စီးပွားဖြစ် ရေချိုပုစွန် အသားတိုးမွေးမြူရာတွင် သိသင့်သည်များ
Posted_Date
Image

Body
ယနေ့မွေးမြူရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေးအတွက် အဓိကအခန်းကဏ္ဍက ပါဝင်လာသည်။ ယခင်က စိုက်ပျိုးမွေးမြူရေးသည် သမားရိုးကျစနစ်ဖြင့် စိုက်ပျိုးမွေးမြူခဲ့ရာမှ ယခုအခါ နည်းစနစ်ကျနသည့် စိုက်ပျိုးမွေးမြူရေးဆီသို့ ဦးတည်သွားကြရန်လိုအပ်သည်။ ထို့ပြင်မွေးမြူရေးဆိုင်ရာပညာရပ်များကို ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးခြင်းဖြင့်လည်း နည်းစနစ်ကျသော မွေးမြူရေးကဏ္ဍသို့ ဦးတည်နိုင်မည်ဖြစ်ပြီး မွေးမြူသူများအနေဖြင့်လည်း လုပ်ငန်းလုပ်သလောက် အကျိုးအမြတ်ရရှိပြီး နိုင်ငံ၏စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးရာလည်း ရောက်သည်။ ယခုအခါ ငါး၊ ပုစွန်မွေးမြူရေးသည် နိုင်ငံတော်၏ စားနပ်ရိက္ခာကိုလည်း ဖြည့်တင်းပေးရာရောက်သည်။ တချို့က မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်လိုကြသော်လည်း လုပ်ငန်းမကျွမ်းကျင်ခြင်း၊ နည်းစနစ်မသိခြင်းတို့ကြောင့် နောက်တွန့်နေသည်များလည်းရှိသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် အသိပညာရစေလိုသော ဆန္ဒဖြင့် စီးပွားဖြစ် ရေချိုပုစွန်အသားတိုး မွေးမြူမည်ဆိုလျှင် သိရှိရမည့်နည်းလမ်းများ၊ အချက်အလက်များ၊ နည်းစနစ်များကို လက်လှမ်းမီသလောက် လေ့လာတင်ပြပေးသွားမည်ဖြစ်သည်။
ကန်နေရာရွေးချယ်ခြင်းနှင့် ကန်တူးဖော်ခြင်း
မွေးမြူရေးဖြစ်စေ၊ စိုက်ပျိုးရေးဖြစ်စေ စတင်ပြုလုပ်တော့မည်ဆိုလျှင် ပထမဆုံးမွေးမြူမည့်မြေနေရာရှာရမည်။ မြေနေရာ ရေစိမ့်ထွက်မှုရှိသောမြေ၊ သဘာဝအစားအစာ မဖြစ်ထွန်းသည့် ထုံးဓာတ်နှင့်အချဉ်ဓာတ် များသောမြေမျိုးမဖြစ်ရပါ။ ပုစွန်မွေးမြူမည့်မြေကိုရှာဖွေရာတွင် မြေအနက် ၆ ပေတူးပြီး မြေကြီးကိုရေနှင့်ရော၍စမ်းကြည့်ပါက သဲကြမ်းပါသည့်မြေမျိုးဆိုလျှင် ပုစွန်ကန်အတွက်သင့်လျော်သည့် မြေအမျိုးအစား ငါးမျိုးရှိပါသည်။ ထိုမြေအမျိုးအစားငါးမျိုးအနက် ရွှံ့မြေသည် ကန်တူးရန်သင့်လျော်သောမြေမျိုးဖြစ်သည်။ အကြောင်းမှာ ရွှံ့မြေသည် ရေထိန်းချုပ်မှုကောင်းမွန်သောကြောင့်ဖြစ်သည်။ပုစွန်မွေးမြူရာတွင် ကန်အတွင်း ရေသွင်း၊ ရေထုတ်အလွန် အရေးကြီးသဖြင့် ကန်ကိုမြင့်လွန်းသောနေရာ၊ နိမ့်လွန်းသောနေရာမျိုး၌မတူးဘဲ မနိမ့်လွန်း၊ မမြင့်လွန်းသောနေရာမျိုးကို ရွေးချယ်၍တူးသင့်သည်။ ကန်အောက်ခြေ ညီညာမှုရှိဖို့လည်းလိုပါသည်။ ဒီရေရောက်သောနေရာများနှင့် ရေလွှမ်းမိုးမှုရှိသော နေရာမျိုးဖြစ်ပါက ရေလွှမ်းမိုးမှုအမြင့်ဆုံးပေကို သိရှိဖို့လိုသည်။ ထိုရေလွှမ်းမိုးမှုပေထက် ၂ ပေခန့်အထိမြင့်အောင် ကန်ပေါင်ကိုမြှင့်ထားရပါမည်။မွေးမြူရေးကန်အများစုကို ထောင့်မှန်စတုဂံပုံ တူးဖော်လေ့ရှိကြသည်။ ပုစွန်ကန်ကိုလည်း ထိုနည်းအတိုင်းတူးရသည်။အလျားသည် အနံ၏ ၃-၄ဆရှိသင့်သည်။ ဥပမာ-အနံက ပေ ၅၀ ဆိုပါက အလျားသည် အနံ၏ ၄ ဆ ပေ ၂၀၀ဖြစ်သည်။ ရေအနက် ၃ ပေမှ ၅ ပေရှိအောင်တူးရပါမည်။ ကန်တူးဖော်ရာတွင် မိမိမြေဧကအပေါ်မူတည်၍ အလျား၊ အနံ ချိန်ဆတူးဖော်နိုင်သည်။ အနည်းဆုံး၅ ဧကအထိ တူးဖော်မွေးမြူနိုင်သည်။ ကန်ပေါင်သည် သုည ဒသမ ၅ ဧက အရွယ်အတွက် တာပေါင်မျက်နှာပြင်ကို အကျယ် ၅ ပေထားရမည်။ ၁ ဧကတိုးလျှင် တာပေါင်အကျယ် ၁၀ ပေထားရသည်။
၂ ဒသမ ၅ ဧကအတွက် တာပေါင်အကျယ်မှာ ပေ ၂၀ ဖြစ်သည်။ တာပေါင်တည်ဆောက်ရာတွင် စနစ်တကျပုံဖော် တည်ဆောက်ရပါမည်။ရေသွင်းရေထုတ်အတွက် ရေတံခါးများ တပ်ဆင်ပေးရသည်။ ၂ ဒသမ ၅ ဧကအောက်ရှိကန်များအတွက် ရေထုတ်ပိုက်ကို ၉ လက်မပြုလုပ်ပြီး ၂ ဒသမ ၅ဧကအထက်ကန်များအတွက် ရေထုတ်ပိုက်ကို ၁၄ လက်မအရွယ် တပ်ဆင်အသုံးပြုရမည်။ ရေတံခါးများကို ကန်မျက်နှာပြင်၏နိမ့်သော နေရာတွင်တပ်ဆင်ပြီး ပိုလျှံသောရေများကို ရေတံခါးမှတစ်ဆင့်အပြင်သို့ ထုတ်ပစ်ခြင်းဖြစ်သည်။
ကန်ပြုပြင်ခြင်း
မွေးမြူရေးကန်ကို စတင်အသုံးပြုသည့်အခါ ကန်ကိုပြန်လည်ပြုပြင်ပေးရသည်။ မလိုအပ်သည့်ငါးများ၊ အပင်များနှင့်ရွှံ့ညွန်များကို ဖယ်ပေးရသည်။ ငါးရိုင်းများကို ဖယ်ရှားရန်အတွက် မဖောက်ထုံးကို အသုံးပြုကြသည်။ အခြောက်ခံထားသော ကန်များ ၁ စင်တီမီတာအထိ ပပ်ကြားအက်လာလျှင် ၁ ဧကကို မဖောက်ထုံး ၁၅ ပိဿာ ကန်အနှံ့ထည့်ပေးရသည်။ ထို့နောက် ရေ ၆ လက်မခန့် ထည့်သွင်းပြီး တစ်ပတ်ခန့်ထားခြင်းဖြင့် ငါးရိုင်းများနှင့် တွင်းအောင်းသတ္တဝါများ သေကျေသွားကြသည်။
ပြီးလျှင် ပြင်ပသို့ထုတ်ပေးခြင်းဖြင့် ပုစွန်ကန်ကို သန့်ရှင်းစေသည်။ ထို့နောက် ၁ ဧကကို ထုံးမှုန့် ၁၅ ပိဿာနှုန်းထပ်မံထည့်ပြီး ရေ ၁ ပေခန့်သွင်းကာ ကန်ရေ၏ pH ကို ၆ ဒသမ ၅ မှ ၈ ဒသမ ၅ အတွင်းရှိအောင် ထိန်းညှိပေးရပါမည်။ ထို့နောက် ကန်အတွင်း သဘာဝမြေသြဇာဖြစ်သည့်နွားချေး၊ ဝက်ချေး၊ ကြက်ချေးနှင့်ဓာတ်မြေသြဇာတို့ ထည့်ပေးရသည်။ မြေသြဇာထည့်ပေးခြင်းဖြင့် ကန်အတွင်း သက်ရှိအစာပေါက်ပွားမှုကိုဖြစ်စေသည်။ မြေသြဇာကို ထုံးထည့်ပြီးမှသာ ထည့်ပေးရသည်။ ကန် ၁ ဧကလျှင် တီစူပါနှင့် ယူရီးယား ၂၄ ကီလိုစီ ကန်အနှံ့ထည့်ပေးရသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကန်ရေတွင်သက်ရှိအစာများ ပေါက်ပွားလာပြီး ကန်ရေလည်းကြည်လင်၍ အစိမ်းရောင်ဖြစ်လာသည်။
ရေချိုပုစွန်တုပ်အတွက်ရေနှင့်လေမွေးမြူရေး ကန်များအတွက် အသုံးပြုမည့်ရေသည် သဘာဝရေ(မိုးရေ)နှင့်မြစ်၊ ချောင်း၊ မြောင်းတို့မှရေကိုရယူနိုင်ဖို့လိုသည်။ ရေချိုပုစွန်တုပ်ကန်သည်ရေအနက်သိပ်မရှိပေ။ ထို့ကြောင့် မိုးရေကိုခံယူ အသုံးပြုမည်ဆိုပါက နေရာဒေသ၊ ရာသီဥတု၊ မြေအနေအထားအရ မိုးရေလှောင်ကန်လိုအပ်မှု ရှိ၊ မရှိကို သတိပြုဆောင်ရွက်ဖို့လိုသည်။ မိုးရေကောင်းကောင်းရသော အနေအထားမျိုး၊ ဒေသမျိုးဆိုလျှင် ရေလှောင်ကန် လိုအပ်မည်မဟုတ်ပေ။ အထူးသဖြင့် ရေလိုအပ်ပါက မြစ်၊ချောင်းများမှ အလွယ်တကူယူ၍ အသုံးပြုနိုင်အောင် ပုစွန်ကန်သည် မြစ်၊ ချောင်းများနှင့်နီးလျှင် ပိုကောင်းသည်။ သတိပြုရမည့်အချက်မှာ အသုံးပြုမည့်ရေသည် ပုစွန်တုပ်များကို အန္တရာယ်ပေးနိုင်သည်။
မွေးမြူရေးကန်များတွင်သဘာဝ အောက်ဆီဂျင်(လေ)ကို အားကိုး၍မရပေ။ ရေထဲတွင်အောက်ဆီဂျင်(လေ)ပျော်ဝင်မှုများအောင် ဖန်တီးပေးရသည်။ အောက်ဆီဂျင်ပြည့်ဝအောင် လုပ်ဆောင်ရာတွင် မွေးမြူရေးကန်အတွင်း အောက်ဆီဂျင်ပျော်ဝင်မှုများစေရန် လုပ်ဆောင်ရာတွင် ရေကို အောက်ဆီဂျင်ပြည့်ဝသော လေတွင် ဖြတ်သန်းဖြတ်ကျော်စေခြင်းနှင့် အောက်ဆီဂျင်ပြည့်ဝသောလေကို ရေတွင်ဖြတ်ကျော် စေခြင်းနည်းတို့ဖြစ်သည်။
ကန်အတွင်း အောက်ဆီဂျင်ပြည့်ဝ စေရန်အတွက် ရေကိုအောက်ဆီဂျင်ပြည့်ဝသော လေတွင် ဖြတ်စေခြင်းဖြစ်သည်။ ဤနည်းမှာ ရေစုပ်စက်ဖြင့်တစ်နေရာမှ ရေကိုစုပ်ယူ ၍ ရေပန်းသဖွယ်ပြုလုပ်ပြီး ကန်ရေလဲရာတွင်လည်းကောင်း၊ ကန်အတွင်းရေသွင်းရာတွင် လည်းကောင်း ရေစုပ်စက်မှရေကို ရေပန်းသဖွယ်လေထုကိုဖြတ်၍ ကန်အတွင်း ရေသွင်းခြင်းဖြစ်သည်။
အောက်ဆီဂျင်ပြည့်ဝသောလေကို ရေတွင်ဖြတ်ကျော်စေခြင်းမှာ လေမှုတ်စက်ဖြင့် ကန်အတွင်း လေမှုတ်ပေးခြင်းမျိုးဖြစ်သည်။
ဤအချက်များသည် ပုစွန်တုပ်မွေးမြူမည့်သူများ မသိမဖြစ် သိထားရမည့်အချက်များ ဖြစ်သည်။ နောက်ထပ်သိသင့်သည့်အချက် များကိုလည်း ဆက်လက်ဖော်ပြပေးပါမည်။
ရေချိုပုစွန်သားဖောက်ခြင်း
ကိုယ်တိုင်သားဖောက်မွေးမြူခြင်းနှင့် သားပေါက်ဝယ်ယူမွေးမြူခြင်းအနက် ကိုယ်တိုင်သားဖောက် မွေးမြူခြင်းက သားပေါက်လိုအပ်သလောက်ကို ထုတ်လုပ်မွေးမြူနိုင်သည့် အားသာချက်ရှိသည်။
ပုစွန်သားဖောက်ရာတွင် ပထမဆုံး ဥကပ်ပုစွန်ကိုရွေးချယ်ရမည်။ ဥကပ်ပုစွန်သည် အလေးချိန် ၅၀ ဂရမ်အထက်ရှိရမည်။ အဆိုပါဥကပ်ပုစွန်တုပ်မများကို သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်များမှလည်းကောင်း၊ မွေးမြူရေးကန်များမှ လည်းကောင်းရနိုင်သည်။ ဥကပ်ပုစွန်တုပ်ကိုရွေးချယ်ရာတွင်လည်း ဥပြည့်နေသော ပုစွန်မကြီးများ၊ ဥအညိုရင့်ရောင်ရှိနေသည့် ဥကပ်ပုစွန်မကြီးမျိုးကို ရွေးချယ်ရမည်။ ဥကပ်ပုစွန်မကြီးများအတွက် ရေသည်သန့်စင်ဖို့လိုသည်။ ရေသန့်စင်ဖို့ ရေလဲပေးခြင်း၊အောက်ဆီဂျင်ဖြည့်ပေးခြင်းတို့ပြုလုပ်ပေးရသည်။ ဥကပ်ပုစွန်ကို သယ်ယူရာတွင် အထူးဂရုစိုက်ဖို့လိုသည်။ သယ်ယူစဉ် အထိအခိုက်မရှိအောင် ဂရုစိုက်ဖို့လိုသလို ဥများပျက်စီးမှုမရှိအောင်၊ သေကျေခြင်းမရှိအောင် အထူးဂရုစိုက်ရသည်။ သယ်ယူရာတွင် သယ်ယူသည့်ပုံး သို့မဟုတ် အခြားသယ်ယူမည့်ပစ္စည်းသည် မျက်နှာပြင်ကျယ်ရမည်။ သယ်ယူမည့်ပစ္စည်းအတွင်းရှိရေသည် ၂ လီတာအထက်ရှိဖို့လိုသည်။ထိုကဲ့သို့စနစ်တကျ သယ်ယူမှသာ ဥကပ်ပုစွန်တုပ်မကြီးများ အသေအကျေနှင့် အထိအခိုက်နည်းမည်ဖြစ်သည်။ ဥကပ်ပုစွန်တုပ်မကြီးများ၏ခန္ဓာကိုယ်ကို သန့်ရှင်းစေရန် ဖော်မလင်ဆေးရည် ၁၀ မှ ၂၀ ပီပီတီပါသော အသင့်ပြုပြင်ထားသော ကန်အတွင်း မိနစ် ၃၀ သို့မဟုတ် မိနစ် ၆၀ အထိထားပေးရမည်။ ဥကပ်ပုစွန်တုပ်မကြီးမှ ဥချပြီးတစ်ပတ်အတွင်း ဥမှသားလောင်းလေးများ ပေါက်လာသည်။ ဥကပ်ပုစွန်တုပ်မအား အစာအဖြစ် အာလူး၊ အုန်းသီး၊ ကန်စွန်းဥအစိမ်း၊ ဖော်စပ်စာတို့ကိုကျွေးပေးရသည်။ အစာကျန်များကိုဖယ်ထုတ်ပေးခြင်း၊ ရေကို ၂၅ ရာခိုင်နှုန်း လဲပေးခြင်းတို့ပြုလုပ်ပေးရသည်။
သားလောင်းထိန်းသိမ်းခြင်း
ပုစွန်သားလောင်းများကို သုံးရက်မြောက်နေ့တွင် မှန်လှောင်အိမ်တစ်ဖက်ကို ချန်၍ ပတ်ပတ်လည်ကို အမှောင်ချထားပေးရသည်။ ထိုအခါသားလောင်းများသည် တစ်ဖက်ချန်ထား၍ အလင်းရောင်ရှိသောနေရာတွင် လာစုကြသည်။ ထိုသားလောင်းများကို ပလတ်စတစ်ပိုက်အပျော့ကို အသုံးပြု၍ ပလတ်စတစ်ပုံးထဲသို့ ရွှေ့ပြောင်းကာ ကောင်ရေကိုခန့်မှန်းရသည်။ထိုသားလောင်းများကို သားလောင်းပြုစုကန်အတွင်း ထည့်သွင်းပြုစုပေးရသည်။ သားလောင်းထိန်းသိမ်းပြုစုရာတွင် ရေသည်အဓိကဖြစ်သည်။ရေသန့်စင်ဖို့လိုသည်။ ရေသန့်စင်စနစ်ကိုအသုံးပြုပြီး သားလောင်းထည့်သွင်းမွေးမြူသည့်စနစ် နှစ်မျိုးရှိသည်။
(၁)တိုက်ရိုက်ထည့်သွင်းမွေးမြူခြင်း - ဤစနစ်က ဥကပ်ပုစွန်တုပ်မကြီးမှ ပေါက်လာသော သားလောင်းများကို သားပေါက်ကန်အတွင်းသို့ သတ်မှတ် သားပေါက်နှုန်းအတိုင်း တိုက်ရိုက်ထည့်သွင်း မွေးမြူပြုစုခြင်းဖြစ်သည်။ ဥပမာ-ငါးတန်း သားလောင်းပြုစုကန်အတွင်း တစ်ကန် ၃၀၀၀၀ ထည့်မည်ဆိုလျှင် ငါးတန်းကန်ဆိုလျှင် သားလောင်း ၁၅၀၀၀၀ ကိုတိုက်ရိုက်ထည့်၍ သားပေါက်ပြန်ရသည်အထိ မွေးမြူခြင်း သို့မဟုတ် ရောင်းတမ်းဝင်သည်အထိ မွေးမြူခြင်းမျိုးဖြစ်သည်။
(၂)အဆင့်ခွဲမွေးမြူခြင်း - ဤစနစ်က ဥကပ်ပုစွန်တုပ်မကြီးမှပေါက်လာသည့် သားလောင်းများကို ပထမအဆင့် သားပြုစုကန်အတွင်း ၁၀ ရက်ခန့်ပြုစုမွေးမြူပြီးမှ သားပေါက်ပြုစုကန်သို့ပြန်ခွဲပြီး ဒုတိယ အဆင့်အနေဖြင့် သာမန်ထည့်နှုန်းအတိုင်း ကန်အတွင်းသို့ထည့်၍ မွေးမြူခြင်းဖြစ်သည်။ ပထမအဆင့် ငါးတန်းကန်အတွင်း သားလောင်းကောင်ရေ ၃၀၀၀၀၀ ထည့်ပြီး ၁၀ ရက်ကြာပြုစုပေးပြီး နောက်တစ်ခါ အဆိုပါသားလောင်းများကို ကန်နှစ်ကန်သို့ပြောင်းထည့်ရသည်။ ထိုအခါ ပထမအဆင့်မှာ သားလောင်း ၃၀၀၀၀၀ မှ ဒုတိယအဆင့် ကန်နှစ်ကန်သို့ထည့်သဖြင့် တစ်ကန်လျှင် သားလောင်းကောင်ရေ ၁၅၀၀၀၀ ခန့်ဖြစ်သွားသည်။
သားပေါက်ပြုစုခြင်း
သားလောင်းများအား သားလောင်းကန်မှဖမ်းဆီးပြီး အဆင်သင့်ပြင်ထားသော သားပေါက်ကန်အတွင်း ပြောင်းရွှေ့ထည့်ပေးရသည်။ သားပေါက်ကန်သို့ သယ်ယူရာတွင် သယ်ယူမှုစနစ် မကျပါက သေကျေပျက်စီးနိုင်သည်။ သယ်ယူပြီးချက်ချင်းမဖြစ်သော်လည်း နောက်ရက်များတွင်သေကျေ ပျက်စီးမှုဖြစ်နိုင်သည်။ သားပေါက်ကန်အတွင်းသို့ ရွှေ့ပြောင်းလာသောကြောင့် ပထမဆုံးအသုံးပြုမည့် ရေအငန်နှုန်းမှာ ၈ ပီပီစီ သာရှိရပါမည်။ ထို့နောက် နှစ်ရက်အကြာရေဟောင်းများ ထုတ်၍ ရေသစ်လဲပေးရသည်။ အစာအဖြစ် ငါးမှုန့်ကို တစ်နေ့လျှင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ကျွေးရမည်။ အစာကြွင်းအစာ ကျန်များကိုရှင်းလင်းပေးရမည်။ သားပေါက်များကို သားပေါက်ပြုစုကန်အတွင်း နှစ်ရက်ခန့်ထားပြီးနောက် အသားတိုးမွေးမြူမည့်စခန်းသို့ ပို့ဆောင်ပေးရသည်။
ပုစွန်အတွက်ဖော်စပ်စာများ
ပုစွန်အတွက်ဖော်စပ်စာကို သားလောင်း၊ သားပေါက်၊ သက်နုအဆင့် ဖော်စပ်စာနှင့် သက်ကြီးကောင်၊ မျိုးပုစွန် ဖော်စပ်စာဟူ၍နှစ်မျိုးရှိပါသည်။ သားလောင်း၊ သားပေါက်နှင့် သက်နုကောင်ဖော်စပ်စာ မှာ အောက်ပါအတိုင်းဖြစ်သည်-
တို့ဖြစ်သည်။ ဖော်ပြပါအချိုးအစားများ၏အလေးချိန်သည် ဂရမ်ဖြစ်ပါသည်။
ဆက်လက်ပြီး သက်ကြီးကောင်ပုစွန်နှင့် မျိုးပုစွန်အတွက်ဖော်စပ်စာကိုဖော်ပြပါမည်-
စသည်တို့ဖြစ်သည်။ ဖော်ပြပါအလေးချိန် ယူနစ်များသည် ဂရမ်ယူနစ်များသာဖြစ်သည်။
ပုစွန်ဖမ်းယူနည်းများ
ပုစွန်သည် ရောင်းတမ်းဝင်ရန် ၈ လမှ ၁၀ လကျော်သာကြာသည်။ ထိုအချိန်ဆိုလျှင် ဖမ်းယူရောင်းချနိုင်ပြီဖြစ်သည်။ ပုစွန်သည် စျေးကွက်ကောင်းသော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ စာရေးသူတို့ဘက်မှာ သူတို့အခေါ် ၂ လက်မခွဲ၊ ၂ လက်မဆိုလျှင် ၁၀ ကျပ်သားလျှင် ၄၀၀၀-၅၀၀၀ အထိစျေးပေါက်သည်။အကောင်ကြီးလေ စျေးပိုကြီးလေဖြစ်သည်။ ထို့ပြင် ပုစွန်သည် ပြည်ပပို့ကုန်တစ်ခုလည်းဖြစ်သည်။ ပုစွန်ကို ဖမ်းယူရာတွင် ပုစွန်ပိုက်အား လူအင်အားသုံး၍"ဂ"ပုံစံဖမ်းယူနည်းဖြင့် ဖမ်းယူကြသည်။ ထို့ပြင် ထောင့်ဖြတ်မြောင်းတူး၍ဖမ်းယူနည်း၊ ပတ်လည်မြောင်းဖော်၍ ဖမ်းယူနည်း၊ ယင်းဝိုင်းရေစိမ်းထိုးဖမ်းယူနည်း တို့ဖြစ်သည်။ ယင်းဝိုင်းရေစိမ်းထိုး ဖမ်းယူနည်းမှာ မဖမ်းယူမီ ရေကို ၃ ပေအထိလျှော့ချပေးရမည်။ ထို့နောက် ယင်းကိုကန်၏ ထောင့်တစ်ထောင့်တွင် ချဝိုင်းလိုက်ပါ။ကန်၏ထောင့်နှင့်ယင်းသည် ၈ ပေကွာရမည်။ပုစွန်ဝင်နိုင်စေရန် ယင်းအားမြှုံးသဏ္ဌာန် ပြုလုပ်ပေးထားရမည်။
ထိုယင်းအဝင်သို့ ရေစိမ်းသွင်းပေးရသည်။ထိုအခါ ရေစိမ်းထိုးလိုက်သဖြင့် ပုစွန်များ ယင်းအတွင်းသို့ဝင်လာသည်။ ဤနည်းဖြင့်ဖမ်းယူခြင်းကို ယင်းဝိုင်းရေစိမ်းထိုး ဖမ်းယူခြင်းဟုခေါ်သည်။ နောက်တစ်နည်းမှာ ရေထုတ်ပိုက်ဖြင့် ဖမ်းယူခြင်းဖြစ်သည်။ ဤနည်းဖြင့်ဖမ်းယူလျှင်ရေသွင်းရေထုတ်အပေါက်ကို ပိုက်တပ်၍ ပိုက်ထိပ်မှအိတ်စွပ်ကာ ရေထုတ်ခြင်းဖြင့် ဖမ်းယူကြသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ပုစွန်မွေးမြူခြင်းသည် အခြားသောမွေးမြူရေး လုပ်ငန်းများထက်ဂရုစိုက်ရသလိုလုပ်ငန်းစဉ်တွေ လည်းများသည်။ အတိမ်းအစောင်းမခံပေ။ အထူးသဖြင့် ရေထုညစ်ညမ်းမှုကိုမခံနိုင်ပေ။ စနစ်တကျလုပ်ကိုင်နိုင်လျှင် အကျိုးအမြတ်များများ ရနိုင်သည်။
အကြောင်းမှာ ပုစွန်သည် ပြည်ပပို့ကုန်တစ်ခုဖြစ်ခြင်းကြောင့်ဖြစ်သည်။ ပြည်တွင်းမှာလည်းစျေးကွက်ရှိပြီး စျေးကောင်းသော ထုတ်ကုန်တစ်မျိုးဖြစ်သည်။ ပုစွန်ထွက်ထုတ်ကုန်များသည် စျေးအလွန်ကောင်းသည်။ ထို့ကြောင့်ပုစွန်မွေးမြူလိုသူများ အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးရှိစေရန် စီးပွားဖြစ် ရေချိုပုစွန်မွေးမြူရာတွင် သိသင့်သိထိုက်သည့် အချက်တချို့ကို လေ့လာ၍ မျှဝေလိုက်ပါသည်။ ။