တောင်သူစီးပွားတိုးတက်ဖို့ နှမ်းသီးနှံကို စိုက်ကြပါစို့
Posted_Date
Image

Body
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးလုပ်ငန်း ဦးတည်ချက်များချမှတ်ဆောင်ရွက်နေသကဲ့သို့ သီးနှံများဓာတ်ကြွင်းအာနိသင်လျော့နည်းပြီး စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စားသုံးမှုအာဟာရတန်ဖိုးများကြွယ်ဝစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
နှမ်းသည် ရှေးယခင်ကတည်းကပင် မြန်မာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အာဖရိကတွင် ဆီထွက်သီးနှံအဖြစ် တွင်ကျယ်စွာစိုက်ပျိုးခဲ့သောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို နွေနှမ်း၊ မိုးနှမ်း၊ ဆောင်းနှမ်း (မိုးနှောင်းနှမ်း)စသည်ဖြင့် တစ်နှစ်လျှင် သုံးကြိမ်စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။ နှမ်းသည် နေကြာ၊ ပဲတီစိမ်း၊ဝါကဲ့သို့ ရွက်ပြန့်ပင်ဖြစ်ပြီး မြေနှင့် အစိုဓာတ်အပေါ်မူတည်ကာ အပင်အမြင့် ၄ ပေ မှ ၆ ပေ အထိမြင့်နိုင်ပြီး အပူပိုင်းဒေသတွင် ၃ ပေ မှ ၅ ပေ အထိရှိနိုင်ကြောင်း သိရသည်။ နှမ်းသည် အခြားသီးနှံများထက် စိုက်ပျိုးရလွယ်ကူပြီး ဆုံးရှုံးမှုလည်းနည်းပါးကာ ငှက်၊ ကြွက် စသည့်အကောင်များ၏ ဖျက်ဆီးခံရခြင်း နည်းပါးသည့်အပြင် သီးနှံအမျိုးမျိုးနှင့် လိုက်လျောညီထွေစွာ တွဲဖက်စိုက်ပျိုးနိုင်ပြီး အပူဒဏ်၊ မိုးခေါင်မှုဒဏ်၊ ရောဂါနှင့်ပိုးများကို ခံနိုင်ရည်ရှိသောသီးနှံတစ်မျိုးဖြစ်ကြောင်းသိရသည်။ ထို့ပြင် နိုင်ငံခြားဝင်ငွေရနေသော ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး ၂၀၁၁ မတိုင်ခင်တွင် နှမ်းနက်နှင့် နှမ်းဖြူတို့ကို တင်ပို့ကုန်အဖြစ် ခွင့်ပြုခဲ့ကာ ၂၀၁၁ ခုနှစ်တွင် နှမ်းရောကိုပါ ပြည်ပပို့ကုန်အဖြစ်ခွင့်ပြုခဲ့ကြောင်းသိရသည်။ နှမ်းသီးနှံသည် ဆီထွက်သီးနှံစိုက်ဧရိယာတွင် အများဆုံးဖြစ်ပြီး ကုန်ကျစရိတ်သက်သာသည့်အတွက် တောင်သူများအလွယ်တကူစိုက်ပျိုးနေသည့် သီးနှံဖြစ်သည်။ နှမ်းသည် ဆီထွက်သီးနှံစိုက်ဧရိယာ စုစုပေါင်း ၆၀ ရာခိုင်နှုန်းကျော်ရှိသော်လည်း နှမ်းမှဆီထွက်စုစုပေါင်း ၃၀ ရာခိုင်နှုန်းသာရှိသဖြင့် တစ်ဧကအထွက်နှုန်း တိုးတက်ရန်နှင့် နေရာဒေသရေမြေအနေအထားအရ အထွက်နှုန်းသေချာကောင်းမွန်နိုင်သည့် ဒေသများတွင် တစ်ဧကတင်း ၂၀ ပန်းတိုင်အထွက်နှုန်းရရှိရန်ရည်ရွယ်ချက်ထားရှိ၍ အလေးထားစိုက်ပျိုးရန် လိုအပ်ကြောင်းတိုက်တွန်းလိုသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ရှိ စိုက်ပျိုးမြေအားလုံး၏ ၃၀ ရာခိုင်နှုန်းကျော်မှာ ဆီထွက်သီးနှံဖြစ်ပြီး ဆီထွက်သီးနှံစိုက်ပျိုးဧရိယာအားလုံး၏ ၇၁ ရာခိုင်နှုန်းကျော်သည် မိုးနှမ်းသီးနှံစိုက်ဧရိယာများဖြစ်သည်။ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို အရည်အသွေးပြည့်မီစွာ စိုက်ပျိုးထုတ်လုပ်ပြီး ကောင်းမွန်ခိုင်မာသော ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်သော နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရန်၊ ပြည်ပပို့ကုန် ဈေးကွက်ကောင်းရရှိသည့် နှမ်းမျိုးသန့်များ အာဟာရတန်ဖိုးမလျော့ကျစေရေးနှင့် ဓာတ်ကြွင်းအာနိသင်မရှိစေရေး၊ နှမ်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ တောင်သူများသိရှိလိုက်နာလာစေရန်၊ တောင်သူများ၏ သမားရိုးကျ လုပ်ငန်းဆောင်ရွက်မှုအပေါ် သိပ္ပံနည်းကျလေ့လာသုံးသပ်၍ ခေတ်မီနည်းပညာများလိုက်နာကျင့်သုံး လာစေရန်၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးတက်ပြီး စိုက်ပျိုးရေးကဏ္ဍများ ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အထောက်အပံ့ဖြစ်စေရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းမှရရှိလာသည့် အကျိုးအမြတ်များကြောင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြားသောသူများလည်း ကျယ်ပြန့်စွာပါဝင်ဆောင်ရွက်လာခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအထိ တိုးတက်ထုတ်လုပ်နိုင်စေရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသည်။
တောင်သူများအနေဖြင့် ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်ပြည့်ဝပြီး တစ်ဧက တင်း ၂၀ ပန်းတိုင်အထွက်နှုန်းရရှိရန် ရည်ရွယ်ချက်ထားရှိ၍ အလေးထားစိုက်ပျိုးရန် အောက်ပါနည်းပညာများကို ကျင့်သုံးဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းလိုသည်။နှမ်းသည် ရေစီးရေလာကောင်းပြီး မြေဩဇာထက်သန်သောမြေမျိုး၊ မစေးလွန်းမဖွယ်လွန်းသောမြေမျိုးနှင့် မချဉ်လွန်းမငန်လွန်းသောမြေမျိုးကို နှစ်သက်သည်။ အထူးသဖြင့် ပွရွသောမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ အစိုဓာတ်ထိန်းသိမ်း၍ ရေမဝပ်သောမြေများကို ကြိုက်နှစ်သက်သည်။ မိုးရေနှင့် အစိုဓာတ်သင့်တင့်ပါက မြေမျိုးစုံ၌ စိုက်ပျိုးနိုင်သည်။
နှမ်းသည် မြေ၏ အပူချိန် ၇၀° F / ၂၁°C ထက်အေးပါက နှမ်းမျိုးစေ့များ အပင်မပေါက်နိုင်ပါ။ နေ့စဉ်ပျမ်းမျှအပူချိန် ၈၀°F / ၂၆°C ရှိပါက အပင်ကြီးထွားမှုနှင့် သီးပွင့်မှုကိုအားပေးသည်။ နှမ်းမှာမိုးရေချိန်လက်မ ၂၀ ခန့်ကို ညီညွတ်မျှတစွာရပါက လုံလောက်သည်။ ရေငတ်ဒဏ် အသင့်အတင့်ခံနိုင်သည်။မိုးကြိုသီးနှံအဖြစ် ရေသွင်းစိုက်ပျိုးမည်ဆိုပါက မစိုက်မီမြေပြုပြင်ချိန်တွင် တစ်ကြိမ်၊ စိုက်ပြီး အပင် ၄ - ၆ လက်မရှိချိန် သို့မဟုတ် ၂၅-၃၀ ရက်သားတွင်တစ်ကြိမ်၊ ပန်းပွင့်စုံချိန်တွင် တစ်ကြိမ် စုစုပေါင်း ရေသုံးကြိမ်ပေးသွင်းသင့်သည်။ စိုထိုင်းဆအနေဖြင့် ၇၀ ရာခိုင်နှုန်းအောက်ကျပါက အပွင့်အောင်မြင်မှုနည်းသည်။ နှမ်းကို ပင်လယ်ပြင်အထက် အမြင့်ပေ ၄၀၀၀ ကျော်အထိ စိုက်ပျိုးနိုင်သည်။လက်ရှိစိုက်ပျိုးလျက်ရှိသောနှမ်းမျိုးများမှ ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးကွဲပြားလျက်ရှိပြီး မျိုးကွဲများလည်း ကွဲပြားလျက်ရှိသည်။ အဓိကအားဖြင့် တောင်သူများသည် နှမ်းကို နှမ်းလျင်နှင့် နှမ်းကြီးဟူ၍ ခွဲခြားကြသည်။
နှမ်းလျင်မှာ မိုးကြိုစိုက်အဖြစ် ဖေဖော်ဝါရီ-မတ်လအတွင်းစိုက်ပျိုးနိုင်ပြီး မိုးစိုက်အဖြစ် မေ-ဇွန်လတွင်စိုက်ပျိုးနိုင်သည်။ လယ်သီးထပ်အဖြစ် အောက်တိုဘာ - နိုဝင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ အသက်ရက်မှာ ၇၅ - ၉၀ ရက်ခန့်ရှိသည်။နှမ်းကြီးကို မိုးနှောင်းစိုက်အဖြစ် ဩဂုတ် - စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်သည်။ နေ့တာတုံ့ပြန်မှုရှိသဖြင့် အခြားအချိန်တွင် စိုက်ပျိုးလေ့မရှိကြပါ။ အသက်ရက်မှာ ၁၂၀-၁၃၅ ရက်ခန့်ရှိသည်။ သက်လျင် သက်ရက် ၆၀-၇၀၊ သက်လတ်သက်ရက် ၈၀-၉၀၊ သက်ကြီးသက်ရက် ၁၂၀-၁၅၀ ဟူ၍လည်း သက်ရက်အလိုက် နှမ်းမျိုးအုပ်စုသုံးမျိုးခွဲခြားကြသည်။
မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးနေသော နှမ်းမျိုးများ၏အများစုမှာ ကိုင်းဖြာသောမျိုးများဖြစ်ကြသည်။ တစ်ပင်တိုင်ကိုင်းမဖြာမျိုးအချို့လည်းရှိသည်။နှမ်းပင်သည် အပင်ငယ်စဉ်တွင် များစွာနူးညံ့၍ မြေတွင်းမှ တိုးထွက်နိုင်ရန် ထွန်ရေးညက်ရန်လိုသည်။ ထို့ပြင် မြေတွင်း၌ အမြစ်ကောင်းစွာဆင်းပြီး လေ၊ ရေ၊ အာဟာရများ မျှတစွာရရှိရန် ထွန်ရေးနက်နက်ထွန်ပေးရန်လိုအပ်သည်။ မိုးဦးစိုက်ပျိုးပါက သင်္ကြန်မတိုင်မီ မိုးကြိုမိုးခံထယ်ရေး ထွန်ထားရန်လိုအပ်သည်။ ထယ်ရေးနက်နက်ရရှိစေရန်သုံးသွားစက်ထယ်ဖြင့် ထွန်ယက်ပေးသင့်သည်။သီးထပ်လယ်မြေများနှင့် ကိုင်းမြေများတွင် ထယ်ခွဲပေး၍ အစိုဓာတ်သင့်တင့်ချိန်တွင် ထွန်မွှေပြီး မြေညီရန်နှင့် အစိုဓာတ်ထိန်းရန် ကျမ်းတုံးဖြင့် ဖုံးဖိထားရမည်။ ဒလိမ့်တုံး၊ ဓားကျမ်းတုံးများကိုသုံး၍လည်း ထယ်ခဲခြေပေးပြီး ထွန်ရေးပြုပြင်နိုင်သည်။
နှမ်းစိုက်ရန်အတွက် သင့်လျော်သည့်အတန်းအကွာအဝေးမှာ တစ်ပင်တိုင်မျိုးအတွက် ၂၁ လက်မ၊ ကိုင်းဖြာမျိုးအတွက် ၁၅ လက်မဖြစ်သည်။ ပင်ကြားမှာ ၄ လက်မဖြစ်သည်။ မြေသန်လျှင် ၁၈ လက်မအတန်း စိုက်ပျိုးနိုင်သည်။ ကြောင်းဆွဲရာတွင် များစွာမနက်ရန်လိုသည်။ ကြောင်းနက်ပါက မျိုးစေ့များမတွန်းကန်နိုင်ဘဲ အပင်ပေါက်ညံ့မည်ဖြစ်သည်။ တစ်ဧကလျှင် မျိုးစေ့ ၂-၄ ပြည်အထိ အသုံးပြုနိုင်ပြီး အသင့်လျော်ဆုံးအပင်ဦးရေမှာ တစ်သိန်းခွဲခန့် လိုအပ်သည်။
နှမ်းစိုက်ပျိုးရာတွင် မြေအောင်းပိုးများရန်မှကာကွယ်ရန်၊ အပင်ပေါက်နှုန်းကောင်းရန်၊ အပင်ပေါက်များသန်မာရန်၊ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါများကာကွယ်ရန်အတွက် မျိုးစေ့လူးနယ်ဆေးကို အသုံးပြုရန်လိုအပ်မည်ဖြစ်သည်။ နှမ်းစိုက်ပျိုးပြီးလျှင်ပြီးချင်း မိုးမိသွားလျှင် ထိပ်တင်း၍နှမ်းပင်ငယ်များ မြေတွင်းမှမတွန်းနိုင်ဘဲနေမည်ဖြစ်သဖြင့် မြေဖန့်သွားလျှင် ထွန်သွားချွန်ချွန်တပ်ဆင်၍ ကန့်လန့်ဖြတ်ဖွင့်ပေးရမည်။ သို့မှသာလျှင် အပင်ပေါက်ညီညာ၍ အထွက်ကောင်းမည်ဖြစ်သည်။ စိုက်တန်းအတွင်း မျိုးစေ့ချရမည့် အကွာအဝေးမှာ ၃ - ၅ လက်မဖြစ်ပြီး တစ်ကြိမ်မျိုးစေ့ချလျှင် ၁၀ စေ့ခန့်ချပေးရန်လိုအပ်သည်။ မျိုးစေ့များ မြေတွင်းချပေးရမည့်အနက်မှာ ၁-၂- ၃-၄ လက်မခန့်ဖြစ်သည်။နို့ဆီဘူးအောက်ခြေတွင် ၃ လက်မ သံချောင်းဖြင့် အပေါက်တစ်ပေါက်ဖောက်ပြီး မျိုးစေ့ချကိရိယာအဖြစ်လည်းအသုံးပြုနိုင်သည်။ ထွန်ကြောင်းခံလက်ကြဲနည်းစနစ်ဖြင့်လည်း စိုက်ပျိုးနိုင်သည်။
နှမ်းစိုက်ပျိုးရာတွင် အထူးသဖြင့်မျိုးစေ့များမြေကြီးထဲနက်နက်ချထားပါက မတွန်းကန်နိုင်ဘဲ ရှိမည်ဖြစ်သဖြင့် ကြောင်းတိမ်တိမ်ဆွဲ၍ မြေကြီးနှင့်ခပ်ပါးပါးဖုံးပေးရန်လိုအပ်သည်။ အတန်းလိုက်စိုက်ပျိုးခြင်းအားဖြင့် ပေါင်းရှင်းရလွယ်ကူခြင်း၊ ပင်ကြားတန်းကြား ပေါင်းသင်မြေဆွ ကြားထွန်ဝင်ရလွယ်ကူခြင်း၊ လေဝင်လေထွက်ကောင်းမွန်စေခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရာတွင် လွယ်ကူခြင်း၊ အပင်ခွဲရာတွင်လွယ်ကူခြင်းစသည့် အကျိုးများရရှိစေ၍ အထွက်တိုးခြင်းကို အထောက်အကူပြုစေသည်။ ၁၅ ရက်သားတွင်တစ်ကြိမ် ၃၅ ရက်သားတွင် တစ်ကြိမ် လက်ပေါင်းလိုက်ပေးရန်လိုအပ်သည်။ပေါင်းမြက်ကင်းစင်လေ အထွက်ကောင်းလေဖြစ်သည်။ လက်ပေါင်းမရှင်းပါက အပင်ငယ်များကို ပေါင်းမြက်များက ဖုံးအုပ်သွားနိုင်သည်။ ၁၅ ရက်သားတွင် လက်ပေါင်းမလိုက်မီ အပင်ငယ်များကို လေးသွားထွန်ဖြင့်မှုန်းပေးပြီးမှ လက်ပေါင်းလိုက်ပေးရမည်။ အပင်ခွဲပြီး အပင်ခြေမြေဖို့ရန်နှင့် ပေါင်းမြက်များကိုဖုံးအုပ်သွားစေရန် ကြားထွန်လိုက်ပေးရမည်။ မြေအစိုဓာတ်အခြေအနေကိုကြည့်၍ ကြားထွန်ဖြင့်လည်းကောင်း၊ သံထွန်ဖြင့်လည်းကောင်း အနည်းဆုံး သုံးကြိမ်ခန့် ကြားထွန်လိုက်ပေးရမည်။
နှမ်းပင်ငယ်များသည် ပေါင်းမြက်ဒဏ်ကိုမခံနိုင်သဖြင့် ပေါင်းကင်းစေရန် အပင်ခြေအထိကပ်၍ ကြားထွန်လိုက်ပေးရန်လိုအပ်သည်။ နှမ်းကိုအပူပိုင်းဒေသများတွင်စိုက်ပျိုးသဖြင့် အစိုဓာတ်နည်းပါးသည်။ အစိုဓာတ်နှင့် အာဟာရကို ပေါင်းမြက်များကလုယူစားသုံးခြင်းမှကာကွယ်ရန်အတွက် အပင်ငယ်စဉ်ကပင် ကာကွယ်နှိမ်နင်းရန် အထူးလိုအပ်သည်။
နှမ်းအထွက်ကောင်းစေရန် မြေပြင်ချိန်တွင် နွားချေး၊ မြေဆွေးလှည်းအစီး ၅ - ၁၀ စီးခန့်ထည့် ပေးရန်လိုအပ်သည်။ မြေဆီလွှာကောင်း၊ သင့်၊ ညံ့အပေါ်မူတည်၍ စိုက်ပျိုးရာသီတစ်လျှောက် သင့်တင့်သောဓာတ်မြေဩဇာများကို အချိုးညီအချိန်ကိုက်ကျွေးသင့်သည်။ မြေဩဇာအသင့်အတင့် ကြွယ်ဝသောမြေအတွင်း (၂၆:၁၃:၇) (နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ ပိုတက်)ကီလိုဂရမ်/ဧကနှုန်း ထားသုံးသင့်သည်။
အပူပိုင်းနှင့် သမပိုင်းဒေသများတွင် ဖော့စဖိတ်သည် မြေကြီး၏ထိန်းချုပ်မှုကြောင့် အပင်အထွက်ကောင်းစွာမရရှိစေသဖြင့် ထည့်သွင်းနည်းမှန်ကျင့်သုံးရန်လိုသည်။ မြန်မာနိုင်ငံတွင် နှမ်းကို အထက်မြန်မာပြည် အပူပိုင်းဒေသများ၌ ပိုမိုစိုက်ပျိုးကြသဖြင့် နွားချေး၊ မြေဆွေးနှင့် ဓာတ်မြေဩဇာများကို မစိုက်မီ ၇-၁၀ ရက်ခန့် ကြိုတင်၍ထည့်ပေးရန်လိုသည်။မြေဩဇာများကို ကြိုတင်ထည့်ပေးခြင်းဖြင့် စိုက်ချိန်၌အချိန်ကုန်သက်သာပြီး အစိုဓာတ်မိစေနိုင်မည် ဖြစ်သည်။နှမ်းသီးနှံတွင် အထွက်နှုန်းကိုထိခိုက်စေနိုင်သည့်ပိုးမှာ ဖြုတ်စိမ်း၊ ဖြုတ်ညိုနှင့် ရွက်လိပ်ပိုးဖြစ်ပြီး ရောဂါမှာ နှမ်းဖိုရောဂါနှင့် နှမ်းရိုးမည်းရောဂါတို့ဖြစ်ကြသည်။
အပင်ငယ်စဉ်ကျရောက်မည့် စုပ်စားပိုးများအတွက် မျိုးစေ့လူးနယ်ဆေးက ကာကွယ်ပေးမည်ဖြစ်ပြီးသက်ရက် ၂၅ - ၃၀ ပွင့်ဖူးဝင်ချိန်(ကြက်ချေးစုချိန်)တွင် ဖြုတ်စိမ်း၊ ဖြုတ်ညိုပိုးများ ကာကွယ်နှိမ်နင်းရန်လိုအပ်သည်။ ဖြုတ်ညိုပိုးသည် အပင်ကိုအားနည်းစေရုံသာမက နှမ်းဖိုရောဂါကိုပါ ကျရောက်စေသဖြင့် ပွင့်ဖူးဝင်ချိန်တွင် ဖြုတ်ညိုပိုးကို မဖြစ်မနေအထူးကာကွယ်ရန်လိုအပ်သည်။
နှမ်းဖိုရောဂါကျရောက်ပါက အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန် ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ အစိမ်းရောင်ဖြစ်ခြင်းတို့ကိုတွေ့ရှိနိုင်သည်။
နှမ်းရိုးမည်းရောဂါသည် ရေဝပ်သောနှမ်းခင်းများတွင် ကျရောက်တတ်သည်။ နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင်အနာကွက်ငယ် စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်သျှူးသားများ ညိုမည်းလာပြီး အချို့မှာ အနာချိုင့်ဖြစ်လာသည်။ အခေါက်များလည်းဖွာလန်၍လာသည်။ ယင်းတစ်သျှူးသားပေါ်တွင် ခပ်မည်းမည်းအဖုလေးများဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် နှမ်းပင် ခြေရင်းတွင် လုံးဝမည်းနက်ပြီး အပင်အပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာညှိုးစပြုလာသည်။ နောက်ဆုံး တစ်ပင်လုံးမည်းခြောက်၍သေသွားသည်။ ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင်စုများတွေ့နိုင်သည်။
အထွက်နှုန်းလျော့နည်းရသည့် အဓိကအကြောင်းရင်းဖြစ်သည့် အောက်သီးများကွဲခြင်းမဖြစ်စေရန် မျိုးအလိုက်အသီးပီပြင်သည့် အဖျားသီးများခွဲကြည့်၍ အရောင်လိုက်ပါက ရိတ်သိမ်းရန် သို့မဟုတ် နှမ်းပင်အရွက်များဝါလာလျှင် ရိတ်သိမ်းရန်ဖြစ်သည်။ ရိတ်သိမ်းပြီးနောက် ထွာဆိုင်ခန့်စည်းပြီး ဖိုခုံလောက်ဆိုင် အစည်းများထောင်၍နေလှန်းပေးရမည်။ အသီးများပွင့်လာ၍ အစေ့များခြောက်သွေ့ပါက အစည်းကိုဇောက်ထိုးထားပြီး သန့်ရှင်းစင်ကြယ်သော စောင်ကြမ်းများပေါ်တွင်ရိုက်ခါ၍ အစေ့ခြွေခြင်းပြုလုပ်နိုင်သည်။ သန့်စင်ပြီးနှမ်းစေ့များအား အစိုဓာတ် ၉ ရာခိုင်နှုန်း ရှိအောင်လှန်းပြီး အလုံပိတ်ထားသောပုံးများ၊ သိုလှောင်အိတ်များ၊ ပုတ်များဖြင့်သိုလှောင်ရမည်ဖြစ်သည်။မြေ၊ မျိုး၊ စိုက်နည်းစနစ်၊ သွင်းအားစုပြုစုနိုင်မှုအပေါ်မူတည်၍ တစ်ဧကလျှင် တင်း ၃၂၀ အထိထွက်ရှိနိုင်သည်။ နှမ်းတစ်တင်းမှ နှမ်းဆီခြောက်ပိဿာထွက်ရှိသည်။ နှမ်းသီးနှံမှထုတ်လုပ်နိုင်သော တန်ဖိုးမြှင့်ထုတ်ကုန်များမှာ နှမ်းဆီ၊ နှမ်းယို၊ နှမ်းလှော်၊ နှမ်းဖတ်၊ နှမ်းလှော်ဆီမွှေး စသည်တို့ဖြစ်သည်။
နှမ်းကိုစားသုံးခြင်းဖြင့် ဆံသားကျန်းမာခြင်း၊ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်စေခြင်း၊ အရေပြားကျန်းမာခြင်း၊ သွားကျန်းမာခြင်း၊ အစာခြေလွယ်စေခြင်း၊ စွမ်းအင်ရရှိစေသော အရင်းအမြစ်ဖြစ်ခြင်း၊ သွေးဖိအားထိန်းပေးခြင်း၊ အရိုးကျန်းမာစေခြင်း၊ စိတ်ဖိစီးမှုနှင့်စိတ်ဓာတ်ကျခြင်းကိုသက်သာစေခြင်း၊ Unsaturated Fats ကြွယ်ဝခြင်းစသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်သည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့်လည်း ဖော်ပြပါနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးစိုက်ပျိုးလျက်ရှိရာ နှစ်စဉ်ဆက်တိုက် ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးပြည့်ဝပြီး ပန်းတိုင်အထွက်နှုန်းများရရှိသည်အထိ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
ဂန့်ဂေါမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် နှမ်းနီ ၂၅/၁၆၀၊ မကွေးဖြူ၊ စမုန်နက်၊ ဆင်းရတနာ -၅၊ ဆင်းရတနာ - ၃ စသည့်မျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ခုနှစ် နှမ်းစိုက်ဧက၅၅၅၂၆ စိုက်ပျိုးပြီး တစ်ဧကလျှင် ၆ ဒသမ ၉၁ တင်းနှုန်းဖြင့် ၃၈၃၆၇၄ တင်း ထွက်ရှိပြီးပန်းတိုင်ဧက ၅၀၀၀ တွင် ၂၀ ဒသမ ၂၀ တင်းနှုန်းဖြင့် ၁၀၁၀၀၀ တင်း ထွက်ရှိကာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ဧက ၅၅၇၀၉ စိုက်ပျိုးပြီး တစ်ဧကလျှင် ၉ ဒသမ ၄၈ တင်းနှုန်းဖြင့် ၅၂၈၀၀၀ တင်းထွက်ရှိပြီး ပန်းတိုင်ဧက ၅၅၀၀ တွင် ၂၀ ဒသမ ၄၅ တင်းနှုန်းဖြင့် ၁၁၂၅၀၀ တင်းထွက်ရှိသည်အထိ ဖြစ်ထွန်းအောင်မြင်ပြီး ဒေသတွင်းကြိတ်ခွဲ၍လည်းကောင်း၊ အခြားဒေသများသို့ တင်ပို့ရောင်းချ၍လည်းကောင်း ဆောင်ရွက်လျက်ရှိပြီး တောင်သူများဝင်ငွေတိုးပွား၍ ပြုံးပျော်ရွှင်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှ အဓိကထုတ်ကုန်တစ်မျိုးဖြစ်သောနှမ်းကို အရည်အသွေးပြည့်မီစွာစိုက်ပျိုးထုတ်လုပ်နိုင်ပြီး ကောင်းမွန်ခိုင်မာသော ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းမှ ကုန်သွယ်ရောင်းဝယ်ခြင်းအထိ ကဏ္ဍစုံမှနှီးနွှယ်ပတ်သက်သူများအားလုံးဖြင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဓာတုဓာတ်ကြွင်းကင်းစင်၍ အရည်အသွေးကောင်းမွန်သော သီးနှံထုတ်ကုန်များထွက်ရှိရေးအတွက် တောင်သူများ၊ ဒေသအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ကုန်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြုတိုက်တွန်းရင်း မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူဦးကြီးများအားလုံး စီးပွားရေးများတိုးတက်အောင်မြင်ပြီး ကိုယ်စိတ်နှလုံးရွှင်ပြုံးကြစေရန် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။ ။
Source: https://myawady.net.mm/stories