အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၅)

Posted_Date

Image

အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်နှိမ်နင်းရေး (အပိုင်း-၅)

Body

၄။       အကြမ်းဖက်ဝါဒသည် ချေမှုန်း၍ မရဟူသော ယူဆချက်အားလေ့လာခြင်း

ထိုယူဆချက် မှန်၊ မမှန် လေ့လာသုံးသပ်ရာတွင် အကြမ်းဖက်ဝါဒကို ချေမှုန်းခြင်းနှင့် အကြမ်းဖက်အဖွဲ့များကို ချေမှုန်းခြင်း နှစ်မျိုးစလုံးကို လေ့လာကြည့်ပါမည်။ ပထမဦးစွာ အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနိုင်ခြင်း ရှိ/မရှိ လေ့လာပြီးနောက် အကြမ်းဖက်ဝါဒ တစ်ခုလုံး ကို ချေမှုန်းနိုင်ခြင်း ရှိ/မရှိ လေ့လာကြည့်ပါမည်။ အကြမ်းဖက်ဝါဒကို ချေမှုန်း၍မရဟု ပြောခဲ့ သူများမှာ အကြမ်းဖက်နှိမ်နင်းကျွမ်းကျင်သူအချို့နှင့် အရေးကြီးသော နိုင်ငံရေးသမားများ ဖြစ်သည်။ ဥပမာအားဖြင့် ဗြိတိသျှတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရတ်ချက် (Sir David Richards) က အယ်လ်ဂိုဒ်ဒါ နှင့် အစ္စလာမ်မစ် စစ်သွေးကြွများကို ချေမှုန်းရေးနှင့် ပတ်သက်၍ "သမားရိုးကျ စစ်ပွဲတွေမှာတော့ အနိုင်အရှုံးက ထင်ရှားတယ်၊ နိုင်တဲ့တပ်ဖွဲ့တွေ က ရှုံးတဲ့နိုင်ငံရဲ့မြို့တော်ကို ချီတက်သွားတယ် မြင်နိုင်တယ်။ (အကြမ်းဖက်တွေကို) ဒီလို ပြတ်ပြတ်သားသားချေမှုန်းနိုင်ဖို့ လိုသလားလို့ ခင်ဗျားတို့မေးရင် လိုလဲမလိုအပ်ဘူး၊ ဘယ်တော့ မှလဲ အပြတ်ချေမှုန်းနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ပြောချင်တယ်" ဟု ၂၀၁၀ ပြည့် နှစ်က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတဟောင်း ဂျော့ချ် ဘုရှ် (George Bush) ကို အကြမ်းဖက်မှုအား စစ်နွှဲသည့်စစ်ပွဲ အောင်မြင်နိုင်မည်လောဟု ၂၀၀၄ ခုနှစ်က မေးမြန်းခဲ့ရာ ၎င်းက "နိုင်မယ်တော့မထင်ဘူး။ ဒါပေမယ့် အကြမ်းဖက်မှုကို နည်းလမ်းတစ်ခုအဖြစ် သုံးတဲ့သူ တွေကို ကမ္ဘာကြီးရဲ့ နေရာအတော်များများမှာ လက်မခံတဲ့အခြေအနေတော့ ဖန်တီးနိုင်မယ် လို့ ထင်တယ်" ဖြေကြားခဲ့သည်။ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ-၂ (Abdullah 2) ကလည်း "ကမ္ဘာပေါ်မှာ မကောင်းတဲ့လူတွေ အမြဲဆက်ရှိနေဦးမှာဖြစ်လို့ အကြမ်းဖက်ဝါဒကို ဘယ်တော့ မှ အမြစ်ဖြတ်နိုင်မှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။ အကြမ်းဖက်မှုကို ဆင်နွှဲသည့် စစ်ပွဲ၏ ဗိသုကာဖြစ်သည့် သမ္မတဘုရှ်ကိုယ်တိုင်က ထိုသို့ပြောကြားခဲ့သည့်အတွက် အကြမ်းဖက်ဝါဒ သည် တကယ်ပင် ချေမှုန်းရန် မဖြစ်နိုင်ပါသလော။ 

ထိုအယူအဆ မှန်/မမှန် လေ့လာသုံးသပ်ရန် အရေးကြီးပါသည်။ အကြမ်းဖက်ဝါဒသည် ချေမှုန်း၍မရဟု ယုံကြည်သွားလျှင် အကြမ်းဖက်ဝါဒသည် အန္တရာယ်ကြီးမားလှပြီး ကျွန်တော် တို့ အနေဖြင့် အကြမ်းဖက်ဝါဒကိုတန်ပြန်ရန် ဘာမှမလုပ်နိုင်သလောက်ဖြစ်သည်ဆိုသည့် အိုင်ဒီယာကိုအားကောင်းစေပြီး အရှုံးပေးလိုစိတ်ဝင်သွားနိုင်ကာ အကြမ်းဖက်ဝါဒကို ကြောက်ရွံ့ သွားစေနိုင်ပြီး ၎င်းသည်ပင် အကြမ်းဖက်သမားတို့ အလိုရှိသည့်အရာဖြစ်သည်။ ထို့ပြင် အကြမ်းဖက်ဝါဒကို နှိမ်နင်း၍ မရနိုင်လျှင် ကျွန်တော်တို့အနေဖြင့် အကြမ်းဖက်ဝါဒ နှိမ်နင်းရေး နည်းလမ်းများထက် ကြိုတင်ကာကွယ်တားဆီးရေးကို ပိုမိုအာရုံစိုက်ရမည်ဖြစ်ပြီး အကြမ်း ဖက်အဖွဲ့များ ပေါ်မလာအောင် ၊ သို့မဟုတ် အကြမ်းဖက်ဝါဒ၏ အကျိုးသက်ရောက်မှုများကို စီမံခန့်ခွဲနိုင်အောင် အထူးအာရုံစိုက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အကြမ်းဖက်ဝါဒကို ရပ်တန့်အောင် မလုပ်နိုင်ပါက အကြမ်းဖက်ဝါဒကြောင့် ထိခိုက်မှုနည်းနိုင်သမျှ နည်းအောင် စီမံရမည်ဖြစ်သည်။ အကြမ်းဖက်ဝါဒကို ချေမှုန်း၍မရနိုင်ဆိုသော ယူဆချက်သည်သာ မှန်ကန်မည်ဆိုပါက အကြမ်းဖက်သမားများ၊ အကြမ်းဖက်အဖွဲ့များ ချုပ်ငြိမ်းသွားစေရန် ရည်ရွယ်လုပ်ဆောင်ချက်များသည် များစွာအသုံးဝင်လှမည်မဟုတ်ပါ။

ထို့ပြင် ချေမှုန်းခံရခြင်းကို မည်သို့တိုင်းတာမည်နည်း။ အကြမ်းဖက်အဖွဲ့အစည်းတခု အနေဖြင့် ချေမှုန်းခံရခြင်း ရှိ/မရှိ ဆုံးဖြတ်နိုင်ရန်အတွက် ၎င်းသည် အကြမ်းဖက်ခေါင်းဆောင် ပိုင်းကို ချေမှုန်းခြင်း ၊ သို့မဟုတ် ထိုအဖွဲ့ကို လူ့အသိုင်းအဝိုင်းက လက်မခံစေရန် စည်းရုံးခြင်း စသည့် အကြမ်းဖက်ဝါဒကိုတန်ပြန်သည့် နည်းလမ်းများကြောင့် ဖြစ်ရခြင်း ဟုတ်၊မဟုတ် ဆုံးဖြတ်ရန် လိုအပ်ပါသည်။ အကြမ်းဖက်အဖွဲ့တစ်ခုသည် အကြမ်းဖက်နှိမ်နင်းရေး နည်းလမ်း များကြောင့် မဟုတ်ပဲ အခြားအကြောင်းများကြောင့် ပျက်စီးချုပ်ငြိမ်းသွားသည်ဆိုပါက ၎င်းကို ချေမှုန်းခံရသည်ဟု ဆိုနိုင်မည်မဟုတ်ပါ။ အကြမ်းဖက်အဖွဲ့အစည်းများ၊ သို့မဟုတ် အကြမ်း ဖက်ဝါဒလှိုင်းများသည်ပင် အခြားသောအကြောင်းအချက်များစွာကြောင့် အားနည်း ပျောက်ကွယ် သွားနိုင်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး ဖြစ်သည်။ အကြမ်းဖက်ဝါဒ ကျွမ်းကျင်သူ ဒေးဗစ် ရာပိုပေါ့ (Dadid Rapoport) က အကြမ်းဖက်လှိုင်းများသည် ဆယ်စုနှစ် အနည်းငယ် အတွင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ဟု ဆိုသည်။ ထို့ပြင် အကြမ်းဖက် တတိယ လှိုင်း ၊ သို့မဟုတ် လက်ဝဲသစ်အကြမ်းဖက်ဝါဒသည် တစ်နိုင်ငံပြီးတစ်နိုင်ငံတွင် အရေးနိမ့်ခဲ့သည်ဟု ဆိုသည်။ သို့သော် ၎င်းတို့ အရေးနိမ့်မှုကို မည်သို့တိုင်းတာခဲ့နည်း။ ထိုအကြမ်းဖက်အဖွဲ့များ၊ သို့မဟုတ် အကြမ်းဖက် တတိယလှိုင်း နိဂုံးချုပ်သွားခြင်းသည် အကြမ်းဖက်ဝါဒ တန်ပြန်ရေး နည်းလမ်းများကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပါမည်လော။

အကြမ်းဖက်ဝါဒ မည်ကဲ့သို့ အဆုံးသတ်သွားသည်ကို စနစ်တကျလေ့လာထားသော သုတေသနမှာ Rand Corporation ၏ ဆတ်ဂျုန်းစ် (Seth Jones) နှင့် မာတင်လီဘစ်စကီ  (Martin Libicki) တို့၏ လေ့လာမှုဖြစ်သည်။ ၎င်းတို့သည် ၁၉၆၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း တက်ကြွလှုပ်ရှားခဲ့ကြသော အကြမ်းဖက်အဖွဲ့ပေါင်း ၆၄၈ ဖွဲ့ကို လေ့လာပြီး ထိုအဖွဲ့များ မည်သို့နိဂုံးချုပ်သည်ကို ရှာဖွေခဲ့ကြသည်။ ၂၀၀၈ ခုနှစ်ထုတ် ၎င်းတို့၏ အစီရင်ခံစာတွင် ထိုအဖွဲ့များ နိဂုံးချုပ်ရသည့် အဓိကအကြောင်းရင်း လေးခုကို ဖော်ပြခဲ့သည်။ ပထမဆုံး အချက် မှာ ရဲတပ်ဖွဲ့နှင့်ထောက်လှမ်းရေးအဖွဲ့များ၏ နှိမ်နင်းမှုဖြစ်ပြီး ဒုတိယအချက်မှာ စစ်တပ်ဖြင့် နှိမ်နင်းခြင်းဖြစ်ကာ တတိယအချက်မှာ အကြမ်းဖက်အဖွဲ့များက နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင် လာခြင်းဖြစ်သည်။ နောက်ဆုံးအချက်မှာ အကြမ်းဖက်အဖွဲ့က အောင်ပွဲရသွားခြင်း ဖြစ်သည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့အလိုရှိသည့် နိုင်ငံရေးရည်မှန်းချက် ထမြောက် အောင်မြင် သွားသဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ရန် မလိုတော့ခြင်း ဖြစ်သည်။

Rand report ၏ အဆိုအရ အကြမ်းဖက်အဖွဲ့များ နိဂုံးချုပ်ရသည့် ပထမဆုံး အကြောင်း ရင်းဖြစ်သော ရဲတပ်ဖွဲ့နှင့် ထောက်လှမ်းရေး၏ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်ချက် များတွင် အကြမ်းဖက်အဖွဲ့များ၏ သတင်းစုဆောင်းခြင်း၊ ၎င်းတို့အဖွဲ့အတွင်း ထိုးဖောက်ခြင်း၊ အဓိကခေါင်းဆောင်များအား ဖမ်းဆီးခြင်းနှင့် အကြမ်းဖက်နှိမ်နင်းရေးဥပဒေများ ပြဋ္ဌာန်းခြင်း စသည်တို့ ပါဝင်ပြီး ရဲနှင့် ထောက်လှမ်းရေးတို့ဖြင့် နှိမ်နင်းခြင်းကြောင့် နိဂုံးချုပ်သွားသည့် အကြမ်းဖက်အဖွဲ့မှာ ၄၀% ရှိသည်ဟု ဆိုသည်။ အကြမ်းဖက်အဖွဲ့များ နိဂုံးချုပ်ရသည့် စစ်တပ် ဖြင့်နှိမ်နင်းခြင်းတွင် အကြမ်းဖက်သမားများကို သတ်ဖြတ်ဖမ်းဆီးရန် စစ်တပ်အား အသုံးပြု ခြင်းနှင့် အကြမ်းဖက်ဝါဒကို အကူအညီပေးနေသည့် နိုင်ငံများကို တိုက်ခိုက်ရန် စစ်တပ်အား အသုံးပြုခြင်းတို့ပါဝင်သည်။ Rand report ၏ အဆိုအရ ရံဖန်ရံခါတွင် စစ်အင်အားအသုံးပြုရန် ခြိမ်းခြောက်မှုနှင့် အမြဲမပြတ်ထောက်လှမ်းစောင့်ကြည့်မှုတို့သည် အကြမ်းဖက်သမားတို့ အမြဲတမ်း တစ်ပြေးတည်းပြေးနေစေရန်အတွက် လုံလောက်မှု ရှိသည်ဟုဆိုသည်။ သို့ရာတွင် သက်တမ်းရင့်လှပြီဖြစ်သည့် ထိုနည်းလမ်းသည် များစွာထိရောက်မှုမရှိပါ။ ၎င်းအစီရင်ခံစာ အရ ၁၉၆၈ နောက်ပိုင်း စစ်အင်အားအသုံးပြုခြင်းကြောင့် ချုပ်ငြိမ်းခဲ့ရသော အကြမ်းဖက်အဖွဲ့ များသည် ၇% သာ ရှိသည်ဟု ဆိုသည်။ ထိုသို့ အောင်မြင်မှုနည်းခြင်းမှာ အကြမ်းဖက်အဖွဲ့ များသည် စစ်တပ်များမဟုတ်ပဲ အလွန်သေးငယ်သောအဖွဲ့များ ဖြစ်ပြီး သမားရိုးကျတပ်ဖွဲ့များ မသုံးခြင်းကြောင့်လည်း ဖြစ်သည်။ အကြမ်းဖက်နှိမ်နင်းရာတွင် တပ်အင်အား အများအပြား သုံးခြင်းသည် ဒေသခံလူထုကို ကင်းကွာပြီး ဆိုးကျိုးဖြစ်စေနိုင်သည်ဟု ဆိုသည်။

တတိယအကြောင်းရင်းမှာ အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင် လာခြင်းဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ရန် ဆုံးဖြတ်ခြင်းမှာ အရှုံး-အမြတ် လေ့လာ ဆန်းစစ်ချက် (cost benefit analysis)၏ ရလာဒ်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့များအနေဖြင့် ၎င်းတို့လိုလားသည့် ရည်မှန်းချက်ရရှိရေးအတွက် နိုင်ငံရေးအရကြိုးစားခြင်းသည် အကြမ်း ဖက် နည်းလမ်းများသုံးသည်ထက် အရှုံးပိုနည်းပြီး အကျိုးအမြတ်ပိုများသည်ဟု သုံးသပ်ပါက အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ပြီး နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာခြင်းဖြစ်သည်။ ထိုသို့ အကြမ်းဖက်အဖွဲ့များ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာခြင်းသည် လူအများ ယူဆထားသည် ထက် ပိုများပြီး နိဂုံးချုပ်သွားသည့် အကြမ်းဖက်အဖွဲ့ ၆၄၈ ခုအနက် ၄၃% ရှိသည်ဟု Rand report က ဆိုသည်။ သို့သော်လည်း ၎င်းတို့ကို အရေးနိမ့်သွားသည်ဟု ခေါ်ဆိုနိုင်ပါမည်လော။ အရေးနိမ့်သွားသည်ဆိုရာတွင် ရှုံးသူ၊ နိုင်သူ ရှိရမည် ဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင် သွားခြင်းကို အရေးနိမ့်သွားခြင်းဟု ခေါ်နိုင်မည်မဟုတ်၍ ၎င်းသည် အကြမ်းဖက်အဖွဲ့အတွက် အရှုံးပေးခြင်းမဟုတ်သော်လည်း အကြမ်းဖက်အဖွဲ့အနေဖြင့် အကြမ်းမဖက်သောနည်းလမ်း ကို သုံးခြင်းက ၎င်းတို့ရည်မှန်းချက်သို့ရောက်ရှိရန် ပိုမိုကောင်းမွန်သော လမ်းကြောင်းဟု သုံးသပ်ပြီး အကြမ်းဖက်နည်းလမ်းများကို စွန့်လွှတ်ခြင်းဖြစ်၍ အကြမ်းဖက်ဝါဒအတွက် အရေး နိမ့်ခြင်းဟု ဆိုနိုင်သည်။ အခြားတစ်ဖက်တွင်မူ အကြမ်းဖက်အဖွဲ့များအား နိုင်ငံရေး ဖြစ်စဉ် တွင် ပါဝင်ရန် ဖိတ်ခေါ်ခံရခြင်းမှာ တကယ်တမ်းတွင် ၎င်းတို့က အကြမ်းဖက်သည့် နည်းလမ်း များသုံးခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထိုသို့ဖြစ်ပါက အကြမ်းဖက်မှု၏ ဆုလာဒ်အဖြစ် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ခွင့်ရခြင်းဖြစ်သည့်အတွက် ၎င်းသည်ပင် အကြမ်းဖက်ဝါဒ၏ အောင်မြင်မှုအဖြစ် စောဒက တက်နိုင်ပါသည်။

အကြမ်းဖက်အဖွဲ့များ ချုပ်ငြိမ်းသွားရခြင်း၏ စတုတ္ထနှင့် နောက်ဆုံးအကြောင်းရင်းမှာ အကြမ်းဖက်အဖွဲ့များ အောင်ပွဲရသွားသောကြောင့်ဖြစ်သည်။ Rand report ၏ အဆိုအရ ၎င်းတို့ကြေညာထားသည့် နိုင်ငံရေးရည်မှန်းချက်များ ထမြောက်အောင်မြင်သွားပြီးနောက် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်သွားသည့် အကြမ်းဖက်အဖွဲ့များမှာ ၁၀% သာ ရှိသည်ဟု ဆိုသည်။ အောင်မြင်မှုရ၍ အကြမ်းဖက်မှုများ ရပ်တန့်သွားခြင်းသည် အကြမ်းဖက်ဝါဒကို ချေမှုန်း၍မရဆိုသော ယူဆချက်ကို စိန်ခေါ်နိုင်ခြင်းမရှိသည့်အပြင် အကြမ်းဖက်ဝါဒသည် အောင်မြင်မှုရနိုင်သည်ဆိုသော အိုင်ဒီယာကိုပင် ပိုမိုအားကောင်းစေပါသည်။ သို့ရာတွင် အောင်မြင်မှုရရှိသည့် အကြမ်းဖက်အဖွဲ့များမှာ ၁၀% သာရှိပြီး ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက် မအောင်မြင်သည့်အဖွဲ့များမှာ အများစုကြီးဖြစ်ပါသည်။ Rand report ၏ အဆိုအရ ရဲတပ်ဖွဲ့ နှင့် ထောက်လှမ်းရေးတို့ဖြင့် နှိမ်နင်းခြင်းကြောင့် ချုပ်ငြိမ်းရသည့် အကြမ်းဖက်အဖွဲ့ ၄၀% နှင့် စစ်တပ်ဖြင့် နှိမ်နင်းခြင်းကြောင့် ချုပ်ငြိမ်းသွားသည့် အကြမ်းဖက်အဖွဲ့ ၇% ရှိပါသည်။ ထိုကိန်း ဂဏန်းများက အကြမ်းဖက်ဝါဒကို ချေမှုန်းနိုင်သည်ဆိုသောအချက်ကို ရှင်းရှင်းလင်းလင်း ထောက်ခံနေပါသည်။ ထို့ပြင် နိုင်ငံရေးတွင်ပါဝင်ခြင်းသည်လည်း အကြမ်းဖက်အဖွဲ့များအနေ ဖြင့် ၎င်းတို့ရည်မှန်းချက်ကို ရောက်ရှိရန်အတွက် အကြမ်းမဖက်သောနည်းလမ်းများသို့ ပြောင်းရွေ့ သွားနိုင်သည်ကို ပြနေပါသည်။ ၎င်းသည် အကြမ်းဖက်အဖွဲ့အတွက် အရေးနိမ့်ခြင်းဟု မဆိုနိုင် သော်လည်း အကြမ်းဖက်ဝါဒတန်ပြန်ရေး နည်းလမ်းအချို့၏ သက်ရောက်မှုလည်း တစ်စိတ် တစ်ပိုင်း ပါနိုင်ပါသည်။ အစိုးရက ဖိအားပေးခြင်းကြောင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လာသည့် အဖွဲ့အများအပြား ရှိပါသည်။ အချုပ်အားဖြင့်ဆိုရလျှင် အကြမ်းဖက်ဝါဒကို ချေမှုန်းရန်မဖြစ်နိုင် သော်လည်း အကြမ်းဖက်အဖွဲ့များကို ချေမှုန်းနိုင်ပါသည် ၊ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်သွားစေနိုင်ပါသည်။

၅။     အကြမ်းဖက်ဝါဒကို ဘက်ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ခြင်းဖြင့် အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်သည် ဆိုသော ယူဆချက်အား လေ့လာသုံးသပ်ခြင်း

အကြမ်းဖက်ဝါဒကို တန်ပြန်ရာတွင် ဘက်စုံနည်းလမ်း (holistic or comprehensive approach ) သည် အကောင်းဆုံး ဖြစ်သည်ဆိုရာတွင် ဘက်စုံနည်းလမ်းဆိုသည်မှာ ကာကွယ် ရေးနှင့် ဖိနှိပ်ရေးနည်းများ (preventive and repressive measures) ၊ သို့မဟုတ် အပျော့နည်း နှင့် အမာနည်း (soft and hard measures) ကို ပူးတွဲအသုံးပြုခြင်းကို ဆိုလိုသည်။ အရေးပါ သည့် နိုင်ငံရေးသမားများနှင့် လူသိများသူ အများအပြားက အကြမ်းဖက်ဝါဒအား တန်ပြန် ရာတွင် ဘက်စုံနည်းလမ်းဖြင့် ဆောင်ရွက်ရန် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ကြ သည်။ ၎င်းတို့အနက် တစ်ဦးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း (Ban Ki-moon) ဖြစ်သည်။ အာဖရိကတိုက်တွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် မိန့်ခွန်းပြောရာတွင် ၎င်းက နိုင်ဂျီးရီးယားမှ ဘိုကို ဟာရမ်( Boko Haram)၊  အစ္စလာမ်မစ် မာဂရတ် (Islamic Maghreb) မှ အယ်လ်ဂိုဒ်ဒါ နှင့် ဆိုမာလီမှ အယ်လ် ရှာဘတ် (Al Shabaab) စသော အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်ရာတွင် အောင်မြင်မှု ရရှိစေရန်အတွက် ပိုမိုကျယ်ပြန့်စွာနှင့် ပိုမိုအားထည့်ရန်လိုကြောင်း ပြောကြားခဲ့သည်။ "စစ်အင်အားဟာ အရေးကြီးပေမယ့် အာဖရိကက အကြမ်းဖက်ဝါဒကို စစ်အင်အားသက်သက် နဲ့အဆုံးသတ်နိုင်မှာမဟုတ်ဘူး၊ အကြမ်းဖက်ဝါဒကို ပြန့်ပွားအောင် အထောက်အကူဖြစ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းခြင်း အပါအဝင် မျက်နှာစာပေါင်းစုံမှာ ဆက်လုပ်သွားရမယ်" ဟု ပြောကြားခဲ့သည်။ ဖွံ့ဖြိုးမှုမရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်း တို့ကြောင့် အကြမ်းဖက် သမားများ လူသစ်စုခွင့်ရနေကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ပြောကြားခဲ့သည်။ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ပါဗစ် အာရှရပ်ဖ် (Pervez Ashraf) ကလည်း အကြမ်းဖက်ဝါဒ အား နှိမ်နင်းရာတွင် ဘက်စုံနည်းလမ်း၏ အရေးကြီးပုံကို အလေးပေးပြောကြားခဲ့သည်။ "အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ ကျွန်တော်တို့အနေနဲ့ ဘက်စုံနည်းလမ်းကို အသုံးပြုဖို့ လိုတယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒေသခံလူထုနဲ့ နီးနီး ကပ်ကပ် ဆက်ဆံရေးရှိဖို့ တိုက်တွန်း လိုပါတယ်၊ ဒေသခံတွေနဲ့ ဆက်ဆံခြင်းဟာ သတင်းအချက်အလက်တွေ စုဆောင်းနိုင်ရုံမက ရာဇဝတ်သားတွေ မခိုလှုံနိုင်အောင် တားဆီးနိုင်တယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူက အကြောက်မခံရပဲ လေးစားခံရမှ ဒီလိုဖြစ်မယ်" ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီက အစ္စလာမ် မာဘတ်ရှိ ရဲသိပ္ပံတွင် ၎င်းက ပြောကြားခဲ့သည်။ 

ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်တွင် ရေးဆွဲခဲ့သော အကြမ်းဖက်ဝါဒတန်ပြန်ရေးနည်းလမ်း တွင်လည်း ဘက်စုံနည်းကို ထည့်သွင်းခဲ့ပါသည်။ ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက် ဝါဒ တန်ပြန်ရေး မဟာဗျူဟာ (the United Nations Global Counterterrorism strategy) ကို ၂၀၀၆ ခုနှစ် စက်တင်ဘာတွင် အထွေထွေညီလာခံက တညီတညွတ်တည်း အတည်ပြုခဲ့ သည်။ ထိုမဟာဗျူဟာသည် အကြမ်းဖက်ဝါဒပြဿနာကို ဖြေရှင်းရန်အတွက် ပထမဆုံးသော ဘက်စုံနှင့် နိုင်ငံတကာက အတည်ပြုခဲ့သည့် မူဘောင်ဖြစ်ပြီး ကဏ္ဍလေးခု၊ သို့မဟုတ် မဏ္ဍိုင် လေးခု ပါရှိသည်။ ပထမဆုံးမဏ္ဍိုင်မှာ အကြမ်းဖက်ဝါဒပြန့်ပွားစေရန် အထောက်အကူ ဖြစ်စေ သည့် အခြေအနေများကို ဖြေရှင်းရေးဖြစ်သည်။ ဒုတိယမဏ္ဍိုင်မှာ အကြမ်းဖက်ဝါဒကို ဟန့်တားခြင်းနှင့် တိုက်ဖျက်ခြင်းဖြစ်သည်။ ၎င်းနောက် တတိယမဏ္ဍိုင်မှာ အကြမ်းဖက်ဝါဒကို ဟန့်တားတိုက်ဖျက်ရာတွင် နိုင်ငံများ၏ စွမ်းရည်ကို မြင့်တင်ရန်နှင့် ကုလသမဂ္ဂစနစ်များ၏ ကဏ္ဍကို မြင့်တင်ရန်ဖြစ်သည်။ နောက်ဆုံးအချက်မှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် လူ့အခွင့်အရေးကိုလေးစားရန်နှင့် တရားဥပဒေစိုးမိုးရေးတို့မှာ အခြေခံဖြစ်သည်ဟု ဆိုသည်။ ကုသမဂ္ဂက ၎င်း၏အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း နိုင်ငံအဆင့် အကြမ်းဖက်ဝါဒတန်ပြန်ရေး တွင် အလားတူ ပေါင်းစည်းနည်းလမ်းများ အသုံးပြုကြရန် တိုက်တွန်းသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် အကြမ်းဖက်ဝါဒအား တန်ပြန်ရာတွင် နိုင်ငံများအနေဖြင့် ဘက်စုံနည်းလမ်း အသုံးပြု သင့်ကြောင်း ကုလသမဂ္ဂက အကြံပြုထားခြင်း ဖြစ်သည်။

နိုင်ငံအဆင့်အကြမ်းဖက်ဝါဒတန်ပြန်ရေး ဆောင်ရွက်ချက်များတွင် နမူနာအနေဖြင့် အင်ဒိုနီးရှားနိုင်ငံကို လေ့လာပါမည်။ အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင် နိုဟိုက်ဒီ ဟာဆန် (Noorhaidi Hasan) က အင်ဒိုနီးရှားနိုင်ငံသည် အစ္စလာမ်မစ် အခြေခံဝါဒ နှင့် အကြမ်းဖက်ဝါဒ အား တန်ပြန်ရာတွင် အမာနည်းနှင့် အပျော့နည်းများကို ပေါင်းစပ်ထားသော နည်းလမ်းကို မကြာသေးခင်နှစ်များအတွင်း ကျင့်သုံးခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း အမာနည်းသည် အလွန်အရေးကြီးဆဲဖြစ်ပြီး အငြင်းပွားစရာများ ရှိနေပါသည်။ အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး အထူးတပ်ဖွဲ့သည် ၂၀၁၀ ပြည့်နှစ် အတွင်း လူပေါင်း ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ၁၆ ဦး ပစ်သတ်ခဲ့သည့်အတွက် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးအဖွဲ့များက မေးခွန်းထုတ် ခဲ့သည်။ သို့သော်လည်း ယနေ့ အင်ဒိုနီးရှားသည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများ ကလောက် အကြမ်းဖက်တိုက်ခိုက်မှု မခံရတော့ခြင်းသည် အမာနည်း၏ကျေးဇူးလည်း တစ်စိတ်တစ်ပိုင်း ပါသည်။ ထို့ပြင် ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးထားသူများအား အစွန်းရောက် အစွဲချွတ်သည့် ပရိုဂရမ်ကဲ့သို့သော အပျော့နည်းများ၏ အောင်မြင်မှုကိုလည်း အတိုင်းအတာ တစ်ခုထိ ရရှိနေသည်။ ဘက်စုံနည်းလမ်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် အင်ဒိုနီးရှားအာဏာပိုင် များသည် အရပ်ဖက်အဖွဲ့အစည်းများကိုလည်း ကြိုဆိုကြသည်။ အရပ်ဖက် အဖွဲ့အစည်းများ သည် ဒေသခံလူထုကို အကြမ်းဖက်အယူဝါဒများ သွတ်သွင်းရန် အစွန်းရောက်များနှင့် အကြမ်းဖက်များ၏ ကြိုးစားမှုအား ခုခံတွန်းလှန်ရာတွင် အောက်ခြေလူထု၏ နိုးကြားမှုကို မြှင့်ပေးနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ အတွေ့အကြုံသည် အလွန်စိတ်ဝင်စားစရာ ကောင်းရုံ သာမက အခြားနိုင်ငံများအတွက်လည်း တန်ဖိုးရှိသည်ဟု ဟာဆန် ဆိုသည်။ သို့သော် ကုလသမဂ္ဂ ၏ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒတန်ပြန်ရေးမဟာဗျူဟာ ၊ သို့မဟုတ် အင်ဒိုနီးရှား၏ ဘက်စုံနည်းသည် အလုပ် ဖြစ်၊ မဖြစ် မည်သို့ သိနိုင်မည်နည်း၊ မည်သို့ တိုင်းတာမည်နည်း။

ဘက်စုံမဟာဗျူဟာတွင် ပထမဆုံးပြဿနာမှာ ၎င်းက မည်သည့်ရင်းမြစ်ကိုမျှ ဦးစားပေး ထားမှုမရှိခြင်း၊ မည်သည့်ရင်းမြစ်သည် ထိရောက်မှုအရှိဆုံး၊ မည်သည်က ထိရောက်မှုအနည်း ဆုံးဟု သုံးသပ်ထားမှု မရှိခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အစိုးရနှင့် အေဂျင်စီများကို အခု ချက်ချင်း တစ်ခုခုလုပ်ရန် အကြီးအကျယ်ဖိအားပေးနေခြင်း ဖြစ်သည်။ ဘက်စုံနည်းလမ်း သည် ရေရှည်တွင် အကြမ်းဖက်ဝါဒကို တားဆီးရန်လိုအပ်သော်လည်း အကြမ်းဖက်စစ်ဆင်ရေး များကို ထောက်လှမ်း၊ ဟန့်တား၊ နှောင့်ယှက်ဖျက်ဆီးသည့် ကျပန်း လုံခြုံရေးနည်းလမ်းများ သည် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် အဓိကအစိတ်အပိုင်း ဖြစ်နေဆဲဖြစ်သည်။ နောက်ဆုံးနှင့် အရေးအကြီးဆုံးအချက်မှာ အပြောလွယ်ပြီး အလုပ်ခက်ခြင်း ဖြစ်သည်။ ဘက်စုံ နည်းလမ်းတွင် မည်သူက တာဝန်ရှိပြီး မည်သူက ဦးဆောင်ရမည်၊ မည်သူ့တွင် ဘဏ္ဍာရေး နှင့် နိုင်ငံရေးနည်းလမ်းများရှိသည်၊ အမျိုးစုံသော တာဝန်ရှိသူများနှင့် နည်းလမ်းမျိုးစုံကို မည်သို့ ပေါင်းစပ်ညှိနှိုင်းမည် စသည့် အရေးကြီးသော မေးခွန်းများစွာ ရှိသည်။ 

ဘက်စုံနည်းလမ်း၏ ထိရောက်မှုကို မည်သို့ တိုင်းတာမည်၊ ဘက်စုံနည်းလမ်းကို အခြားသော တစ်ကြောင်းသွား ပိုဆန်သည့် နည်းလမ်းများနှင့် မည်သို့နှိုင်းယှဉ်မည် စသည့် အချက်များနှင့်ပတ်သက်၍ သုတေသနများ ပြည့်စုံစွာ မရှိသေးသည်မှာ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်ဝါဒ တန်ပြန်ရေး လေ့လာမှုများတွင် အရေးကြီးသော အားနည်းချက်ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် လမ်(Lum)၊ ကနေဒီ(Kennedy) နှင့် ရှာလီ(Sherley) စာရေးသူ သုံးဦးက အကြမ်းဖက်နှိမ်နင်းရေး မဟာဗျူဟာများကို အရည်အသွေးမြင့်၊ သိပ္ပံနည်းကျ သုံးသပ် လေ့လာသည့် သုတေသန မရှိသလောက် ဖြစ်ကြောင်း ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်။ ထိုဆောင်းပါးသည် ၂၀၀၆ ခုနှစ်က ဖြစ်သော်လည်း ယခုအချိန်ထိ အကြမ်းဖက်ဝါဒ တန်ပြန် ရေးမဟာဗျူဟာများ၊ နည်းလမ်းများ စသည်တို့ကို သုံးသပ်အကဲဖြတ်မှု မရှိသလောက် ဖြစ်နေ ဆဲဖြစ်သည်။ အစိုးရများသည် အကြမ်းဖက်ဝါဒတန်ပြန်ရေးအတွက် ဘီလီယံနှင့်ချီ၍ သုံးစွဲနေကြသော်လည်း မည်သည့်အစိုးရကမှ ၎င်းတို့၏ မူဝါဒများနှင့် နည်းလမ်းများ၏ ထိရောက်မှုကို သုံးသပ်ခြင်း မရှိသေးပါ။ အကြမ်းဖက်ဝါဒ တန်ပြန်ရေးနည်းလမ်းများ၏ ထိရောက်မှုကို သုံးသပ်အကဲဖြတ်ရန် ခက်သည်မှာ မှန်ပါသည်။ နည်းလမ်းတစ်ခု၏ ထိရောက်မှုကို သုံးသပ် အကဲဖြတ်ရန်ပင်ခက်ခဲပြီး နည်းလမ်းပေါင်းစုံနှင့် တာဝန်ရှိသူမျိုးစုံပါဝင်သော ဘက်စုံ နည်းလမ်း ၏ ထိရောက်မှုကို သုံးသပ်အကဲဖြတ်နိုင်ရန် အလွန်ပင်ခက်ခဲလှပါသည်။ ထို့ကြောင့် အကြမ်း ဖက်ဝါဒကို ဘက်ပေါင်းစုံ ကျယ်ကျယ်ပြန့်ပြန့် တန်ပြန်ခြင်းဖြင့် အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်သည်ဆိုသော ယူဆချက်အတွက် လက်တွေ့အထောက်အထား နည်းပါးလှပါသည်။ သို့သော် ပညာရှင်အများစုက အကြမ်းဖက်ဝါဒကို တန်ပြန်ရန် ကျယ်ကျယ်ပြန့်ပြန့်နှင့် နည်းလမ်းပေါင်းစုံ ပါဝင်သော ဘက်စုံနည်းလမ်း ၊ သို့မဟုတ် အဂ္ဂမဟာ ဗျူဟာ လိုအပ်သည်ဟု သဘောညီကြသည့်အတွက် ထိုယူဆချက် တစ်စိတ်တစ်ပိုင်း မှန်ကန် သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော်လည်း သုတေသနများ ဆက်လက် လုပ်ဆောင်ရန်၊ အထူးသဖြင့် ဘက်စုံ နည်းလမ်း၏ ထိရောက်မှုကို ဆန်းစစ်လေ့လာရန် လိုအပ်ပါသည်။

Reference;  

(1) GeorgetownX: Terrorism and Counterterrorism, www.edx.org

(2) Terrorism and Counterrorism: Comparing Theory and Practice by Leiden University , coursera.org

အပိုင်း(၆)ဖတ်ရှုရန်- https://sacministry.gov.mm/my/article/4490