လူသားချင်း စာနာမှုအတွက် စည်းလုံးညီညွတ်ခဲ့ပြီး မယုံကြည်မှုတံတိုင်းကြီးကို အပြီးအပိုင် ဖြိုချနိုင်ခဲ့သည့် ထရမ့်နှင့် ပူတင်တို့၏ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု
Posted_Date
Image

Body
ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံမှ ထူးခြားသည့် ခေါင်းဆောင်များသည် လူသားချင်း စာနာမှုအတွက် စည်းလုံးညီညွတ်ခဲ့ပြီဖြစ်ကြောင်း အမေရိကန် သံတမန်တစ်ဦးဖြစ်သူ စတိဝှစ်ကော့က ပြောကြားခဲ့သည်ကို တွေ့ရသည်။
စတိဝှစ်ကော့၏ အဆိုပါပြောကြားချက်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က အမေရိကန်အစိုးရ၏ အဆိုပြုချက်ကို သဘောတူလိုက်ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် ထရမ့်နှင့်ပူတင်တို့ကြား သဘောတူညီချက် ချမှတ်နိုင်ခဲ့သည့်နည်းတူ အမေရိကန်-ရုရှား ဆက်ဆံရေးမှာလည်း ပိုမိုတိုးတက် ကောင်းမွန်လာမည့် အလားအလာရှိသည်ဟု စတိဝှစ်ကော့က ဆက်လက်ပြောကြား ထားသည်။
ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ သမ္မတများဖြစ်သည့် ထရမ့်နှင့်ပူတင်တို့ကြား အပစ်အခတ်ရပ်စဲရေးနှင့် စပ်လျဉ်း၍ သဘောတူညီခဲ့ခြင်းသည် အမေရိကန်နှင့်ရုရှားနိုင်ငံတို့ကြား ကာလရှည်ကြာဖြစ်ပေါ်နေခဲ့သည့် မယုံကြည်မှု တံတိုင်းကြီးကို အပြီးအပိုင်ဖြိုချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ရုရုားအစိုးရကလည်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
ထရမ့်နှင့်ပူတင်တို့သည် ယူကရိန်းနှင့်ရုရှားနိုင်ငံတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို မတ်လ ၁၈ ရက်တွင် ၂ နာရီခွဲခန့်ကြာမြင့်သည့် တယ်လီဖုန်းမှ တစ်ဆင့် ဆွေးနွေးစဉ် ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ခေါင်းဆောင်နှစ်ဦးကြား တယ်လီဖုန်းမှတစ်ဆင့်ဆွေးနွေးမှုကို မော်စကိုစံတော်ချိန် ညနေ ၅ နာရီတွင် စတင်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နှင့် ရုရှားတို့ကြား ချမှတ်ခဲ့သည့် သဘောတူညီချက်အရ ရုရှားနှင့် ယူကရိန်းတို့အနေဖြင့် တစ်နိုင်ငံ၏ စွမ်းအင်အခြေခံ အဆောက်အဦများကို အခြားတစ်နိုင်ငံက တိုက်ခိုက်နေခြင်းအား ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထရမ့်၏ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် စတိ ဝှစ်ကော့ကပြောသည်။
တစ်နည်းအားဖြင့်ဆိုရပါမူ ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံရှိ အဓိကစွမ်းအင် စက်ရုံများအပေါ် မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်နေခဲ့ပြီး ရုရှားတပ်မတော်ကလည်း ယူကရိန်းက လွှတ်တင်လိုက်သည့် မောင်းသူမဲ့လေယာဉ်များအား ပစ်ချ၍ ယူကရိန်းရှိ စွမ်းအင်အခြေခံ အဆောက်အဦများကို တိုက်ခိုက်နေခဲ့သည်။ သို့သော် ယခုအခါ အဆိုပါတိုက်ခိုက်မှုများအား ရပ်တန့်ရမည်ဖြစ်သည်။
ထို့ပြင် ရုရှားအနေဖြင့် ထရမ့်ကအဆိုပြုသည့် ယူကရိန်းနိုင်ငံ၏ စွမ်းအင်အခြေခံ အဆောက်အဦများကို တိုက်ခိုက်ခြင်းအား ရက်ပေါင်း ၃၀ ကြာ ရပ်တန့်ရန်၊ ရုရှားနှင့် ယူကရိန်းတို့ကြား အကျဉ်းသားအပြန်အလှန်လဲလှယ်ရန်၊ ဒဏ်ရာရရှိထားသည့် တပ်ဖွဲ့ဝင်များအား ပြန်လည်လွှဲပြောင်းရန်နှင့် ပင်လယ်ပြင်အတွင်း၌လည်း အပစ်အခတ်ရပ်စဲရန်တို့ကို သဘောတူခဲ့သည်။
အမေရိကန်နှင့် သဘောတူညီချက် ချမှတ်ပြီးနောက်ပိုင်းတွင် ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်းနိုင်ငံအတွင်းရှိ စွမ်းအင်အခြေခံ အဆောက်အဦများအပေါ် တိုက်ခိုက်နေခြင်းအား ချက်ချင်းရပ်ဆိုင်းရန်နှင့် စွမ်းအင်စက်ရုံများအား တိုက်ခိုက်ရန် လွှတ်တင်ထားသည့် ရုရှားမောင်းသူမဲ့ လေယာဉ်ခုနစ်စင်းအား ပစ်ချရန် ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့ကို သမ္မတပူတင်ကအမိန့်ပေးခဲ့သည်ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်သည့် ကြေညာချက်တွင်ဖော်ပြသည်။
ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား ရှာဖွေနိုင်ရန်အတွက် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိသည်ဟု သမ္မတပူတင်က အဆိုပါဆွေးနွေးမှုအတွင်း ပြောကြားခဲ့သည်။
သမ္မတပူတင်သည် စိတ်ဓာတ်ခိုင်မာသူ တစ်ဦးဖြစ်ပြီး ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် ဆန္ဒရှိနေကြောင်း၊ ၎င်းနှင့်ဖုန်းပြောဆိုမှုသည် အလွန်ကျေနပ်ဖွယ် ကောင်းသည်ဟု ထရမ့်က နောက်ပိုင်းတွင် ထုတ်ဖော်ပြောကြားသည်။
ထရမ့်၏ပြောဆိုမှုများကို လေ့လာမည်ဆိုပါက ယူကရိန်းပဋိပက္ခသည် ယခင်ဂျိုးဘိုင်ဒင် အစိုးရ၏ ရုရှားဆန့်ကျင်ရေး သဘောထားကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ယူဆထားသည်ကို တွေ့ရပြီး အကယ်၍ ဘိုင်ဒင်၏နေရာတွင် ၎င်းသာသမ္မတအဖြစ် တာဝန်ထမ်းဆောင်မည် ဆိုပါက ယူကရိန်းပဋိပက္ခသည် မည်သည့်အခါမျှဖြစ်လာနိုင်စရာ အကြောင်းမရှိဟု လူသိရှင်ကြား ထုတ်ဖော်ပြောကြားထားသူဖြစ်သည်။
ထို့ပြင် ဂျိုးဘိုင်ဒင်အစိုးရက ယူကရိန်းသို့ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိ အကူအညီများ ပေးအပ်ခြင်းသည် ယူကရိန်းလက်နက်ကိုင် ပဋိပက္ခကို ပိုမိုရှည်ကြာစေရန် ဖန်တီးခဲ့ခြင်းသာဖြစ်သည်ဟု ထရမ့်ကဆိုထားသည်။
အမေရိကန်နှင့် ရုရှားတို့ကြား သဘောတူညီခဲ့သည့် စွမ်းအင်အခြေခံ အဆောက်အဦများအပေါ် တိုက်ခိုက်မှုနှင့် ပင်လယ်ရေပြင်အတွင်း ယာယီအပစ်အခတ် ရပ်စဲမှုကို ယူကရိန်းက ထောက်ခံလျက်ရှိသော်လည်း အသေးစိတ်အချက်အလက်များကို အမေရိကန်အစိုးရက ထုတ်ပြန်သည့် အချိန်အထိ စောင့်ဆိုင်းမည်ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဇီလန်စကီက မတ်လ ၁၈ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
သို့သော် ထရမ့်နှင့် ပူတင်တို့ကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်မှုအပြီးတွင် ယူကရိန်းက တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်ခဲ့သည်ဟု ရုရှားအစိုးရက ထုတ်ပြန်ထားသည်။ ထို့ကြောင့် ယူကရိန်း၏ လုပ်ဆောင်ချက်များကို ရုရှားကစောင့်ကြည့်သွားမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရပါမူ ထရမ့်နှင့်ပူတင်တို့ကြား ချမှတ်နိုင်ခဲ့သည့် ယူကရိန်းအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ကြုံတောင့်ကြုံခဲဖြစ်သည့် သဘောတူညီချက်ဖြစ်ပြီး ယင်းသဘောတူညီချက်သည် ယူကရိန်းတွင် အဓွန့်ရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်နှင့် အမေရိကန်-ရုရှားဆက်ဆံရေးအား ပုံမှန်အတိုင်းပြန်လည်ဖြစ်စေရန် အတွက် အထောက်အပံ့ပြုနိုင်သည့် ခြေလှမ်းတစ်ရပ်ပင်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Source: https://myawady.net.mm/stories