ခိုင်မာသောယုံကြည်ချက်နှင့်အတူ

Posted_Date

Image

ခိုင်မာသောယုံကြည်ချက်နှင့်အတူ

Body

နှစ်နိုင်ငံအရေးအတွက် အလေးအနက် ဆွေးနွေးကာ၊ အကျိုးတူ လုပ်ငန်းများတိုးပွားဖို့ပါ၊ ကြွယ်ဝတဲ့ နည်းပညာ မျှဝေကာ ဖြည့်ဆည်း။ ရွှေလမ်းမှာ ငွေလမ်းဆင့်လို့လမ်းဖွင့်သည်တည်း။

မြန်မာနှင့် ရုရှားနိုင်ငံ၏ မိတ်ဆွေရင်းချာဆက်ဆံရေးမှာ   ၁၉၄၈   ခုနှစ်ကတည်းကပင် စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင်မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင်ခဲ့ခြင်းဖြစ်သည်။  ယခုအခါမြန်မာ-ရုရှား ဆက်ဆံရေးမှာ ၇၇ နှစ်ကိုပင် ကျော်လွန်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ကမ္ဘာပေါ်တွင် နယ်မြေအကြီးမားအကျယ်ပြန့်ဆုံးနိုင်ငံတစ်ခုဖြစ်သလို ဩဇာအကြီးမားဆုံးနိုင်ငံတစ်ခုလည်းဖြစ်သည်။  လက်ရှိရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ  H.E.Vladimir  Vladimirovich  Putin တာဝန်ယူထားသည့်ကာလများအတွင်း ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်  ပိုမိုတိုးတက်ရောက်ရှိလာသည်။

နိုင်ငံတော်အကြီးအကဲ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin ၏ဖိတ်ကြားချက်အရ   ၂၀၂၅   ခုနှစ်မတ်လ ၃ ရက် ဒေသစံတော်ချိန် ညနေပိုင်းမှစတင်၍  မော်စကိုမြို့သို့  နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေခြင်းဖြစ်သည်။

ခရီးစဉ်၏ ဒုတိယနေ့တွင်  မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ  လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Sergey Kuzhugetovich Shoigu   နှင့်  တွေ့ဆုံဆွေးနွေးခြင်း၊ဒူးမားလွှတ်တော်ဥက္ကဋ္ဌ    H.E. Mr.Vyacheslav  Volodin  နှင့်  တွေ့ဆုံဆွေးနွေးခြင်း၊    ဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Valentina Matviyenko နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ရုရှားဖက်ဒရေးရှင်းနိုင်ငံ   အစိုးရအဖွဲ့ဝန်ကြီးချုပ် H.E. Mikhail VladimirovichMishustim နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ဖြင့် တစ်နေ့တာလုံး အချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေခဲ့သည်။

ဒေသစံတော်ချိန် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. VladimirVladimirovich Putin နှင့် သီးခြားတွေ့ဆုံဆွေးနွေးရန် လုံခြုံရေးယာဉ်တန်းခြံရံထားသော အထူးယာဉ်တန်းဖြင့် ကရင်မလင်နန်းတော်သို့ ထွက်ခွာခဲ့သည်။

ကရင်မလင်သည် ကမ္ဘာပေါ်တွင် ထင်ရှားသော   အရပ်ဌာနေတစ်ခုဖြစ်သည်။ နိုင်ငံတော်အာဏာအရပ်ရပ်တို့တည်ရာအဖြစ်အမေရိကန်၌ “အိမ်ဖြူတော်”  အား  နာမ်စားသုံးစွဲသကဲ့သို့ ရုရှားနိုင်ငံအတွက်  “ကရင်မလင်”  ကို ကိုယ်စားပြုသုံးစွဲလေ့ရှိသည်။

ကရင်မလင်မှာ    မော်စကိုမြို့ကိုရည်ညွှန်းပြီး မြို့တော်ကြီးဟုအဓိပ္ပာယ်ရသည်။ မော်စကိုမှာ သမိုင်းဝင်မြို့တစ်မြို့ဖြစ်၍   မြို့ဟောင်းနေရာမှာ ၁၈၁၂ ခုနှစ်က နပိုလီယံတပ်များ  ဝင်ရောက်ဖျက်ဆီးရာမှ ကြွင်းကျန်ခဲ့ခြင်းဖြစ်သည်။ ကရင်မလင်ရပ်ကွက်တွင် ရှေးဘုရင်တို့၏ နန်းတော်ဆောင်များနှင့် ရွှေရောင်ပေါင်းမိုးဘုံအဆင့်များတပ်ဆင်ထားသည့် ၁၅ ရာစု၊ ၁၆ ရာစု ဗိသုကာလက်ရာဝတ်ကျောင်းကြီးများရှိသည်။

ကရင်မလင်နှင့်တွဲလျက်တည်ရှိသော ရင်ပြင်နီ (Red Square) ကို မော်စကို၏ အသည်းနှလုံးဟုပင်  တင်စားခေါ်ဝေါ်ကြသည်။ ရာဇဝင်တွင်မည့် ကြီးမားသောအဖြစ်အပျက်ကြီးများ၊ သမိုင်းအလှည့် အပြောင်းများမှာ သည်ရင်ပြင်နီပေါ်တွင် ဖြတ်သန်းစီးဆင်းခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံတော်အကြီးအကဲဦးဆောင်သော    အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတက အိမ်ရှင်၏ကြိုလင့်မှုဖြင့်စောင့်စား၍ ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။ ခေါင်းဆောင်နှစ်ဦး၏တွေ့ဆုံနှုတ်ဆက်မှုမှာ ဖက်လဲတကင်းရှိလှသည်။ ရင်းချာသောအသွင်ရှိ၍ လေးနက်သောအဓိပ္ပာယ်ကိုဆောင်သည်။ တစ်ခဏသော လက်ဆွဲနှုတ်ဆက်မှုတွင် အဓိပ္ပာယ်များစွာပါ၍ ခေါင်းဆောင်နှစ်ဦး၏အပြုံးမှာ  အသက်ဝင်လွန်းလှသည်။ စီမံခန့်ခွဲနေရသည့် ခေါင်းဆောင်နှစ်ဦး၏  ယုံကြည်ချက်၊  ခံယူချက်နှင့်ကြိုးပမ်းချက်များကို တင်းတင်းဆွဲကိုင်လိုက်ကြသောလက်အစုံတွင်  တွေ့မြင်နိုင်သည်။

အိမ်ရှင်နှင့် ဧည့်ကောင်းဆောင်ကောင်း ခေါင်းဆောင်နှစ်ဦးတို့၏ သီးခြားတွေ့ဆုံဆွေးနွေးမှုသည်  မကြာမီကာလတွင်စတင်တော့မည်ဖြစ်သည်။

အိမ်ရှင်နိုင်ငံ့ခေါင်းဆောင်၏ ကနဦးစကားတွင် ဒုတိယအကြိမ်ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် ယခုခရီးစဉ်မှသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်  ပူးပေါင်းဆောင်ရွက်မှုအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းဖြင့် စသည်။ ဆက်လက်ပြောကြားမှုတွင် မြန်မာနိုင်ငံအပေါ် ရုရှားနိုင်ငံ၏သဘောထားနှင့် အလေးအနက်ထားမှုက ကျေနပ်ဖွယ်ကောင်းလှသည်။

ယခုခရီးစဉ်အတွင်းမှာပင်  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများအတွက် သဘောတူစာချုပ်များကို   လက်မှတ်ရေးထိုးနိုင်မည်ဟုဆိုသည်။ အရာရာသည် ကြောင်းကျိုးဆက်နွှယ်မှုမှကင်း၍မဖြစ်စကောင်း။ အကြောင်းရှိ၍ အကျိုးထင်ရခြင်းပင်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်း၏ ရလဒ်ကောင်းများမှာ သိသိသာသာမြင့်တက်နေပြီဖြစ်သည်။ အိမ်ရှင်နိုင်ငံ့ခေါင်းဆောင်က  နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများမှာ   ယခင်ကထက်   ပိုမိုတိုးတက်လာပြီဖြစ်ကြောင်း၊ ရုရှားနှင့်မြန်မာမှာ     နိုင်ငံတကာမျက်နှာစာတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆက်လက်ညွှန်းဆိုသည်။

နိုင်ငံတော်အကြီးအကဲကလည်း   အပြန်အလှန်ကျေးဇူးတုံ့ပြန်စကားဖြင့်စသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကာလကိုညွှန်းဆိုရင်း ထူးခြားသည့်သမိုင်းကြောင်းရှိသည့်ဆက်ဆံရေးအဖြစ် ဂုဏ်ပြုစကားဆိုသည်။  ရုရှားနိုင်ငံမှာ  ခရီးဝေးကွာသော်လည်း မြန်မာနိုင်ငံအတွက် ချစ်ကြည်ရင်းနှီးသည့်  မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းကိုအလေးအနက်စကားဆိုသည်။  ယခုတွေ့ဆုံမှုမှာ   နိုင်ငံ့ခေါင်းဆောင်နှစ်ဦးအတွက် ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်သည်။  ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်းက(၇)ကြိမ်မြောက်  အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ ကောင်းမွန်သောရလဒ်ကောင်းများထွက်ပေါ်လာအောင်   ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီးလည်းဖြစ်သည်။

ဆက်လက်၍  နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊   ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ပညာသင်ကြားရေးကဏ္ဍ၊ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့် ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ကဏ္ဍပေါင်းစုံဟူသောအသုံးအနှုန်းက ကျယ်ပြန့်လှသည်။  ကဏ္ဍတစ်ခုတည်း၊အနည်းငယ်မျှသောကဏ္ဍ၊ ကဏ္ဍအချို့စသည့်ကန့်သတ်ချက်မပါ။ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များတွင်ကဏ္ဍပေါင်းစုံဟုသုံးနှုန်းသည်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး အစချီသည့်   ကဏ္ဍနယ်ပယ်ကမနည်းလှ။ တစ်ပွင့်တည်းသောပန်းအတွက် ရည်ရွယ်၍ ဆွေးနွေးနေကြခြင်းမဟုတ်။ပန်းပေါင်းစုံသောပန်းခင်းကြီးအဖြစ် ရည်ရွယ်ရှုမြင်သည်ဟု ဆိုနိုင်သည်။

ဆွေးနွေးမှုသည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအရင်းတည်၍ တိုးတက်ခြင်းဟူသော အပြုသဘောကိုဆောင်သည့်ဘက်သို့ လှမ်းသည်။ နယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံအတွက်ရလိုက်သည့်အကျိုးရလဒ်ကားမနည်းလှ။ ထို့နောက် နိုင်ငံ့ခေါင်းဆောင်နှစ်ဦးသည်နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်အကြီးအကဲနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦး၊    ကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဗိုလ်ချုပ်ကြီးမိုးအောင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်အတူ ရုရုားဖက်ဒရေးရှင်းနိုင်ငံ   နိုင်ငံခြားရေးဝန်ကြီး၊  ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏  နိုင်ငံခြားရေးမူဝါဒဆိုင်ရာပြည်ပဆက်ဆံရေးလက်ထောက်အရာရှိ၊  စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊ တာဝန်ရှိသူများနှင့်အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဝန်ကြီးများက ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊  ကုန်ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုကဏ္ဍ၊  စီးပွားရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊  အာကာသသိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍနှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်သည့်ကဏ္ဍများနှင့်ပတ်သက်၍  အပြန်အလှန်ဆွေးနွေးကြသည်။ သက်ဆိုင်ရာဝန်ကြီးများ၏   ဆွေးနွေးမှုများအပေါ်နိုင်ငံတော်အကြီးအကဲနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတတို့က ထပ်မံဖြည့်စွက်ဆွေးနွေးပေးသည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍   အပြုသဘောဆောင်သော  ဆွေးနွေးချက်များမှာ နိုင်ငံနှင့်လူမျိုးအတွက် ကျေနပ်အားရဖွယ်ပင်ဖြစ်သည်။ အချုပ်အခြာအာဏာခိုင်ခံ့တည်မြဲရေး၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့်  လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးတို့အတွက် အပြန်အလှန်ကတိကဝတ်များနှင့် အားပေးထောက်ခံရပ်တည်မှုများမှာ သမနိရှည်ကြာခဲ့ပြီဖြစ်သည့် နှစ်နိုင်ငံဆက်ဆံရေး၏ အနှစ်သာရကို ထပ်လောင်း၍ အဓိပ္ပာယ်ပြည့်ဝလေးနက်စေခဲ့သည်။

တစ်ဆက်တည်းမှာပင် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့်   နားလည်မှုစာချွန်လွှာများလက်မှတ်ရေးထိုးလဲလှယ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်သည်။

နှစ်နိုင်ငံအကြား  ပညာရေးအရည်အချင်းသတ်မှတ်ချက်နှင့် ပညာရပ်ဆိုင်ရာဘွဲ့၊ ဒီဂရီများ အပြန်အလှန်အသိအမှတ်ပြုရေးဆိုင်ရာ သဘောတူစာချုပ်၊ အကောက်အခွန်ဆိုင်ရာ  သဘောတူညီချက်များ၊ကျန်းမာရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍတွင်ပူးပေါင်းဆောင်ရွက်ခြင်း စာချွန်လွှာများ၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရာတွင်   နျူကလီးယားနှင့်ဓာတ်ရောင်ခြည်ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဆိုင်ရာ စီးပွားရေးနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများ၊  ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် ပြင်ပအာကာသစူးစမ်းလေ့လာရေးနှင့် အသုံးပြုမှုနယ်ပယ်တွင်ပူးပေါင်းဆောင်ရွက်ရေး  နားလည်မှုစာချွန်လွှာနှင့်  နှစ်နိုင်ငံအကြားရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့်  အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူညီချက်စာချုပ်(မူကြမ်း)အပေါ်ဆွေးနွေးညှိနှိုင်းမှုအောင်မြင်စွာပြီးမြောက်ခြင်းနှင့်စပ်လျဉ်းသည့် ပူးတွဲကြေညာချက်တို့ပင်ဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက   ရုရှားဖက်ဒရေးရှင်းနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် နိုင်ငံ့ခေါင်းဆောင်နှစ်ဦးတို့၏ ရှေ့မှောက်တွင် အသီးသီးလက်မှတ်ရေးထိုး၍ လဲလှယ်ခဲ့ကြသည်။

လေးစားထိုက်သော   လုပ်ငန်းမှန်သမျှတွင် ဖြတ်လမ်းဟူ၍ မရှိ။ အဆင့်ဆင့်ဆောင်ရွက်ရသည်သာဖြစ်၏။ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှု ကနဦးရလဒ်အဖြစ်  နှစ်နိုင်ငံပူးတွဲကြေညာချက်များကို   မီဒီယာများသို့ အပြန်အလှန်ပြောကြားခဲ့သည်။ တစ်နည်းအားဖြင့် အတူယှဉ်တွဲ စဉ်မြဲချစ်ကြင်စွာရှိနေကြသည့် နိုင်ငံနှစ်နိုင်ငံမှ ကမ္ဘာကြီးသို့ သတင်းစကားပါးလိုက်ခြင်းဟုလည်း ဆိုနိုင်မည်ထင်သည်။

အိမ်ရှင်နိုင်ငံ့ခေါင်းဆောင်က သတင်းမီဒီယာသမားများရှေ့မှောက်တွင် နိုင်ငံတော်အကြီးအကဲ၏ ချစ်ကြည်ရေးခရီးစဉ်ကိုကြိုဆိုကြောင်းနှင့် နှစ်နိုင်ငံအကြား ယုံကြည်စိတ်ချရသည့် ဆက်ဆံရေးရှိကြောင်း အတိအလင်းဆိုသည်။ ဆက်လက်၍  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများကို အဓိကထားဆွေးနွေးသွားသည်။

၁၉၄၈ ခုနှစ်ကစပြီး ရုရှားနိုင်ငံသည် မြန်မာနိုင်ငံလွတ်လပ်ရေးကို ပထမဆုံးအသိအမှတ်ပြုခဲ့ကြောင်း၊ ပညာရှင်များ၏အကူအညီဖြင့် မြန်မာ နိုင်ငံ၏ပညာရေးနဲ့ ကျန်းမာရေးနယ်ပယ်တွင် အရေးကြီးသည့်စီမံကိန်းများ  အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ အခုလက်ရှိတွင်လည်းရုရှားနိုင်ငံက  မြန်မာစက်မှုစီးပွားရေးအခန်းကဏ္ဍများတွင် အကူအညီပေးလျက်ရှိကြောင်း၊ ပြည်တွင်းရေးအခြေအနေကိစ္စရပ်များ ကောင်းမွန်စေရန်အတွက်ကိုလည်း ထောက်ခံအားပေးနေကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့်နှစ်မှစ၍ ၄၀ ရာခိုင်နှုန်းခန့်တိုးမြှင့်ခဲ့သည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြင့်မားတိုးတက်လာပုံကိုမီးမောင်းထိုးပြသည်။   အပြန်အလှန်ကုန်သွယ်ရေးတိုးတက်မြင့်မားစေရန်အဆင်သင့်ရှိနေကြောင်း လမ်းဖွင့်ပြောဆိုသည်။

ဆိုခဲ့သလိုပင် မြေပြင်၌လည်း နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကော်မရှင်က တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေသည်မှာ   လက်တွေ့သာဓကတစ်ရပ်ဖြစ်၏။ မကြာသေးခင်ကပင် ကုန်သွယ်ရေးကော်မရှင်အစည်းအဝေးကို နေပြည်တော်တွင် ကျင်းပနိုင်ခဲ့သည်။

စွမ်းအင်အခန်းကဏ္ဍအတွက်  အရေးကြီးဆုံးသော    မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်နိုင်မှုမှာ   မြန်မာနိုင်ငံတွင် အသေးစားအဏုမြူဓာတ်အားပေးစက်ရုံဆောက်လုပ်ရေးအတွက် သဘောတူညီခဲ့ခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အားပေါပေါများများပေးနိုင်တော့မည့်အစီအစဉ်ပင်ဖြစ်သည်။   လျှပ်စစ်ဓာတ်အားနှင့်ဆက်စပ်၍ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရပ်ပိုင်းဆိုင်ရာများအထိပါ လွှမ်းခြုံအကျိုးပြုစေနိုင်မှာ အသေအချာပဲဖြစ်သည်။  အခြားသောစက်မှုနှင့် အဆင့်မြင့်နည်းပညာနယ်ပယ်များတွင်လည်း ပူးတွဲစီမံကိန်းတစ်ရပ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။

ရုရှားနိုင်ငံ၏  အာကာသနယ်ပယ်အောင်မြင်မှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံကိုကူညီနိုင်မည့် အခန်းကဏ္ဍ၊  ယဉ်ကျေးမှုနယ်ပယ်နှင့် လူသားချင်းစာနာမှုနယ်ပယ်တို့တွင်  ပူးပေါင်းဆောင်ရွက်မည့်အကြောင်းပြောသည်။ နိုင်ငံ့ခေါင်းဆောင်တို့သည် အပြန်အလှန် ဘာသာရေးဆိုင်ရာဌာနများခွင့်ပြုစေခြင်းဖြင့် သဘောထားကြီးမြင့်မှုနှင့် နှလုံးရည်ထက်မြက်မှုကို ပြသသည်။

မိမိတို့နိုင်ငံသည်   လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည့်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်သည့်   ပေါင်းဖက်ဆက်ဆံရေးကိုသာရှေးရှုသောနိုင်ငံဖြစ်သည်။ အိမ်ရှင်နိုင်ငံ့ခေါင်းဆောင်က  နိုင်ငံတကာပြဿနာအများစုနှင့်ပတ်သက်၍  ရုရှား-မြန်မာရပ်တည်ချက်များ ကိုက်ညီကြောင်းဆိုသည်။ သူ့အနေဖြင့် အပြုသဘောဆောင်သည့်လုပ်ဆောင်ချက်များမှတစ်ဆင့်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်အသီးသီးတွင်  ဆတက်ထမ်းပိုးတိုးတက်လာမည်ဟု ခိုင်ခိုင်မာမာယုံကြည်ကြောင်း ပြောဆိုသွားသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ တည်ငြိမ်သည့်အပြောတွင် ရည်မှန်းချက်ပါသည်ကို သတိပြုမိသည်။

နိုင်ငံတော်အကြီးအကဲက   ရုရှားနိုင်ငံမှာအရေးပါပြီး ယုံကြည်ရသည့်မိတ်ဆွေနိုင်ငံဖြစ်သဖြင့် အပြန်အလှန်ယုံကြည်မှု၊ နားလည်မှု၊ လေးစားမှုများနှင့် အခြေခံတည်ဆောက်ထားသည့် နှစ်နိုင်ငံဆက်ဆံရေးကို  အထူးတန်ဖိုးထားပါကြောင်း    မီဒီယာများရှေ့မှောက်တွင်အလေးအနက်ထားပြောသည်။ အကြီးအကဲက  နှစ်နိုင်ငံအကြား  ၇၇  နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော သံတမန်ဆက်ဆံရေးနှင့်    ချစ်ကြည်ရင်းနှီးမှုတို့   ပိုမိုနက်ရှိုင်းလာသည့်နည်းတူ နယ်ပယ်စုံ၌ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအောင်မြင်တိုးတက်လျက်ရှိသည်ကို ညွှန်းဆိုခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီးနှင့် နှစ်နိုင်ငံ၏ နိုင်ငံတကာအခြေအနေအရပ်ရပ်အပေါ် ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့မှုကိုလည်း မမေ့မကျန်စကားဆိုသည်။ ထို့အတူ ရုရှားနိုင်ငံအစိုးရအဖွဲ့ဝန်ကြီးချုပ်၊  လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးတို့နှင့် တွေ့ဆုံဆွေးနွေး၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု  ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုမြှင့်တင်ရေးတို့အတွက် အခြေအနေကောင်းများကိုလည်း ပြောကြားသည်။ အကြီးအကဲညွှန်းဆိုသကဲ့သို့ပင် မိတ်ဆွေကောင်း၊မိတ်ဆွေဟောင်းနိုင်ငံများပီပီ နှစ်ဖက်ယုံကြည်စိတ်ချစွာ   ဆွေးနွေးနိုင်မှုများကြောင့် သဘောတူညီချက် ၁၀ ခုကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်သည်။ ခရီးစဉ်အတွင်းမှာပင်  စိန့်ပီတာစဘတ်မြို့နှင့်  နိုဗိုစီဗစ်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးများကို တရားဝင်ဖွင့်လှစ်သွားမည်ဖြစ်သည်။သို့အတွက်  နှစ်နိုင်ငံအကြား ဆွေးနွေးဖလှယ်မှုများနဲ့ ပူးပေါင်း‌ဆောင်ရွက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊   သိပ္ပံနှင့်နည်းပညာ၊လျှပ်စစ်စွမ်းအား၊  စက်မှုနှင့်စွမ်းအင်ကဏ္ဍတို့အပါအဝင် အကျိုးတူကဏ္ဍစုံ ပူးပါင်းဆောင်ရွက်မှုများတွင်  ရရှိပြီးဖြစ်သောအခြေအနေကောင်းများကို ဆက်လက်သယ်ဆောင်၍ အရှိန်အဟုန်တိုးမြှင့်နိုင်တော့မည်ဖြစ်သည်။

ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနှင့် ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေသည့်ကိစ္စရပ်မှန်သမျှကို မြန်မာနိုင်ငံက အပြည့်အဝရပ်တည်ကြောင်းနှင့် နောင်အနာဂတ်ကာလတွင်လည်း နှစ်နိုင်ငံအကြား အပြည်ပြည်ဆိုင်ရာမျက်နှာစာတွင် နီးကပ်စွာ   ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လေးနက်တည်ကြည်စွာ  ထပ်လောင်းပြောကြားသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီးအား အခါအခွင့်သင့်သည့်အခါတွင်  မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်နိုင်ရန်အပြန်အလှန်ဖိတ်မန္တကပြုခြင်းအားဖြင့်နှစ်နိုင်ငံ ပူးတွဲကြေညာခြင်းအစီအစဉ်ကို လှပစွာအနားသတ်လိုက်လေသည်။

ပြင်ပရှိဩကာသလောကဓာတ်တစ်ခွင်၌   နေ့တစ်နေ့ကုန်ဆုံးတော့မည်ဖြစ်သော်လည်း နိုင်ငံ့ခေါင်းဆောင်များ၏ သတင်းစကားကို စောင့်မျှော်နေကြသော သက်ဆိုင်ရာပြည်သူတို့၏ရင်တွင်းကိုယ်စီ၌မူ   ပိုမိုအားကောင်းသော  မျှော်လင့်ချက်ရောင်စဉ်တန်းများဖြင့်   လင်းလက်တောက်ပနေကြလိမ့်မည်ဟု….။       ။

Source: https://myawady.net.mm/stories