ရေချိုရေငန်စပ်ဧရိယာများအတွင်း သီးထပ်စွမ်းအားတိုးတက်စေရေး
Posted_Date
Image

Body
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုး၊ မြေ၊ရေ၊ နည်း ဤ လေးချက်အား ကောင်းမွန်မှန်ကန်စွာ အသုံးချဆောင်ရွက်လျက်ရှိရာတွင် ရေချိုလုံလောက်စွာရရှိရေးသည် သီးနှံအထွက်နှုန်း တိုးတက်စေရန်အတွက်သော်လည်းကောင်း၊ စိုက်ပျိုးဧရိယာများ တိုးချဲ့စိုက်ပျိုးနိုင်စေရန်အတွက်သော်လည်းကောင်း၊ သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားစေရန်အတွက် သော်လည်းကောင်း မရှိမဖြစ်လိုအပ်သည့် အခြေခံအချက်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးသည် မိုးစပါး ဧက ၃၇ သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မြန်မာနိုင်ငံတွင် မိုးစပါးအများဆုံးစိုက်ပျိုးသောဒေသကြီးတစ်ခုဖြစ်သည်။ ဒုတိယသီးနှံ စိုက်ပျိုးနိုင်မှုမှာ ဧရိယာဧက ၂၆ သိန်းခန့်ရှိရာ မစိုက်ပျိုးနိုင်သော ရိုးပြတ်ကျန် ဧရိယာမှာ ဧက ၁၁ ဒသမ ၂၀ သိန်းခန့် ကျန်ရှိသည်ကိုတွေ့ရှိရသည်။ သီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သော ရိုးပြတ် ကျန်ဧရိယာအများစုမှာ ရေငန်ဒေသအတွင်းကျရောက်နေသော စိုက်ဧရိယာများဖြစ်သည်ကို တွေ့ရှိရသည်။ ထိုသို့ စိုက်ပျိုးနိုင်မှုမရှိခြင်းမှာ ရေငန်ဝင်ရောက်ခြင်း၊ ရေချိုရရှိမှုမသေချာခြင်း၊ ရွှံ့စေး-နုန်းဆန်သော အောက်ခံမြေစေးများရှိခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးစပါးတစ်သီးသာစိုက်ပျိုးနိုင်သော ရိုးပြတ်ကျန်နေရာများမှာ ရေငန်ဝင်ရောက်သည့်ဧရိယာများဖြစ်သော ဖျာပုံခရိုင်၊ လပွတ္တာခရိုင်နှင့်ပုသိမ်ခရိုင်ဒေသတို့ဖြစ်သည်ကို တွေ့ရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရိုးပြတ်ကျန် ဧရိယာဧက ၁၁ ဒသမ ၂၀ သိန်း ရှိရာတွင် ဖော်ပြပါ ခရိုင်သုံးခုအတွင်း ဧက၁၀ ဒသမ ၉၅ သိန်းခန့်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ရိုးပြတ်ကျန်များသည် ရေငန်ဝင်ရောက်သောဒေသများအတွင်း အများဆုံးတွေ့ရှိရသည်။
ဖျာပုံခရိုင် သို့မဟုတ် ရေချိုရေငန်စပ် ဧရိယာ
ဖျာပုံခရိုင်အတွင်း ၁၉၉၀ ဝန်းကျင်နှစ်များတွင် ရေငန်တားတာတမံများတည်ဆောက်ထားခြင်းမရှိခြင်းကြောင့်မိုးစပါးစိုက်ပျိုးရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ မိုးစပါးစိုက်ပျိုးချိန်ကာလတစ်လျှောက် လပြည့်လကွယ်ရက်များရောက်တိုင်း ပင်လယ်ဒီရေများစိုက်ခင်းများအတွင်းသို့ တက်ရောက်လေ့ရှိပြီး မိုးစပါးများရေနစ်မြုပ်ပျက်စီးထိခိုက်လေ့ရှိသည်။ အဆိုပါကာလများတွင်မိုးစပါးတစ်သီးကိုပင် အခက်အခဲများဖြင့် စိုက်ပျိုးခဲ့ရပြီး မိုးစပါးစိုက်ပျိုးသော ဧရိယာမှာလည်း ဧက ငါး သိန်းဝန်းကျင်ခန့်သာရှိခဲ့သည်။ ယခုအခါ ဖျာပုံခရိုင်အတွင်း မိုးစပါးစိုက်ဧက ၈ ဒသမ ၇၀ သိန်းကျော်ရှိလာပြီဖြစ်သည်။ တာတမံ၊ရေတံခါးများနှင့် ရေနုတ်မြောင်းများကြောင့် မိုးစပါးစိုက်ဧရိယာများသိသာစွာတိုးတက်လာပြီး မိုးစပါးစိုက်ဧက ၂ ဒသမ ၆၀ သိန်းကျော်မှာ တာတမံများနှင့် ကျွန်းပတ်တာများအတွင်း စိုက်ပျိုးလာနိုင်ခဲ့ခြင်းဖြစ်သည်။ မိုးစပါးများ အောင်မြင်စွာစိုက်ပျိုးလာနိုင်သော်လည်း နွေစပါးစိုက်ပျိုးရန်အတွက်မူ ရေငန်ဧရိယာအတွင်းကျရောက်နေခြင်းကြောင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
ကျွန်းပတ်တာနှင့် ရေတံခါးများတည်ဆောက်ခဲ့ခြင်း
၁၉၇၆-၁၉၈၅ ခုနှစ်အတွင်း စပါး(၁) စီမံကိန်းနှင့် ၁၉၈၆-၁၉၉၅ ခုနှစ်အတွင်း စပါး(၂)စီမံကိန်းများဖြင့် ဖျာပုံခရိုင်အတွင်း ရေငန်တားတာတမံ ၁၂ ခုနှင့် ရေထုတ်ရေတံခါး ၄၁ လုံးကို တည်ဆောက်ခဲ့ပြီး မိုးစပါးစိုက်ပျိုးချိန် ပင်လယ်ရေဝင်ရောက် နစ်မြုပ်ဖျက်ဆီးခြင်းမှကာကွယ်လျှော့ချနိုင်ခဲ့သည်။ ကျွန်းပတ်တာနှင့်ရေတံခါးများသည် မိုးစပါးစိုက်ပျိုးမှုများစွာကို အထောက်အကူပြုခဲ့ရုံသာမက ၂၀၀၈ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကျရောက်စဉ်တွင်လည်းတာအတွင်းရှိ ဧရိယာများအတွင်း ထိခိုက်ဆုံးရှုံးမှု သက်သာရာရခဲ့သည်ကို တွေ့ရှိရသည်။ ဤကဲ့သို့ ရေငန်တားတာတမံများ၏အကျိုးကျေးဇူးများဖြင့် မိုးစပါးစိုက်ပျိုးရေးအတွက် အထောက်အကူပြုလျက်ရှိနေသော်လည်း နွေစပါးစိုက်ပျိုးနိုင်ရေးအတွက်မူ ရေငန်ဧရိယာဖြစ်သည့်အလျောက် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ရသည်။ ဖျာပုံခရိုင်အတွင်း လက်ရှိတွင်မိုးစပါးစိုက်ပျိုးမှုမှာ ဧက ၈ ဒသမ ၇၀ သိန်းကျော်ဖြစ်သော်လည်း နွေသီးထပ် စိုက်ပျိုးနိုင်မှုမှာ ဧက ၄ ဒသမ ၁၀ သိန်းကျော်ခန့်သာရှိရာ ထက်ဝက်ခန့်မှာမိုးစပါးတစ်သီးသာ စိုက်ပျိုးနိုင်သောဧရိယာများ(နွေသီးထပ်စိုက်ပျိုးခြင်းမပြုနိုင်သောရိုးပြတ်ကျန်များ)အဖြစ် ကျန်ရှိသည်ကိုတွေ့ရှိရသည်။
ရေငန်ဝင်ရောက်မှုအခြေအနေနှင့်စိုက်ပျိုးနိုင်မှုအခြေအနေရေငန်လိုင်း (ရေငန်တက်ရောက်မှု)
သည် ဖျာပုံမြစ်၊ ဘိုကလေးမြစ်နှင့်ဒေးဒရဲမြစ်တို့အတွင်း ဒီဇင်ဘာလမှစ၍ပင်လယ်ဘက်မှမြစ်ကြောင်းများအတိုင်း တဖြည်းဖြည်းကုန်းတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့ပြီး မတ်လနှင့်ဧပြီလအတွင်းတွင် ရေငန်ဝင်ရောက်မှုအမြင့်ဆုံးဖြစ်သည်။ ရေငန်တိုင်းတာချက်များအရ ဖျာပုံမြစ်အတွင်း ဖျာပုံမြို့အထက်နားအထိ ရေငန်ဝင်ရောက်မှုရှိပြီး ဒေးဒရဲမြစ်အတွင်းဒေးဒရဲမြို့အထိလည်းကောင်း၊ ဘိုကလေးမြစ်အတွင်း ဘိုကလေးမြို့အထက်နားအထိ ရေငန်တက်ရောက်လေ့ရှိသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေသီးထပ်များစိုက်ပျိုးရာတွင် ဒီဇင်ဘာလနှင့်ဇန်နဝါရီလတို့အတွင်း စတင်စိုက်ပျိုးလေ့ရှိရာ အဆိုပါကာလများသည် မြစ်များအတွင်း ရေချိုရရှိသောကာလများဖြစ်သည်။သို့သော်လည်း နွေစပါးများ အောင်ရေ လိုအပ်ချိန်ဖြစ်သော ဖေဖော်ဝါရီလနှင့် မတ်လရောက်ချိန်တွင်မူ (ရေချိုရေငန်စပ် ဧရိယာအတွင်းရှိ)မြစ်ရေသည် ပင်လယ်ရေငန်ဝင်ရောက်လျက်ရှိပြီးဖြစ်ရာ စိုက်ပျိုးရန်အတွက် သင့်တော်ခြင်းမရှိတော့ပါ။ ထိုကဲ့သို့သော အခြေအနေများကြောင့် နွေသီးထပ်(နွေစပါး)စိုက်ပျိုးရန် အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိသည်။ ဖျာပုံခရိုင်အတွင်း မြို့နယ်လေးမြို့နယ်ရှိရာတွင် ကျိုက်လတ်မြို့သည် ပင်လယ်မှရေငန်တက်ရောက်နိုင်မှုမရှိခြင်းကြောင့်(ပင်လယ်နှင့်ဝေးကွာခြင်းကြောင့်) တစ်နှစ်ပတ်လုံး ရေချိုလုံလောက်စွာရရှိလျက်ရှိပြီး ကျိုက်လတ်မြို့နယ်သည် မိုးစပါးဧက၁၃၀၀၀၀ ကျော်တွင် နွေစပါး ၁၃၀၀၀၀ ကျော်ဖြင့် သီးထပ်အပြည့် စိုက်ပျိုးနိုင်သော ဖျာပုံခရိုင်အတွင်းရှိ တစ်ခုတည်းသောမြို့နယ်ဖြစ်သည်။ ကျန်သုံးမြို့နယ်ဖြစ်သော ဖျာပုံ၊ ဘိုကလေးနှင့် ဒေးဒရဲမြို့နယ်တို့မှာမူ မိုးစပါးတစ်သီးသာကောင်းစွာ စိုက်ပျိုးနိုင်ပြီး နွေစပါးဧရိယာများစွာ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် လိုအပ်လျက်ရှိသည်ကိုတွေ့ရှိရသည်။
သီးထပ်စွမ်းအားတိုးတက်စေရန် ရေချို အရင်းအမြစ်ရရှိနိုင်မှုအခြေအနေကောင်းများ
ရေချိုရေငန်စပ်ဧရိယာများအတွင်းနွေသီးထပ်စိုက်ပျိုးနိုင်ရန်အတွက် အဓိက လိုအပ်ချက်မှာ ရေချိုလုံလောက်စွာရရှိရေးနှင့် ရေငန်မဝင်ရောက်စေရေးပင်ဖြစ်သည်။ ဖျာပုံခရိုင်အတွင်းသို့ ရေချိုလုံလောက်စွာရရှိစေနိုင်သော ကြီးမားသောရေချိုအရင်းအမြစ်ရှိပြီး ၎င်းမှာ ဧရာဝတီမြစ်မှ ခွဲထွက်စီးဆင်းလာသောတိုးမြစ်ဖြစ်သည်။ တိုးမြစ်သည် မအူပင်ခရိုင်မှ ဖျာပုံခရိုင်အတွင်းသို့ စီးဆင်းလာပြီး ဒေးဒရဲမြို့နယ်တွင် တိုးမြစ်(ဒေးဒရဲမြစ်)အဖြစ် ပင်လယ်တွင်းသို့ စီးဝင်သည်။မအူပင်ခရိုင်မှ ဖြတ်သန်းစီးဆင်းလာသောတိုးမြစ်သည် ကျိုက်လတ်မြို့အနီးတွင် ကျိုက်လတ်မြစ်အဖြစ် စီးဆင်းလာပြီး ဖျာပုံမြို့အထက်နားအရောက်တွင် ဂုံညင်းတန်းမြစ်အဖြစ် ခွဲထွက်စီးဆင်းလျက်ရှိသည်။ ရေချိုသယ်ဆောင်ရာ အဓိကရေချိုအရင်းအမြစ်ဖြစ်သော ဂုံညင်းတန်းမြစ်သည် ဘိုကလေးမြစ်အတွင်း စီးဝင်၍ ပင်လယ်အတွင်း စီးဆင်းလျက်ရှိသည်။
ဂုံညင်းတန်းမြစ်သည် ရေငန်လိုင်း (ရေငန်တက်ရောက်မှု)နှင့် လွတ်ကင်းလျက်ရှိခြင်းကြောင့် တစ်နှစ်ပတ်လုံး ရေချိုရရှိသော ဖျာပုံခရိုင်အတွက် ကြီးမားသော ရေချိုအရင်းအမြစ် တစ်ခုဖြစ်သည်။
ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချိုရေရရှိရေး ဆောင်ရွက်ခြင်း
ကြက်ဖမွေးဇောင်းကျွန်းပတ်တာသည် ဖျာပုံမြို့နယ်အတွင်းတည်ရှိပြီး ရေငန်ဧရိယာအတွင်းတည်ရှိသော ကျွန်းပတ်တာတစ်ခုဖြစ်သည်။ ရေချိုရေငန်စပ် ဧရိယာများအတွင်း နွေသီးထပ်များတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်လေးခုရှိပြီး (က) ရေငန်တားခြင်း၊(ခ) ရေချိုသွင်းယူခြင်း၊ (ဂ) ရေချိုပေးဝေခြင်းနှင့် (ဃ)ရေချိုထိန်းခြင်းတို့ဖြစ်သည်။ ပင်လယ်ရေမဝင်စေရန် ရေငန်တားတာများတည်ဆောက်ခြင်း၊ ရေချို အရင်းအမြစ်မှ ရေချိုသွင်းမြောင်းများ ဆက်စပ်တူးဖော်၍ ရေချိုသွင်းယူခြင်း၊ရေချိုသွင်းရေတံခါးများတည်ဆောက်၍ ရေချိုသွင်းယူခြင်း၊ ဝင်ရောက်လာသော ရေချိုများအား စိုက်ပျိုးသော လယ်ကွက်များဆီသို့ရောက်ရှိစေရန် ရေချိုသွင်းမြောင်းဆက်စပ်တူးဖော်ပေးခြင်း၊ ဝင်ရောက်လာသောရေချိုများ ပင်လယ်တွင်းသို့စီးထွက်၍ ရေချိုဆုံးရှုံးခြင်းများမရှိစေရန် ရေထုတ်ရေတံခါးများကို ရေထိန်းတံခါးများအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့်ရေထိန်းရေတံခါးများတည်ဆောက်ခြင်း စသည်တို့ပင်ဖြစ်သည်။
(က) ရေငန်တားခြင်း
ကြက်ဖမွေးဇောင်း ကျွန်းပတ်တာ အတွင်းသို့ ရေငန်မဝင်ရောက်စေရန်အတွက် အလျား ၄၆ မိုင်ရှိသောကျွန်းပတ်တာကို ၁၉၇၆-၁၉၈၅ ခုနှစ် စပါး(၁)စီမံကိန်းအတွင်း တည်ဆောက်ခဲ့သည်။တာပျမ်းမျှ အမြင့် ၅ ပေခန့်ရှိပြီး သတ်မှတ်တာအမြင့် ၈ ဒသမ ၅ ပေဖြင့်တည်ဆောက်ခဲ့သည်။ ပင်လယ်ရေငန်တက်ရောက်မှုမှာ အမြင့်ဆုံး ၆ ဒသမ ၀ ပေအထိဖြစ်ရာလုံလောက်သောတာအမြင့်ဖြင့် ရေငန်ဝင်ရောက်မှုမှ အကျိုးပြုကာကွယ်ပေးလျက်ရှိသည်။
(ခ) ရေချိုသွင်းယူခြင်း
ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချို ရေရရှိနိုင်စေရေးအတွက် အဓိကကျသောဂုံညင်းတန်းမြစ်သည် ရေနည်းချိန်တွင်ပင်၅၀၀၀၀ ကုဗပေ/စက္ကန့် ပမာဏကျော်ရှိခြင်းကြောင့် လိုအပ်သည်ထက်များစွာပိုလျှံသော ရေချိုအရင်းအမြစ်တစ်ခုပင်ဖြစ်သည်။ သို့ဖြစ်ရာ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း စိုက်ဧကများတိုးချဲ့နိုင်ရန် လိုအပ်သောရေချိုကို ဂုံညင်းတန်းမြစ်မှရယူလျက်ရှိသည်။ ဂုံညင်းတန်းမြစ်မှတစ်ဆင့် ကျုံကန်ချောင်းအတွင်းသို့ ရေချိုရယူနိုင်ရေးအတွက် ဆက်စပ်ချောင်းများတူးဖော်လျက်ရှိပြီး ကျုံကန်ချောင်းမှတစ်ဆင့် ကျွန်းပတ်တာအတွင်းသို့ ရေချိုသွင်းယူနိုင်စေရန်အတွက်(မမိုးသူ၊ အောင်ချမ်းသာ)စသော ရေချိုသွင်းရေတံခါးများ တည်ဆောက်ပေးလျက်ရှိသည်။
(ဂ) ရေချိုပေးဝေခြင်း
ရေချိုသွင်းရေတံခါးများမှ ဝင်ရောက်လာသော ရေချိုများအား နွေစပါးစိုက်တောင်သူများ လွယ်ကူစွာစုပ်တင်သွင်းယူ၍ စိုက်ပျိုးနိုင်စေရန် ရေချိုသွင်းမြောင်းများ တူးဖော်ပေးလျက်ရှိသည်။ ရေချိုသွင်းမြောင်းများတူးဖော်ရာတွင် ရေချိုလိုအပ်သော စိုက်ပျိုးမြေများဆီသို့ လိုအပ်သောအချိန်တွင် လိုအပ်သောပမာဏအတိုင်း အပြည့်အဝရရှိနိုင်စေရန် စနစ်တကျသွင်းယူတူးဖော်ပေး
လျက်ရှိသည်။
(ဃ) ရေချိုထိန်းခြင်း
ဝင်ရောက်လာသော ရေချိုများပင်လယ်အတွင်းသို့ ပြန်လည်စီးထွက်ခြင်းမရှိစေရန်(ရေချိုလေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်)ရေထုတ်ရေတံခါးများတွင် ယာယီရေချိုထိန်းခြင်း၊ စပါး(၁)စီမံကိန်းအတွင်းတည်ဆောက်ခဲ့သော ရေထုတ်ရေတံခါးများအား ရေချိုထိန်းရေတံခါးများအဖြစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း၊ ရေထိန်းတံခါးများတည်ဆောက်ခြင်း စသောရေချိုထိန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း တိုးတက်စိုက်ပျိုးလာသော အခြေအနေများကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် မတိုင်မီတွင်နွေစပါးအနည်းငယ်သာ စိုက်ပျိုးလျက်ရှိပြီးပျမ်းမျှနွေစပါးစိုက်ပျိုးဧက ၆၀၀၀ ဝန်းကျင်သာရှိသည်။ ရေချိုရေရရှိမှုမသေချာသောအခြေအနေများနှင့် ရေထုတ်ရေတံခါးများမှရေငန်ဝင်ရောက်သော အခြေအနေများကြောင့် အခက်အခဲများရှိခဲ့ပြီး အနည်းငယ်သာ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်မှစတင်ကာ ကြက်ဖမွေးဇောင်းကျွန်းပတ်တာရေချိုရေရရှိရေးလုပ်ငန်းများ စတင်လျာထားဆောင်ရွက်ခဲ့ပြီး တောင်သူများ အရှိန်အဟုန်ဖြင့် တိုးတက်စိုက်ပျိုးလာသည်ကို လည်း တွေ့ရှိရသည်။ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာအတွင်း ပျမ်းမျှစိုက်ပျိုးမှု ဧက ၆၀၀၀ ဝန်းကျင်ခန့်သာရှိရာမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေသီးထပ်ဧရိယာ ဧက၉၆၀၀ ကျော်အထိ တိုးတက်စိုက်ပျိုးခဲ့သည်။ ယခုလက်ရှိ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဧက ၁၄၀၀၀ ခန့်အထိ တိုးတက်စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်နေသည်ကို တွေ့ရသည်။ ဖော်ပြပါတိုးတက်စိုက်ပျိုးမှုများအား Euro space agency မှ အခမဲ့ရယူနိုင်သော website တစ်ခုဖြစ်သည့် Copernicus browser (https://datas-pace.copernicus.eu/analyse/data-workspace)တွင် NDVI စိုက်ပျိုးမှုမြေပုံများ(Normalized Difference Vegetation Index)နှင့် NDWI စိုက်ပျိုးသီးနှံရေရရှိမှု မြေပုံများ(Normalized Difference Water Index)တို့ကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်သည်။
ကြက်ဖမွေးဇောင်း ကျွန်းပတ်တာသည် မိုးစပါးစိုက်ပျိုးဧရိယာဧက ၂၉၀၀၀ ကျော်ရှိရာ ယခုဆောင်ရွက်နေသောရေချိုရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပါက မိုးစပါးနည်းတူ နွေစပါးဧက ၂၉၀၀၀ ကျော်အထိ သီးထပ်စွမ်းအားတိုးတက်စိုက်ပျိုးလာနိုင်မည်ဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးရေချိုရေငန်စပ်ဧရိယာများအတွင်း သီးထပ်စွမ်းအားတိုးတက်စေခြင်း
ဖျာပုံမြို့နယ် ကြက်ဖမွေးဇောင်းကျွန်းပတ်တာ ရေချိုရေရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်သည့်နည်းတူ အခြားသော ရေချိုရေငန်စပ်ဧရိယာများတွင်လည်းဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဖျာပုံခရိုင်အတွင်း ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့်ဒေးဒရဲမြို့နယ်တို့တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် လပွတ္တာခရိုင်အတွင်း လပွတ္တာမြို့နယ်တွင်လည်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ ရေငန်ဧရိယာများအတွင်း အထက်ဖော်ပြပါ ရေချိုရရှိစေမည့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ပေးခြင်းဖြင့် သီးထပ်စွမ်းအားများတိုးတက်ရရှိစေမည်ဖြစ်သည်။ ရေချိုရေငန်စပ်ဧရိယာများအတွင်း သီးထပ်စိုက်စွမ်းအားတိုးတက်စေရေး အထက်ဖော်ပြပါလုပ်ငန်းစဉ်များအား ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး တစ်ဧကကုန်ကျစရိတ် ခြောက်သိန်းကျော်ခန့်ဖြစ်သည်။ ကုန်ကျစရိတ်နှင့်အရင်းပြန်ပေါ်နိုင်မှုအချိုးမှာ ၁ ဒသမ ၇ ခန့်ဖြစ်ပြီး Internal Rate of Return အရင်းပြန်ပေါ်နိုင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့်ဖြစ်ရာ သုံးနှစ်အတွင်း အရင်းကျေနိုင်သည်ကို တွေ့ရှိရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဧရာဝတီတိုင်းဒေသကြီးသည် ဆန်ဖူလုံမှုအချိုးအရလိုအပ်သည်ထက် ပိုလျှံသောဒေသကြီးတစ်ခုအဖြစ် ရပ်တည်လျက်ရှိသော်လည်း နိုင်ငံတော်အတွက် ဆန်အိုးကြီးသဖွယ် တည်ရှိခြင်းကြောင့် ယခုထက်ပိုမိုသော ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ အထွက်နှုန်းကောင်းမွန်မှု၊ အရည်အသွေးကောင်းမွန်မှု၊ သီးထပ်စိုက်စွမ်းအားတိုးတက်လာမှု (သီးနှံစိုက်ဧကများတိုးချဲ့နိုင်မှု) စသည်တို့သည် လိုအပ်လျက်ရှိဆဲပင်ဖြစ်သည်။သို့ဖြစ်ရာ နိုင်ငံတော်၏စားနပ်ရိက္ခာဖူလုံရေးနှင့် နိုင်ငံ့အကျိုးစီးပွားအတွက်လွန်စွာအရေးကြီးသောသီးထပ်စွမ်းအားမြှင့်တင်နိုင်ရေးလုပ်ငန်းစဉ်များအား စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ရေချိုရေငန်စပ်ဧရိယာများအတွင်း ရေချိုရေရရှိရေး အဓိကလုပ်ငန်းစဉ်များအား ဖော်ပြလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories