အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၄)
Posted_Date
Image

Body
အကြမ်းဖက်ဝါဒအားတန်ပြန်ရေးနှင့်ပတ်သက်ပြီးယူဆချက်များကိုလေ့လာသုံးသပ်ခြင်း
အကြမ်းဖက်ဝါဒနှင့်ပတ်သက်သော ယူဆချက်(၅)ခုသည် မည်မျှမှန်ကန်ခြင်း ရှိ/မရှိ လက်တွေ့အထောက်အထားများဖြင့် လေ့လာသုံးသပ်ပြီးနောက် အကြမ်းဖက်ဝါဒ တန်ပြန်ရေး နှင့် ပတ်သက်သော ယူဆချက်(၅)ခုကို လေ့လာသုံးသပ်သွားပါမည်။ပထမဆုံးယူဆချက်မှာ အကြမ်းဖက်သမားတစ်ဦးကို သိရှိပုံဖော်နိုင်သည်ဆိုသော အယူအဆဖြစ်သည်။ ဒုတိယ ယူဆ ချက်မှာ အကြမ်းဖက်သမားများအား အစွန်းရောက်အစွဲကို ချွတ်နိုင်သည် (deradicalized) ဆိုသော ယူဆချက်ဖြစ်သည်။ တတိယယူဆချက်မှာ ခေါင်းဆောင်များအား သုတ်သင်ခြင်း ၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်အဖွဲ့များကို ဖြိုခွဲရာတွင် ထိရောက်မှုရှိသည်ဆိုသော ယူဆချက် ဖြစ်သည်။ စတုတ္ထယူဆချက်မှာ အကြမ်းဖက်ဝါဒသည် ချေမှုန်း၍ မရနိုင်ဟု ဖြစ်ပြီး နောက်ဆုံး ယူဆချက်မှာ အကြမ်းဖက်ဝါဒကို ဘက်ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ခြင်းဖြင့် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်သည်ဟူသည့် ယူဆချက် ဖြစ်ပါသည်။
၁။ အကြမ်းဖက်သမားများကို ပုံဖော်သိရှိနိုင်သည်ဆိုသောယူဆချက်အား လေ့လာသုံးသပ်ခြင်း
အကြမ်းဖက်ဝါဒကို သုတေသနလုပ်ရာတွင် အဓိကပြဿနာများအနက်တစ်ခုမှာ အကြမ်းဖက်သမားများသည် အလွန်လျှို့ဝှက်ပြီး အမှောင်ထဲတွင် အလုပ်လုပ်ခြင်း ဖြစ်သည်။ ထိုပြဿနာသည် ပေါ်လစီမိတ်ကာများအတွက်လည်း စိန်ခေါ်မှုဖြစ်သည်။ အကြမ်းဖက်သမား များနှင့်ရင်ဆိုင်နေရသည့် ပေါ်လစီမိတ်ကာများအနေဖြင့် ၎င်းတို့နှင့် ရင်ဆိုင်နေရသည့် အကြမ်းဖက်သမားများသည် မည်သူတို့ဖြစ်သည်ကို တိုက်ခိုက်မှုများမဖြစ်ပွားမီ သိရှိဖော်ထုတ် လိုကြသည်။ အကြမ်းဖက်သမားများကို အကြမ်းဖက်တိုက်ခိုက်မှုမဖြစ်မီ ရှာဖွေဖော်ထုတ်ရေးမှာ ကောက်ရိုးပုံထဲတွင် အပ်ပျောက်ရှာရသလို ဖြစ်သော်လည်း အကြမ်းဖက်သမားများကို ၎င်းတို့တိုက်ခိုက်မှုများ မပြုလုပ်မီ ရှာဖွေဖော်နိုင်သည်များလည်းရှိ၍ မဖြစ်နိုင်သည့် အလုပ်တော့မဟုတ်ပါ။ သို့ဆိုလျှင် အကြမ်းဖက်သမားများကို ခွဲခြားသိရှိနိုင်သည်လော။ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်သမားမဟုတ်သူများတွင် ကွဲပြားခြားနားချက်များ ရှိပါသည်လော။
ထိုသို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်သမားမဟုတ်သူများကြား ခွဲခြားသည့်ဖြစ်စဉ် ကို profiling ဟု ခေါ်သည်။ အကြမ်းဖက်သမား (သို့) ရာဇဝတ်သားတစ်ဦးနှင့် အကြမ်းဖက် သမား(သို့) ရာဇဝတ်သားမဟုတ်သူ တစ်ဦးအကြား ခွဲခြားနိုင်ရန်အတွက် အသုံးအများဆုံး profiling မှာ ယခင်အတွေ့အကြုံများအပေါ် အခြေခံပြီး စိတ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားရေး ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် လူမျိုးဆိုင်ရာ အချက်အလက်များကို စုစည်း ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အကြမ်းဖက်သမားများသည် မည်သည့် ပုံသဏ္ဍာန် မျိုးရှိသည်၊ ၎င်းတို့၏အပြုအမူနှင့် ကိုယ်ရည်ကိုယ်သွေးမှာ မည်သို့ဖြစ်သည်၊ ၎င်းတို့အနေဖြင့် မည်သည့်အခြေအနေမျိုးတွင် နေထိုင်လုပ်ကိုင်သည်စသည့် အညွှန်းများသတ်မှတ်ပြီး လူအများအပြားအနက်မှ ထိုညွန်းကိန်းများနှင့် ကိုက်ညီသူများကိုခွဲထုတ်ပြီး အကြမ်းဖက်သမား ဖြစ်နိုင်သူများအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ တကယ်တမ်းသာ အလုပ်ဖြစ်မည်ဆိုပါက တန်ပြန်အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် အခြားသောအကြမ်းဖက်အဖွဲ့များ၏ အတိတ်ကအဖြစ်အပျက်များသက်သက်ကို အခြေခံပြီး ယခင်က သတင်းများများစားစား မရှိထားသည့် အကြမ်းဖက်အဖွဲ့များနှင့် အကြမ်းဖက်သမားများကို ဖော်ထုတ်ရန် အကောင်းဆုံး နည်းလမ်းဖြစ်မည် ဖြစ်သည်။
Profiling သည် တကယ် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင် လေ့လာသုံးသပ်ရန်အတွက် ထိုအယူ အဆ မည်သို့ ဖြစ်ပေါ်လာသည်၊ ယခင်က မည်သို့အသုံးချခဲ့ဖူးသည်ကို လေ့လာပါမည်။ အကြမ်းဖက်သမားများကို ပုံဖော်ယူနိုင်သည် ဆိုသည့်အယူအဆ၏အခြေခံမှာ ရာဇဝတ်သား များနှင့် အကြမ်းဖက်သမားများသည် အခြားသူများနှင့်မတူကြဆိုသော ထင်မြင်ချက်မှ လာခြင်း ဖြစ်သည်။ အကြမ်းဖက်သမားများသည် စိတ်မူမမှန်သူများဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထားမရှိသည်ကို လေ့လာခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် အကြမ်းဖက်သမားမဟုတ်သူများနှင့် မတူကွဲပြားသော ကိုယ်ရည်ကိုယ်သွေး (သို့မဟုတ်) အပြုအမူဆိုင်ရာ လက္ခဏာရပ်များ ရှိနိုင်သည်ဟု အချို့ကယူဆကြသည်။ ထိုယူဆချက်သည် မှန်ကောင်းမှန်မည် ၊ မှားကောင်းမှားမည် ဖြစ်သော်လည်း အကြမ်းဖက်သမားများကို ခွဲခြား သိရှိရန် ဖြစ်နိုင်သည်ဆိုသော အယူအဆကို အရေးကြီးသော ရှင်းပြချက် ဖြစ်သည်။ သို့သော် အကြမ်းဖက်သမားများကိုယ်တိုင်က profiling သည် ဖြစ်နိုင်သည်ဟု ယူဆကောင်း ယူဆ ထားနိုင်သည်။ အကြမ်းဖက်သမားများသည် ရဲ (သို့မဟုတ်) ထောက်လှမ်းရေးအဖွဲ့များ၏ သတိထားမခံရစေရန်အတွက် တတ်နိုင်သမျှ သံသယဖြစ်စရာမရှိအောင် ပုံမှန်အတိုင်း ပြုမူ လေ့ရှိသည်။ ဥပမာ ဂျီဟတ်ဝါဒီများနှင့် အစ္စလာမ်မစ် အကြမ်းဖက်သမားများသည် သံသယ ဖြစ်စရာပုံစံ မရှိစေရန်အတွက် အကြမ်းဖက်လုပ်ရပ်များတွင် အမျိုးသမီးများ (သို့) ဥရောပသား များ(သို့) ဘာသာပြောင်းထားသည့်လူဖြူများကို အသုံးပြုခြင်းနှင့် ၎င်းတို့၏ ဝတ်စားပုံ၊ ဆံပင်ပုံစံ၊ လမ်းလျှောက်ပုံ စသည်တို့ကို ပြောင်းလဲ၍ ၎င်းတို့၏ ပုံစံကို ပြောင်းလဲရန် ကြိုးစားကြသည်။
profiling နှင့် ဒေတာများအား ဆန်းစစ်ခြင်းတွင် ဥပမာတစ်ခုမှာ ၁၉၇၀ ပြည့်လွန်နှစ် များနှောင်းပိုင်းတွင် ဂျာမန်ဖက်ဒရယ်ရဲတပ်ဖွဲ့က လက်ဝဲစွန်းအကြမ်းဖက်အဖွဲ့ဖြစ်သည့် တပ်နီ အဖွဲ့ကို ဖော်ထုတ်ခဲ့မှုဖြစ်သည်။ အကြမ်းဖက်သမားများသည် ၎င်းတို့မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်နိုင်ရန်အတွက် ၎င်းတို့အခန်းကို နာမည်တုဖြင့်ငှားပြီး လျှပ်စစ်ဓာတ်အားခများကို ငွေသားဖြင့်ပေးချေကြောင်း ဂျာမန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။ ထို့ကြောင့် ဓာတ်အားခကို ငွေသားဖြင့် ပေးချေသူများစာရင်းအား လျှပ်စစ်ကုမ္ပဏီကို ရဲတပ်ဖွဲ့က တောင်းခံခဲ့သည်။ ၎င်းနောက် ဒုတိယအဆင့်အနေဖြင့် အပြစ်ကင်းစင်သူများကို ရွေးထုတ်နိုင်ရန် မှတ်ပုံတင်ရုံး နှင့် အခြားဌာနများမှအချက်အလက်များဖြင့် ထိုလူစာရင်းကိုနှိုင်းယှဉ်ကာ တပ်နီအဖွဲ့မှ ငှားရမ်း ထားသော တိုက်ခန်းတစ်ခန်းကို ဖော်ထုတ်နိုင်ခဲ့ပြီး တပ်နီတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပါသည်။ ရဲတပ်ဖွဲ့အနေဖြင့် အင်အားအများအပြားသုံးပြီး အကြီးအကျယ် ကြိုးစားဖော်ထုတ်ခဲ့ရသဖြင့် အချို့သူများအနေဖြင့် ထိုဖြစ်ရပ်ကို အောင်မြင်မှုအဖြစ် သတ်မှတ်လိုကောင်းမှ သတ်မှတ်မည် ဖြစ်သည်။ ပညာရပ်ဆိုင်ရာ စာပေများတွင်လည်း အကြမ်းဖက်နှိမ်နင်းရေးတွင် ပြတ်ပြတ် သားသား အောင်မြင်သော profiling ဥပမာမရှိပါ။
တကယ်တမ်းတွင် ပညာရှင်များ၏ အရေးပါသောလေ့လာမှုအားလုံးလိုလိုတွင် ကိုယ်ရည်ကိုယ်သွေးအပေါ် မူတည်၍ ပုံဖော်ခြင်း (personal profiling) သည် မဖြစ်နိုင်ဟု ဆိုကြသည်။ အကြမ်းဖက်သမား၏ ကိုယ်ရည်ကိုယ်သွေး (terrorist personality) ဟု မရှိ ၊ အကြမ်းဖက်သမားများသည် သာမန်လူများနှင့် ကွဲပြားခြားနားမှုမရှိ၊ အနည်းဆုံးအားဖြင့် ၎င်းတို့အား ခွဲခြားပုံဖော်နိုင်လောက်အောင် ကွဲပြားခြားနားခြင်းမရှိဟု ဆိုသည်။ ပညာရှင် အများစုက profiling သည် အခက်အခဲများစွာရှိသကဲ့သို့ မှားယွင်းနိုင်ခြေလည်း များသည်ဟု ဆိုသည်။ အကြီးမားဆုံးအန္တရာယ်တစ်ခုမှာ မမှန်ကန်သောသတင်းအချက်အလက်များကို အခြေခံ၍ ပုံဖော်မိသည့်အတွက် false positives နှင့် false negatives ဟုဆိုသော မှားယွင်းမှု များ ဖြစ်စေနိုင်ခြင်းဖြစ်သည်။ မှန်ကန်မှုမရှိသောပုံစံ (incorrect profile) နှင့် ကိုက်ညီနေ သည့် အပြစ်မရှိသူတစ်ဦးကို စုံစမ်းစစ်ဆေးမိခြင်း (သို့မဟုတ်) ဖမ်းဆီးခြင်း ဖြစ်စေနိုင်ပြီး အခြားသဲလွန်စများကို စုံစမ်းစစ်ဆေးမှု မလုပ်ခြင်းနှင့် မဟုတ်သောသူများကို အာရုံစိုက်နေ သဖြင့် အချို့သောအုပ်စုများကို စုံစမ်းမှုမလုပ်ခြင်းတို့ ဖြစ်စေနိုင်သည်။ ထို့ပြင် နိုင်ငံသားဖြစ်မှု၊ တိုင်းရင်းသားဖြစ်မှု၊ လူမျိုး၊ ဘာသာ၊ အသက်၊ ကျား/မ စသည်တို့အပေါ် အခြေခံပြီး ပုံဖော် ခြင်းသည် အချို့သောအုပ်စုများကို ဆိုးကျိုး သက်ရောက်စေပြီး နိုင်ငံများနှင့် အသိုင်းအဝိုင်း များအကြား ဆက်ဆံရေးကိုလည်း ဆိုးကျိုး သက်ရောက်စေပါသည်။ ထို့ကြောင့် အကြမ်းဖက် သမားတစ်ဦးကို profiling နည်းဖြင့် ခွဲခြားသိရှိနိုင်သည်ဆိုသော ယူဆချက်သည် မှားယွင်း ပါသည်။
၂။ အကြမ်းဖက်သမားများ၏ အစွန်းရောက်အစွဲကို ချွတ်နိုင်သည် (deradicalized) ဆိုသော ယူဆချက်အား လေ့လာသုံးသပ်ခြင်း
အစွန်းရောက်အစွဲကိုချွတ်ခြင်း (deradicalization) ဆိုသည်မှာ အကြမ်းဖက်သမား တစ်ဦး အနေဖြင့် ၎င်း၏ရပ်တည်ချက်နှင့် အပြုအမူများ ပြောင်းလဲသွားပြီး အကြမ်းဖက်ဝါဒကို စွန့်လွှတ်ခြင်းကို ဆိုလိုသည်။ deradicalization ကို မူဝါဒ၊ သို့မဟုတ် အစီအစဉ်တစ်ခုအဖြစ် လည်း ချမှတ်ဆောင်ရွက်နိုင်ပါသည်။ သို့ဖြစ်၍ deradicalization သည် တစ်ဦးချင်း၊ သို့မဟုတ် အုပ်စုဖြစ်စဉ်တစ်ခုသာမဟုတ်ပဲ အစိုးရ(သို့မဟုတ်) အရပ်ဖက်အဖွဲ့အစည်းတစ်ခု၏ အစီအစဉ် တစ်ခုလည်း ဖြစ်ပါသည်။ ထိုအစီအစဉ်သည် ယခင်က အစွန်းရောက်ခဲ့သူများကို အစွန်း ရောက်စိတ် ပျောက်စေရန် ၊ သို့မဟုတ် ၎င်းတို့ပါဝင်ခဲ့သည် အစွန်းရောက်အုပ်စုများနှင့် အဆက်ဖြတ်ရေး ကူညီပေးရန် လုပ်ဆောင်သည့် အစီအစဉ်ဖြစ်သည်။ အကြမ်းဖက်သမား တစ်ဦးကို အစွန်းရောက်စိတ်ပျောက်အောင် လုပ်နိုင်သည်ဟု မည်သူပြောခဲ့ပါသနည်း။ ဝါရှင်တန် ရှိ RAND သုတေသနဌာနမှ အန်ဂယ် ရဘာဆာ ( Angel Rabasa) နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ၎င်းသည် မြင်သာသောကိစ္စဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့၏ ၂၀၁၃ အစီရင်ခံစာတွင် လူတစ်ဦးကို အစွန်းရောက်ဖြစ်စေရန် ဖြတ်သန်းရသည့်ဖြစ်စဉ်များရှိသကဲ့သို့ အစွန်းရောက်တစ်ဦးသည်လည်း အကြမ်းဖက်မှုကို စွန့်လွှတ်ပြီး ၎င်း၏အဖွဲ့၊ သို့မဟုတ် လှုပ်ရှားမှုကို စွန့်ခွာကာ အစွန်းရောက်အမြင်ကို စွန့်လွှတ်ရာတွင် ဖြတ်သန်းရသည့် ဖြစ်စဉ်များ ရှိသည်ဟု ဆိုသည်။ လူတစ်ဦးအနေဖြင့် ၎င်း၏အစွန်းရောက်အမြင်များကို အမှန်တကယ် စွန့်လွှတ်ပါမည်လော၊ ၎င်းသည်ဖြစ်နိုင်ပါ၏လော၊ လူတစ်ဦးကို အစွန်းရောက်ဝါဒ အစွဲချွတ်၍ ရပါမည်လော၊ ရသည်ဆိုလျှင် မည်သို့လုပ်မည်နည်း ဆိုသော မေးခွန်းများသည် အကြမ်းဖက် ဝါဒကို တိုက်ဖျက်ရာတွင် အလွန်အရေးကြီးသော မေးခွန်းများဖြစ်သည်။
လူတစ်ဦးအနေဖြင့် အစွန်းရောက်စိတ် ပျောက်သွားနိုင်သည်ကို ပြသနိုင်သည့် ပထမ ဆုံးသက်သေမှာ အကြမ်းဖက်ဝါဒကို စွန့်ခွာပြီးအစွန်းရောက်ဝါဒကို တန်ပြန်ခြင်း (counter radicalization) နှင့် အစွန်းရောက်စိတ်ပျောက်အောင်လုပ်ခြင်း (deradicalization) အစီအစဉ် များတွင် တက်ကြွစွာ ပါဝင်နေသူများ ဖြစ်သည်။ အကြမ်းဖက်ဝါဒလေ့လာရေးနယ်ပယ်တွင် ထိုသို့အကြမ်းဖက်ဝါဒကို စွန့်ခွာခဲ့သော လူသိများသူ အတော်များများရှိပါသည်။ ဥပမာအား ဖြင့် အယ်လ်ဂိုဒ်ဒါအဖွဲ့ကို ငွေကြေးထောက်ပံ့ပေးသည့် ဝါဟာဘီ ချယ်ရတီ (Wahhabi Charity) တွင် အလုပ်လုပ်ခဲ့ပြီး ယခုအခါ ဝါရှင်တန်အခြေစိုက် the Foundation for the Defense of Democracies ၏ ဒါရိုက်တာနှင့် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒတန်ပြန် ရေးတွင် ပညာရှင်တစ်ဦးဖြစ်နေသူ ဒေဗီးဂါတန်စတိုင်း-ရော့စ် (Daveed Gartenstein-Ross) ဖြစ်သည်။ နောက်တစ်ဦးမှာ အာဖဂန်နစ္စတန်တွင် တက်ကြွစွာ တိုက်ခိုက်ခဲ့သော Libyan Islamic Fighting Group ခေါင်းဆောင်တစ်ဦးဖြစ်သူ နော်မန် ဘီနော့မန်း (Norman Benotman) ဖြစ်ပြီး ၎င်းသည် ယခု ဗြိတိသျှအစိုးရကထောက်ပံ့သည့် အရှေ့အလယ်ပိုင်းရေးရာ Think Tank တစ်ခုဖြစ်သော Quilliam Foundation တွင် senior analyst အဖြစ် လုပ်နေ ပါသည်။ နောက်တစ်ဦးမှာ ၁၉၇၉ ခုနှစ်တွင် Irish Republican Army-IRA အဖွဲ့သို့ ဝင်ရောက် ခဲ့သော မြောက်အိုင်ယာလန်မှ ဟင်နရီ ရော်ဘင်ဆင် (Henry Robinson) ဖြစ်ပါသည်။ ၎င်းသည် IRA မှ ထွက်ခဲ့ပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် IRA ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်သော Families Against Intimidation and Terror ကို ပူးတွဲ တည်ထောင်သူ ဖြစ်လာခဲ့သည်။ ၎င်းတို့အပြင် အကြမ်းဖက်ဝါဒကို စွန့်လွှတ်ခဲ့သော အခြားအကြမ်းဖက်သမား ဟောင်းများလည်း ရှိပါသည်။
အစွန်းရောက်အစွဲချွတ်သည့် deradicalization programs များတွင် လူတစ်ဦးချင်းကို စိတ်ပညာ(သို့မဟုတ်) ဘာသာရေးအရဆွေးနွေးလမ်းညွှန်ခြင်း(religious counseling)တို့ဖြင့် အစွဲချွတ်ခြင်းနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းကာ အပစ်အခတ်ရပ်စဲရေး (သို့မဟုတ်) လက်နက်ဖြုတ်သိမ်းမှုဖြစ်စေခြင်းဖြင့် စုပေါင်းအစွဲချွတ်ခြင်းဟု ၂ မျိုး ရှိပါသည်။ ဥရောပနိုင်ငံ များ အထူးသဖြင့် ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံများတွင် လက်ယာ အစွန်းရောက်များကို ရည်ရွယ်သည့် deradicalization programs များ ရှိပါသည်။ အင်ဒိုနီးရှား နိုင်ငံတွင်လည်း အကျဉ်းသားများကို အဓိကထားသည့် deradicalization programs များရှိပြီး ယခင်ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားများအနက် အချို့သည် ရဲနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်နေသည်။ ဆော်ဒီအာရေဗျနှင့် ကိုလမ်ဘီယာတို့တွင်လည်း deradicalization programs များရှိပါသည်။ ထို deradicalization programs များ၏ ရည်ရွယ်ချက်မှာ အကြမ်းဖက်ဝါဒကို စွန့်လွှတ်၍ ၎င်းတို့၏ သဘောထားရပ်တည်ချက်များနှင့် အပြုအမူများကို ပြောင်းလဲစေရန်ဖြစ်သည်။ သို့ရာတွင် deradicalization programs များတက်ပြီးသော်လည်း ၎င်းတို့ပြန်လွတ်သည့်အချိန်တွင် အကြမ်းဖက်ဝါဒကို ပြန်သွားကြသူများလည်းရှိပါသည်။ အထူးသဖြင့် ဆော်ဒီအာရေဗျတွင် ဖြစ်သည်။ သို့ရာတွင် ဆော်ဒီအာရေဗျနိုင်ငံ၏ deradicalization programs မှာ အလွန်ကြီးမားပြီး အကျဉ်းသား ၄၀၀၀ ကျော်ကို ပညာပေးနိုင်ခဲ့ကာ ၎င်းတို့ အနက် အနည်းငယ်သာ အကြမ်းဖက်အဖွဲ့များထံ ပြန်သွားခြင်းဖြစ်သည်။ ထို့ကြောင့် deradicalization programs များသည် အောင်မြင်မှု အတန်အသင့်ရှိသည်ဟု ဆိုနိုင်ပြီး အစွန်းရောက်အစွဲကို ချွတ်နိုင်သည်ဆိုသည့် ယူဆချက် မှန်ကန်သည်ဟု ဆိုနိုင်ပါ သည်။
၃။ ခေါင်းဆောင်များအား သုတ်သင်ခြင်း ၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်အဖွဲ့များကို ဖြိုခွဲရာတွင် ထိရောက်မှုရှိသည် ဆိုသော ယူဆချက်အား လေ့လာသုံးသပ်ခြင်း
အကြမ်းဖက်အဖွဲ့များကို ၎င်းတို့၏ ထိပ်တန်းခေါင်းဆောင်များအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ဖြင့် ဖြိုခွဲနိုင်သည်ဆိုသော ပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှိပါ သည်။ အမေရိကန်နှင့်အစ္စရေးအပါအဝင် နိုင်ငံအများအပြားသည် အကြမ်းဖက်ဝါဒကို တန်ပြန် ရာတွင် အကြမ်းဖက်အဖွဲ့မှ အရေးပါသည့် ခေါင်းဆောင်များကို သတ်ဖြတ်သည့် ၊ သို့မဟုတ် ဖမ်းဆီးသည့် နည်းဗျူဟာကိုသုံးစွဲကြသည်ဟု ထင်ရှားသည့် ပညာရှင်တစ်ဦး ဖြစ်သော ဘရိုင်ယန် ပရိုက်စ် (Brian Price) က ၂၀၁၂ ခုနှစ်တွင် ရေးခဲ့သည်။ အရေးပါသော အကြမ်းဖက် ခေါင်းဆောင်များကို သတ်ဖြတ်ခြင်း၊ သို့မဟုတ် ဖမ်းဆီးခြင်း လုပ်နိုင်ပါက အကြမ်းဖက်အဖွဲ့ များအနေဖြင့် အကြီးအကျယ်ခံလိုက်ရပြီဖြစ်ကြောင်း နိုင်ငံရေးသမားများက မကြာခဏ ဆိုသလို ကြေညာတတ်သည်။ ဘတ်စ်(Basque) ခွဲထွက်ရေး အကြမ်းဖက်အဖွဲ့ အီတာ (ETA) ၏ စစ်ဆင်ရေးခေါင်းဆောင်ကို ၂၀၀၈ ခုနှစ်က ဖမ်းဆီးနိုင်ခဲ့သည့်အချိန်တွင် ထိုအချိန်က စပိန် ဝန်ကြီးချုပ် ဇပါးတေးရိုး (Zapatero) က ETA အဖွဲ့အနေဖြင့် ဖွဲ့စည်းပုံနှင့် စွမ်းဆောင်ရည်ပိုင်း တွင် များစွာထိခိုက်သွားပြီး အားနည်းသွားကြောင်း ပြောခဲ့သည်။ ဖာ့စ် (FARC) သူပုန် ခေါင်းဆောင် အယ်လ်ဖွန်ဆိုကာနို (Alphonso Cano)ကို ၂၀၁၁ ခုနှစ်က သတ်နိုင်ခဲ့ပြီး နောက်တွင် ကိုလမ်ဘီယာသမ္မတ ဟွန် မန်နျူရယ် ဆန်းတို့စ် (Juan Manuel Santos) က ၎င်းသည် FARC အဖွဲ့၏သမိုင်းတွင် အထိအနာဆုံးဖြစ်ကြောင်း ပြောခဲ့သည်။ အိုစမာ ဘင်လာဒင် ကို သတ်နိုင်ခဲ့သည့် အချိန်ကလည်း ၂၀၀၁ ခုနှစ်က နယူးယောက် မြို့တော်ဝန်ဖြစ်ခဲ့သည့် မြို့တော်ဝန်ဟောင်း ရုဒီ ဂူလီယာနီ (Rudy Giuliani) က ဘင်လာဒင်သည် အကြမ်းဖက် သမားများအတွက် အရေးကြီးသည့်သင်္ကေတတစ်ခုဖြစ်ပြီး ဘင်လာဒင်အား သတ်နိုင်ခြင်း သည် ရေရှည်တွင် အစ္စလာမ်မစ်အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာ၌ များစွာ အထောက်အကူ ဖြစ်စေပြီး လူအများထင်ထားသည်ထက် ပိုမိုကြီးမားသော ခြေလှမ်း ဖြစ်သည်ဟု ပြောခဲ့သည်။
ခေါင်းဆောင်များအား ဖမ်းဆီးသတ်ဖြတ်ခြင်းသည် အကြမ်းဖက်ဝါဒကို နှိမ်နင်းရာတွင် ထိရောက်သည့် မဟာဗျူဟာအဖြစ် ယူဆသူများက အကြမ်းဖက်အဖွဲ့များသည် ခေါင်းဆောင် ၏အရည်အချင်းကို များစွာမှီခိုနေသည်ဟု ယူဆထားသည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့အားထားရသည့် ခေါင်းဆောင်မရှိတော့သည်နှင့် ခေါင်းဆောင်မှု အကြပ်အတည်းနှင့် ကြုံတွေ့ရပြီး ခေါင်းဆောင်သစ်ရွေးရန် အချိန်များစွာယူရပြီး ထိုကာလအတွင်း ထိရောက် သည့် တိုက်ခိုက်မှုမျိုးမလုပ်နိုင်၊ သို့တည်းမဟုတ် သင့်တော်သည့် စွမ်းရည်နှင့် အတွေ့အကြုံ ရှိသော ခေါင်းဆောင်သစ်ကိုပင် ရှာမတွေ့ ဖြစ်တတ်သည်။ အိုစမာဘင်လာဒင်နှင့် ဂျပန်မှအုမ် ဂိုဏ်းခေါင်းဆောင်ကဲ့သို့ ဘာသာရေးအခြေခံသည့် အကြမ်းဖက်ခေါင်းဆောင်အချို့ကို သူရဲကောင်းသဖွယ် လေးစားကြသူများ ရှိသည်။ ထို့ကြောင့် ခေါင်းဆောင်များကို သတ်ဖြတ် ခြင်း၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်အဖွဲ့များကို မတည်မငြိမ်ဖြစ်စေရုံသာမက ၎င်းတို့၏ ဆွဲဆောင်နိုင်မှုကိုလည်း အားနည်းစေသည်။
အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းသည် ထိရောက်မှု ရှိ၊မရှိ လေ့လာဆန်းစစ်ရခြင်းမှာ ဥပဒေပိုင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်သည်။ အထူးသဖြင့် သတ်ဖြတ်ရာတွင်ဖြစ်သည်။ ထိုသို့ ထိရောက်မှုလေ့လာရာတွင် လက်တွေ့ အထောက်အထားများနှင့် ပညာရပ်ဆိုင်ရာစာပေများကို ကြည့်ပါမည်။ ၂၀၀၉ ခုနှစ် က ဂျီနာ ဂျော်ဒန် ( Jenna Jordan) လုပ်ခဲ့သော သုတေသနတွင် ၁၉၄၅ ခုနှစ်မှ ၂၀၀၄ ခုနှစ် အတွင်း အကြမ်းဖက်ခေါင်းဆောင်များကို သတ်ဖြတ်၊ ဖမ်းဆီးနိုင်ခဲ့သည့် အမှု ၂၉၈ ခု ကို လေ့လာခဲ့သည်။ အကြမ်းဖက်အဖွဲ့အနေဖြင့် ၎င်းတို့၏ခေါင်းဆောင် အသတ်ခံရပြီးနောက် ၂ နှစ်အထိ လှုပ်ရှားတက်ကြွခြင်းမရှိပါက အောင်မြင်မှုရရှိသည့် ကိစ္စဟု သူက သတ်မှတ်ခဲ့သည်။ အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းဆီးသတ်ဖြတ်ခြင်း ထိရောက်မှု ရှိ/မရှိသည် အဖွဲ့သက်တမ်း၊ အဖွဲ့အရွယ်အစားနှင့် အဖွဲ့ပုံစံတို့အပေါ် မူတည်သည်ဟု ၎င်းက ဆိုသည်။ သေးငယ်ပြီး သက်တမ်းနုသောအဖွဲ့များသည် ခေါင်းဆောင်မရှိသည်နှင့် မတည်မငြိမ်ဖြစ်သည်က များပြီး သက်တမ်းရှည်ပြီး၊ ကြီးမားသောအဖွဲ့များမှာ နောက်ဆက်တွဲအကျိုးသက်ရောက်မှုနည်းသည်၊ ဘာသာရေးအခြေခံ အကြမ်းဖက်အုပ်စုများမှာ ပိုမိုခံနိုင်ရည်ရှိပြီး ၉၆% သော ဘာသာရေး အခြေခံအဖွဲ့များသည် ဆက်လက်လှုပ်ရှားကြသည်၊ ခွဲထွက်ရေးအုပ်စုများ အနက် ၈၉ % မှာ ဆက်လက်လှုပ်ရှားကြသော်လည်း လက်ဝဲစွန်းနှင့် လက်ယာစွန်းအဖွဲ့များကဲ့သို့ အိုင်ဒီယိုလိုဂျီ ကို အခြေခံသည့် အဖွဲ့များမှာ သုံးပုံနှစ်ပုံခန့် (၆၇%) သာ ဆက်လက်လှုပ်ရှားနိုင်သည်ဟု ဆိုသည်။ အားလုံးခြုံလိုက်လျှင် ခေါင်းဆောင် အဖမ်းခံရခြင်း၊ အသတ်ခံရခြင်းကြောင့် ဆက်လက်လှုပ်ရှားနိုင်ခြင်းမရှိတော့ပဲ ပြိုကွဲသွားသည့်အဖွဲ့များမှာ ၁၇% သာ ရှိသည်၊ သို့သော် လည်း ခေါင်းဆောင်များ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း မခံရသည့် အခြားအဖွဲ့များနှင့် နှိုင်းယှဉ် လေ့လာရာတွင် ခေါင်းဆောင်များ ဖမ်းဆီး၊သတ်ဖြတ်ခံရသော အဖွဲ့များ၏ ပြိုကွဲနှုန်းသည် ထူးထူးခြားခြား မမြင့်မားဟုဆိုသည်။ ထို့ကြောင့် ခေါင်းဆောင်များအား ဖမ်းဆီးသတ်ဖြတ် ခြင်းသည် ထိရောက်သော အကြမ်းဖက်ဝါဒတန်ပြန်နည်းမဟုတ်ဟု ဂျော်ဒန်က သုံးသပ်ခဲ့ သည်။ ထို့ပြင်ခေါင်းဆောင် ဖမ်းဆီး၊ သတ်ဖြတ်ခံရခြင်းကြောင့် ဒေါသထွက်ကာ လက်စားချေ လိုစိတ်ကြောင့် အဖွဲ့၏ သန္နိဌာန်ကို ပိုမိုခိုင်မာစေခြင်းနှင့် လူထု၏ ဂရုဏာပိုမို ရရှိစေနိုင်ခြင်း ကဲ့သို့ ဘေးထွက်ဆိုးကျိုးများလည်း ရှိသည်ဟု ၎င်းကဆိုသည်။
ယခု ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့သော ဘရိုင်ယန် ပရိုက်စ် (Brian Price) ၏ သုတေသနကို လေ့လာပါမည်။ ပရိုက်စ် က ဂျော်ဒန်၏ လေ့လာမှုတွင် ခေါင်းဆောင်ကို သတ်ဖြတ်ဖမ်းဆီး ခံရခြင်း၏ အကြမ်းဖက်အဖွဲ့အပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာ ၊ အကဲဖြတ်သည့် အချိန်ကာလ တိုလွန်းသည်ဟု ဆိုသည်။ အကြမ်းဖက်အဖွဲ့များသည် အခြားသော အဖွဲ့အစည်း များနှင့် မတူခြားနားသည့်အတွက် ခေါင်းဆောင်ကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက်နှိမ်နင်းရေးတွင် ထိရောက်သည်ဟု ပရိုက်စ် က ဆိုသည်။ အကြမ်းဖက်အဖွဲ့များ သည် လျှို့ဝှက်ပြီး တန်ဖိုးကို အခြေခံ (values-based) သော အဖွဲ့များဖြစ်၍ စီးပွားရေး လုပ်ငန်း စသော အခြားအဖွဲ့အစည်းများနှင့်နှိုင်းစာလျှင် ခေါင်းဆောင်သည် ၎င်းတို့အတွက် ပိုမို အရေးပါသည်၊ အကြမ်းဖက်အဖွဲ့များအနေဖြင့် လျှို့ဝှက်သည့်သဘာဝရှိပြီး ပုဂ္ဂိုလ်ရေး အတွေး အခေါ်နှင့် ပုဂ္ဂိုလ်ရေးသြဇာသည် အလွယ်တကူ အစားမထိုးနိုင်သောကြောင့် ခေါင်းဆောင်မှု ဆက်ခံခြင်းသည် အခြားအဖွဲ့အစည်းများထက် ပိုမိုခက်ခဲသည် ၎င်းက ဆိုသည်။ ပရိုက်စ် ၏ တွေ့ရှိချက်များအနက် အချက်လေးချက်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ ပထမဆုံးအချက်မှာ ခေါင်းဆောင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းခံရသော အကြမ်းဖက်အဖွဲ့များသည် ဂျော်ဒန်၏ လေ့လာမှုတွင် အချိန်သတ်မှတ်ချက်ဖြစ်သော ၂ နှစ်တာကာလအတွင်း ပြိုကွဲသွားသည့် အဖွဲ့ ၃၀% သာ ရှိသော်လည်း ရေရှည်တွင်မူ ခေါင်းဆောင်များ သတ်ဖြတ်ဖမ်းဆီးမခံရသည့်အဖွဲ့ များထက် အဖွဲ့ပြိုကွဲပျက်စီးမှုနှုန်း များစွာပိုမြင့်သည်ဟု ဆိုသည်။ ဒုတိယအချက်မှာ ခေါင်းဆောင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ခံရချိန်တွင် အဖွဲ့သက်တမ်း နုလေ၊ ပိုမိုပျက်စီး ပြိုကွဲလွယ်လေ ဟုဆိုသည်။ တတိယအချက်မှာ အဖွဲ့အရွယ်အစားသည် အဖွဲ့သက်တမ်း အပေါ် အကျိုးသက်ရောက်မှု မရှိဟု ဆိုသည်။ နောက်ဆုံးအချက်မှာ ဘာသာရေးအခြေခံ အကြမ်းဖက်အဖွဲ့များသည် အမျိုးသားရေးအဖွဲ့များထက် ချေမှုန်းဖျက်ဆီးရန် ပိုလွယ်သည်ဟု ပရိုက်စ်က ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအခြေခံအကြမ်းဖက်အဖွဲ့များတွင် အဖွဲ့၏ ရည်မှန်းချက်နှင့် မဟာဗျူဟာများကို ပုံဖော်ခြင်းနှင့် အဓိပ္ပာယ်ကောက်ခြင်းတို့တွင် ခေါင်းဆောင်သည် အရေးကြီးသောကဏ္ဍမှ ပါဝင်ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက်နှိမ်နင်းရေးမဟာဗျူဟာတွင် ခေါင်းဆောင်မှုအား ဖြိုခွဲခြင်းအား အသုံးပြုခြင်းဖြစ်ပြီး အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို တတ်နိုင်သမျှ စောစော ပစ်မှတ်ထားချေမှုန်းသင့်သည်ဟု ဆိုသည်။
ယခုပြခဲ့သည့် နမူနာသုတေသန ၂ ခုတွင် ဂျော်ဒန်က အကြမ်းဖက်ခေါင်းဆောင်များကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းသည် ထိရောက်မှုမရှိဟု သုံးသပ်ခဲ့ပြီး ပရိုက်စ်က ထိရောက်မှု ရှိသည်ဟု ဆိုသည်။ သို့သော်လည်း ထိုလေ့လာမှု ၂ ခု စလုံးက အဖွဲ့များ၏အင်္ဂါရပ်၊ သို့မဟုတ် အဖွဲ့အစည်းများကြား ခြားနားသည့်အချက်များက အကြမ်းဖက်နှိမ်နင်းရေး နည်းလမ်းများ၏ ထိရောက်မှုကို အကျိုးသက်ရောက်မှုရှိသည်ဟု ထောက်ပြထားပြီး ၎င်းသည်ပင် ထိုလေ့လာမှု ၂ ခုမှ အရေးအကြီး ဆုံးသင်ခန်းစာ ဖြစ်ပါသည်။ အခြားသော အကြမ်းဖက်တန်ပြန်နည်းများ ကဲ့သို့ပင် ခေါင်းဆောင်မှုဖြိုခွဲရာတွင်လည်း အောင်မြင်မှုသည် ဆက်စပ်အခြေအနေများအပေါ် မူတည်နေပါသည်။ အဖွဲ့တစ်ခုသည် ခေါင်းဆောင်သေသွားသည်နှင့် ပြိုကွဲသွားနိုင်သော်လည်း အခြားအဖွဲ့ကမူ ခေါင်းဆောင်သေသွားသည်နှင့် ပိုမိုပြင်းထန်သည့်တိုက်ခိုက်မှုများ ပြုလုပ်လာ နိုင်ပါသည်။ ထို့ကြောင့် ခေါင်းဆောင်မှုအား ဖြိုခွဲခြင်းသည် အကြမ်းဖက်အဖွဲ့အားလုံးကို ဖြိုခွဲ နိုင်သည့်အဖြေမဟုတ်ပါ။ ဂျပန်မှ အုမ်မ်ဂိုဏ်းနှင့် ပီရူးမှ Shining Path အဖွဲ့တို့မှာ ခေါင်းဆောင် များအဖမ်းခံရသည်နှင့် ပြိုကွဲသွားခဲ့သော်လည်း ဟားမက် (Hamas) နှင့် ဂျာမနီမှ တပ်နီ တို့မှာ ခေါင်းဆောင်များ အသတ်ခံရ၊ အဖမ်းခံရသော်လည်း ပြိုကွဲသွားခြင်း မရှိပါ။
နောက်ထပ်အရေးကြီးသည့်အချက်မှာ လူ့အခွင့်အရေးဖြစ်သည်။ အမေရိကန် ပြည်ထောင်စုအနေဖြင့် ၎င်း၏ အကြမ်းဖက်မှုအပေါ် စစ်ပွဲတွင် တာလီဘန်၊ အယ်လ်ဂိုဒ်ဒါနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ခေါင်းဆောင်များကို သတ်ဖြတ်ရန် မောင်းသူမဲ့လေယာဉ်သုံး၍ တိုက်ခိုက်ခြင်းများ မကြာခဏ ဆောင်ရွက်နေပြီး ထိုအဖွဲ့များမှ အဆင့်မြင့်ခေါင်းဆောင် အများအပြား ထိုတိုက်ခိုက်မှုများတွင် သေဆုံးခဲ့ပါသည်။ သို့ရာတွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများတွင် အရပ်သားအများအပြားသေဆုံးခဲ့သဖြင့် အငြင်းပွားဖွယ်ရာများရှိပါသည်။ ထို့ပြင် ထိုတိုက်ခိုက်မှုများ၏ အကျိုးသက်ရောက်မှုမှာလည်း မေးခွန်းထုတ်စရာရှိပါသည်။ Standford တက္ကသိုလ်နှင့် New York တက္ကသိုလ်တို့၏ အစီရင်ခံစာအရ မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုများသည် အမေရိကန်ပြည်ထောင်စုကို ပိုမိုဘေးကင်းစေခြင်း ရှိ/မရှိ မသေချာဟု ဆိုသည်။
အချုပ်အားဖြင့်ဆိုရလျှင် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များကို ချေမှုန်းခြင်း၏ ထိရောက်မှုသည် အဖွဲ့အစည်း အမျိုးအစားပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များအား သုတ်သင်ခြင်း ၊ ဖမ်းဆီးခြင်းသည် အကြမ်းဖက် အဖွဲ့များကို ဖြိုခွဲရာတွင် ထိရောက်မှုရှိသည် ဆိုသော ယူဆချက်သည် တစ်စိတ်တစ်ပိုင်း မှန်သည်ဟု ဆိုနိုင်ပါသည်။
Reference; GeorgetownX: Terrorism and Counterterrorism, www.edx.org
Reference; Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org
အပိုင်း(၅) ဖတ်ရှုရန်- https://sacministry.gov.mm/my/article/4373