နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ်ပူးပေါင်း ပါဝင်မည့် အလားအလာ ရှိသည့် BRICSအဖွဲ့

Posted_Date

Image

နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ်ပူးပေါင်း ပါဝင်မည့် အလားအလာ ရှိသည့် BRICSအဖွဲ့

Body

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် မလေးရှားနိုင်ငံသည် လွှမ်းမိုးမှု ကြီးထွားလာသည့် အဖွဲ့ကြီးတစ်ခုဖြစ်သော BRICS   သို့  ဝင်ရောက်ရန်လျှောက်လွှာ တစ်ရပ်ကို အဖွဲ့ကြီး၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသည့် ရုရှားနိုင်ငံသို့ ပေးပို့လိုက်ပြီဖြစ်ကြောင်း တွေ့ရသည်။

မလေးရှားနိုင်ငံအနေဖြင့်   ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ကြီးတစ်ခုဖြစ်သည့် BRICS  အဖွဲ့တွင် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပူးပေါင်းရန် စိတ်အားထက်သန်လျက်ရှိကြောင်း    မလေးရှား ဝန်ကြီးချုပ် အန်နဝါအီဘရာဟင်က ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းတွင် ပြောကြားထားသည်။ ထို့ပြင် မလေးရှားနိုင်ငံသည် BRICS  အဖွဲ့သို့ ပူးပေါင်းပါဝင်ရန် ဆန္ဒရှိနေကြောင်းကိုလည်း အီဘရာဟင်က နိုင်ငံအတွင်းသို့ အလည်အပတ်ရောက်ရှိလာခဲ့သည့်   ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ဗ်နှင့် အသေးစိတ်ဆွေးနွေးခဲ့သည်။

လက်ရှိတွင် BRICS  အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်  ရုရှားနိုင်ငံက   ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစ၍ တာဝန်လွှဲပြောင်းယူခဲ့ခြင်းဖြစ်သည်။ ယခုအခါ BRICS အဖွဲ့သို့အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ရန် နိုင်ငံအများအပြားက ကြိုးပမ်းလျက်ရှိရာ အဖွဲ့ကြီး၏ဂုဏ်သတင်းနှင့် လွှမ်းမိုးမှုသည် ပိုမိုထင်ရှား ကျော်ကြားလာခဲ့ပြီဖြစ်သည်။

BRICS   အဖွဲ့ကို   ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ၂၀၀၆ ခုနှစ်တွင် ကနဦးအဖြစ် BRIC ဟူ၍ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ သို့သော် ၂၀၁၀ ပြည့်နှစ်တွင်    တောင်အာဖရိကနိုင်ငံပါ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာခဲ့ခြင်းကြောင့် BRICS   ဟူ၍ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ BRICS အဖွဲ့၏ အဓိကရည်မှန်းချက်မှာ ကမ္ဘာ့နိုင်ငံရေးနှင့်   စီးပွားရေးကဏ္ဍများ၌ အမေရိကန်နှင့် အနောက်နိုင်ငံများအပေါ် မှီခိုနေရခြင်းကို   လျှော့ချနိုင်ရန် အတွက်ဖြစ်သည်။ 

ယခင်က BRICS အဖွဲ့အား လူသိနည်းခဲ့သော်လည်း ၂၀၂၂ ခုနှစ်    ရုရှားက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေး တစ်ရပ်ဆင်နွှဲပြီးနောက် ရုရှားအပေါ် နိုင်ငံတကာ အသိုက်အဝန်း၏ ပိတ်ဆို့အရေးယူမှုနှင့်အတူ  BRICS အဖွဲ့အပေါ် အခြားနိုင်ငံများ၏ စိတ်ဝင်စားမှုမှာလည်း ထူးခြားစွာ မြင့်တက်လာခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အရေးယူမှုများအား ရှောင်လွှဲရန် ကြိုးပမ်းချက်အဖြစ် တရုတ်နှင့် ရုရှားနိုင်ငံတို့က ကြိုးပမ်းစည်းရုံး လာခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။

ထို့ကြောင့် မျက်မှောက်ခေတ်  ကမ္ဘာ့နိုင်ငံရေးတွင် မိမိနှင့်သဘောထား မတူညီသည့် နိုင်ငံများ သို့မဟုတ် သဘောထား ကွဲလွဲသည့်နိုင်ငံများ သို့မဟုတ် သြဇာမခံသည့် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် စီးပွားရေးပိတ်ဆို့မှုများ    ချမှတ်ခြင်းကို  လက်နက်အဖြစ်  အသုံးချလုပ်ဆောင်နေသည့်    အမေရိကန်၏ တစ်ဖက်သတ် လုပ်ဆောင်ချက်များကို   ရှောင်ရှားနိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ် ရေးတွင် ဒေါ်လာငွေကြေးအသုံးပြုခြင်းကို လျှော့ချရန်အတွက်လည်း ကြိုးပမ်းလာခဲ့ကြသည်။

ထို့ပြင် BRICS အဖွဲ့ဝင်နိုင်ငံများအနက် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့၏ စီးပွားရေးအင်အားသည် လာမည့်  ၂၀၅၀ ပြည့်နှစ်တွင်   ကမ္ဘာ့စီးပွားရေး အပေါ် လွှမ်းမိုးလာမည့် အလားအလာရှိနေသည်။  ထို့ကြောင့် BRICS အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ၎င်းတို့၏    စီးပွားရေးတိုးတက်မှုကို မြှင့်တင်နိုင်ရေးအတွက် ထိန်းချုပ်မှုကင်းမဲ့ပြီး လွတ်လပ်သည့် ငွေကြေးပေးချေမှုစနစ် တစ်မျိုးကို အသုံးပြုရန် လိုအပ်နေကြောင်းကို သဘောပေါက်လာခဲ့ကြသည်။

 သို့မှသာ အဆိုပါ ငွေကြေးပေးချေသည့် စနစ်အရ    အဖွဲ့ဝင်တစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း    ရုရှားဘဏ္ဍာရေး ဝန်ကြီး အန်တန်ဆီလူအာနော့ဗ်က တရုတ်နိုင်ငံ   ပေကျင်းမြို့တော်၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်တွင် ကျင်းပသည့် ရုရှား-တရုတ် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေး ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

BRICS အဖွဲ့၏   အဖွဲ့ဝင်နိုင်ငံများအနက် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ် နိုင်ငံတို့သည် ယခုအခါ ၎င်းတို့၏ စီးပွားရေး တိုးတက်မှုကို တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံများကြား ကုန်သွယ်ရာတွင်   ဒေါ်လာငွေကြေး    အသုံးပြုမှုကိုလျှော့ချရန် ဆွေးနွေးတိုင်ပင်မှုများကို ၂၀၂၄ ခုနှစ်အတွင်း တိုးမြှင့် လုပ်ဆောင်လာပြီဖြစ်သည်။

ထို့ပြင်    နိုင်ငံအများအပြားကလည်း ကမ္ဘာ့ကုန်သွယ်မှုတွင်   အမေရိကန်၏ လွှမ်းမိုးခြယ်လှယ်မှုကို    တုံ့ပြန်နိုင်ရေးအတွက် ဒေါ်လာငွေကြေး အသုံးပြုနေခြင်းကို လျှော့ချပစ်ရန်    ကြိုးပမ်းလာပြီဖြစ်သည်။

အမေရိကန်ဒေါ်လာသည်  ကမ္ဘာ့နိုင်ငံများကြား ကုန်သွယ်မှု လုပ်ဆောင်ရာတွင် အဓိကအသုံးပြုသည့်   ငွေကြေးအဖြစ် ဆယ်စုနှစ်များစွာကြာ ရပ်တည်လာခဲ့သော်လည်း အမေရိကန်၏  စီးပွားရေးတွင် အနိုင်ကျင့်ခြယ်လှယ်မှုကြောင့် နိုင်ငံအများအပြားက ဒေါ်လာငွေကြေးအစား အခြားရွေးချယ်စရာ ငွေကြေးများကို အသုံးပြုရန် ကြိုးပမ်းလာခြင်းလည်း ဖြစ်သည်ဟုဆိုနိုင်သည်။ လက်ရှိတွင် ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့သည် ၎င်းတို့ကြား ကုန်သွယ်မှု လုပ်ဆောင်ရာတွင်     ၎င်းတို့နိုင်ငံသုံး ငွေကြေးများကို အသုံးပြုရန်  စီစဉ်လျက်ရှိသည်။

ယခုအခါ  BRICS အဖွဲ့သည် ကမ္ဘာ့စီးပွားရေးကို အလျင်အမြန် ပုံဖော်လျက်ရှိပြီး လာမည့် ၂၀၄၀ ပြည့်နှစ်ခန့်တွင် စက်မှုအင်အားကြီး ခုနစ်နိုင်ငံပါဝင်သည့်  G7  အဖွဲ့၏ စီးပွားရေး အင်အားကို ကျော်တက်သွားမည်ဟု  Bloomberg  က ၂၀၂၃ ခုနှစ်ကတည်းက   ကြိုတင်ဟောကိန်း ထုတ်ခဲ့သည်။ 

BRICS  အဖွဲ့တွင် စတင်တည်ထောင်ချိန်၌ အဖွဲ့ဝင်ငါးနိုင်ငံသာ ပါဝင်ခဲ့သော်လည်း ယခုအခါ အီဂျစ်၊ အီရန်၊ အီသီယိုးပီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု တို့ပါ ပူးပေါင်းပါဝင်လာပြီဖြစ်သည်။ မကြာမီ ကာလတွင်လည်း နိုင်ငံအများအပြားက အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်မည့် အလားအလာရှိသည်။ ထို့ပြင် အခြားအရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံကလည်း BRICS အဖွဲ့သို့   ဝင်ရောက်နိုင်ရန် မျှော်မှန်းလျက်ရှိသည်။

သို့ဖြစ်ရာ BRICS   အဖွဲ့သည် လက်ရှိတွင် ၎င်းတို့၏လွှမ်းမိုးမှုကို အရှေ့တောင် အာရှဒေသသို့ပါ    ချဲ့ထွင်လာနိုင်ခဲ့ပြီး အနာဂတ်ကာလတွင်လည်း လက်ရှိအဖွဲ့ဝင် အဖြစ်ပါဝင်နေသည့်   နိုင်ငံများအပြင် အဖွဲ့ဝင်သစ်များအဖြစ် ပူးပေါင်းပါဝင်လာမည့် နိုင်ငံများအကြား ကုန်သွယ်မှုပြုလုပ်ရာ၌ ဒေါ်လာငွေကြေးအစား အခြားငွေကြေး သို့မဟုတ် မိမိတို့နိုင်ငံသုံး ငွေကြေးများဖြင့် အစားထိုး သုံးပြုနိုင်မည်ဆိုပါက ကမ္ဘာ့ကုန်သွယ်ရေးတွင်   နေရာယူထားသည့် အမေရိကန်ဒေါ်လာ၏    လွှမ်းမိုးမှုကို ခြိမ်းခြောက်လာနိုင်ဖွယ်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source- www.moi.gov.mm