ပဲပုပ်ကို သီးထပ်အဖြစ် တိုးချဲ့စိုက်ပျိုးခြင်းဖြင့် စားသုံးဆီနှင့် တိရစ္ဆာန်အစာ တင်သွင်းမှုကို လျှော့ချလာနိုင်
Posted_Date
Image

Body
ပဲပုပ်သည် အာဟာရဓာတ်ပြည့်ဝသော သီးနှံဖြစ်ပြီး ယေဘုယျအားဖြင့် ပရိုတင်းဓာတ် ၄၀ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၂၀ ရာခိုင်နှုန်းပါဝင်သည်။ ပဲပုပ်၏မူရင်းဒေသမှာ တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်သော နိုင်ငံပေါင်း ၁၀၄ နိုင်ငံထိရှိပြီး နှစ်စဉ်တန်ချိန် ၃၄၈ ဒသမ ၇ သန်းကျော် စိုက်ပျိုးထုတ်လုပ်သည်။ အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့သည် ပဲပုပ်အဓိကထုတ်လုပ်သော နိုင်ငံများဖြစ်ပြီး ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိသည်။ ပဲပုပ်ကို အဓိကအားဖြင့် လူသားတို့ စားသုံးရန်အတွက် ၂၀ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာအတွက် ၇၆ ရာခိုင်နှုန်းနှင့် စက်ရုံသုံးအတွက် ၄ ရာခိုင်နှုန်း အသုံးပြုကြသည်။
မြန်မာနိုင်ငံတွင် ရှေးယခင်ကတည်းကပင် ပဲပုပ်ကိုစိုက်ပျိုးခဲ့ပြီး ပဲမျိုးစုံသီးနှံများတွင် အထွက်နှုန်းအလားအလာရှိသော သီးနှံဖြစ်သည်။ ပဲပုပ်သီးနှံကို မိုးရာသီတွင် ရှမ်းပြည်နယ်၌ အဓိကစိုက်ပျိုးပြီး မြစ်ရေကျချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် မိုးနှောင်းရာသီတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် စိုက်ပျိုးထုတ်လုပ်သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပဲပုပ်သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်မှုအနေဖြင့် စုစုပေါင်း ၃ ဒသမ ၄ သန်းဧကရှိပြီး မိုးရာသီတွင် ၁ ဒသမ ၁ သန်းဧက (စုစုပေါင်းစိုက်ဧက၏ ၃၀ ရာခိုင်နှုန်း)၊ မိုးနှောင်း/ ဆောင်းရာသီတွင် ၂ ဒသမ ၃ သန်းဧက (စုစုပေါင်းစိုက်ဧက၏ ၇၀ ရာခိုင်နှုန်း) ရှိသည့်အတွက် ပဲပုပ်သီးနှံကို မိုးနှောင်း/ဆောင်းရာသီတွင် အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။ ပဲပုပ်သီးနှံ၏ ပျမ်းမျှအထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၁၈ ဒသမ ၇ တင်းနှုန်းဖြင့် စုစုပေါင်းတန်ချိန် ၅ ဒသမ ၈ သန်းကျော်ထွက်ရှိပြီး ၆၁၈၀ မက်ထရစ်တန်ချိန်ကို ပြည်ပသို့တင်ပို့လျက်ရှိသည်။
ပဲပုပ်သီးနှံသည် ပူနွေးစွတ်စိုသော ရာသီဥတုတွင် ကောင်းစွာဖြစ်ထွန်း၍ မိုးရေချိန် ၂၄ မှ ၆၀ လက်မအတွင်းရရှိရန် လိုအပ်သည်။
နေ့တာတိုသီးနှံဖြစ်ပြီး စိုက်ပျိုးသည့် ဒေသ၏ လတ္တီကျုနှင့် မြေမျက်နှာပြင် အနိမ့်အမြင့်တို့ပေါ်တွင် တုံ့ပြန်မှုရှိသောကြောင့် ဒေသရေမြေရာသီဥတု၊ စိုက်ပျိုးရာသီ၊ စိုက်ပျိုးချိန်တို့နှင့် သင့်လျော်ကိုက်ညီသော အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်မည်ဖြစ်သည်။
မျိုးစေ့အပင်ပေါက်စမ်းသပ်၍ ရာခိုင်နှုန်း ၈၀ အထက်ရှိမှသာ မျိုးအဖြစ် အသုံးပြုစိုက်ပျိုးရမည်ဖြစ်သည်။ မိုးရာသီတွင် စိုက်ပျိုးပါက တောင်ပေါ် / မြေပြန့်ဒေသအားလုံးအတွက် သင့်လျော်သောမျိုးများမှာ ရေဆင်း - ၃၊ ရေဆင်း - ၆၊ ရေဆင်း - ၁၁၊ ရေဆင်း - ၁၂ ၊ ရေဆင်း - ၁၄ နှင့် ရေဆင်း - ၁၅ တို့ဖြစ်သည်။ မိုးနှောင်းရာသီ ကိုင်းကျွန်းမြေများ၌ အောက်တိုဘာလတွင် စိုက်ပျိုးနိုင်ပါက ရေဆင်း - ၃၊ ရေဆင်း - ၆၊ ရေဆင်း - ၁၁ နှင့် ရေဆင်း -၁၅ မျိုးတို့ကိုစိုက်ပျိုးနိုင်သည်။
စပါးပြီး သီးထပ်စိုက်ပျိုးသောဒေသများ အတွက် ရေဆင်း - ၆၊ ရေဆင်း - ၁၁ နှင့် ရေဆင်း - ၁၅ မျိုးတို့ကို စိုက်ပျိုးသင့်သည်။ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၏ သုတေသနတွေ့ရှိချက်များအရ အဆိုပါ ပဲပုပ်မျိုးများသည် အထွက်နှုန်း တစ်ဧကလျှင် ၂၈-၃၀ တင်းထွက်ရှိသော အထွက်ကောင်းမျိုးများဖြစ်ပြီး တောင်သူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်၍ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပဲပုပ်သီးနှံသည် ရေသွင်းရေထုတ်ကောင်း၍ အစိုဓာတ်ထိန်းနိုင်သည့် မြေဖြစ်ပါက သဲနုန်းမြေမှ မြေစေးအထိ စိုက်ပျိုးနိုင်သည်။ မြေချဉ်ငန်ဓာတ် (pH) ၅ ဒသမ ၅ မှ ၇ အတွင်းသည် အကောင်းဆုံးဖြစ်ပြီး pH ၅ ဒသမ ၅ ထက်နည်းပါက ထုံးထည့်၍ မြေပြုပြင်ပေးရန် လိုအပ်သည်။
အပင်ပေါက်ကောင်းမွန်စေရန် အစိုဓာတ်လုံလောက်စွာ ရရှိရန်လိုအပ်ပြီး သီးတောင့်ဖြစ်ထွန်းချိန်နှင့် သီးတောင့်အစေ့အဆန် တည်ချိန်တို့တွင်လည်း အစိုဓာတ်လုံလောက်စွာရရှိမှသာ အထွက်နှုန်း ကောင်းစွာရရှိနိုင်မည်ဖြစ်သည်။ မိုးရာသီတွင် ကြာရှည်စွာရေဝပ်ပါက ပဲပုပ်ပင်ကြီးထွားမှုကို ထိခိုက်နိုင်သောကြောင့် သင့်လျော်သော ရေနုတ်မြောင်းများ ပြုလုပ်ထားရန်လိုအပ်သည်။
စိုက်ချိန်အနေဖြင့် တောင်ပေါ်ဒေသ ရှမ်းပြည်နယ်တွင် မေလအတွင်း အများဆုံးစိုက်ပျိုးကြပြီး အရည်အသွေးကောင်း မျိုးစေ့ထုတ်လုပ်မည်ဆိုပါက ဇူလိုင်လကုန်မှ သြဂုတ်လအတွင်း စိုက်ပျိုးသင့်သည်။ကိုင်းကျွန်းဒေသများ၌ မြစ်ရေကျချိန် အောက်တိုဘာလအတွင်း စိုက်ပျိုးနိုင်ပြီး စပါးသီးထပ်စိုက်ပျိုးသော ဒေသများတွင် နိုဝင်ဘာလအတွင်း အပင်ရေတိုး၍ စိုက်ပျိုးရန်လိုအပ်သည်။ အကယ်၍ ရေသွင်းနိုင်ပါက ဇန်နဝါရီ၊ ဖေဖော်ဝါရီလအတွင်း စိုက်ပျိုးနိုင်သည်။ အမြင့်ဆုံးအထွက်နှုန်းရရှိရန် မိုးရာသီတွင် တန်းကြား ၁ ဒသမ ၅ - ၂ ပေနှင့် ပင်ကြား ၄-၆ လက်မဖြင့် တစ်ဧက အပင်ရေ ၁၀၀၀၀၀-၁၃၀၀၀၀ ရှိသင့်သည်။ မိုးနှောင်းရာသီ စိုက်ပျိုးပါက တန်းကြား ၁ ပေနှင့် ပင်ကြား ၄-၆ လက်မဖြင့် စိုက်ပျိုးနိုင်သည်။ စပါးအပြီး သီးထပ်အဖြစ် ကြဲပက်စိုက်ပျိုးလျှင် ၃ ပေပတ်လည်တွင် အနည်းဆုံး ၂၅-၃၀ ပင် ရှိရမည်။ မျိုးစေ့ အတိမ်အနက်ကို ၁ ဒသမ ၅ -၂ လက်မအနက်ထိသာ စိုက်ပျိုးသင့်သည်။ ပေါင်းမြက်များကြောင့် အထွက်နှုန်း ၄၀-၅၀ ရာခိုင်နှုန်းထိ လျော့နည်းနိုင်သည့်အတွက် စိုက်ပြီး ၃၀-၄၅ ရက်ကြား မဖြစ်မနေ ပေါင်းမြက်ရှင်းလင်းရန် လိုအပ်သည်။ ပိုးမွှားရောဂါကျရောက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆေးဖျန်းရန်နှင့် ကြိုတင်ကာကွယ်ရန် လိုအပ်သည်။ ပင်စည်မှ အရွက်များကြွေကျပြီး သီးတောင့်၏ ၉၅ ရာခိုင်နှုန်းခန့်ရင့်မှည့်ကာ အရောင်ပြောင်းသည့်အချိန်တွင် ရိတ်သိမ်း၍ နေလှန်းပြီးခြွေလှေ့ရမည်ဖြစ်သည်။
ပဲပုပ်သည် အာဟာရဓာတ်ပေါကြွယ်ဝစွာ ပါဝင်သော သီးနှံတစ်ခုဖြစ်ပြီး ပျမ်းမျှအားဖြင့် အသားဓာတ်ပါဝင်မှု ၃၆ ရာခိုင်နှုန်း၊ ဆီပါဝင်မှု ၂၀ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၃၀ ရာခိုင်နှုန်း၊ ရေပါဝင်မှု ၉ ရာခိုင်နှုန်းနှင့် ပြာဓာတ်ပါဝင်မှု ၅ ရာခိုင်နှုန်းတို့ အသီးသီးပါဝင်သည်။ ပဲပုပ်သည် လူသားတို့အတွက် အသားဓာတ်ကြွယ်ဝသော အစားအစာဖြစ်သောကြောင့် သက်သတ်လွတ် စားသုံးသူများ၊ အသားကိုလျှော့၍ စားသုံးလိုသူများအတွက် စားသုံးသင့်သော အစားအစာတစ်ခုဖြစ်သည်။ ပဲပုပ်သည် ရှမ်းတိုင်းရင်းသားများ အလွန်ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိသောကြောင့် ရှမ်းရိုးရာအစားအစာ (ရှမ်းပဲပုပ်)ဟူ၍ လူသိများခဲ့သော်လည်း ယနေ့ခေတ်တွင် ရှမ်းတိုင်းရင်းသားများသာမက တိုင်းရင်းသားမျိုးစုံ နှစ်ခြိုက်စွာ စားသုံးလာကြသည်။ ပဲပုပ်မှထုတ်လုပ်သည့် လူကြိုက်များ ထင်ရှားသော အစားအသောက်များမှာ ပဲပုပ်စေ့အား အချဉ်ဖောက်ပြုလုပ်သည့် ပဲငါးပိ၊ ပဲငံပြာရည်၊ ဆီတိုဟူး၊ ပဲနို့၊ တိုဟူးနှင့် အသားတုတို့ဖြစ်သည်။ ပဲပုပ်စားသောက်ကုန်များသည် အာဟာရ ဓာတ်ပြည့်ဝပြီး နှလုံးကျန်းမာရေး၊ ကိုယ်အလေးချိန် ထိန်းခြင်း၊ အရိုးကျန်းမာရေးနှင့် သွေးတွင်းသကြားဓာတ် ထိန်းခြင်းအပါအဝင် ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးဆောင်သည်။
မြန်မာနိုင်ငံတွင် ပဲပုပ်သီးနှံနှင့် ဆက်စပ်ထွက်ကုန်များကို ထုတ်လုပ်ရန် အလားအလာကောင်း များစွာရှိသည်။
ပဲပုပ်ကိုဆီကြိတ်သည့်အခါ ပိဿာ ၁၀၀ ကြိတ်လျှင် ပဲပုပ်ဆီ ၂၀ ရာခိုင်နှုန်းနှင့် ပဲပုပ်ကြိတ်ဖတ် ၈၀ ရာခိုင်နှုန်း ထွက်ရှိသည်။ ပဲပုပ်ကြိတ်ဖတ်သည် တိရစ္ဆာန်များအတွက် လိုအပ်သည့် အမိုင်နိုအက်စစ် မြောက်မြားစွာ ပါဝင်သည့်အတွက် တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသည်။ ၎င်းသည် အစာချေဖျက်မှုလွယ်ကူခြင်း၊ အမျှင်ပါဝင်မှုနည်းခြင်း၊ အသားဓာတ်မြင့်မားစွာ ပါဝင်ခြင်းတို့ကြောင့် ကြက်၊ ဝက်၊ ငါး စသည့်တိရစ္ဆာန်များအတွက် အစာအဖြစ် အသုံးပြုကြသည်။ မွေးမြူရေးလုပ်ငန်းသည် ဆီကြိတ်ဖတ်ကဲ့သို့သော လူတို့စားသုံး၍ မရနိုင်သည့် တန်ဖိုးနိမ့်အသားဓာတ်များကို လူတို့အတွက် အာဟာရဖြစ်စေသည့် တန်ဖိုးမြင့်အသားဓာတ် (အသား၊ နို့၊ ဥများ) အဖြစ် ပြောင်းလဲပေးရသည့် လုပ်ငန်းဖြစ်ပြီး နှစ်စဉ်ဆီကြိတ်ဖတ်တန်ချိန် ၅-၇ သိန်းခန့်အထိ လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များကို ပြည်ပသို့ တင်ပို့နေသည့် အလျောက် အလားတူ ကုန်ပစ္စည်းများ တင်သွင်းနေမှုကိုလည်း အစားထိုးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၏ စားသုံးဆီသုံးစွဲမှုပမာဏမှာ တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် မက်ထရစ်တန်ချိန် ၁ ဒသမ ၁၇ သန်းရှိသည့်အနက် နှစ်စဉ်တင်သွင်းနေမှု ပမာဏမှာ မက်ထရစ်တန်ချိန် သုည ဒသမ ၆၉ သန်းရှိသည်။ တစ်နည်းဆိုရသော် ပြည်တွင်းစားသုံးမှုအတွက် နှစ်စဉ် တင်သွင်းနေရသော စားသုံးဆီပမာဏမှာ ၅၈ ရာခိုင်နှုန်းရှိနေသည်။ အဓိကတင်သွင်းနေရသည့် စားသုံးဆီများမှာ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ မုန်ညင်းဆီနှင့် သံလွင်ဆီတို့ဖြစ်ကြသည်။ ထို့အတူ မွေးမြူရေးကဏ္ဍအတွက် ပဲပုပ်ကြိတ်ဖတ်ကို တိရစ္ဆာန်အစာအဖြစ် နှစ်စဉ်တင်သွင်းနေမှုပမာဏမှာ မက်ထရစ်တန်ချိန် သုည ဒသမ ၆ သန်းရှိသည်။ ပဲပုပ်သီးနှံကို ဟင်းချက်ဆီအဖြစ် ကြိတ်ခွဲအသုံးပြုခြင်းဖြင့် နိုင်ငံတော်၏ စားသုံးဆီဖူလုံမှုအား အထောက်အကူဖြစ်စေမည့်အပြင် တိရစ္ဆာန်အစာအတွက် ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ ပြည်တွင်းတိရစ္ဆာန် အစာထုတ်ကုမ္ပဏီများ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိရစ္ဆာန်အစာထုတ်လုပ်မှု ၂၁၄၁၄၂၈ တန်ဖြစ်ပြီး ရောစပ်ရာတွင်အသုံးပြုရန် ပဲပုပ်ကြိတ်ဖတ် လိုအပ်ချက်မှာ ၅၃၅၃၅၇ တန်ရှိသည့်အတွက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ပဲပုပ်ကြိတ်ဖတ်ကဲ့သို့သော အစာကုန်ကြမ်းသည်လည်း မရှိမဖြစ် လိုအပ်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများမှ တင်သွင်းမှု လျှော့ချပြီး ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် နိုင်ငံတော်မှ စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပဲပုပ်သီးနှံသည် ပြည်တွင်းစားသုံးဆီဖူလုံမှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည့်အပြင် ပြည်ပမှ ပဲပုပ်ကြိတ်ဖတ် တင်သွင်းမှုကို လျှော့ချပေးနိုင်သည့် အလားအလာကောင်းသော သီးနှံတစ်ခုဖြစ်သည့်အတွက် တိုးချဲ့စိုက်ပျိုးရမည် ဖြစ်သည်။ ပြည်တွင်းထွက်ကုန်များဖြင့် အစားထိုးအသုံးပြုရန် ပဲပုပ်သီးနှံတိုးချဲ့စိုက်ပျိုးခြင်းများကို လက်ရှိစိုက်ပျိုး ထုတ်လုပ်ခြင်းများအပြင် မိုးလယ်ရာသီတွင် ပြောင်းရိတ်သိမ်း အပြီးသာမက မိုးနှောင်းရာသီတွင် စပါးရိတ်သိမ်းအပြီး သီးထပ်အဖြစ် သီးနှံစိုက်စွမ်းအားမြှင့်တင်၍ စိုက်ရန် လိုအပ်မည်ဖြစ်သည်။
ပဲပုပ်သည်အာဟာရဓာတ်ပြည့်ဝသောသီးနှံဖြစ်ပြီး ဒေသအစားအစာများ ပြုလုပ်စားသောက် နိုင်သည်သာမက ပဲနို့နှင့် မိခင်နို့အစားထိုး ကလေးဖြည့်စွက်စာ အပါအဝင် စားသောက်ကုန်အမျိုးမျိုး ကိုလည်း ထုတ်လုပ်နိုင်သည့်အတွက် အရည်အသွေးပြည့်မီသည့် ပဲပုပ်မျိုးများဖြင့် စိုက်ပျိုးထုတ်လုပ်၍ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။ သို့ဖြစ်ပါ၍ ပဲပုပ်သီးနှံ တန်ဖိုးကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်းဖြင့် စားသုံးဆီနှင့် ပဲပုပ်ကြိတ်ဖတ်တင်သွင်းခြင်းကို အစားထိုးလျှော့ချခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက်အကျိုးပြုမည် ဖြစ်သည်။ ။