တောင်သူဝင်ငွေတိုး၍ လူနေမှုဘဝမြင့်စေဖို့ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုကိုမြှင့်တင်စို့

Posted_Date

Image

တောင်သူဝင်ငွေတိုး၍ လူနေမှုဘဝမြင့်စေဖို့ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုကိုမြှင့်တင်စို့

Body

ကုလားပဲ၏ မူရင်းဒေသမှာ ကော့ကေ့ဆပ်နှင့် ဟိမဝန္တာတို့စပ်ကြားဒေသဖြစ်ပြီး   ၎င်းမှ ဥရောပ တောင်ပိုင်းပါရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ ပျံ့နှံ့လာခဲ့သည်။  ကုလားပဲသီးနှံကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံး  စိုက်ပျိုးဖြစ်ထွန်းပြီး ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့်   ရှမ်းပြည်နယ်တို့တွင်လည်း  အနည်းငယ် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်သည်။ ကုလားပဲသည် မြန်မာနိုင်ငံ အပူပိုင်း ဇုန်ဒေသတွင် စိုက်ပျိုးသော ပဲမျိုးစုံသီးနှံများအနက် ဒေသတွင်း ရိက္ခာဖူလုံရေး၊ အာဟာရပြည့်၀ရေးနှင့် တောင်သူများ၏ဝင်ငွေရရှိရေးအတွက် အရေးပါသောသီးနှံ တစ်ခုဖြစ်သည်။ တောင်အာရှဒေသအတွင်း ကုလားပဲ စိုက်ပျိုးထုတ်လုပ်ရေးတွင် အိန္ဒိယနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည် ဒုတိယနေရာ၌ရှိသည်။ 

သီးနှံကြိုက်နှစ်သက်သည့် သီးနှံဂေဟဗေဒစနစ်

(က) မြေအမျိုးအစား

ကုလားပဲသီးနှံသည် မြေအတန်းအစားမရွေး  စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း လေဝင်လေထွက်ကောင်းမွန်ပြီး အစိုဓာတ်ကောင်းစွာထိန်းသိမ်းထားနိုင်သည့် နုန်းမြေ၊ စနယ်မြေတို့တွင် ပို၍ဖြစ်ထွန်းအောင်မြင်သည်။  ရေပေးသွင်း၍ စိုက်ပျိုးရသည့် အခါတွင် ရေသွင်းရေထုတ်ကောင်းမွန်သော မြေအမျိုးအစားတွင်လည်း စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။

(ခ) ရာသီဥတုနှင့် စိုက်ပျိုးချိန်

ကုလားပဲသီးနှံ အောင်မြင်စွာစိုက်ပျိုးဖြစ်ထွန်းနိုင်ရန် ရှင်သန်ကြီးထွားနေချိန်တွင် ခြောက်သွေ့၍အေးသောရာသီဥတုရရှိရန်လိုအပ်သည်။  အပင်ကြီးထွားချိန်တွင် နေ့အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်၊ ညအပူချိန် ၁၈ ဒီဂရီစင်တီဂရိတ်တွင် အသင့်လျော် ဆုံးဖြစ်သည်။ ပန်းပွင့်ချိန်တွင် ၃၅ ဒီဂရီစင်တီဂရိတ်အထက်ပူခြင်း၊ ၁၅ ဒီဂရီစင်တီဂရိတ်ထက်အေးပါက အသီးမတင်ဘဲ  အထွက်နှုန်းကျဆင်းနိုင်သည်။ ထို့ပြင် ကုလားပဲသီးနှံသည် နေ့တာတိုသောရာသီကို ကြိုက်နှစ်သက်၍ မြန်မာနိုင်ငံတွင် နေ့တာတိုပြီး အအေးဓာတ်ရှိသော မိုးနှောင်းနှင့် ဆောင်းရာသီ တို့တွင်မြေအစိုဓာတ်အခြေအနေကိုလိုက်၍ သီတင်းကျွတ်လဆန်းမှ တန်ဆောင်မုန်းလမကုန်မီ (အောက်တိုဘာလမှ နိုဝင်ဘာလ) အချိန်အတွင်း  စိုက်ပျိုးရသည်။ ကုလားပဲစိုက်ပျိုးရာတွင် မြေဆီလွှာ အတွင်းရှိ လက်ကျန်မြေအစိုဓာတ်ဖြင့် စိုက်ပျိုးရသည်ဖြစ်ရာ သီးနှံသက်တမ်းတစ်လျှောက် မိုးရေချိန် ၁၀-၂၀လက်မခန့်နှင့်ညီမျှသော အစိုဓာတ်အခြေအနေရရှိလျှင် ကောင်းစွာအောင်မြင်ဖြစ်ထွန်းသည်။ လိုအပ်ပါက ဆည်မြောင်းကန်ချောင်းနှင့် အင်းအိုင်တို့မှရေကို စနစ်တကျတင်သွင်းပေးခြင်းဖြင့်  ကုလားပဲ သီးနှံကို အောင်မြင်စွာစိုက်ပျိုးနိုင်သည်။ 

သီးနှံစိုက်ပျိုးမှုစီမံခန့်ခွဲခြင်း

(က) မျိုးရွေးချယ်ခြင်း

ကုလားပဲစိုက်ပျိုးရာတွင်  ဒေသရာသီဥတုနှင့်ကိုက်ညီဖြစ်ထွန်းပြီး ရောဂါ၊ ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသည့် ဈေးကွက်ဝင် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ ကုလားပဲတွင် မျိုးအနေဖြင့်အမျိုးအစားနှစ်မျိုးရှိသည်။ ၎င်းတို့မှာ ဒေစီမျိုးနှင့် ကာဘူလီမျိုးတို့ဖြစ်သည်။ ဒေစီမျိုးသည် အစေ့အရွယ်အစားသေးငယ်၍ အစေ့ရောင်မှာ နက်ညို၊ ညိုဝါ၊ အနက်ရောင်တို့ဖြစ်သည်။ ကာဘူလီမျိုးသည်အစေ့အရွယ်အစားကြီးမား၍ လုံးဝန်းပြီး (အစေ့  ၁၀၀ အလေးချိန် ၂၅ ဂရမ်အထက်ရှိပြီး)    အစေ့ အရောင်မှာ နို့နှစ်ရောင်ဖြစ်သည်။  ကုလားပဲအထွက် ကောင်းမျိုးများဖြစ်သော ရွှေနီလုံးကြီး၊ ရေဆင်းကုလားပဲဖြူ-၈၊ ရေဆင်းကုလားပဲဖြူ-၉၊ ရေဆင်း ကုလားပဲနီ-၆ မျိုးတို့ကို   ရွေးချယ်စိုက်ပျိုးပါ။ မျိုးစေ့များသည် အပင်ပေါက်ရာခိုင်နှုန်း ၈၀ အထက် ရှိသော မျိုးသန့်မျိုးစေ့ကိုသာ ရွေးချယ်စိုက်ပျိုးရမည်။

(ခ) မြေပြုပြင်ခြင်း

ကုလားပဲကို သီးကြိုအဖြစ်စိုက်ပျိုးလျှင် ထွန်ယက် မြေပြုပြင်ရန်မလိုဘဲ ထွန်ရေးမဲ့စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ စပါးမရိတ်သိမ်းမီ  ၁၀ ရက်  ၁၅ ရက်ခန့်အလိုတွင် တစ်ဧကလျှင် မျိုးစေ့တစ်တင်းခွဲနှုန်း  အသုံးပြု၍   ပျံ့နှံ့စွာကြဲပက်စိုက်ပျိုးရမည်။ ဤနည်းဖြင့်စိုက်ပျိုးရာတွင် ဂရုစိုက်ရမည့်အချက်မှာ  စပါးခင်းအတွင်းရှိ မြေဆီလွှာတွင်    အစိုဓာတ် မများလွန်း၊ မနည်းလွန်းသောအချိန်တွင် ကြဲပက်စိုက်ပျိုးရမည်ဖြစ်သည်။ စပါးခင်းအတွင်း ရေဝပ် နေပါက ကုလားပဲစေ့များ ပျက်စီးပြီး အပင်မပေါက်တော့ပေ။ အကယ်၍ အပင်ပေါက်လာလျှင်လည်း အပင်ငယ်စဉ်မှာပင် ခါးရိ၍သေတတ်သည်။ အစိုဓာတ်နည်းလွန်းလျှင်လည်း အပင်ပေါက်နည်းခြင်းနှင့် ပေါက်လာသည့် အပင်ငယ်များသည် ကောင်းစွာ မကြီးထွားနိုင်ပေ။

စပါးရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးလျှင် စက်ထယ် တစ်စပ်(သို့) နွားထယ် ၁-၂ စပ် ထိုးပြီးနောက် စက်ထွန်နှစ်စပ်(သို့) နွားထွန်လေးစပ်ထိုးပြီး ထယ်မာ ခဲများကို ခြေကာ ထယ်ရေးကောင်းမွန်အောင် ပြုလုပ်ပေးရမည်။

ကုလားပဲသီးနှံကို  မြေပြင်ချိန်တွင်  နွားချေး မြေဩဇာကို တစ်ဧကလျှင် ၁၀၀-၁၅၀ တင်းနှုန်းထည့်ပါ။ နွားထယ် (သို့) ထွန်စက်ကြီးနှင့် တစ်စပ် ကမ်းပြိုထိုးပြီး အထွက်နှုန်းပိုမိုရရှိစေရန် မြေပြင်ချိန်၌ ယူရီးယား ၈ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည် နှင့် ဂျစ်ပဆမ် ၂၀ ပြည်ကို သမအောင်ရောမွှေပြီး မြေခံတွင်ထည့်သွင်းပေးရပါမည်။

(ဂ) စိုက်ပျိုးခြင်း

ကုလားပဲသီးနှံကို စပါးရိတ်သိမ်းမပြီးမီ သီးကြို အဖြစ် ကြဲပက်၍လည်းကောင်း၊ စပါးရိတ်သိမ်းပြီး နောက် သီးထပ်အဖြစ် ထွန်ယက်မြေပြုပြင်ပြီး အတန်းလိုက် မျိုးစေ့ချ၍လည်းကောင်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် ကြဲပက်၍လည်းကောင်း၊ စိုက်ကြောင်း ဆွဲ၍   စိုက်ကြောင်းအတွင်း မျိုးစေ့ကိုလက်ဖြင့်ဖြူးချခြင်း  (သို့) နွားဆွဲမျိုးစေ့ချထွန်အသုံးပြု၍  စိုက်ပျိုးနိုင်သည်။  တစ်ဧက အပင်ဦးရေ ၁၃၀၀၀၀ ရရှိရန် တန်းကြား ၁၂ လက်မ၊ ပင်ကြား ၄ လက်မထား၍  မျိုးစေ့နှုန်းတစ်တင်းအထိ အသုံးပြုနိုင်သည်။ အပင် ညှိုးသေနှင့် အခြားရောဂါများကာကွယ်ရန် မှိုသတ် ဆေးဖြင့် မျိုးစေ့တစ်ပြည်လျှင် ဆေး ၃ ဂရမ်/စီစီနှုန်း လူးနယ်ပြီး စိုက်ပျိုးပေးရမည်။  အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီစေရန် စိုက်ကြောင်းအတွင်း မျိုးစေ့ အတိမ်အနက် ၂ လက်မမှ ၄ လက်မအတွင်းရအောင် စိုက်ပျိုးရမည်။

(ဃ) ပြုစုစောင့်ရှောက်ခြင်း

ကုလားပဲသီးနှံကိုအောင်မြင်ဖြစ်ထွန်းစေရန် အပင် ဖြစ်ထွန်းချိန်၊အပွင့်ပွင့်ချိန်၊  အသီးသီးချိန်တို့တွင်မြေအစိုဓာတ်လုံလောက်စွာရရှိရန်လိုအပ်သည်။ အပင်ဖြစ်ထွန်းနေစဉ် မြေအစိုဓာတ်လျော့နည်းပါက အပင်ကြီးထွားမှုရပ်ဆိုင်းပြီး အပွင့်အသီးတို့ကိုပါ ထိခိုက်စေမည်ဖြစ်သည်။  ဤအချိန်များတွင် မိုး မရွာပါက ရေသွင်းပေးရန်လိုအပ်သည်။ ကုလားပဲသီးနှံ သည် ရေဝပ်သည့်ဒဏ်ကို ခံနိုင်စွမ်းမရှိ သောကြောင့် ရေသွင်းရာတွင် မြေမျက်နှာပြင်စိုရုံသာရှိစေရန် ဂရုစိုက် သွင်းပေးရမည်။

အပင်နှစ်ပတ်သားမှစ၍  ပန်းဖြိုင်ဖြိုင်ပွင့်ချိန် အထိ ရွက်ဖျန်းမြေဩဇာ (သို့)  ယူရီးယားဓာတ်မြေဩဇာအား ထမင်းစားဇွန်းလေးဇွန်း၊ လက်ချားမှုန့် (အခဲကိုမီးဖြင့်လှော်၍ အမှုန့်ပြုလုပ်ပါ။)  ထမင်းစားဇွန်း တစ်ဇွန်းဖျော်၍ တစ်ဧကလျှင် ၅-၆ ပုံးဖြင့် နံနက်ပိုင်း အရွက်အောက်ဘက်သို့ ဖျန်းပေးပါ။  အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရမည်။

ကုလားပဲစိုက်ပျိုးမြေများတွင် ဘိုရွန်ချို့တဲ့သည့် လက္ခဏာများတွေ့ရတတ်သည်။  ဘိုရွန်ချို့တဲ့နေလျှင် ကုလားပဲပင်များတွင် အခက်အလက်၊ အရွက်များ အထွက်နည်းခြင်း၊ အဆစ်တိုခြင်း၊ အရွက်များတွန့်လိမ်၍ ပုံပျက်ခြင်း၊ ထူ၍ကြွပ်ဆတ်ခြင်း၊ အညွန့် အဖူးသစ်များ သေဆုံးခြင်း၊ အစေ့များသေခြင်း စသည့်လက္ခဏာရပ်များဖြစ်ပေါ်တတ်သည်။ ထိုလက္ခဏာမျိုးတွေ့လျှင် ဘိုရွန်ဓာတ်ပါသော ရွက်ဖျန်း မြေဩဇာကို မဖြစ်မနေဖျန်းပေးရမည်။

ပဲပင်များ ပန်းပွင့်ချိန်မတိုင်မီနှင့် ပန်းပွင့်ချိန်ကာလတွင်ကျရောက်တတ်သော ရောဂါပိုးမွှားများကြောင့် သီးနှံအထွက်နှုန်းကိုထိခိုက်စေသဖြင့်သေချာစွာ ထိထိရောက်ရောက်နှိမ်နင်းရန်လိုအပ်သည်။ပွင့်ဖူးစတင်ချိန်မှ အစေ့အဆန်တည်သည့်အချိန်ထိ သီးလုံးဖောက်ပိုးကာကွယ်ရန် စိမ့်ပြန့်အာနိသင် ရှိသော  ပိုးသတ်ဆေးနှင့် ထိသေအာနိသင်ရှိသောပိုးသတ်ဆေးတို့ကို သတ်မှတ်ထားသော နှုန်းထားများ အတိုင်း တစ်လှည့်စီဖျန်းပေးပါ။

ကုလားပဲတွင်ကျရောက်လေ့ရှိသော ပိုးများမှာ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ လှေး၊ ကျိုင်း၊ပင်စည်ထိုးယင်နှင့် ပဲမျိုးစုံကြမ်းပိုးများ ကျရောက် တတ်သည်။ ပိုးများကိုနှိမ်နင်းရာမှာ ပိုးအမျိုးအစားအလိုက် ပင်လုံးပြန့်ပိုးသတ်ဆေး၊ ထိသေစားသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်သည်။ ဓာတုဆေးကိုမသုံးလိုပါက တမာပိုးသတ်ဆေးကဲ့သို့သော သဘာဝပိုးသတ်ဆေးများကို အသုံးပြုနိုင်သည်။ ပိုးမွှားကာကွယ်မှုပိုမိုထိရောက်စေရန်   ပိုးမွှားများ ခိုအောင်းနေနိုင်သော  စိုက်ခင်းပတ်ဝန်းကျင်ရှိ ပေါင်း မြက်များ၊ ချုံများကိုပါဆေးဖျန်းပေးခြင်း သို့မဟုတ် ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးသင့်သည်။

(င) ရိတ်သိမ်းခြင်း

ကုလားပဲသီးတောင့်များ ကောက်ရိုးအရောင်(သို့) ညိုဖျော့ရောင်ပြောင်းသွားချိန် (၇၅- ၈၀ ရာခိုင်နှုန်း) သီးတောင့်များ ရင့်မှည့်လျှင် ရိတ်သိမ်းနိုင်သည်။ ရိတ်သိမ်းချိန်နောက်ကျလျှင် သီးတောင့်များ အက်ကွဲကျ၍ အထွက်ဆုံးရှုံးနိုင်သည်။ ရိတ်သိမ်းပြီး ပဲပင် များကို ၂-၃ ရက်အထိ နေလှန်းပြီး သီးတောင့်များကိုခြွေလှေ့ပါ။ ပဲစေ့များတွင် ဖုန်၊ သဲ၊ ခဲ၊ အရွက်အမှော်များ မပါအောင် သန့်စင်ပါ။ သန့်စင်ပြီးသော ပဲစေ့များအား အစိုဓာတ် ၉-၈ ရာခိုင်နှုန်းအထိ အခြောက်ခံပြီးမှ သိုလှောင်ပါ။

ဈေးကွက်အခြေအနေ

ကုလားပဲသီးနှံသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အရောင်းအဝယ်ရှိသည်။  ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော ကုလားပဲများကို တန်ဖိုးမြှင့် ထုတ်ကုန်အမျိုးမျိုးထုတ်လုပ်လျက်ရှိသော မြို့ပေါ်ရှိပဲခွဲစက်လုပ်ငန်းရှင်များ၊ ပဲကြော်၊ ပဲမှုန့် (အစိမ်း၊ အကျက်) ထုတ်လုပ်သောလုပ်ငန်းရှင်များမှ အများအားဖြင့် ဝယ်ယူကြသည်။ အချို့ဒေသများတွင် ဒေသတွင်းဈေးကွက်အပြင် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ ပဲဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ကုလားပဲသီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်းကြောင့် ပြည်တွင်းစားသုံးမှုများ၍ အရောင်းအဝယ် အမြဲတမ်း သွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာထွက်ကုန်ပစ္စည်းများကို နိုင်ငံခြားသို့အများဆုံးတင်ပို့ပြီး ပဲမျိုးစုံသည်လည်း အဓိကပို့ကုန်ဖြစ်သည်။ မြန်မာနိုင်ငံမှ မတ်ပဲ၊ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ(စွန်တာနီ)၊စွန်တာပြာ၊ ပဲဖြူလေး၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်စေ့၊ ပဲနီ ကျား၊ နိုင်လွန်ပဲတို့ကို တင်ပို့လျက်ရှိသည်။

ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့သည်  ကုလား ပဲကို အဓိကစားသုံးသောနိုင်ငံများဖြစ်ပြီး မြန်မာနိုင်ငံမှကုလားပဲများကို ဥရောပနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့သို့တင်ပို့လျက်ရှိသည်။ပြည်ပဈေးကွက်အနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သောထိုင်း၊တရုတ်၊အိန္ဒိယနိုင်ငံတို့သို့တင်ပို့ရောင်းချလျက်ရှိ သည်။ ကုလားပဲ၏အရည်အသွေးသည် နိုင်ငံတကာ တွင် အသိအမှတ်ပြုခံရ၍ ဝယ်လိုအားမြင့်မားသည်။

ကုလားပဲစေ့များကို ကုန်ကြမ်းအဖြစ် ဈေးကွက် သို့တင်ပို့ရောင်းချနိုင်ပြီး ကုလားပဲခွံ၊ ပဲရိုး ၊ ပဲမှော်များကို ဆွေးမြည့်အောင်ပြုလုပ်ပြီး သဘာဝမြေဩဇာ အဖြစ် စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သကဲ့သို့ ကျွဲ၊ နွားစာအဖြစ်လည်း အသုံးပြုနိုင်သည်။ ကုလားပဲကို တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောအဖြစ် ထုတ်လုပ်နိုင်သောပစ္စည်းများမှာ ကြာဆံ၊ မုန့်အမျိုးမျိုး၊ ပဲကြော်၊ ပဲမုန့်၊ စည်သွတ်ဘူး၊ ကုလားပဲမှုန့်၊ ဆပ်ပြာတို့ဖြစ်သည်။ကုလားပဲကို မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့ရန် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်သည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလျက်ရှိပြီး အထူးသဖြင့်   မန္တလေး၊ ရန်ကုန်၊ မကွေးစသည့်မြို့ကြီးများတွင် ဝယ်လိုအားမြင့်မားသည်။ ကုလားပဲသည် မြန်မာနိုင်ငံ၊ ဥရောပနိုင်ငံများ၊ တရုတ်နှင့် ကမ္ဘာ့ဈေးကွက်တွင် အရေးပါသောသီးနှံတစ်မျိုးဖြစ်သည်။ ကုလားပဲသီးနှံသည် ပရိုတင်းပါဝင်မှုများသောကြောင့်သက်သတ်လွတ် စားသုံးသူများအတွက် အသားဓာတ်ရရှိစေနိုင်သော  အစားအစာ တစ်ခုဖြစ်သည့်အပြင် သွေးတွင်းအချိုဓာတ်ကိုထိန်းညှိ နိုင်ပြီး  ခန္ဓာကိုယ်အတွက်လိုအပ်သော အာဟာရ ဓာတ်များကို ဖြည့်တင်းပေးနိုင်မည်ဖြစ်သည်။

ကုလားပဲသီးနှံသည် မြန်မာနိုင်ငံအတွက် အာဟာရ ပြည့်ဝပြီး စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်၍ လူထု၏အာဟာရဓာတ်ကိုဖြည့်တင်းပေးသည့်အပြင် စီးပွားရေးအရလည်း အထောက်အကူ ပြုသည်။ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းနှင့် ခေတ်မီနည်းစနစ်များအသုံးပြုခြင်းဖြင့် အထွက်နှုန်းနှင့် သီးနှံထွက်ကုန်အရည်အသွေးကိုမြှင့်တင်ပြီး တောင်သူဦးကြီးများ င်ငွေတိုးပွားစေရေးနှင့် နိုင်ငံခြားဝင်ငွေတိုးတက်ရရှိရေးတို့အတွက် အထောက်အကူပြုနိုင်သည်။   ထို့ကြောင့် ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုကိုပိုမိုမြှင့်တင်ပေးခြင်းဖြင့် တောင်သူဝင်ငွေတိုး၍ လူနေမှုဘဝမြင့်မားမှုမှသည် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍကို ပိုမိုတိုးတက်စေနိုင်မည်ဖြစ်ပါသည်။        ။