မွေးမြူသူတောင်သူများဝင်ငွေတိုးစေဖို့ မြန်မာတိုင်းရင်းနွားများကို မျိုးမြှင့်တင်ကြစို့

Posted_Date

Image

cow

Body

ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံဖြစ်သော  မြန်မာနိုင်ငံ၏ စီးပွားရေးသည်  စိုက်ပျိုးရေးနှင့်   မွေးမြူရေးထုတ်ကုန်များပေါ်တွင်  အဓိကအခြေခံလျက်ရှိသည်။  ၂၀၁၇ ခုနှစ်  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ဖော်ပြချက်များအရ မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုနည်းစနစ်များသည် လူမှုရေး၊ စီးပွားရေးတိုးတက်မှုကိုသာမက ထိုလူမှုအသိုင်းအဝိုင်းအတွက် စားနပ်ရိက္ခာဖူလုံမှုကိုပါ မြှင့်တင်ပေးနိုင်သည်ဟုဆိုသည်။ ကမ္ဘာ့လူဦးရေအနက် ခန့်မှန်းခြေလူဦးရေ တစ်ဘီလီယံခန့်သည် အသေးစားမွေးမြူရေးလုပ်ငန်းများအပေါ်တွင် မှီခိုနေရသည်။ မြန်မာနိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးနှင့်   ဝင်ငွေရရှိရန်အတွက် မွေးမြူထုတ်လုပ်မှုကို     တိုးမြှင့်ရန်လိုအပ်သည်။ ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းအရ နွားကောင်ရေစုစုပေါင်း ကိုးသန်းခန့်ရှိပြီး အမဲသားထုတ်လုပ်မှုမှာ မက်ထရစ်တန်  စုစုပေါင်း  တစ်သိန်းကျော်ရှိကြောင်း သိရှိရသည်။အမဲသားထုတ်လုပ်မှုကို ဒေသနွားမွေးမြူရေးမှ အဓိကထုတ်လုပ်လျက်ရှိသည်။ ထို့ကြောင့်  မြန်မာ့ဒေသနွားမွေးမြူရေးကို အသားစားနွားမျိုးများဖြင့် သားစပ်မျိုးမြှင့်တင်ပြီး မွေးမြူနိုင်ပါက အသားကဏ္ဍတိုးတက်လာမည်ဖြစ်သည်။ ထို့ပြင်တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အသားကဏ္ဍအစားအစာဖူလုံပြီး ရေရှည်တည်တံ့ခိုင်မြဲသော မွေးမြူရေးစနစ်ထွန်းကားလာကာ မိသားစုဝင်ငွေလည်း တိုးတက်လာမည်ဖြစ်သည်။ ထိုသို့မြန်မာ့တိုင်းရင်းနွားများကို မျိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက်သင့်လျော်သောနွားမျိုးများကို ရွေးချယ်ရန် လိုအပ်လာသည်။

မြန်မာ့ဒေသနွားအမျိုးအစားမှာ Asian Zebu (Bos  indicus)  နွားမျိုးများဖြစ်ကြပြီး ခိုင်းနွား အဖြစ် အများဆုံးမွေးမြူကြသည်။ မြန်မာနွားများသည် နေရာဒေသနှင့် အမွေးအရောင်ပေါ် မူတည်၍ အခေါ်အဝေါ်ကွဲပြားသွားကြခြင်းဖြစ်သည်။ မြန်မာ့နွားမျိုးများကို နွားနီအုပ်စု၊ နွားပြာအုပ်စု၊ နွားနက်အုပ်စုနှင့် နွားဖြူအုပ်စုဟူ၍ ခေါ်ဆိုကြကြောင်းကိုလည်း စာအုပ်အကိုးအကားများအရသိရှိရသည်။  ထို့ပြင်  နေရာဒေသပေါ်မူတည်ပြီး နွားနီအုပ်စုတွင်  နွားနီ၊ နွားရွှေနီ၊ နွားကျစ်နီ၊ နွားနီထိပ်ကွက်၊ နွားဝါနီဟူ၍လည်းကောင်း၊ နွားပြာအုပ်စုတွင် နွားပြာစိမ်း၊ နွားပြာခြောက်၊ နွားပြာဝါ၊ နွားပြာဖြူဟူ၍လည်းကောင်း၊ နွားနက်အုပ်စုတွင် နွားနက်၊ သံရောင်ချိပ်၊ နွားနက်ထိပ်ကွက်၊ နွားညိုသံရောင်ဟူ၍လည်းကောင်း၊ နွားဖြူအုပ်စုတွင် စာဥ၊ စံပယ်ဖြူ၊ စံပယ်၊ စာဥဝါ၊ စာဥဝါကျား၊ စာဥထိပ်ကွက်၊ စာဥပြာ၊ စာဥအုန်းခွံဟူ၍လည်းကောင်းဒေသအလိုက်ခေါ်ဝေါ်ကြသည်ကိုတွေ့ရသည်။ မြန်မာတိုင်းရင်းနွားမျိုးများစွာထဲမှ ရွှေနီနွားမျိုးနှင့် ပြာစိမ်းနွားမျိုးတို့ကို အဓိကမွေးမြူကြသည်။  ပြာစိမ်းနွားမျိုးများသည် အိန္ဒိယနွားမျိုးနှင့် တိုင်းရင်းနွားမျိုးများ သားစပ်ခြင်းဖြင့် ရရှိလာသည့် နွားမျိုးဖြစ်ပြီး ရွှေနီနွားမျိုးသည် တိုင်းရင်းနွားမျိုးစစ်စစ်ဖြစ်ကြောင်း  စာတမ်းများအရသိရှိရသည်။ မြန်မာ့တိုင်းရင်းနွားမျိုးများသည်   မြန်မာနိုင်ငံဒေသတော်တော်များများ၏ ကြမ်းတမ်းသောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသကဲ့သို့ ရောဂါပိုးမွှားဒဏ်ကိုလည်း   ခုခံနိုင်စွမ်း ရှိကြသည်။ မြန်မာနိုင်ငံတွင်  တိုင်းရင်းနွားများကို လယ်ယာများထွန်ယက်ရန်၊ ပစ္စည်းများသယ်ယူ ပို့ဆောင်ပေးရန်နှင့် အသားနှင့်နို့အတွက်သာမက နွားချေးများကိုလည်း  သဘာဝမြေသြဇာအဖြစ် အသုံးပြုရန်မွေးမြူကြသည်။

ထိုသို့  ဒေသနွားမျိုးများကို အလုပ်ကြမ်းခိုင်းရန်အတွက် အဓိကမွေးမြူကြသောကြောင့်  စားသုံးသူများအတွက် လိုအပ်သောအသားပမာဏနှင့် အရည်အသွေးကောင်းမွန်သော အသားကို လုံလောက်စွာထုတ်လုပ်ပေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် ထုတ်လုပ်မှုကောင်းမွန်ပြီး အသားအရည်အသွေးကောင်းမွန်သော နွားမျိုးများကို  ထုတ်လုပ်နိုင်ရန်အတွက် မျိုးမြှင့်တင်ပြီး မွေးမြူရန်လိုအပ်သည်။ မွေးမြူရေးသုတေသနဦးစီးဌာနအနေဖြင့်လည်း မြန်မာ့တိုင်းရင်းနွားမျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး  အသားစားနွားမျိုးများအဖြစ် မျိုးမြှင့်တင်ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိသည်။ ပထမဦးဆုံးအဆင့်အနေဖြင့် မြန်မာတိုင်းရင်းနွားများကို မျိုးမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကြီးထွားနှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်နွားများရွေးချယ်ခြင်းသုတေသနကို ဆောင်ရွက်ခဲ့သည်။  ထိုသုတေသနတွင် ရွှေနီနှင့် ပြာစိမ်းတို့၏ Phenotypic လက္ခဏာများကို လေ့လာပြီး ထုတ်လုပ်မှုကောင်းမွန်သော  နွားမျိုးကိုရွေးချယ်ရန်အတွက်ဖြစ်သည်။   ထို့ပြင် Phenotypic သွင်ပြင်လက္ခဏာများကို လေ့လာခြင်းသည်   ဒေသတွင်းသာမက  နိုင်ငံတကာအဆင့် မျိုးရိုးဗီဇဆိုင်ရာ  စီမံခန့်ခွဲမှုများအတွက်ပါ  မရှိမဖြစ်လိုအပ်သော   အခြေခံလေ့လာမှုတစ်ခုဖြစ်လာနေသည်ကို တွေ့ရသည်။ မျိုးရိုးဗီဇဆိုင်ရာ စီမံခန့်ခွဲမှုများကို  ကျွမ်းကျင်စွာလုပ်ကိုင်နိုင်မှသာ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

Phenotypic လက္ခဏာနှစ်မျိုးရှိပြီး အရည်အသွေးဆိုင်ရာလက္ခဏာများနှင့်  အရေအတွက်ဆိုင်ရာ လက္ခဏာများပင်ဖြစ်သည်။  အရည်အသွေးဆိုင်ရာ လက္ခဏာဆိုသည်မှာ   တိရစ္ဆာန်၏ပုံသဏ္ဌာန်၊ အရောင်နှင့်အသွင်အပြင် (ဥပမာ-အမွေးအရောင်၊ အမွေးအမျိုးအစား၊ ဦးချိုပုံသဏ္ဌာန်နှင့်  နားရွက်အရှည်) တို့ဖြစ်သည်။ အရေအတွက်ဆိုင်ရာ လက္ခဏာဆိုသည်မှာ အရည်အသွေးဆိုင်ရာ လက္ခဏာများထက် မွေးမြူထုတ်လုပ်ရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည့် တိရစ္ဆာန်၏ခန္ဓာကိုယ် သို့မဟုတ် ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အရွယ်အစားနှင့် အတိုင်းအတာများပင်ဖြစ်သည်။

သုတေသနပြုလုပ်ရာတွင် နေပြည်တော်ကောင်စီနယ်မြေမှ ပြာစိမ်းနွားမျိုးနှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှရွှေနီနွားမျိုးတို့၏ အရည်အသွေးဆိုင်ရာလက္ခဏာ၊အရေအတွက် ဆိုင်ရာလက္ခဏာများနှင့်ပတ်သက်၍ အချက်အလက်များကောက်ယူခဲ့သည်။ ဤသုတေသနကို ပြုလုပ်ခြင်းအားဖြင့် ပွင့်ဖြူမြို့နယ်ရှိ  ရွှေနီနွားမျိုးများသည် နေပြည်တော်ကောင်စီနယ်မြေရှိ ပြာစိမ်းနွားမျိုးများထက်ပိုကြီးပြီး ခန္ဓာကိုယ်အသားများသည်လည်း ပိုပြီးကျစ်လျစ်သန်မာကြောင်း လေ့လာသိရှိရသည်။

ထို့ကြောင့် မြန်မာတိုင်းရင်းနွားမျိုးများကို အသားစားနွားအဖြစ် မျိုးမြှင့်တင်ပြီး မွေးမြူမည်ဆိုလျှင်  ရွှေနီနွားမျိုးများကို အသုံးပြုသင့်ကြောင်း လေ့လာသိရှိခဲ့ရသည်။ ထို့ပြင် မြန်မာ့တိုင်းရင်းနွား မျိုးကောင်းမျိုးသန့်များရွေးချယ်ပြီး အသားစားနွားမျိုးများအဖြစ် မျိုးမြှင့်တင်ထုတ်လုပ်နိုင်ရန် ပြင်ပသွင်ပြင်လက္ခဏာများကို လေ့လာခြင်းအပြင် မြန်မာ့တိုင်းရင်းနွားများ၏ ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သော မျိုးရိုးဗီဇလက္ခဏာများကိုလည်း လေ့လာရန်လိုအပ်သည်။

ခန္ဓာကိုယ်ကြီးထွားမှုနှင့်  သက်ဆိုင်သော  မျိုးရိုးဗီဇလက္ခဏာများကို သိရှိနိုင်ရန်အတွက် ခန္ဓာကိုယ်ကြီးထွားမှုနှင့်သက်ဆိုင်သောမျိုးဗီဇပါဝင်မှုရှိ/မရှိကိုလည်း  မွေးမြူရေးသုတေသနဦးစီးဌာနတွင် ရှာဖွေဖော်ထုတ်ခြင်းကို သုတေသနပြုလုပ်ခဲ့သည်။ ထိုသို့သုတေသနပြုလုပ်ရာတွင်မြန်မာ့တိုင်းရင်းနွားမျိုးများတွင် ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သောမျိုးဗီဇပါဝင်မှုရှိသည်ကိုတွေ့ရှိခဲ့ရသည်။

ထို့ပြင်  မြန်မာတိုင်းရင်းနွားမျိုးများသည်ရာသီဥတုကြမ်းတမ်းမှုဒဏ်ကို ခံနိုင်သလိုအစားအစာကြမ်းတမ်းမှုဒဏ်ကိုလည်း   ခံနိုင်ရည်ရှိကြသည်။ မြန်မာတိုင်းရင်းနွားများသည်  လူတို့မစားသော စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုးနှင့် မြက်များကိုစားသုံးပြီး ရှင်သန်ကြီးထွားနိုင်ကြသည်။ ဖြည့်စွက်စာအဖြစ် ရာသီအလိုက်ပေါ်သော ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မြေပဲဖတ်နှင့် ပြောင်းရိုးတို့ကိုကျွေးကြသည်။  အစာရှားပါးသောဒေသများတွင်  ထန်းသီးများကျွေးကြသလို ကောက်ရိုးချဉ်ဖတ်၊ မြက်ချဉ်ဖတ်နှင့် နှံစားပြောင်းချဉ်ဖတ်တို့ကိုကျွေး၍မွေးမြူကြသည်။    မြန်မာတိုင်းရင်းနွားများကို သေချာပြုစုစောင့်ရှောက်ပေးမည်ဆိုလျှင် တစ်နှစ်တစ်သားမွေးမြူနိုင်သောကြောင့် စီးပွားရေးအရ ပိုမိုဝင်ငွေရရှိနိုင်သည်။ မြန်မာတိုင်းရင်းနွားများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ခွာနာလျှာနာရောဂါကာကွယ်ဆေး၊ ထောင့်သန်းရောဂါကာကွယ်ဆေးနှင့် ပေါင်ပုပ်လက်ပုပ်ရောဂါကာကွယ်ဆေးများကိုလည်း ပုံမှန်ထိုးနှံပေးသင့်သည်။ မြန်မာတိုင်းရင်းနွားမျိုးများကို မျိုးမြှင့်တင်သားစပ်မည်ဆိုလျှင် နိုင်ငံခြားနွားမျိုးများဖြစ်သည့် ဘရာမန်(Brahman)နှင့်  အင်ဒိုဘရာဇီး (Indobrazil)  နွားမျိုးများကို အသုံးပြုနိုင်သည်။

နိဂုံးချုပ်အနေဖြင့် မြန်မာ့တိုင်းရင်းနွားများတွင် ခန္ဓာကိုယ်ကြီးထွားမှုနှင့် သက်ဆိုင်သော  မျိုးဗီဇများပါဝင်ပါကြောင်းနှင့် မြန်မာတိုင်းရင်းနွားမျိုးများကို အသားစားနွားများအဖြစ် မျိုးမြှင့်တင်ပြီးမွေးမြူမည်ဆိုလျှင် ရွှေနီနွားမျိုးများသည်  ခန္ဓာကိုယ်ကျစ်လျစ်ပြီး အသားများသောကြောင့်  အသားစားနွားအဖြစ်ထုတ်လုပ်ရန်  ပိုမိုသင့်လျော်ကာမွေးမြူသူတောင်သူများအတွက်လည်း ဝင်ငွေများပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။    ။

Source: https://myawady.net.mm/stories