လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုလှပသောအနာဂတ်ကို အတူလက်တွဲဖန်တီးကြပါစို့
Posted_Date
Image

Body
၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်တွင် (၈) ကြိမ်မြောက် “လန်ချန်း-မဲခေါင် သီတင်းပတ်” ရောက်ရှိလာပြီဖြစ်သည်။ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု စတင်ချိန်မှစ၍ အလျင်အမြန်တိုးတက်ပြီး ထင်ရှားသောရလဒ်များရရှိခဲ့ကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ “ရွှေရောင်ပလက်ဖောင်း” ဖြစ်လာခဲ့သည်။ ကျွန်မသည် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်သည့် နှစ်ဝက်ကျော် ကာလအတွင်း လန်ချန်း-မဲခေါင်စီမံကိန်း ၇ ခု ၏ အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး စီမံကိန်းများစွာကိုလက်တွေ့သွားရောက် စစ်ဆေးခဲ့သဖြင့် မြန်မာနိုင်ငံ၏ ရွှေရောင်မြေပေါ်တွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များ ဝေဝေဆာဆာဖူးပွင့်နေသည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီးလန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏အမြန်နှုန်း၊ အင်အားနှင့်နက်ရှိုင်းမှုကို ကိုယ်တိုင်ခံစားခဲ့ရသည်။ “ရွှေရောင်ပလက်ဖောင်း”၏ “ထိရောက်မှုနှုန်းထား” သည် အလွန်မြင့်ပါသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အမြဲဖွံ့ဖြိုးရေးကို အဓိကထားပြီး ပြည်သူ့လူနေမှုဘဝကို အခြေခံသောရည်ရွယ်ချက်နှင့် မူလရည်မှန်းချက်ကို စွဲကိုင်ထားသောကြောင့် လက်တွေ့ဘဝနှင့်နီးစပ်ပြီး ပြည်သူများအတွက်အကျိုးကျေးဇူးများစွာရရှိစေကာ ထိရောက်သောလုပ်ဆောင်မှုများကို ဖော်ဆောင်နေပါသည်။ တရုတ်နိုင်ငံ၏ထောက်ပံ့ထားသော ရန်ပုံငွေဖြင့် တည်ထောင်ထားသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည်မြန်မာနိုင်ငံတွင်စီမံကိန်း ၁၁၈ ခုလုပ်ဆောင်ခဲ့ပြီး ၎င်းတို့အနက်စီမံကိန်း ၇၂ ခုမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။ ထိုစီမံကိန်းများသည် ပြည်သူများ၏ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့်ဝင်ငွေတိုးတက်ရေးစသောဖွံ့ဖြိုးရေးနှင့် ပြည်သူ့လူနေမှုဘဝနှင့် သက်ဆိုင်သော ပြဿနာများကို အဓိကဖြေရှင်းပေးနေပါသည်။ ရန်ပုံငွေ၏ပံ့ပိုးကူညီမှုဖြင့် ရှမ်းပြည်နယ်ရှိ ကုန်းကြမ်း၊ ဆင်တောင်၊ ကျောက်တော်ကျေးရွာတို့မှ ရွာသူရွာသား၂၀၀၀ ခန့်သည် သန့်ရှင်းသောသောက်သုံးရေကို ရရှိခဲ့ကြသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ဘုတ်ပြင်းခရိုင်မှ ကံမော်ကြီးကျေးရွာ၊ ရေငံကြီး ကျေးရွာတို့မှ ရွာသူရွာသား ၂၇၀၀ ခန့်သည် ဆိုလာအသေးစားဓာတ်အားပေးစနစ်မှတစ်ဆင့် ၂၄ နာရီလျှပ်စစ်မီးရရှိခဲ့ပြီး လျှပ်စစ်သုံးစွဲမှု ကုန်ကျစရိတ်ကို ၆၀ ရာခိုင်နှုန်းကျော်လျှော့ချနိုင်ခဲ့ကြသည်။ ကော်ဖီ၊ ရော်ဘာ၊ သစ်သီး၊ပိုးမွေးမြူရေးနှင့် ရေထွက်ပစ္စည်းများစသည့် စိုက်ပျိုးမွေးမြူရေးစီမံကိန်းများမှတစ်ဆင့် ကျေးလက်ဒေသမှ လယ်သမားများကို အရည်အသွေးမြင့်မျိုးစေ့များ၊ လေ့ကျင့်ရေးသင်တန်းများကို အခမဲ့သင်ကြားပို့ချပေးခဲ့ပြီး ထုတ်လုပ်မှုတိုးတက်စေရန်၊ ဝင်ငွေတိုးစေရန်နှင့် အလုပ်အကိုင်ဝင်ရောက်ခွင့်များ တိုးပွားလာအောင်ကူညီပေးခဲ့သည်။ “သေးငယ်သော်လည်းလှပဆဲ” စီမံကိန်းများသည် မြန်မာပြည်သူများ၏ တောက်ပသောဘဝ အတွက်မျှော်လင့်ချက်များကို ပံ့ပိုးပေးနေပြီး သာယာလှပသောအိမ်များကိုတည်ဆောက်ရာတွင် ကူညီပေးနေပါသည်။လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် အိမ်နီးချင်းနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အမြဲကျင့်သုံးပါသည်။ပူးပေါင်းဆောင်ရွက်မှုတွင် တိုင်ပင်ဆွေးနွေးမှုများရှိပြီး ဆက်ဆံရေးတွင်ချစ်ကြည်ရင်းနှီးမှုရှိ၍ အချင်းချင်းသက်သောင့်သက်သာရှိမှုကို အပြည့်အဝထည့်သွင်းစဉ်းစားပြီး မည်သည့်နိုင်ငံရေးအကြောင်းအရာများကိုမှ မချိတ်ဆက်ထားပါ။ မိမိတို့၏နိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် အပြန်အလှန်ထောက်ခံကြပါသည်။ မြန်မာနိုင်ငံရှိ လန်ချန်း-မဲခေါင် စီမံကိန်းများ၏ အကောင်အထည်ဖော်သူများသည် မြန်မာပြည်သူများ၏လက်တွေ့လိုအပ်ချက်များကိုအခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုများကိုလွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိပါသည်။တရုတ်သံရုံးသည် စီမံကိန်းအကောင်အထည်ဖော်သူများ၊ ပါဝင်သူများနှင့်အကျိုးခံစားသူများ၏ လိုအပ်ချက်များကို အခြေခံ၍မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အမျိုးသားညှိနှိုင်းရေးအဖွဲ့နှင့်ရင်းနှီးစွာတွဲဖက်ဆောင်ရွက်ပြီး တရုတ်ပညာရှင်များ၊ နည်းပညာကျွမ်းကျင်သူများနှင့် လုပ်ငန်းများကို စီမံကိန်းများအတွက်အကူအညီပေးရန် ညှိနှိုင်းပေးကာ ပိုမိုကောင်းမွန်သော စီမံကိန်းရလဒ်များရရှိစေရန် အတူတကွကြိုးပမ်းဆောင်ရွက်နေပါသည်။
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ ပွင့်လင်းမြင်သာသော သဘောထားနှင့် ဦးတည်ချက်ကို အမြဲကျင့်သုံးပါသည်။ ပိတ်ဆို့ခြင်း “အသေးစားစက်ဝိုင်း” များကို မလုပ်ဆောင်ဘဲ တံခါးများပွင့်ပွင့်လင်းလင်း ဖွင့်လှစ်ပြီးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပါသည်။ မဟာမဲခေါင်ဒေသခွဲစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ယန္တရားများနှင့်ပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်းအသိုက်အဝန်းတည်ဆောက်ရာတွင် ပူးပေါင်းကူညီကာ ဒေသတွင်းအုပ်ချုပ်မှုကို ပြည့်စုံစေရန်အတွက် “လန်ချန်း-မဲခေါင် အစီအစဉ်” နှင့် “လန်ချန်း-မဲခေါင် ဉာဏ်ပညာ” ကို ပံ့ပိုးပေးနေပါသည်။
လွန်ခဲ့သော ၉ နှစ်အတွင်းက ခြောက်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၏မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် တဖြည်းဖြည်းပိုမိုပြည့်စုံလာပြီး ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များ ဆက်လက်ကျယ်ပြန့်လာကာ အတွင်းအားများအဆက်မပြတ်မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်စွာမြှင့်တင်ပေးနိုင်ခဲ့သည်။ နိုင်ငံခြောက်နိုင်ငံအကြား နိုင်ငံရေးယုံကြည်မှုသည် ဆက်လက်နက်ရှိုင်းလာပြီးနှစ်နိုင်ငံဆက်ဆံရေးနှင့်ဘက်ပေါင်းစုံ အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို အကောင် အထည်ဖော်ရာတွင် အပြည့်အဝလွှမ်းခြုံနိုင်ခဲ့သည်။ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးခေတ်၏ ရှေ့ဆုံး၌ အတူတကွလျှောက်လှမ်းနေကြသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုစွမ်းအားသည် တစ်နေ့တခြားပိုမိုအားကောင်းလာပြီး တရုတ်နိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းဒေသငါးနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၂၀၀ ဘီလီယံကျော်လွန်သွားခဲ့သည်။ ယခုပမာဏသည် လွန်ခဲ့သော ၁၀ နှစ်ကထက် နှစ်ဆပိုများပြီး တရုတ်-လာအို၊ တရုတ်-ထိုင်း ရထားလမ်းများ၊ ကမ္ဘောဒီးယား-တရုတ် အမြန်လမ်းမကြီးကဲ့သို့သောစီမံကိန်းများသည် “ရွှေလမ်းမကြီး”ကို ဖောက်လုပ်ပေးခဲ့သည်။ အမြန်ရထား၊ လေဆိပ်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်စွမ်းအားတို့သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော လန်ချန်း-မဲခေါင်အဖြစ် အရှိန် မြှင့်ပေးနေသည်။ “လန်ချန်း-မဲခေါင် ချစ်ကြည်ရေး” သည် ပိုမိုနက်ရှိုင်းလာပြီး “နေရောင်ခြည်စွမ်းအင်ကျေးရွာစီမံကိန်း” သည် ထောင်ပေါင်းများစွာသောအိမ်ထောင်စုများအတွက် လျှပ်စစ်မီးဖြင့် အလင်းရောင်ထွန်းလင်းစေခဲ့သည်။ “စမ်းရေချိုလှုပ်ရှားမှု” (Operation Sweet Spring)သည် ထောင်ပေါင်းများစွာသော ရွာသူရွာသားများအတွက် သန့်ရှင်းသောသောက်သုံးရေကို ရရှိစေခဲ့သည်။“လန်ချန်း-မဲခေါင် အမြင်အာရုံပြန်လည်ရရှိရေးလှုပ်ရှားမှု” သည် ရေတိမ်ရောဂါခံစားနေရသော လူနာရာပေါင်းများစွာကိုပြန်လည်အမြင်အာရုံရစေခဲ့သည်။ တရုတ်နိုင်ငံမှ ထုတ်ပေးသော “လန်ချန်း-မဲခေါင်ဗီဇာ” သည် နိုင်ငံခြောက်နိုင်ငံမှပြည်သူများကြား ပိုမိုရင်းနှီးစွာဆက်ဆံလာစေရန် တွန်းအားပေးခဲ့သည်။ “လန်ချန်း-မဲခေါင် လုံခြုံအေးချမ်းရေး” တည်ဆောက်မှုသည် ပိုမိုနက်ရှိုင်းစွာ အကောင် အထည်ဖော်လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုစင်တာ၏ “စင်ရော်” ပူးပေါင်းလှုပ်ရှားမှုဖြင့် မှုခင်းသံသယရှိ ခုနစ်သောင်းကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်။ ဤသို့ဖြင့်ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့်ပစ္စည်းဥစ္စာများကို ထိရောက်စွာကာကွယ်ပေးနိုင်ခဲ့ပြီး ဒေသတွင်း လုံခြုံရေးနှင့်တည်ငြိမ်မှုကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ခဲ့သည်။
မကြာသေးမီက အောင်မြင်စွာ ပြီးဆုံးခဲ့သော တရုတ်နိုင်ငံ၏ Two Sessions အစည်းအဝေးတွင် တရုတ်နိုင်ငံသည် ထာဝရတံခါးဖွင့် ပွင့်လင်းမြင်သာမှုကို မြဲမြံစွာကိုင်စွဲထားမည်ဖြစ်ပြီး စနစ်တကျ တံခါးဖွင့်ပွင့်လင်းမြင်သာမှုကို တည်ငြိမ်စွာတိုးချဲ့သွားမည်ဟု အတည်ပြုခဲ့သည်။ ထို့ပြင် ကိုယ်ပိုင်ပွင့်လင်းမှုနှင့် တစ်ဖက်သတ်ပွင့်လင်းမှုကို စနစ်တကျ တိုးချဲ့သွားမည်ဖြစ်ကာ ပွင့်လင်းမှုဖြင့် ပြုပြင်ပြောင်းလဲမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်သွားမည်ဟု ထပ်လောင်းဖော်ပြခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် Two Sessions အစည်းအဝေးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထူးဖော်ပြခဲ့သည်မှာ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများသို့ပွင့်လင်းမှုကို ဆက်လက်တိုးချဲ့သွားမည်ဖြစ်ပြီး တစ်ဖက်သတ်ပွင့်လင်းမှုများလည်း ပါဝင်မည်ဖြစ်ကာ အိမ်နီးချင်းနိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို မျှဝေသွားမည်ဖြစ်သည်။ ၎င်းသည် ဒေသတွင်းနှင့်ကမ္ဘာတစ်ဝန်းအတွက်စွမ်းအားအသစ်များ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက်အခွင့်အလမ်းသစ်များ ယူဆောင်လာပေးနိုင်မည်ဖြစ်သည်။ ဒီနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်ဖြစ်ပြီး နှစ်နိုင်ငံကြား ဆက်ဆံရေးသည် သမိုင်းဝင်စမှတ်အသစ်သို့ ရောက်ရှိနေပြီဖြစ်သည်။ကျွန်တော်တို့သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်းအကောင်အထည်ဖော်ရာ၌ နှစ်နိုင်ငံဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်မှုအသစ်ရရှိစေရန် မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါတယ်။
မြန်မာစကားပုံတွင် “တောင်ကြီးဖဝါးအောက်၊ လှိုင်းကြီးလှေအောက်” ဟူသော ဆိုရိုးစကားအတိုင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းလက်တွဲကာ၊ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက် သမိုင်းဝင်ခရီးတွင် အပြန်အလှန်ဖေးမကူညီကာတရုတ်-မြန်မာနှင့် လန်ချန်း-မဲခေါင် အေးအတူပူအမျှအသိုက်အဝန်းတို့၏ စာမျက်နှာသစ်ကို အတူတကွ ရေးသား၍ တရုတ်-မြန်မာဆက်ဆံရေးနှင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတို့၏ ပိုမိုလှပသောအနာဂတ်ကို အတူတကွဖန်တီးရန် ဆန္ဒရှိပါသည်။ ။
(စာရေးသူ၏အာဘော်သာဖြစ်ပါသည်)
Source: https://myawady.net.mm/stories