ပွတ်တိုက်မှုများကြားက တင်းမာမှုတွေ မြင့်တက်လာဉီးမယ့် အင်ဒိုနီးရှားနိုင်ငံရေး

Posted_Date

Image

ပွတ်တိုက်မှုများကြားက တင်းမာမှုတွေ မြင့်တက်လာဉီးမယ့် အင်ဒိုနီးရှားနိုင်ငံရေး

Body

ဒီရက်ပိုင်းအတွင်း အာရှဒေသမှာ နိုင်ငံရေးအရ ပွတ်တိုက်မှုတွေ၊ ဆန္ဒပြမှုတွေ ခပ်စိပ်စိပ် ဖြစ်လာသည်ကို မြင်တွေ့လာရသည်။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် ဝန်ကြီးချုပ်က ရာထူးမှ ရုတ်တရက် နုတ်ထွက်ပြီး ပြည်ပနိုင်ငံကို   တိမ်းရှောင်သွားရသည်အထိဖြစ်သည်။

ယခုအင်ဒိုနီးရှားနိုင်ငံမှာလည်း နိုင်ငံရေးအရ ပွတ်တိုက်မှုတွေဖြစ်လာသည်ကို တွေ့လာရပြန်သည်။   ဆန္ဒပြသူထောင် ပေါင်းများစွာ အထူးသဖြင့်လူငယ်များက အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျကာတာ အပါအဝင်      တခြားမြို့ကြီးများစွာ၌ ဆန္ဒပြမှုများကို  လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

ဆန္ဒပြသူများထဲတွင် ကျောင်းသားများ၊ ပညာရှင်များ၊ အလုပ်သမားများ၊ ဒီမိုကရေစီ အရေးတက်ကြွ လှုပ်ရှားသူများအပြင် အနု ပညာရှင်များလည်း ပါဝင်သည်။ ရဲတပ်ဖွဲ့ ဝင်များကလည်း ဆန္ဒပြသူများကို မျက် ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခြင်း၊ ရေပိုက်ကြီးများဖြင့် ထိုးခြင်းတို့ကို လုပ်ဆောင်ပြီး ဆန္ဒပြမှုများကို ဖြိုခွဲကြရသည်။

ဒီနေရာမှာ အဓိကဖော်ပြပေးချင်သည့် အကြောင်းအရာက ဆန္ဒပြမှုလုပ်ဆောင် သည့်အခြေအနေကို မဟုတ်။ ဆန္ဒပြမှုဖြစ်ပွားရလောက်အောင် ကြီးမားလာသည့် နိုင်ငံရေးအရ  ပွတ်တိုက်မှုအကြောင်းပင် ဖြစ်သည်။

နိုင်ငံရေးအရ ပွတ်တိုက်မှုဆိုသည်မှာ ဦးဆောင်အဖွဲ့အစည်းများကြား တစ်ဖွဲ့နှင့် တစ်ဖွဲ့သဘောထား၊   ခံယူချက်များ မညီညွတ်ကြခြင်းကြောင့်သာ  ဖြစ်ရခြင်းဖြစ်သည်။

ယခုအင်ဒိုနီးရှားနိုင်ငံအရေးမှာဆိုရင်လည်း တစ်ဖက်က ဥပဒေအတိုင်းဆောင်ရွက်သည့်အဖွဲ့ဖြစ်ပြီး တခြားတစ်ဖက်က ဥပဒေကို လိုသလိုပြင်ဆင်နိုင်သည့်အဖွဲ့ ဖြစ်နေသည်။

ဥပဒေအတိုင်းဆောင်ရွက်သည့်အဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဖြစ်ပြီး ဥပဒေကို လိုသလိုပြင်ဆင်နိုင်သည့် အဖွဲ့ကတော့ လွှတ်တော်အမတ်များစွာ ပါဝင်ရာ လွှတ်တော်ကြီးပင် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံအတွင်း ဆန္ဒပြမှုများ ဖြစ်ပွားရသည့်အကြောင်းရင်းကို အစက နေပြောရမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက စရမည်ဖြစ်သည်။ သူက ဩဂုတ်လ ၂၁ ရက်တွင် အမိန့်တစ်ခုချမှတ်လိုက်သည်။

ထိုအမိန့်မှာ ပြည်ထောင်စုလွှတ်တော်များဆီသို့ အမတ်တစ်ဦးစီအဆိုပြုနိုင်ရေး အတွက် ပြည်နယ်လွှတ်တော်များ၌ ပါတီများအနေဖြင့် အနည်းဆုံးကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းပါရှိရမည် ဟူသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ကာ လွှတ်တော်ကိုယ် စားလှယ်ဖြစ်လာစေရေးအတွက် လိုအပ် သည့်အနည်းဆုံး အသက်ကန့်သတ်ချက်ကိုမူ     ယခင်အတိုင်းထားရှိကြောင်း ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။

သို့သော် ဩဂုတ်လ ၂၂ ရက်တွင် အင်ဒို နီးရှားလွှတ်တော်က အရေးပေါ်အစည်း အဝေးတစ်ရပ်ခေါ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်များကို ပြောင်းပြန်လှန်ရေးအတွက် ဆွေးနွေးကြ ပြီး     မဲခွဲဆုံးဖြတ်ရန်ပြင်ဆင်ကြသည်။ 

သို့ရာတွင် လွှတ်တော်တက်သည့်အမတ် အရေအတွက်မဲခွဲဆုံးဖြတ်ရန် လုံလောက် ခြင်း မရှိသည့်အတွက်   ထိုအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။

ဒီနေရာမှာ အဓိကကျသည့်အကြောင်း အရာပေါ်ပေါက်လာသည်။ ဒါ့အပြင် နိုင်ငံရေးကို စိုးမိုးခြယ်လှယ် လိုသည့် ပုံစံများကို လည်းမြင်တွေ့လာရသည်။

အင်ဒိုနီးရှား ရွေးကောက်ပွဲဥပဒေတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အသက်အပိုင်းအခြားကို အသက် ၃၀ နှစ်နှင့်အထက်သာ သတ်မှတ်ထားသည်။ အသက် ၃၀ အောက်ဆိုလျှင် ရွေးကောက် ပွဲဝင်ပြိုင်ခွင့်မရှိ။

အင်ဒိုနီးရှားနိုင်ငံကို နှစ်ပေါင်းများစွာ ကြာအုပ်ချုပ်လာခဲ့သည့် သမ္မတဂျိုကိုဝီ ဒိုဒို၌ သားအငယ်ဆုံး တစ်ယောက်ရှိသည်။ သူ၏အသက်က အခုမှ ၂၉ နှစ်သာရှိသေး သည်။ ဒီအရွယ်နဲ့ဆိုလျှင် နိုဝင်ဘာလတွင် ကျင်းပမည့် ပြည်နယ်ရွေးကောက်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ခွင့်မရှိပေ။

ယခု ရွေးကောက်ပွဲကျင်းပဖို့ အချိန်နီးလာချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင် ရာခုံရုံးက ထုတ်ပြန်လိုက်သည့် ဥပဒေ၌ အသက် ၃၀ အောက်ရှိသူများ ရွေးကောက် ပွဲဝင်မပြိုင်ရဟုပါရှိလာသည်။

ဒီကန့်သတ်ချက်ကို လွှတ်တော်အမတ်များက သဘောမကျကြပေ။ ဘာကြောင့်လဲဆိုရင်   လွှတ်တော်အမတ်အများစုသည် သမ္မတဂျိုကိုဝီဒိုဒို၏လူများဖြစ်နေ ခြင်းကြောင့်ဖြစ်သည်။ ဝီဒိုဒိုက သူ့သား ကိုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် စေလိုသည်။ ဒီအတွက် လွှတ်တော်ကိုအား ကိုးပြီး ခုံရုံး၏အမိန့်ကို လူအင်အားဖြင့် ပယ်ဖျက်ရန်ကြိုးပမ်းလာခြင်းဖြစ်သည်။

နောက်တစ်ချက်က ခုံရုံး၏ဆုံးဖြတ် ချက်ကြောင့် ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီးဘာဆွယ်ဒန်အနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရလာခြင်းဖြစ်သည်။ အန်နီးဘာဆွယ်ဒန်ဆိုသူမှာ လူကြိုက်များသူဖြစ်ပြီး နောက်တက်မည့်သမ္မတ ပရာဘိုဝိုဆူဘီယန်တို၏ လူနှင့်ထိပ်တိုက်ရင် ဆိုင်ရဖွယ်ရှိသည်။ တစ်နည်းပြောရရင် ပရာဘိုဝိုဆူဘီယန်တို ဆိုသည်မှာလည်း ဂျိုကိုဝီဒိုဒို၏လူပင် ဖြစ်သည်။

ဂျိုကိုဝီဒိုဒိုတွင်  သားအကြီးတစ်ဦးရှိသေးသည်။ နာမည်က ဂီဘရန်ရာကာဖြစ်သည်။  လာမည့်အောက်တိုဘာလတွင် ဒုတိယသမ္မတအဖြစ် တာဝန်ယူသွားမည့် သူဖြစ်သည်။

ဂီဘရန်ရာကာအနေဖြင့် ရွေးကောက်ပွဲတွင် ဒုတိယသမ္မတအဖြစ်ပါဝင်ယှဉ်ပြိုင် နိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ် သည်။ ထိုသို့ဖြစ်လာအောင်လည်း ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက လုပ်ပေး လိုက်ခြင်းဖြစ်သည်။   အဲဒီအချိန်တုန်းက ခုံရုံးဥက္ကဋ္ဌက ဂျိုကိုဝီဒိုဒို၏ယောက်ဖဖြစ် သည်။ သူက ပြည်နယ်ရွေးကောက်ပွဲများတွင် ရွေးကောက်ခံဖူးသူများအနေဖြင့် ဒုတိယသမ္မတ ရာထူးနေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်ဟု အမိန့်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

အခုတစ်ခေါက်မှာတော့ ဂျိုကိုဝီဒိုဒို၏ ယောက်ဖမဟုတ်သောတခြားသူက ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ် အသက် ၃၀ နှစ် နှင့်အထက်များကိုသာ ရွေးကောက်ပွဲဝင် ပြိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်လိုက်ခြင်းက ဂျိုကိုဝီဒိုဒို၏ သားအငယ်ဆုံးကို နိုင်ငံရေး လောကထဲသို့ ဆွဲသွင်းမည့် အစီအစဉ်ကို ပျက်သွားစေခြင်း ဖြစ်သည်။

ဂျိုကိုဝီဒိုဒိုအနေဖြင့် အောက်တိုဘာလတွင် ၁၀ နှစ်ကြာရယူခဲ့သောရာထူးကို စွန့်လွှတ်ပေးရတော့မည် ဖြစ်သည်။ သို့ပေသော်လည်း သူ့ရဲ့စိတ်အစဉ်မှာတော့ ဒီလိုရာထူးမရှိပေမယ့် ဒီလိုရာထူးရှိသူတွေရဲ့ နောက်ကွယ်ကနေ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံရေးကိုထိန်းကျောင်းလိုသည့်ဆန္ဒရှိနေသည်ကို အင်ဒိုနီးရှား ပြည်သူများက အတိုင်းသားမြင်ခွင့်ရလိုက်ခြင်းကြောင့် ယခုလို ဆန္ဒပြမှုများ လုပ်ဆောင်လာရခြင်းဖြစ်သည်။

ဒီတစ်ကြိမ်မှာတော့ ဂျိုကိုဝီဒိုဒို၏ သားငယ်အတွက် နိုင်ငံရေးတွင်နေရာမရှိတော့ အောင်ဖြစ်လာပြီကို တွေ့ရသည်။ အခုလို ဆန္ဒပြမှုများကြောင့် လွှတ်တော်ကလည်း ခုံရုံး၏အမိန့်ကိုမပြင်တော့ဟုဆိုသည်။ အကယ်၍ ပြင်ဆင်ဖို့ကြိုးစားလျှင်လည်း အချိန်မရှိတော့ပေ။ ဩဂုတ်လ ၂၇ ရက် တွင် ပြည်နယ်ရွေးကောက်ပွဲများအတွက် ပါဝင်ယှဉ်ပြိုင်မည့်သူများ မှတ်ပုံတင်ရတော့မည်ဖြစ်သည်။ ဒီကြားထဲမှာတော့ လွှတ်တော်က ဘယ်လိုမှလုပ်နိုင်စွမ်းမရှိတော့ပေ။

သို့သော် နိုင်ငံရေးကိုနောက်ကွယ်က နေထိန်းကျောင်းလိုသူဆိုတာ သူတို့ရဲ့ဆန္ဒကိုတော်ရုံနှင့် မလျှော့တတ်သော သဘောရှိသောကြောင့် အင်ဒိုနီးရှား နိုင်ငံရေးဟာ တင်းမာမှုတွေ မြင့်တက်လာဦးမယ့် အရိပ်အယောင်ရှိနေကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။      

 Ref: Agencies

Source-www.moi.gov.mm