အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား တကယ်ပဲညှိနှိုင်းလို့မရနိုင်တော့ဘူးလား
Posted_Date
Image

Body
ပါဟယ်ဂမ်ဒေသဆိုတာ သိပ်ကိုအေးချမ်းတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ပါ။ သူ့ရဲ့တည် နေရာက အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ တို့ကြား ကက်ရှမီးယားဒေသမှာဖြစ်ပါတယ်။ သူတို့ နှစ်နိုင်ငံကြား စစ်ပွဲတွေဖြစ်ပြီးတဲ့နောက်ပိုင်း ပါဟယ်ဂမ်မြို့က ငြိမ်းချမ်းတဲ့နေရာတစ်ခု၊ အပန်းဖြေလို့ ကောင်းတဲ့နေရာတစ်ခု၊ ခရီးသွားတွေကိုဆွဲဆောင်ပေးနိုင်တဲ့နေရာတစ်ခု၊ ပြောရရင်သိပ်ကိုသာယာနာပျော်ဖွယ်ကောင်းလွန်းတဲ့ နေရာလေးတစ်ခုပေါ့။
ဒါပေမဲ့ ဧပြီလ ၂၂ ရက်မှာတော့ အဲဒီလိုသာယာလွန်းလှတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ဟာ အကြမ်းဖက်သမားများကြောင့် ငရဲခန်းတစ်ခုသဖွယ် ချောက်ခြားခဲ့ရပါတော့တယ်။ တကယ်တော့ အကြမ်းဖက်သမားဆိုတာ အကြမ်းဖက်သမားစိတ်ပဲရှိတာပါ။ ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ လူသတ်နေရရင်၊ သူတို့စိတ်ပျော်ရွှင်အောင် အဖျက်အမှောင့်လုပ်ငန်း တွေလုပ်နေရရုံနဲ့ ကျေနပ်နေတဲ့လူတန်းစားတစ်ရပ် ဖြစ်ပါတယ်။ အခုလည်း အကြမ်းဖက်သမားများရဲ့ တိုက်ခိုက်မှုကြောင့် ပါဟယ်ဂမ်မြို့လေးကိုအလည် လာတဲ့ ခရီးသွား ၂၆ ယောက်ဟာ အသက်ဆုံးရှုံးခဲ့ရ ပါတယ်။ သူတို့ထဲကမှ ၂၅ ယောက်က အိန္ဒိယနိုင်ငံ သားတွေဖြစ်ပြီး ကျန်တစ်ဦးကတော့ နီပေါနိုင်ငံသားပါ။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်နိုင်ငံထဲ မှာအခြေချနေတဲ့ The Resistance Front အမည်ရှိ အကြမ်းဖက်အဖွဲ့ငယ်လေးက သူတို့လုပ်တာပါဆိုပြီး အတိအလင်းထုတ်ပြန်ထားပါတယ်။ ဒါကြောင့် အခု တိုက်ခိုက်မှုမှာ ပါကစ္စတန်အစိုးရရဲ့ထောက်ပံ့မှုပါနေ တယ်ဆိုပြီး အိန္ဒိယအစိုးရကပြောထားပါတယ်။ တစ် ချိန်တည်းမှာပဲ အိန္ဒိယထောက်လှမ်းရေးအေဂျင်စီ တွေကလည်း ပါကစ္စတန်ထောက်လှမ်းရေးဌာနဖြစ် တဲ့ ISI က ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ လက်သည် အနေနဲ့ပါဝင်နေတယ်ဆိုတဲ့ သတင်းအချက်အလက် တွေကို အခိုင်အမာရရှိထားတယ်လို့ ဆိုထားပြန်ပါ တယ်။ အဲဒီအချက်အလက်တွေထဲမှာ တိုက်ခိုက်မှု လုပ်သူတွေဟာ မူဇာဖာရာဘတ်နဲ့ ကရာချိမြို့တို့မှာ ရှိတဲ့ ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ရဲ့ လျှို့ဝှက် နေအိမ်တွေဆီသွားခဲ့တာကိုတွေ့ရှိထားမှုလည်းပါဝင်ပါတယ်။ ဒါကြောင့် ဒီကိစ္စမှာပါကစ္စတန်ဘက်က ပါဝင် ကူညီမှုတွေ မလွဲမသွေရှိနေတယ်လို့ အိန္ဒိယဘက်က အတိအလင်းပြောထားတာဖြစ်ပါတယ်။ ပါကစ္စတန် ကတော့ သူတို့အနေနဲ့ဒီကိစ္စမှာပါဝင်မှုမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုလုပ်ခဲ့သူတွေထဲကသုံးဦးဟာ ပါကစ္စတန်နိုင်ငံအခြေစိုက် လက်ရှကာ-အီး-တိုင်ဘာ (LeT) လို့အမည်ရတဲ့ အကြမ်းဖက်အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်လို့ အိန္ဒိယရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ LeT အဖွဲ့ဆိုတာ ကုလသမဂ္ဂအဖွဲ့ကိုယ်တိုင်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ ပြောရရင် ကမ္ဘာသိအကြမ်းဖက်အဖွဲ့အစည်းတစ်ခုပါ။ ဒါကြောင့် အိန္ဒိယရဲတပ်ဖွဲ့က အဲဒီအကြမ်းဖက်သမားသုံးဦးကိုဖမ်းဆီးနိုင်ဖို့အတွက် သတင်းပေးနိုင်သူကို ဆုတော်ငွေအဖြစ် ရူပီးနှစ်သန်းစီပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီဖြစ်စဉ်ကနေအသက်ရှင်သန်လွတ်မြောက်လာသူတွေရဲ့ ပြန်ပြောချက်အရသိရတာကအကြမ်းဖက် သမားများဟာ ဘာသာရေးကိုအခြေခံတဲ့အကြမ်း ဖက်တိုက်ခိုက်မှုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ ပထမ ဦးစွာ စစ်ယူနီဖောင်းတွေဝတ်ဆင်ထားတဲ့ အကြမ်း ဖက်သမားများက ခရီးသွားတွေသာယာစွာရှုခင်းကြည့်နေတဲ့ မြက်ခင်းပြင်ရှိရာနေရာကိုဝင်လာပြီး တစ်ဦးချင်းစီရဲ့နာမည်တွေကိုမေးပါတယ်။ ပြီးရင် အစ္စလာမ်မစ်အဆိုအမိန့်တွေကို ရွတ်ခိုင်းပါတယ်။ မရွတ်နိုင်တဲ့သူတွေကိုတော့ သေနတ်နဲ့တေ့ပစ်သွားကြတာဖြစ်တယ်လို့ဆိုပါတယ်။
အခုကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ အိန္ဒိယအစိုးရ က ပါကစ္စတန်နိုင်ငံနဲ့ဆက်ဆံရေးအဆင့်ကို လျှော့ချ လိုက်ပါတယ်။ သံတမန်ဝန်ထမ်းအရေအတွက်ကိုလည်း ၅၅ ယောက်ကနေအယောက် ၃၀ အထိလျှော့ချလိုက်ပါတယ်။ နှစ်နိုင်ငံကြားအဓိကကျတဲ့ နယ်စပ် ဂိတ်ကိုလည်းပိတ်လိုက်ပါတယ်။ နှစ်နိုင်ငံကြားမှာ အရေးပါလှတဲ့ ရေမျှဝေရေးသဘောတူစာချုပ်အပေါ် လိုက်နာမှုကိုလည်း ပထမဆုံးအကြိမ်အနေနဲ့ရပ်ဆိုင်း လိုက်ပါတယ်။ ဒါ့အပြင် တခြားသောလုပ်ဆောင်ချက် တွေကိုလည်း ဆောင်ရွက်လိုက်ပါသေးတယ်။ ဒီအချိန် မှာပဲ ပါကစ္စတန်ဘက်ကလည်း နှစ်နိုင်ငံကြားကုန် သွယ်မှုကိုရပ်ဆိုင်းလိုက်ခြင်းအပါအဝင် လက်တုံ့ပြန်မှုများစွာကိုလုပ်ဆောင်ပါတယ်။ အိန္ဒိယကနိုင်ငံအတွင်းမှာရှိတဲ့ ပါကစ္စတန်နိုင်ငံသားတွေအားလုံးကို ဧပြီလ ၂၇ ရက်မတိုင်မီထွက်သွားခိုင်းပြီး ဗီဇာတွေ အားလုံးကိုပယ်ချလိုက်သလို ပါကစ္စတန်ကလည်း အိန္ဒိယနိုင်ငံသားတွေရဲ့ဗီဇာတွေကို ခွင့်မပြုတော့ပါဘူး။
ဧပြီလ ၂၄ ရက်မှာတော့ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီက နိုင်ငံအရှေ့မြောက်ပိုင်း ဘီဟာပြည်နယ် မှာမိန့်ခွန်းပြောစဉ် “အိန္ဒိယအစိုးရအနေနဲ့ အကြမ်းဖက်သမားတွေကို ကမ္ဘာမြေအဆုံးအထိ လိုက်လံရှာ ဖွေချေမှုန်းသွားမယ်” လို့ကတိပြုကြောင်းပြောခဲ့ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အိန္ဒိယဝန်ကြီးချုပ်ဟာ မိန့်ခွန်းပြောတဲ့အခါ ဟင်ဒီဘာသာစကားနဲ့သာပြော လေ့ရှိပေမယ့် အခုတစ်ခေါက်မှာတော့ အင်္ဂလိပ်ဘာသာစကားနဲ့ပါပြောလာတာဖြစ်ပါတယ်။ သူက ဘာတွေပြောသွားလဲဆိုတော့-
“ကျွန်တော့်အနေနဲ့ ဘီဟာမြေပေါ်မှနေ၍ တစ်ကမ္ဘာလုံးကို ပြောချင်ပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ အကြမ်းဖက်သမားမှန်သမျှကိုသာမက သူတို့အပေါ် ထောက်ပံ့ပေးနေသူတွေကိုပါ လိုက်လံရှာဖွေပြီးအပြစ် ပေးသွားမှာပါ။ အိန္ဒိယနိုင်ငံရဲ့စိတ်ဓာတ်ဟာ အကြမ်း ဖက်ဝါဒကြောင့် ပြိုကွဲသွားမှာမဟုတ်ပါဘူး။ အကြမ်းဖက်ဝါဒကိုလည်း ဒီအတိုင်းလွှတ်ပေးထားမှာမဟုတ်ပါဘူး။ တရားမျှတမှုရရှိရေးအတွက် လုပ်ဆောင်နိုင်တာ မှန်သမျှအားလုံးလုပ်ဆောင်သွားမှာပါ။ တစ်နိုင်ငံလုံး ကလည်း ခိုင်ခိုင်မာမာရပ်တည်သွားမှာဖြစ်ပါတယ်။”
ဧပြီလ ၂၄ ရက်မှာပဲ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် ရှီဘားရှာရစ်က တပ်မတော်ထိပ်တန်းအရာရှိကြီးတွေ ပါဝင်တဲ့ အမျိုးသားလုံခြုံရေးကော်မတီ အစည်းအဝေး ကိုကျင်းပပါတယ်။ အဲဒီအစည်းအဝေးပြီးနောက် ဝန်ကြီးချုပ်ကပါကစ္စတန်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ပြည်သူလူထုရဲ့လုံခြုံရေးကိုထိခိုက်စေမယ့် ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ပြင်းထန်တဲ့လက် တုံ့ပြန်မှုနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ ပြောထားပါတယ်။
အဲဒီလိုပြောပြီးလို့မကြာခင်မှာပဲ ပါကစ္စတန်တပ်မတော်အနေနဲ့ ဧပြီလ ၂၄ ရက်နဲ့ ၂၅ ရက်မှာ သူတို့ရဲ့ အထူးစီးပွားရေးဇုန်အတွင်းရှိကမ်းရိုးတန်းဒေသမှာမြေပြင်မှမြေပြင်ပစ်ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေ လုပ်ဖို့သတိပေးချက်ထုတ်ထားတယ်လို့ဆိုပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်း အိန္ဒိယဘက်မှ သက်ဆိုင်ရာအဖွဲ့အစည်းများက ပါကစ္စတန်ရဲ့လှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သတင်းအရင်းအမြစ်များကပြောထားတာတွေ့ရပါတယ်။ ဒါ့အပြင် အိန္ဒိယလေကြောင်းလိုင်းတွေအတွက် ပါကစ္စတန်ရဲ့ ဝေဟင်ကိုပိတ်လိုက်ပြီလို့လည်း ကြေညာထားပါ သေးတယ်။
အိန္ဒိယနိုင်ငံပိုင် ကက်ရှမီးယားဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မကြာခဏဆိုသလိုဖြစ်လေ့ ရှိပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေဖြစ်တိုင်းလည်း အကြမ်းဖက်သမားတွေက ပါကစ္စတန်နိုင်ငံထဲအခြေ စိုက်ကြသူတွေများပါတယ်။ ပါကစ္စတန်ဘက်က သူတို့အနေနဲ့ အကြမ်းဖက်သမားတွေကိုလက်ခံထား တာမရှိဘူးလို့ ဘယ်လိုပင်ပြောပြော အိန္ဒိယကတော့ ပါကစ္စတန်ပိုင်နက်ထဲအထိဝင်ပြီး အကြမ်းဖက်သမား တွေရဲ့စခန်းကို ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ်။
အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံဆိုတာ ဘာသာရေးကိုအခြေခံတဲ့ပဋိပက္ခတွေနဲ့အတူ နယ်မြေလုစစ်ပွဲတွေလည်းဖြစ်ပွားခဲ့ဖူးပါတယ်။ ဖြစ်ပွားခဲ့ဖူးတဲ့စစ်ပွဲတွေတိုင်းမှာလည်း နှစ်ဖက်စလုံးကထိခိုက်ဆုံးရှုံး မှုများနဲ့သာရင်ဆိုင်ခဲ့ကြရတာပါ။ ဒီမတိုင်ခင်ကာလမှာလည်း နှစ်နိုင်ငံစလုံးက အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် ကင်းလို့မရနိုင်တဲ့အခြေအနေကြောင့်ကောင်းဟန်ဆောင်ကာ ဆက်ဆံခဲ့ရတဲ့အနေအထားဖြစ်ပါတယ်။ အခုတကယ်တမ်းဖြစ်လာပြီလည်း ဆိုရော တစ်ယောက်နဲ့တစ်ယောက်လက်တုံ့ပြန်မှုတွေနဲ့သာ စတင်ခဲ့တာပါ။
ဒီဖြစ်စဉ်ကြောင့် နောက်ထပ်ဘာဆက်ဖြစ်လာနိုင်လဲဆိုရင် သူတို့နှစ်နိုင်ငံရဲ့ရှေ့ဆက်လှုပ်ရှားမှုအပေါ်မှာသာမူတည်နေပါတယ်။ လေ့လာသူတချို့ကတော့ အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ကြား စစ်ရေးတင်းမာမှု ဖြစ်တဲ့အဆင့်အထိရောက်လာနိုင်တယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ ၂၀၁၉ ခုနှစ် ဘလာကော့အရေးအခင်းမှာဆိုရင် အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံထဲဝင်ပြီး အကြမ်းဖက်သမားတွေကို လေကြောင်းတိုက်ခိုက်မှုလုပ်ခြင်းနဲ့လက်တုံ့ပြန်ခဲ့ပါတယ်။ စစ်ရေးအရကြည့်မယ်ဆိုရင် ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ အိန္ဒိယတပ်မတော်ကအင်အားပိုမိုတောင့်တင်းလာကာ ပါကစ္စတန်ကတော့ ပြည်တွင်းရေးအကျပ်အတည်းကြောင့် အရင်ကထက်အင်အားတောင့်တင်းလာတာမျိုးမရှိပါဘူး။ ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံဘက်က ပါကစ္စတန်နိုင်ငံထဲဝင်ပြီး အကြမ်းဖက်သမားတွေအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်တယ်ဆိုရင် ပါကစ္စတန်ဘက်ကလည်း ငြိမ်ခံနေမယ့်အခြေအနေတော့မရှိပါဘူး။
ဒီတစ်ကြိမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်မှာထူးခြားတာတစ်ခုက အိန္ဒိယဝန်ကြီးချုပ်ကိုယ်တိုင်ကိုက အကြမ်းဖက်သမားတွေကို ကမ္ဘာမြေအဆုံးအထိလိုက် ရှာပြီးချေမှုန်းသွားမယ်လို့ဆိုထားတာပါ။ အရင်ဖြစ် စဉ်တွေတုန်းက အခုလိုမျိုးကတိပြုမှုကို မတွေ့ခဲ့ဖူး ပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်အကြမ်းဖက်သမား တွေရဲ့တိုက်ခိုက်မှုဖြစ်စဉ်ဟာ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား ဘယ်လိုမှညှိနှိုင်းလို့မရနိုင်တဲ့အခြေအနေဆီကို ရောက်စေမှာလား။ ဒါမှမဟုတ် ကြားဝင်စေ့စပ်ပေး သူတွေကြောင့် ပြန်ပြီးပြေလည်သွားမှာလားဆိုရင် ကျွန်တော်ကတော့ သူတို့နှစ်နိုင်ငံကြားတင်းမာမှု ပြေလျော့စေဖို့က အချိန်တော်တော်ကြာဦးမယ်လို့ မှတ်ချက်ပြုရပါလိမ့်မယ်။ ။
Ref: AGC
Source: https://myawady.net.mm/stories