လည်း ရွေးကောက်ပွဲ မသမာမှုများကိုနိုင်ငံရေးပါတီများနှင့် တပ်မတော်က အဆင့်ဆင့် တင်ပြ တောင်းဆိုခဲ့သော်လည်း ပြုလုပ်ပေးခြင်းမရှိခဲ့။ ငါတို့သာအနိုင်ရသည်ဟူသော အမြင်(မာန)ဖြင့် လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့စည်းရန်ကြိုးစားခဲ့သဖြင့် တပ်မတော်က (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားချက်အတိုင်း နိုင်ငံတော်အာဏာကိုရယူထိန်းသိမ်းခဲ့သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဖျက်သိမ်းခြင်းမပြုခဲ့ပေ။
CRPH နှင့် NUG
(၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်တွင် တပ်မတော်မှနိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ (၆)လသာ တာဝန်ယူမည်။ အများဆုံး (၂)နှစ်သာ တာဝန်ယူ ခွင့်ရှိသည်။ ဤကာလအတွင်း မဲစာရင်းများကိုစစ်ဆေးမည်။ ပြီးလျှင် ရွေးကောက်ပွဲကို ပြန်လည် ကျင်းပကာ အနိုင်ရသောပါတီအား နိုင်ငံ့တာဝန်ကို လွှဲပြောင်းပေးမည် ဟုကြေညာခဲ့သည်။ သို့သော် (၂၀၂၀) ရွေးကောက် ပွဲတွင်အနိုင်ရခဲ့သည်ဆိုသော NLD လွှတ်တော် ကိုယ်စားလှယ်များက ထိုအချိန်ကိုပင် စောင့်စားနိုင်ခြင်းမရှိခဲ့ကြ။ မိမိတို့ကိုယ်မိမိတို့အမတ်အဖြစ် အတည်ပြုပြီး CRPH ကိုဖွဲ့စည်းကာ NUG စင်ပြိုင် အစိုးရအဖွဲ့ကိုဖွဲ့စည်းပြီး နိုင်ငံတော်အား ပုန်ကန် ခြားနားလျက်ရှိသည်။ NLD အဖွဲ့အနေဖြင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၎င်းတို့သည် (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီဖြစ် ပေါ်လာရသည့်အဖွဲ့အစည်းတစ်ရပ်ဖြစ်ရာ (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ လိုက်နာကျင့်သုံးရန် သာ ရှိသည်။
CRPH နှင့် NUG တို့သည် နိုင်ငံရေး အတ္တမာနလွှမ်းမိုးကာ နိုင်ငံရေး ရေလိုက်လွဲခဲ့သည်။ အကျိုးဆက်ကား နိုင်ငံသားအချင်းချင်း အပြန်အလှန်သတ်ဖြတ်မှုကိုဖြစ်ပေါ်စေပြီး ပြည်သူများအား ဆင်းရဲဒုက္ခ ရောက်စေကာ ဆင်းရဲခြင်းနွံအတွင်းသို့ ဆွဲချသလိုဖြစ်နေခဲ့ရသည်။ NUG အဖွဲ့မှာလည်း နိုင်ငံရေးနွံနစ်သွားခဲ့ကာ နွံအတွင်း မှရုန်းထွက် နိုင်ခြင်း မရှိတော့။ နိုင်ငံရေးရေလိုက်လွဲရင်း နိုင်ငံအား စစ်ပွဲ အန္တရာယ်အတွင်း နစ်သည်ထက် နစ်မွန်းစေခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
မြန်မာနိုင်ငံလွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ခဲ့သည့် ANDO (ကရင်တိုင်းသားလက်နက်ကိုင်)များ၏ သောင်းကျန်းမှုနှင့်အတူ နိုင်ငံတော်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီဆိုသည့် မိမိတို့တိုင်းရင်းသားများ၏ အခွင့်အရေးအတွက် အရေးဆို တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ နိုင်ငံတော် အစိုးရအဆက်ဆက်သည် တိုင်းရင်းသားလက်နက် ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက်လည်း တတ်နိုင်သမျှလုပ်ဆောင်ခဲ့သည်။
တိုင်းရင်းသားပြည်သူများ၏ ခေါင်းဆောင်ဆိုသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို လုပ်ဆောင်ခဲ့သည်။ နောက်ဆုံး (၂၀၁၅) ခုနှစ်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (NCA) ကိုလက်မှတ် ရေးထိုးခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းစကိုစတင်နိုင်ခဲ့သည်။ သို့ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများသည် (၂၀၂၁) ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်၏နိုင်ငံရေး အကျပ်အတည်းတွင် မိမိတို့၏ အခွင့်ကောင်း ဟုယူဆကာ လက်နက်ကိုင်တိုက်ပွဲများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
(NCA)ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့သည်လည်း (NCA)စာချုပ်ကို မျက်ကွယ်ပြု သွားခဲ့သည်။ (NCA) စာချုပ် ဖြစ်ပေါ်လာရေးအတွက် စတင်ဦးဆောင်သည့် အဖွဲ့အစည်းတွင်ပါဝင်ခဲ့သည့် (KIA) ကချင်သောင်းကျန်းသူအဖွဲ့သည် (NCA)စာချုပ်လက်မှတ်ရေးထိုးရာတွင် မပါဝင်ဘဲ ရှောင်ထွက်နေခဲ့ သလို မိမိ၏သိမ်းသွင်းမှုဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သစ်များကိုပါ လေ့ကျင့်မွေးထုတ်ပေးခဲ့သည်။ သို့ဖြင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်ဖြစ်ခဲ့ရသော လက်နက်ကိုင်ပဋိပက္ခမှာ ပိုမို ကျယ်ပြန့်ပြီး သက်ဆိုးရှည်ခဲ့ရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လက်နက်ကိုင် တိုက်ပွဲဝင် လာခြင်းမှာ နိုင်ငံတော်အာဏာကို ရယူရန်မဟုတ်ဘဲ မိမိတို့ တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေး အတွက် တိုက်ပွဲဝင်နေခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အာဏာကိုရယူခဲ့သည့် နိုင်ငံတော်အစိုးရအဆက်ဆက် သည်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်း လုပ်ဆောင်ပေးနိုင်သမျှ လုပ်ဆောင်ပေးခဲ့သည်။
(၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပေးထားချက်များကို ကျေနပ်လက်ခံခြင်းမရှိသည်များကိုလည်း ဖြေလျှော့ပြင်ဆင်ပေးနိုင်ရေး ဆွေးနွေးသဘောတူညီချက်အချို့လည်းရရှိနိုင်သလောက် ရရှိခဲ့ပြီး ဖြစ်စေ ကာမူ (၂၀၂၃) ခုနှစ်တွင် တရုတ်နိုင်ငံမှစတင်ခဲ့သည့် ကျားဖြန့်နှိမ်နင်းရေး ခေါင်းစဉ်အောက်မှ (၁၀၂၇) စစ်ဆင်ရေးအမည်ဖြင့် လက်နက်ကိုင်ပဋိပက္ခကို တိုးချဲ့လုပ်ဆောင်ခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ခိုက်ခဲ့သောတိုက်ပွဲများကြောင့် မိမိတို့ဒေသနေ တိုင်းရင်းသားပြည် သူများသာ အတိဒုက္ခရောက်ခဲ့ကြရသည်။ နေအိမ်စွန့်ခွာရမှု၊ ပညာရေး နိမ့်ကျမှု၊ စီးပွားရေး အခွင့်အလမ်း ဆုံးရှုံးမှု စသည်များဖြင့်သာ ကြုံတွေ့နေကြရသည်။ (၁၀၂၇) စစ်ပွဲများမှာ ယခုအခါ တစ်နှစ်ကျော်လာပြီ ဖြစ်သည့်တိုင် အဖြေပေါ်ခြင်းမရှိသလို တိုင်းရင်းသားလူငယ်များ သေကျေဆုံးရှုံးရမှုဖြင့် လူသား အရင်းအမြစ်တွေ ပြုန်းတီးခဲ့ရပြီး ဒေသနေပြည်သူများ၏အတိဒုက္ခ သာပို၍ဆိုးရွားလာခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး စကားဝိုင်းသို့ရောက်ရှိရန် စတင်ကြိုးပမ်းလာနေကြသည်ကိုကြားသိနေရသည်။ မြောက်ပိုင်း အဖွဲ့များ၏ခေါင်းကိုင် ဖခင်ကြီးဖြစ်သောကချင် (KIA)အဖွဲ့ကပင် စစ်ပွဲများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း ပြောကြားလာသည်ကိုတွေ့ရသည်။ တကယ်တော့ (၁၀၂၇)စစ်ပွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင်များ နယ်မြေချဲ့ထွင် တိုက်ခိုက်သိမ်းပိုက်ရယူခြင်းမှာ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်သည် များသာဖြစ်သော်ငြား လက်နက်ကိုင်တိုက်ပွဲဖြင့် နယ်မြေသိမ်းယူရေးဆောင်ရွက်နေကြသည်မှာ နိုင်ငံရေး ရေလိုက်လွဲခြင်းပင်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အခြေအနေမှန်ကို မသိမဟုတ်။ သိလျက်နှင့် နိုင်ငံရေး ရေလိုက်လွဲကာ တိုက်ပွဲများဖြင့်သာ မိမိတို့လိုလားချက်ကိုရရှိနိုင်မည်ဟု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် မိမိတို့ကိုယ်ကျိုးစီးပွားထက် ပြည်သူအားလုံး၏ အကျိုးစီးပွားကိုရှုမြင်သုံးသပ် ကြရန်လိုနေပြီဖြစ်သည်။
နိုင်ငံရေးရေလိုက်မလွဲစေချင်
မြန်မာနိုင်ငံ၏ သမိုင်းဆိုင်ရာများ တစ်စိုက်မတ်မတ် လေ့လာဖော်ထုတ်ရေးသားခဲ့သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက သမိုင်းသင်ကြားခြင်းမှာ မအအောင်ဟုဆိုခဲ့သည်။ သမိုင်းကြောင်း အမှန်ကိုသိမှ ကောင်းသည်၊ ဆိုးသည်များ ကိုသင်ခန်းစာရယူနိုင်ကြမည်။ အထူးသဖြင့် နိုင်ငံရေး ခေါင်းဆောင်ဆိုသူများ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူများအားလုံး သမိုင်းကြောင်းကို သိရှိထားကြရန်လိုသည်။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူအားလုံး၏ စေတနာမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသူနိုင်ငံသားပြည်သူများတို့၏ လူမှုစီးပွား ဘဝတိုးတက်ရေးပင်ဖြစ်သည်။ ဤသို့ဆောင်ရွက်နိုင်ရန်မှာ မိမိတို့နိုင်ငံ၏နိုင်ငံသမိုင်းကြောင်းဆိုင်ရာများကို ဓမ္မဓိဋ္ဌာန်ကျကျလေ့လာ သိမြင်ကြရန်ဖြစ်သည်။ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းတွင် ကောင်းသည်များရှိခဲ့မည်၊ ထို့အတူဆိုးရွားသည့် ဖြစ်စဉ်များရှိခဲ့မည်။ ကောင်းသည်များကိုပို၍ကောင်းအောင် လုပ်ဆောင်သွားနိုင်ရေး ၊ ဆိုးရွားသည့်ဖြစ်စဉ် ဖြစ်ရပ်များဆိုပါက ယင်းကဲ့သို့ဖြစ်စဉ်ဖြစ်ရပ်များ ဆက်လက်မဖြစ်ပွားရအောင် တားဆီးကာကွယ်နိုင်ရေး ဆောင်ရွက်ကြရန်မှာ သမိုင်းကြောင်းကို ပကတိအမြင်ဖြင့်လေ့လာ သုံးသပ်ရှုမြင်ကြရန် ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူနိုင်ငံသားများ၏လူမှုစီးပွားတိုးတက်ရေးဆောင်ရွက်သွားနိုင်ကြရန်၊ သမိုင်းကို မြင်အောင်ကြည့် တတ်ကြရန်လိုသည်။
နိုင်ငံတစ်နိုင်ငံကိုထူထောင်ရာတွင် ပြည်သူများပါဝင်သော နိုင်ငံရေးလမ်းစဉ်ဖြင့်ဆောင်ရွက်ကြခြင်း ဖြစ်သည်။ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများကသာ နိုင်ငံနှင့်နိုင်ငံသားတို့၏ ကံကြမ္မာကို ဖန်တီးပေးနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှနယ်ချဲ့သမားတို့၏ နယ်ချဲ့သိမ်းပိုက်ခြင်းကို (၁၈၈၅) ခုနှစ်တွင် ခံခဲ့ ရသည်။ မြန်မာပဒေသရာဇ်မင်းတို့၏ အုပ်စိုးခြင်းချုပ်ငြိမ်းကာ ဗြိတိသျှကိုလိုနီလက်အောက်သို့ ရောက်ခဲ့ ရသည်။ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများကို ဆင်နွှဲခဲ့ကြသော်လည်း တစ်ဗိုလ်တစ်မင်းလုပ်ရေး စိတ်ဓာတ်ဖြင့် ခေါင်းဆောင်တစ်ဦး၏ ခေါင်းဆောင်မှုအောက်တွင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် တစ်ဗိုလ်တစ်မင်း လုပ်ရေးမှသည် နိုင်ငံနှင့်လူမျိုး လွတ်မြောက်ရေးကို ဦးတည်သော အမျိုးသားရေးစိတ်ဓာတ်ဖြင့် နိုင်ငံရေး နိုးကြားလာခဲ့သည်မှာ (၁၉၀၆)ခုနှစ်တွင်ဖြစ်သည်။ ထိုမှစတင်၍ (၁၉၂၀) ပြည့်နှစ်မှသာ ပြည်သူများ ပါဝင်သည့် နိုင်ငံချစ်စိတ်ဓာတ်များနိုးကြားလာခဲ့ပြီး (၁၉၃၀) ပြည့်ကာလမှ စတင်ကာ အမျိုးသားရေး စိတ်ဓာတ်အင်အားဖြင့် ပြည်သူများ၏ နိုင်ငံရေးနိုးကြားမှုမှာအရှိန် ရလာခဲ့သည်။ ထိုအချိန်မှစတွက်လျှင် မြန်မာနိုင်ငံ၌ ပြည်သူများပါဝင်သောနိုင်ငံရေး ယဉ်ကျေးမှုစတင်ထွန်းကားခဲ့သည်မှာ နှစ်ပေါင်း (၁၀ဝ) ကျော်ကာလမျှ သာရှိသေးသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများအနေဖြင့် မြန်မာနိုင်ငံ အရေး စဉ်းစားလျှင် နှစ်ပေါင်း (၁၀ဝ) ကျော်ကာလ၊ (၁၉၄၈) ခုနှစ် လွတ်လပ်ရေးရပြီးသည့် အချိန်မှ ယနေ့အထိ ကာလအတွင်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ သမိုင်းတွင် ဖြစ်ပျက်ခဲ့သည်များကို အမှား နှင့်အမှန် သိမြင်နိုင်အောင် ဆင်ခြင်သုံးသပ်တတ်ရန်လိုသည်။ သို့မှသာ နိုင်ငံရေးရေလိုက်မလွဲဘဲ တိုင်းပြည်နှင့်လူမျိုးတို့၏ ကောင်းကျိုးကို သယ်ပိုးနိုင်ကြပေလိမ့်မည်။