ဝက်သားတိုးမြှင့်ထုတ်လုပ်ဖို့    ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Posted_Date

Image

ဝက်သားတိုးမြှင့်ထုတ်လုပ်ဖို့    ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ မွေးမြူစို့

Body

မိရိုးဖလာမှသည် စီးပွားဖြစ်ဆီသို့

မွေးမြူရေးနှင့်  ကုသရေးဦးစီးဌာန၏၂၀၂၃ ခုနှစ် နိုဝင်ဘာလ တွင်ကောက်ယူခဲ့သော မြေပြင်တိရစ္ဆာန်ကောင်ရေစာရင်း အချက်အလက်များအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ  တိရစ္ဆာန်မွေးမြူသည့် အိမ်ထောင်စုဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် ဝက်မွေးမြူ သူများဖြစ်သည်ကို တွေ့ရှိရသည်။ ယခင်က ဒေသဝက်များကို တစ်နှစ်ကျော်ကြာထိ မိရိုးဖလာအနေဖြင့် တစ်နိုင်တစ်ပိုင်မွေးမြူကြသော်လည်းယခုအခါ မျိုးစပ်ဝက်များကို အသားတိုးအဖြစ် ထိန်းကျောင်း ကျွေးမွေး၍ ကာလတိုအတွင်း ဈေးကွက်ရောင်းချနိုင်သဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိလာကြသည့်အပြင်ဒေသအနှံ့ အပြားတွင် တစ်အုပ်တစ်မစီးပွားဖြစ်မွေးမြူ လာကြပြီဖြစ်သည်။ မျိုးကောင်းမျိုးသန့်မျိုးရင်း အထီးနှင့်အမများဝယ်ယူ၍ ပြည်တွင်း၌   မျိုးစပ်ထုတ်လုပ်ဖြန့်ဖြူးသူ လုပ်ငန်းရှင်များလည်း တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် ဆောင်ရွက်နေကြပြီဖြစ်သည်။

မျိုးသန့်ဝက်ထီး၏ မျိုးရည်ကို မေထုန်မဲ့သားစပ်ကျွမ်းကျင်သူတို့က ဝယ်ယူ၍  ဒေသအလိုက်မေထုန်မဲ့ သားစပ်၍ ထုတ်လုပ်မှုကောင်းသောမျိုးထုတ်မွေးမြူခြင်းကိုပါ ဆောင်ရွက်လာပြီဖြစ်သည်။ မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာနမှလည်း ထုတ်လုပ်မှုကောင်းသော မျိုးကောင်းမျိုးသန့်များ တိုးချဲ့မွေးမြူနိုင်စေရန် မွေးမြူသူများလိုအပ်သော ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မွေးမြူရေးနည်းပညာ အထောက်အကူပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

သို့ဖြစ်ပါ၍  ဝက်သားထုတ်လုပ်မှု ပိုမိုတိုးမြင့်စေရေးအတွက် ထုတ်လုပ်မှု ကောင်းသောမျိုးများနှင့် မျိုးရွေးချယ်မွေးမြူနည်း၊ ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်အကြောင်းကို  သိရှိလေ့လာမှတ်သားနိုင်ရန် ရှင်းလင်း ဖော်ပြပါမည်။

ထုတ်လုပ်မှုကောင်းသောဝက်မျိုးများ

မြန်မာနိုင်ငံတွင်း  ဖြစ်ထွန်းအောင်မြင် နေသော မျိုးမြှင့်ဝက်မျိုးများအနက် မွေးမြူသူအကြိုက်     ဝက်မျိုးငါးမျိုးရှိသည်။ ယင်းတို့အနက် ဂျူးရော့ဂျာစီ (Duroc Jersey)၊ ယော့ရှိုင်းရား (Yorkshire)နှင့် လင်းဒရေ့ (Landrace)  မျိုးသုံးမျိုး၏ ထုတ်လုပ်မှုကောင်းသော အားသာချက် များကိုရယူ၍ မွေးမြူရေးနှင့်  ကုသရေး ဦးစီးဌာနမှ (DYL) စပ်မျိုးဟူ၍ မျိုးစပ် ထုတ်လုပ် ဖြန့်ဖြူးခဲ့သည်။

ယနေ့အချိန်တွင်လည်း ၎င်းမျိုးများအပြင် အခြား မျိုးစစ်များနှင့် မျိုးစပ်၍ ထုတ်လုပ်မှုကောင်းပြီး ဒေသတွင်း ရေ၊ မြေ၊ ရာသီဥတု နှင့်ကိုက်ညီသည့် မျိုးမြှင့်စပ်မျိုးများကို ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည်။ မျိုးစစ် ဝက်မျိုးငါးမျိုးမှာ-

ဂျူးရော့ဂျာစီ (Duroc Jersey)

မူရင်းဇာတိမှာ အမေရိကန်နိုင်ငံဖြစ်သည်။ နီညိုရောင်၊ နားရွက်လဲ ဝက်မျိုးဖြစ်သည်။   အခြားဝက်မျိုးများထက် ကြီးထွားနှုန်းပိုမြန်သည်။ သားပေါက်နှုန်း၊ သားထိန်းနှုန်းကောင်းပြီး အခြားမျိုးများနှင့် မျိုးစပ်ရာတွင် မျိုးထီးအနေဖြင့်အသုံးများသည်။

ရော့ရှိုင်းရား (Yorkshire)

အင်္ဂလန်နိုင်ငံ ရော့ရှိုင်းရားနယ်မှ စတင်မွေးမြူသည်။  အဖြူရောင်၊နားရွက်ထောင်၊ ခန္ဓာကိုယ်ရှည်သည့် ဝက်ဖြူကြီးမျိုးဖြစ်သည်။သားထိန်းကောင်းပြီး သားခွဲနှုန်းလည်းမြင့်သည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင်မျိုးတစ်မျိုးအနေဖြင့်  ထည့်သွင်းသားဖောက်လေ့ရှိကြသည်။ ဒေသမျိုးများကိုမျိုးမြှင့်တင်ရာတွင် အသုံးပြုကြသည်။

လင်းဒရေ့(Landrace)

မူရင်းနိုင်ငံမှာ ဒိန်းမတ်နိုင်ငံဖြစ်သည်။ အဖြူရောင်၊ နားရွက်လဲ၊ ခန္ဓာကိုယ်ရှည်သည့်ဝက်ဖြူကြီးမျိုးဖြစ်သည်။ သားမွေးနှုန်း၊ သားခွဲနှုန်း၊ အသားတိုးနှုန်း ကောင်းမွန်သည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင် မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်း   သားဖောက်လေ့ရှိကြသည်။

ပီထရိန်း(Pietrain)

မူရင်းနိုင်ငံမှာ ဘယ်ဂျီယံနိုင်ငံဖြစ်သည်။ အဖြူရောင်ကိုယ်ပေါ်တွင် အမည်းကွက်များရှိသည်။ နားရွက်ရှေ့သို့ ထိုးထွက်နေသည်။ ပေါင်သား၊ လက်ပြင်သား၊ ကုပ်သားများ ဖွံ့ဖြိုးကြီးထွားသည်။ သားပေါက်နှုန်း၊ ကြီးထွားနှုန်းကောင်းမွန်သည်။

ဟမ်းရှိုင်းယား (Hampshire)

မူရင်းနိုင်ငံမှာ အင်္ဂလန်နိုင်ငံဖြစ်သည်။ ကိုယ်လုံးအမည်းရောင်ရှိပြီး  ရှေ့လက်၊ လက်ပြင်နှင့် ကုပ်ပိုးပတ်လည်တို့တွင် အဖြူရောင်ရှိသည်။ နားရွက်သည်အပေါ်သို့ ထောင်နေသည်။  အသားထွက်နှုန်းကောင်းသည်။   ခါးပတ်ကျားဟုလည်းခေါ်ကြသည်။ သုံးမျိုးစပ်မျိုးမြှင့်ထုတ်လုပ်ရာတွင် မျိုးတစ်မျိုးအနေဖြင့် ထည့်သွင်းသားဖောက်လေ့ရှိကြသည်။

ခြံတည်ထောင်ခြင်း

ဝက်ခြံတစ်ခုတည်ထောင်မည်ဆိုလျှင် အောက်ပါအခြေခံအချက်များအားဆောင်ရွက်နိုင်ရန်ဦးစွာပြင်ဆင်ထားရပါမည်။ ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံဉာဏ်ရယူနိုင်သည်။

၁။ မြေနေရာရွေးချယ်ခြင်း

၂။ အဆောက်အအုံတည်ဆောက်ခြင်း

၃။ သွင်းအားစုများထည့်သွင်းခြင်း

မြေနေရာရွေးချယ်ခြင်း

(က) ဝက်များကိုကျွေးသည့် အစားအစာများ ပေါများစွာရရှိသည့်နေရာဒေသဖြစ်ရမည်။

(ခ) လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးလွယ်ကူသောနေရာဖြစ်ရမည်။

(ဂ)လေကောင်းလေသန့်နှင့် နေရောင်ခြည်ရသော နေရာမျိုးဖြစ်ရန်နှင့်သုံးရေလွယ်ကူ ပေါများစွာရရှိသောနေရာဖြစ်ရန်လိုအပ်သည်။

(ဃ) လူနေအိမ်နှင့် အလှမ်းဝေးသောနေရာဖြစ်ရမည်။ လိုအပ်သောအဆောက်အအုံများဆောက်လုပ်ရန်အပြင် စွန့်ပစ်ပစ္စည်းများစွန့်ပစ်ရန် လုံလောက်သောအကျယ်အဝန်းရှိသည့်  စိုက်ပျိုးရလွယ်ကူသောမြေဖြစ်ရမည်။

(င)လျှပ်စစ်စွမ်းအင် သို့မဟုတ် ဆိုလာ စွမ်းအင်ရရှိရမည်။

ဝက်ခြံဆောက်လုပ်ခြင်း

(က)မိမိဒေသတွင်အလွယ်တကူရရှိနိုင်သောပစ္စည်းများကိုအသုံးပြုပြီး ကုန်ကျစရိတ်သက်သာအောင် ဆောက်လုပ်နိုင်သည်။ ဝက်များအတွက် သက်သောင့်သက်သာရှိပြီး  လေဝင်လေထွက်ကောင်းရမည်။ လုံလောက်သောအရိပ်ရရှိရမည်။

(ခ)နေရောင်ခြည်ကျရောက်မှုနှင့် လေဒဏ်၊ မိုးဒဏ်တို့မှကာကွယ်နိုင်ရန်အတွက် ဝက်ခြံကို အရှေ့- အနောက်အလျားလိုက်တည်ဆောက်သင့်သည်။

(ဂ)ကြမ်းခင်းသည် ကွန်ကရစ်ကြမ်းခင်း(သို့) သစ်သားကြမ်းခင်း (သို့) ဝါးကြမ်းခင်းဖြစ်ပြီးသန့်ရှင်းရေးပြုလုပ်ရာတွင်လွယ်ကူစေရန်အတွက်အိပ်သည့်နေရာမှ အဝေးသို့ လျှောစောက်ပုံစံဖြစ်ရမည်။ ကြမ်းခင်းသည် ချောမနေရပါ။ သစ်သား (သို့) ဝါးကြမ်းခင်းဖြစ်ပါက ကြမ်းခင်းသည် မြေပြင်မှ အနည်းဆုံးနှစ်ပေအမြင့်ရှိရမည်။

(ဃ )အစာခွက်နှင့် ရေခွက်တို့ကို အစာထည့်ကျွေးရန် လွယ်ကူသောနေရာနှင့် ရေလဲလှယ်ရန်အတွက် လွယ်ကူသောနေရာတွင် ထားရှိသင့်သည်။

(င)ဝက်နှုတ်သီးဖြင့် တွန်းထိုးတတ်သော အလေ့အထကြောင့် ကြမ်းခင်းနှင့်နံရံ တို့ကို အကြမ်းခံနိုင်သောပစ္စည်းများအသုံးပြုပြီး ဆောက်လုပ်သင့်သည်။

(စ) ဝက်ခြံကို ခိုင်ခံ့အောင်ဆောက်လုပ်ရမည်။ တိရစ္ဆာန်တစ်ကောင်ချင်းအတွက် လိုအပ်သောနေရာ၊ အကွာအဝေးသတ်မှတ်ချက်နှင့်အညီဆောက်လုပ်နိုင်ရမည်။

(ဆ)အစာကြမ်း၊ အစာနုများသိုလှောင်ရန်သီးခြားအဆောက်အအုံတည်ဆောက်ရမည်။  အဆောက်အအုံဆောက်လုပ်ခြင်းဆိုင်ရာ သိရှိလိုက်နာဖွယ်ရာများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့်ဆက်သွယ်၍ အကြံဉာဏ်ရယူနိုင်သည်။

သွင်းအားစုများထည့်သွင်းခြင်း

(က)မိမိမွေးမြူမည့်   ရည်ရွယ်ချက်နှင့်ကိုက်ညီသော  ဝက်မျိုးထည့်သွင်းရန်၊ 

(ခ)အစာကြမ်း၊ အစာနုနှင့် အစာကြိတ်ခွဲရောစပ်စက်ကိရိယာများ စုဆောင်းရန်၊

(ဂ) ဝက်ခြံတစ်ခြံတွင်ရှိသင့်သည့် လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများထားရှိရန် ဥပမာ-အစာသယ်ပို့ရန်နှင့် အညစ်အကြေးသယ်ထုတ်ရန်  လက်တွန်းလှည်းငယ်များ၊အညစ်အကြေး သန့်ရှင်းရာတွင် အသုံးပြုရမည့်ပစ္စည်းကိရိယာများ၊တိရစ္ဆာန်ထိန်းချုပ်ပစ္စည်းများ၊

(ဃ)တိရစ္ဆာန်ဆေးကုဆရာဝန်မှ အကြံပြုထားသောဆေးဝါးနှင့်ဆက်စပ်ပစ္စည်းထားရှိရန်၊

(င)မိမိဒေသအခြေအနေနှင့်သင့်လျော်ပြီး  ဇီဝလုံခြုံမှုနှင့်ကိုက်ညီသော ခြံစည်းရိုးကာရံရန်နှင့် ခြံအဝင်အထွက်ပေါက်တွင် ပိုးသတ်ဆေးကန်ထားရှိရန်။

ဝက်တစ်ကောင်အတွက်လိုအပ်သည့်နေရာအကျယ်အဝန်းကို ယေဘုယျအားဖြင့်ဖော်ပြပါအတိုင်းသတ်မှတ်မွေးမြူနိုင်သည်

ဒေသထွက် အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာ

စားသောက်ရန်အတွက်ရည်ရွယ်မွေးမြူသည့် မည်သည့်တိရစ္ဆာန်အမျိုးအစားဖြစ်စေ  ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်တင်ပို့စရိတ်တို့အကြား အမြတ်အစွန်းကျန်သော မွေးမြူရေးဖြစ်ရမည်။ ထို့ကြောင့် မိမိတို့ကုန်ထုတ်ချိန်တွင်ဈေးကွက်ဝင်  ထုတ်ကုန်အရည်အသွေးဖြစ်ရန်နှင့် ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရန်မှာ လွန်စွာအရေးကြီးသည်။

ထုတ်ကုန်အရည်အသွေးနှင့်ထုတ်ကုန်အတွက် အမြတ်အစွန်းရရှိရေး  

ဟန်ချက်ညီရန်မှာ  မွေးမြူရေးခြံအတွက်   သုံးစွဲရသည့် သွင်းအားစုအပေါ် အဓိကမှီတည်သည်ဟုဆိုရပါမည်။  သွင်းအားစုပေါင်းများစွာအနက်မှ ကျွေးမွေးရသည့်အာဟာရပြည့်အစာသည် အဓိကဖြစ်သည်ကို မွေးမြူသူတိုင်းသိရှိကြပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ အာဟာရပြည့်အစာဖြစ်ရန်နှင့် သွင်းအားစုစရိတ်သက်သာမှုရှိစေရန်ကို  အဓိကထားလျက် ပြည်တွင်းထွက်အစာကုန်ကြမ်းများဖြင့် အရည်အသွေးပြည့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် ဒေသတွင်းဖြစ်အစာကုန်ကြမ်းနှင့် အသင့်သုံးစပ်စာဆက်သွယ်နေမှုကို သိရှိနိုင်ရန် ဖော်ပြလိုသည်။ မွေးမြူထုတ်လုပ်လိုသူအတွက် ယေဘုယျသိရှိနိုင်ရန် ဖော်ပြထားခြင်းဖြစ်သည်။ လိုက်ပါဆောင်ရွက်ရန်အကြံဉာဏ်ရယူလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ တိုက်ရိုက်ဆက်သွယ်ရန်ဖြစ်သည်။ အစာကုန်ကြမ်းထွက်ရှိသည့် ရေ၊ မြေ၊ ရာသီဥတုအရ အစာကုန်ကြမ်း၏ အာဟာရတန်ဖိုး  ကွာခြားနိုင်ပါသဖြင့် လိုအပ်ပါက ဒေသအလိုက်ထွက်ရှိအစာကုန်ကြမ်းများတွင် ပါဝင်သည့်   အာဟာရတန်ဖိုးများကို ဌာန၏ဓာတ်ခွဲခန်းဖြင့်စိစစ်ဆောင်ရွက်ပေးနေသည်။

ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအမံ

ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်များနှင့်အညီ မွေးမြူကြမည်ဆိုလျှင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်မှာ အောင်မြင်စွာဆောင်ရွက်ပြီးဖြစ်သည်။ ပြည့်စုံစွာရှင်းလင်းရပါမူ ဇီဝလုံခြုံမှုစနစ်အပြည့်အဝဖြင့် မွေးမြူထုတ်လုပ်သောမွေးမြူရေးခြံများအတွက် တိရစ္ဆာန်ကူးစက်ရောဂါ၊ တိရစ္ဆာန်မှ လူသို့ကူးစက်စေတတ်သောရောဂါတို့ကို စနစ်တကျကာကွယ်ထိန်းချုပ်ရန် လုပ်ငန်းစဉ်များသတ်မှတ်ထားပြီးဖြစ်၍   GAHP   လက်မှတ်ရခြံများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို  ဆောင်ရွက်ပြီးဖြစ်ကြသည်။ 

လေ့လာသူများသိရှိနိုင်ရန် ဝက်မွေးမြူထုတ်လုပ်ရေးခြံများတွင် ကျွမ်းကျင်ပညာရှင်ဖြင့်   မဖြစ်မနေထိုးနှံပေးရမည့်တိရစ္ဆာန် ကူးစက်ရောဂါကာကွယ်ဆေးများကို ဖော်ပြလိုသည်။ ယင်းတို့မှာ-

(က)ဝက်ခွာနာလျှာနာရောဂါကာကွယ်ဆေး

(ခ)ဝက်ဝမ်းကျရောဂါကာကွယ်ဆေး

(ဂ )ဝက်နားရွက်ပြာရောဂါကာကွယ်ဆေး

(ဃ)အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ဆေး

တန်ဖိုးမြှင့်ဈေးကွက်ပို့ဆောင်ခြင်း

သတ်မှတ်GAHP များနှင့်အညီလိုက်နာဆောင်ရွက်သူတိုင်း ပြည်တွင်းပြည်ပဈေးကွက်ရရှိရေးအတွက် ဌာနမှ ထုတ်ကုန်ဆိုင်ရာ   စံချိန်စံညွှန်းများကို ထုတ်ပြန်ဆောင်ရွက်ထားရှိသည်။

ဝက်သား၊ အေးခဲဝက်သားနှင့် ကလီစာအတွက်စံချိန်စံညွှန်း

ဤဝက်သားစံချိန်စံညွှန်းသည် Swine species မှ ထုတ်လုပ်ထားသော ဝက်သား၊အေးခဲဝက်သားနှင့် ကလီစာ စသည်တို့အားလုံးအတွက် အကျုံးဝင်သည်။ ထုတ်ပြန်ပြီး စံချိန်စံညွှန်းတွင် အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ စစ်ဆေးခြင်းနှင့်စစ်ဆေးရန် စံချိန်စံညွှန်းများသတ်မှတ်ခြင်းဟူ၍ အပိုင်းသုံးပိုင်းရှိသည်ဟု ယေဘုယျသိရှိနားလည်ထားစေလိုသည်။ ယေဘုယျသိရှိနားလည်ထားခြင်းဖြင့်ပင် အသားထုတ်လုပ်မှုအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းသာမက ပြည်ပပို့ကုန်အထိပါ ရည်မှန်းဆောင်ရွက်ထားရှိကြောင်း သိရှိနိုင်သည်။

ထုတ်ပြန်ပြီး ဝက်သားဆိုင်ရာစံချိန်စံညွှန်းတွင်ပါဝင်သည့် အခန်းကဏ္ဍများမှာ ဖော်ပြပါအတိုင်းဖြစ်ပါသည်-

(၁) ဝက်သား၊  အေးခဲဝက်သားနှင့်စားသုံးနိုင်သောကလီစာအတွက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း

(၂)   သားသတ်ခြင်းမပြုမီ တိရစ္ဆာန်၏ကျန်းမာရေးကို မျက်မြင်စစ်ဆေးခြင်း

(၃)    သားသတ်ပြီးနောက် တိရစ္ဆာန်ထွက်ပစ္စည်းများကို စစ်ဆေးခြင်း

(၄) နမူနာပစ္စည်းပေးပို့ခြင်း၊  တိရစ္ဆာန်ထွက်ပစ္စည်းများကို အရည်အသွေးသတ်မှတ်ခြင်းနှင့် စစ်ဆေးခြင်း

(၅) နမူနာပစ္စည်းပေးပို့ခြင်း၊  ညစ်ညမ်းပစ္စည်းနှင့် အဆိပ်အတောက်ပါဝင်မှုစစ်ဆေးခြင်း

(၆)   သတ္တုမာပစ္စည်းပါဝင်မှုဆိုင်ရာ စံချိန် စံညွှန်းများ

(၇)   မွေးမြူရေးခြံသုံးဆေးဝါးနှင့် တိရစ္ဆာန်သုံးဆေးဝါးများအတွက် ဒြပ်ကြွင်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများ

(၈) အဏုဇီဝပိုးပါဝင်မှုဆိုင်ရာ စံချိန်စံညွှန်းများ

(၉)  နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်း

(၁၀)နမူနာပစ္စည်းပေးပို့ခြင်း၊ ထုပ်ပိုးကုန်တွင်   ဖော်ပြသည့်တံဆိပ်တပ်ခြင်း

(၁၁) နမူနာပစ္စည်းပေးပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း

နိုင်ငံတော်စံချိန်စံညွှန်းသတ်မှတ်ရေးဗဟိုကော်မတီမှ ခွင့်ပြုချက်ရရှိပြီး ထုတ်ပြန်ထားသည့် အသားကဏ္ဍစံချိန်စံညွှန်းများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  ရုံးအမှတ်(၃၆)၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ဆက်သွယ်မေးမြန်းလေ့လာနိုင်ပါသည်။     ။

Source: https://myawady.net.mm/stories