ဒီမိုကရေစီမှ နန်းစဉ်နိုင်ငံရေးသို့ အင်ဒိုနီးရှားအစိုးရအသစ်နှင့် ရှေ့အလားအလာ (အပိုင်း - ၁)
Posted_Date
Image
Body
နိဒါန်း
အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် အကြီးဆုံးနှင့် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့၏ စပ်ကြားနယ်မြေတွင် တည်ရှိသောကြောင့် အင်ဒို - ပစိဖိတ် ဒေသတွင် မဟာဗျူဟာအရ အချက်အချာကျသောနိုင်ငံလည်းဖြစ်သည်။ ပထဝီအနေအထားအရ ကျွန်းပေါင်း ၁၇၀၀၀ ဖြင့် ဖွဲ့စည်းထားသော ကျွန်းစုနိုင်ငံဖြစ်ပြီး ဘာသာစကားမျိုးကွဲပေါင်း ၇၁၉ မျိုး ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် တစ်စုတစ်စည်းတည်း နိုင်ငံတစ်ခု အဖြစ်တည်ရှိရန် မည်မျှခက်ခဲမည်ကို မှန်းဆကြည့်နိုင်ပေသည်။ ဘာသာရေးအရလည်း အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ကွန်ဖျူးရှပ်စ် စသည်ဖြင့် ယုံကြည်ကိုးကွယ်မှု မျိုးစုံလှသည်။
ထိုသို့ ကွဲပြားမှုများစွာရှိသည့်အကြားမှပင် စုစည်းညီညွတ်မှုရရှိနိုင်ရန် နိုင်ငံကို ၁၉၄၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ခေါင်းဆောင်များက အဓိကချမှတ်ဖော်ဆောင်ခဲ့သည့် လုပ်ငန်းကြီးသုံးရပ်ကို ယနေ့ထက်တိုင် လေးလေးစားစား ထိန်းသိမ်းထားကြသည်မှာ အံ့ဩဖွယ်ဟုပင် ဆိုနိုင်သည်။ ယင်း လုပ်ငန်းကြီးသုံးရပ်မှာ နိုင်ငံ၏ ၁၉၄၅ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးလုံးလျားလျား ပယ်ဖျက် ပစ်ခြင်းမရှိဘဲ ပြင်ဆင်ချက်များ ပြုလုပ်၍သာ ယနေ့ထက်တိုင် အသုံးပြုလျက်ရှိခြင်း၊ အင်ဒိုနီးရှား နိုင်ငံအား လူမျိုး၊ ဘာသာ၊ စကား၊ ပထဝီအနေအထား ကွဲပြားမှုများစွာ ရှိသည့်တိုင်အောင် တစ်ပြည်ထောင်နိုင်ငံ (Unitary State) အဖြစ်သာ ထူထောင်ဖွဲ့စည်းထားခြင်းနှင့် သုံးစွဲသောဘာသာ စကားကိုလည်း “ဘဟာဆာ အင်ဒိုနီးရှား” ဟု ခေါ်သော ရုံးသုံးဘာသာစကား တစ်မျိုးတည်းကိုသာ မသုံးစွဲမနေရ ပြဋ္ဌာန်းထားရှိပြီး လူတိုင်းတတ်မြောက်အောင် သင်ကြားထားစေခဲ့သဖြင့် နိုင်ငံသားချင်း ဆက်သွယ်ရာ၌ အခက်အခဲမရှိအောင် စီမံထားခြင်းတို့ ဖြစ်လေသည်။
ထပ်မံ၍ စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ အင်ဒိုနီးရှားနိုင်ငံဖြစ်တည်လာသည့် ၁၉၄၅ ခုနှစ်မှ ယနေ့ကာလတိုင်အောင် နှစ်ပေါင်း ၈၀ နီးပါးရှိပြီဖြစ်သည့်တိုင်အောင် နိုင်ငံခေါင်းဆောင် သမ္မတ ရာထူး တာဝန်ထမ်းဆောင်သူများမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် သမ္မတ ပရာဘိုဝို ဆူဗျန်တိုအပါအဝင်မှ ၈ ဦးမျှသာ ရှိနေသေးခြင်းဖြစ်၏။
အထက်ပါအချက်များမှာ အင်ဒိုနီးရှားနိုင်ငံရေးခေါင်းဆောင်အဆက်ဆက်၏ နိုင်ငံအုပ်ချုပ်မှု အတတ် ပညာ (Statecraft) နှင့် နိုင်ငံအုပ်ချုပ်ရေးဆိုင်ရာ ဒဿနအမြင်များကို ထင်ဟပ်လျက်ရှိပြီး နိုင်ငံရေးသိပ္ပံအမြင်ရှုထောင့်မှ လေ့လာဖို့ကောင်းလှသောအချက်များပင် ဖြစ်ပေသည်။
အင်ဒိုနီးရှားနိုင်ငံရေးနောက်ခံ
၁၉၄၅ ခုနှစ်တွင် ဒတ်ချ်ကိုလိုနီဘဝမှ ဂျပန်အကူအညီဖြင့် တစ်ဖက်သတ် လွတ်လပ်ရေး ကြေညာကာ နိုင်ငံအဖြစ် စတင်ထူထောင်ခဲ့ချိန်မှစ၍ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံရေးစနစ်နှင့် လမ်းစဉ်မူဝါဒ အပြောင်းအလဲအမျိုးမျိုးအကြားမှ ဖြတ်သန်းလာခဲ့ရသည်။ ထိုသို့ ခေတ်အဆက်ဆက် နိုင်ငံရေး အပြောင်းအလဲများကို ကောင်းစွာသဘောပေါက်နားလည်နိုင်ရန်မှာ အင်ဒိုနီးရှားနိုင်ငံရေးတွင် ခေတ်အလိုက် အရေးပါသောနိုင်ငံရေးအင်အားစုများကို သိရှိထားရန် လိုအပ်ပေလိမ့်မည်။
နိုင်ငံဖြစ်တည်စ ကနဦးကာလတွင် အဓိကအင်အားအကြီးဆုံးအုပ်စုမှာ အင်ဒိုနီးရှားနိုင်ငံ၏ ပထမဆုံး သမ္မတနှင့် ဒုတိယသမ္မတဖြစ်လာကြမည့် ဆူကာနိုနှင့် ဟာတာတို့ဦးဆောင်သော အမျိုးသားရေး အင်အားစုဖြစ်သည်။ အမျိုးသားရေးအုပ်စုအပြင် အခြားအင်အားကြီးအုပ်စုမှာ ၁၉၄၂ ခုနှစ်မှစ၍ ဝင်ရောက်လာသည့် ဂျပန်တို့အကူအညီဖြင့် အမိမြေကာကွယ်ရေးတပ်မတော်အဖြစ် ထူထောင်ခဲ့သည့် အင်ဒိုနီးရှားတပ်မတော်ဖြစ်သည်။ ယင်းတပ်မတော်သည် ၁၉၄၅ ခုနှစ် ဂျပန်တို့ စစ်ရှုံး ဆုတ်ခွာချိန်တွင် ဝင်ရောက်လွှမ်းမိုးရန် ကြိုးစားခဲ့သည့် ဗြိတိသျှနှင့်ဒတ်ချ်တို့ကို တော်လှန်ခဲ့သည့် တပ်ဖွဲ့ဖြစ်ပြီး နောင်တွင် ဆူကာနိုကို ဆက်ခံသည့် သမ္မတဖြစ်လာမည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုမှာ ဂျပန်စစ်ကျောင်းဆင်း အရာရှိတစ်ဦးဖြစ်သည်။
ထိုအင်အားစုနှစ်ခုအပြင် အင်ဒိုနီးရှား၌ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော် ကိုးကွယ်ကြသည့် အစ္စလာမ် ဘာသာရေးအင်အားစုကြီးကလည်း နိုင်ငံရေးတွင် အရေးပါသောအုပ်စုတစ်ခုဖြစ်သည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အပြီး၌ အင်အားတောင့်တင်းလာသည့် လက်ဝဲကွန်မြူနစ်အုပ်စုကလည်း ရှိနေပြန်သည်။
အထက်ပါ နိုင်ငံရေးအင်အားစုအားလုံး ကျေနပ်လက်ခံနိုင်သည့် နိုင်ငံရေးစနစ်မျိုးကို ရှာဖွေထုတ်ဖော် ချမှတ်နိုင်ရန်မှာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ထို့ကြောင့် ဆူကာနိုက အင်ဒိုနီးရှားနိုင်ငံ စတင် ထူထောင်ချိန်တွင် “နိုင်ငံရေးပဉ္စသီလ” (Pantjasila) ဟု ထင်ရှားသော မူငါးချက်ကို ကြေညာခဲ့သည်။ ယင်းပဉ္စသီလငါးချက်မှာ တစ်ဆူတည်းသော ဘုရားသခင်ကို ယုံကြည်ခြင်း၊ တရားမျှတ၍ ယဉ်ကျေး သောလူ့အဖွဲ့အစည်း၊ အင်ဒိုနီးရှား အမျိုးသားစည်းလုံးညီညွတ်မှု၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဒီမိုကရေစီ တည်ဆောက်ခြင်းနှင့် နိုင်ငံသားအားလုံး လူမှုရေးအရ သာတူညီမျှမှုတို့ ဖြစ်သည်။
နိုင်ငံရေးအရ ကိုယ်ပိုင်ရပ်တည်မှုစတင်ခဲ့သည့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် အင်ဒိုနီးရှားနိုင်ငံသည် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ထိုကာလမှာ ကမ္ဘာပေါ်၌ အရှေ့အုပ်စုနှင့် အနောက် အုပ်စုအကြား စစ်အေးတိုက်ပွဲ ပြင်းထန်နေခိုက်ဖြစ်၍ အင်ဒိုနီးရှားတွင်လည်း စစ်အေးတိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုကို ခံခဲ့ရပြီး တည်ငြိမ်မှုကင်းမဲ့နေခဲ့သည်။ လက်နက်ကိုင်ဆူပူသောင်းကျန်းမှုများလည်း ပေါ်ပေါက်နေခဲ့ပြီး မြေပေါ်နိုင်ငံရေးပါတီများအကြား၌လည်း စိတ်ဝမ်းကွဲပြားမှုများနှင့် မညီမညွတ်ဖြစ်နေ ခဲ့ရာ မကြာခဏ အစိုးရအဖွဲ့အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ၁၉၅၉ ခုနှစ်တွင် သမ္မတ ဆူကာနိုက လမ်းညွှန်ဒီမိုကရေစီ(Guided Democracy)ပုံစံကို ပြန်လည်ကျင့်သုံးခဲ့လေသည်။ လမ်းညွှန် ဒီမိုကရေစီကြောင့် သမ္မတထံတွင် အာဏာပိုမိုရရှိလာသကဲ့သို့ ဆူပူ သောင်းကျန်းမှုများကို နှိမ်နင်းရသဖြင့် စစ်ဘောင်ကျယ်လာကာ အင်ဒိုနီးရှားတပ်မတော်၏ အခန်းကဏ္ဍမှာလည်း ပို၍အရေးပါလာခဲ့သည်။
တန်ခိုးဩဇာကြီးမားလာသော တပ်မတော်၏ အခန်းကဏ္ဍကို ထိန်းညှိနိုင်ရန် သမ္မတဆူကာနိုသည် ထိုစဉ်က မြေပေါ်၌ တရားဝင်တည်ရှိသော အင်ဒိုနီးရှားကွန်မြူနစ်ပါတီ (PKI) ဘက်သို့ အားပြုလာခဲ့သည်။ (ဆူကာနို၏ နိုင်ငံရေးအမြင်အရ Nasakom ခေါ် မဏ္ဍိုင်ကြီးသုံးရပ်ရှိရာ- အမျိုးသားရေး၊ ဘာသာတရားနှင့် ကွန်မြူနစ်ဝါဒ- တို့ဖြစ်သည်။) ဆူကာနို၏ လက်ဝဲယိမ်းလာမှုက အနောက်အုပ်စုခေါင်းဆောင် အမေရိကန် ကို စိုးရိမ်မှုဖြစ်လာစေခဲ့သည်။ အင်ဒိုနီးရှားတပ်မတော်နှင့် အနောက်အုပ်စုတို့ ပိုမိုနီးကပ်သွားခဲ့သည်။
၁၉၆၅ ခုနှစ်တွင် တပ်မတော်အတွင်းရှိ လက်ဝဲလိုလားသူ အရာရှိတစ်စုက အင်ဒိုနီးရှားတပ်မတော်မှ ထိပ်တန်းအရာရှိကြီး ခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်လုပ်ကြံခဲ့ပြီး အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည်။ ယင်းကြိုးပမ်းမှုကို မဟာဗျူဟာအထူးတပ်ဖွဲ့ တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်ကြီး ဆူဟာတိုက နှိမ်နင်းခဲ့ပြီး ဆူဟာတို၏ဩဇာကြီးမားလာခဲ့သည်။ ၁၉၆၅-၆၆ ခုနှစ်များအတွင်း ယင်းအာဏာသိမ်းရန် ကြိုးပမ်းမှုကို အကြောင်းပြု၍ အင်ဒိုနီးရှားကွန်မြူနစ်ပါတီဝင်များနှင့် ပါတီထောက်ခံသူများကို အင်ဒိုနီးရှား တပ်မတော်က ဦးဆောင်၍ နှိမ်နင်းချေမှုန်းခဲ့ရာ လူပေါင်းလေးသိန်းမှ တစ်သန်းအကြား သေဆုံးခဲ့သည်ဟု ဆိုသည်။ ထိုမှနောက်ပိုင်းတွင် အင်ဒိုနီးရှားကွန်မြူနစ်ပါတီမှာ နိုင်ငံရေးမြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့သည်။ သမ္မတ ဆူကာနိုမှာလည်း ၁၉၆၆ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုထံ နိုင်ငံတော်အာဏာကို သမ္မတအမိန့်ဒီကရီဖြင့် လွှဲပြောင်းပေးခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုသည် တရားဝင် သမ္မတအဖြစ် ခံယူခဲ့သည်။
ဆူဟာတိုခေတ်နိုင်ငံရေး
ဤတွင် သမ္မတဆူကာနို၏ ခေတ်စနစ်ဟောင်း “Old Order” (ပုံစံဟောင်း) ပြီးဆုံးသွားခဲ့ပြီး သမ္မတ ဆူဟာတို၏ ခေတ်သစ်စနစ်သစ် ပုံစံသစ်“New Order” စတင်ခဲ့လေသည်။ ဆူဟာတို၏ ပုံစံသစ်တွင် အင်ဒိုနီးရှားတပ်မတော်သည် ကာကွယ်ရေးသာမက နိုင်ငံရေးတာဝန်ကိုပါ ဝင်ရောက်ထမ်းဆောင်သည့် (Dwi-Fungsi) လုပ်ငန်းနှစ်ရပ်မူဝါဒကို ကျင့်သုံးခဲ့သည်။ နိုင်ငံရေးတွင် လူထုလူတန်းစားပေါင်းစုံပါဝင်သည့် ဂိုလ်ကာ(Golkar)ခေါ် တပ်ပေါင်းစုကို ဖန်တီးခဲ့သည်။ ပါတီစုံစနစ်ဟူသောအသွင်ကို ရယူရန်အတွက် လူနည်းစု ခရစ်ယာန်၊ ဟိန္ဒူနှင့် လူငယ်များ ပါဝင်သည့် PDI ခေါ် နိုင်ငံရေးပါတီတစ်ရပ်ကိုလည်း ထူထောင်ပေးခဲ့သည်။ ဆူဟာတိုခေတ် လွှတ်တော်တွင် အတိုက်အခံပါတီဟူ၍မရှိ။ တပ်မတော် (ABRI) ကိုယ်စားလှယ်များက ကိုယ်စားလှယ် ၅၀၀ ရှိသော အောက်လွှတ်တော်တွင် ၇၅ နေရာကို ရယူထားသည်။ အစိုးရအဖွဲ့အတွင်း၌လည်း ဗဟိုမှစ၍ ရပ်ကွက်/ ကျေးရွာ အဆင့်အထိ တပ်မတော်သားများ ပါဝင်နေခဲ့သည်။ ဤသို့ဖြင့် သမ္မတဆူဟာတို၏ လက်ထက်တွင် နိုင်ငံရေးတည်ငြိမ်အောင် ထိန်းထား နိုင်ခဲ့သည်။
ကာကွယ်ရေးနှင့်လုံခြုံရေးအပိုင်းတွင် အနောက်အုပ်စုအကူအညီဖြင့် သောင်းကျန်းမှုနှိမ်နင်းရေးကို ထိရောက်ပြင်းထန်စွာ အင်အားသုံးလုပ်ဆောင်ခဲ့သည်။ စီးပွားရေးအပိုင်းတွင်လည်း အမေရိကန် ဘာကလေတက္ကသိုလ်ဘွဲ့ရ စီးပွားရေးပညာရှင်များ (ဘာကလေအုပ်စု)ကို တာဝန်ပေး၍ ဈေးကွက် စီးပွားရေးစနစ်ကို အထိန်းအကွပ်ဖြင့် အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့သည်။ ဆူဟာတိုလက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံသည် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ခဲ့ပြီး၊ စီးပွားရေးကောင်းမွန်လာခဲ့သည်။ (စီးပွားရေး ကောင်းမွန်လာမှုနှင့်အတူ အကျင့်ပျက်ခြစားမှုကလည်း ကျယ်ပြန့်လာခဲ့လေသည်။)
သို့ရာတွင် ၁၉၉၀ ပြည့်လွန်နှစ်များ၌ စစ်အေးတိုက်ပွဲပြီးဆုံးသွားခဲ့ပြီးနောက် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုစံနှုန်းတန်ဖိုးများ ထိုးဖောက်စိမ့်ဝင်ပျံ့နှံ့လာခြင်း၊ ၁၉၉၇ ခုနှစ် တွင် ရာသီဥတုဖောက်ပြန်မှုနှင့် အရှေ့တောင်အာရှစီးပွားပျက်ကပ်တို့ကို တစ်ဆက်တည်း ခံစားခဲ့ရမှုကြောင့် အင်ဒိုနီးရှားနိုင်ငံ အနှံ့အပြား၌ စီးပွားရေးအကျပ်အတည်းပြင်းထန်စွာ ခံစားခဲ့ရခြင်းတို့ ပေါင်းစပ်ကာ နိုင်ငံရေးမတည်ငြိမ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် သမ္မတ ဆူဟာတို အာဏာ လက်လွှတ်လိုက်ရစေသည်။ Reformasi (ရီဖော်မာစီ) ခေါ် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တော့သည်။
ရီဖော်မာစီ ပြုပြင်ပြောင်းလဲရေး
နှစ်ပေါင်း ၃၀ ကျော် အာဏာရယူထားသည့် သမ္မတဆူဟာတို ခေတ်ကုန်ဆုံးသွားပြီးနောက် တည်ငြိမ် နေခဲ့သည့် အင်ဒိုနီးရှားနိုင်ငံရေးကို ပုံစံသစ်တစ်ခုအဖြစ် ဒီမိုကရေစီသို့ ဦးတည်ပြုပြင်ပြောင်းလဲရာတွင် အောင်မြင်မှုများရှိခဲ့သလို မတည်ငြိမ်မှုများလည်း ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့လေသည်။ ထူးခြားသော အောင်မြင်မှုမှာ အင်ဒိုနီးရှားတပ်မတော် (ယခုအခါ TNI အဖြစ် ပြောင်းလဲဖွဲ့စည်းထား) သည် နိုင်ငံရေး ကဏ္ဍမှ အေးချမ်းစွာစွန့်လွှတ် ဆုတ်ခွာပေးခဲ့ခြင်းဖြစ်သည်။ အပြန်အလှန်အဖြစ် အင်ဒိုနီးရှားနိုင်ငံရေး ခေါင်းဆောင်များကလည်း အင်ဒိုနီးရှားတပ်မတော်ကို အစစအရာရာ လိုလေသေးမရှိအောင် ပံ့ပိုး ထောက်ပံ့ပေးခဲ့သည်။
မတည်ငြိမ်မှုများမှာမူ နိုင်ငံရေးအင်အားစုပါတီများအကြား အားပြိုင်မှုပြင်းထန်လာခဲ့ခြင်းကြောင့် ဖြစ်၏။ အဓိကအားဖြင့် အမျိုးသားရေးအင်အားစု၊ အစ္စလမ္မစ်ဘာသာရေးအုပ်စုနှင့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးအုပ်စုတို့အကြား အားပြိုင်မှုဖြစ်သည်။
ဂိုလ်ကာပါတီဦးဆောင်သော အမျိုးသားရေးအုပ်စုသည် လူထုအုံကြွမှုကြောင့် အာဏာစွန့်လွှတ် လိုက်ရလင့်ကစား နိုင်ငံအုပ်ချုပ်ရေးအတွေ့အကြုံနှင့် နိုင်ငံအနှံ့ ဖြန့်ကြက်တည်ဆောက်ထားသော ပါတီ၏အင်အားတို့ကြောင့် အားကြီးနေဆဲဖြစ်၏။ သမ္မတဆူဟာတိုက ဂိုလ်ကာကိုအားပြု၍ နိုင်ငံရေးအာဏာကို အဆင်ပြေချောမွေ့စွာ လွှဲပြောင်းနိုင်ရေးအတွက် သူ၏ ဒုတိယသမ္မတဖြစ်သူ ဟာဘီဘီကို ကြားဖြတ်သမ္မတအဖြစ် လက်လွှဲပေးခဲ့သော်လည်း နိုင်ငံရေးလှိုင်းတံပိုးက ပြင်းထန် လှသောကြောင့် ဟာဘီဘီသည် တစ်နှစ်အတွင်းမှာပင် ရာထူးမှ ဆင်းပေးခဲ့ရပြီး ၁၉၉၉ ခုနှစ်တွင် ဘာသာရေးအုပ်စုမှ အဗ္ဗဒူရာမန်ဝါဟစ် (ခေါ်) ဂူစ်ဒူးတက်လာခဲ့သည်။ အသက်အရွယ်ကြီးရင့်ပြီး မျက်စိမမြင်သော ဝါဟစ်သည်လည်း နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိသဖြင့် ၂၀၀၁ ခုနှစ်တွင် သမ္မတဟောင်း ဆူကာနို၏ သမီး PDI–P ခေါင်းဆောင် မီဂါဝတီ ဆူကာနိုပူထရီကို လွှဲပြောင်းပေးလိုက်ရပြန်သည်။ မီဂါဝတီ၏ PDI-P မှာ လူထုအုံကြွဆူပူမှုတွင် တက်ကြွစွာပါဝင်ခဲ့ပြီး မီဂါဝတီကိုယ်တိုင်မှာလည်း နိုင်ငံဖခင်ကြီး၏ သမီးဖြစ်၍ အများက အထင်ကြီးမျှော်လင့်ခဲ့ကြသော်လည်း မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။ မီဂါဝတီ၏ လက်ထက်တွင် ဆူမတြားမြောက်ဘက် အာချေးဒေသမှ ခွဲထွက်ရေး လက်နက်ကိုင်သောင်းကျန်းမှုမှာ အရှိန်ပြင်းထန်လာခဲ့သည်။ အစ္စလမ္မစ်အစွန်းရောက် အကြမ်းဖက် အုပ်စုများက လူ ၂၀၀ ကျော် သေဆုံးသော ဘာလီညကလပ်ဗုံးခွဲမှုအပါအဝင် အကြမ်းဖက်မှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသည်။ စီးပွားရေးမှာလည်း ကျဆင်းနေခဲ့သည့်အပြင် မီဂါဝတီအစိုးရမှာလည်း အကျင့်ပျက်ခြစားမှုများနှင့် နာမည်ပျက်နေသည့်အတွက် ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သူ၏ အစိုးရအဖွဲ့အတွင်းမှ လုံခြုံရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ဆူစီလို ဘန်ဘန်း ယူဒိုယိုနိုကို ရှုံးနိမ့် သွားခဲ့ရသည်။
SBY ဟု အတိုကောက်ခေါ်ဝေါ်ကြသည့် သမ္မတယူဒိုယိုနိုသည် အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် ပထမဆုံး လွတ်လပ်စွာယှဉ်ပြိုင်သည့် သမ္မတရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံရသည့်သမ္မတဖြစ်သည်။ SBY အနေဖြင့် အာချေးဒေသတွင် ၂၀၀၄ ခုနှစ်၌ ဖြစ်ပွားခဲ့သည့် ဆူနာမီရေဘေးကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သကဲ့သို့ အာချေးငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း အောင်မြင်စွာ အဆုံးသတ်ပေး နိုင်ခဲ့သည်။ နိုင်ငံစီးပွားရေးကိုလည်း အောင်မြင်စွာပြန်လည်ဆွဲတင်ပေးနိုင်ခဲ့ပြီး နိုင်ငံရေးတည်ငြိမ်မှု ကိုလည်း ထိန်းသိမ်းပေးနိုင်ခဲ့သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးခဲ့သည်။ SBY သည် အင်ဒိုနီးရှားဒီမိုကရေစီခေတ်ဦးတွင် သမ္မတ သက်တမ်း ၅ နှစ် နှစ်ဆက်၊ ၁၀ နှစ်ကြာ အောင် တာဝန်ထမ်းဆောင်ခဲ့ရသော ရွေးကောက်ခံ သမ္မတဖြစ်ခဲ့သည်။
သမ္မတ ဂျိုကိုဝီ
SBY ၏ သမ္မတ ၁၀ နှစ်သက်တမ်းတွင် နိုင်ငံရေးဇာတ်ဆောင်အသစ်များ စတင်ပေါ်ထွက် လာခဲ့သည်။ SBY ၏အောင်မြင်မှုကို အားကျ၍ အဆင့်မြင့်အရာရှိဟောင်းများ ဖြစ်ကြသည့် ပရာဘိုဝို ဆူဗျန်တို၊ ဗိုလ်ချုပ်ကြီး ဟာတိုနိုစသူတို့သည် ကိုယ်ပိုင်နိုင်ငံရေးပါတီများထောင်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက် လာခဲ့ကြသည်။ အလားတူပင် အရပ်သားများထဲမှ ထင်ပေါ်လာသူမှာ ဂျိုကိုဝီဒိုဒို (ဂျိုကိုဝီ) ဖြစ်သည်။ မူလက အောင်မြင်သည့် ပရိဘောဂလုပ်ငန်းပိုင်ရှင်အဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူ ဂျိုကိုဝီသည် ၂၀၀၅ ခုနှစ်တွင် မွေးဇာတိဖြစ်သည့် ဂျာဗားကျွန်းရှိ ဆူရာဘာတာမြို့ကလေး၏ မြို့တော်ဝန်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပြီး နိုင်ငံရေးနယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။ ဂျိုကိုဝီအနေဖြင့် နာမည်ကြီးအဆင့်မြင့် စစ်ဘက်အရာရှိဟောင်းကြီးများကဲ့သို့ နိုင်ငံရေးအသိုက်အဝန်း ကျောထောက် နောက်ခံ များစွာမရှိသည့်အတွက် မီဂါဝတီ၏ PDI-P ပါတီလက်မှတ်ဖြင့် ဝင်ရောက်အရွေးခံခဲ့ခြင်း ဖြစ်သည်။ ဂျိုကိုဝီ၏ ရိုးဖြောင့်၍ ချိုသာစွာပြောဆိုတတ်မှု၊ အောက်ခြေလူတန်းစားများနှင့် လက်ပွန်းတတီး ရင်းနှီးစွာရောနှောဆက်ဆံပြီး အများပြည်သူတို့၏ လိုအပ်ချက်များကို အလေးထား ဖြည့်ဆည်းတတ်မှုကြောင့် မြို့နေလူထုက ဂျိုကိုဝီကို များစွာသဘောကျထောက်ခံခဲ့ကြပြီး ဒုတိယအကြိမ် မြို့တော်ဝန်ရွေးကောက်ပွဲ၌ အပြတ်အသတ် အနိုင်ရခဲ့ပြန်သည်။ ထို့အပြင် မီဒီယာခေတ်ဖြစ်၍ ဂျိုကိုဝီ၏ ဂုဏ်သတင်းမှာ ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံအတွင်း/အပြင်တို့၌ လူသိများလာသည်။ ကမ္ဘာ့အထူးချွန်ဆုံး မြို့တော်ဝန်စာရင်း၌ တတိယနေရာ ရရှိခဲ့သည်။ PDI-P ပါတီကလည်း ဂျိုကိုဝီကို ထင်ပေါ်၍ စင်တော်ကောက်ခဲ့လေရာ ၂၀၁၂ ခုနှစ် ဂျာကာတာ မြို့တော်ဝန် ရွေးကောက်ပွဲ၌ ပါတီ၏ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ဇာတာစန်းလဂ် တက်လာသည့် ဂျိုကိုဝီသည် ဂျာကာတာမြို့တော် ဝန်ရွေးကောက်ပွဲ၌လည်း အနိုင်ရခဲ့ပြန်ရာ အထွတ် အထိပ်သို့ ရောက်ရှိရန် လမ်းပွင့်သွားခဲ့လေတော့သည်။
၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် SBY သည် သမ္မတသက်တမ်းနှစ်ဆက် ပြည့်သွား၍ ဆက်လက် ပါဝင်ယှဉ်ပြိုင်၍ မရတော့ပေ။ သူ၏ ဒီမိုကရေစီပါတီ PD မှာလည်း အကျင့်ပျက်ခြစားမှု အပုပ်နံ့များကြောင့် ပါလီမန်ရွေးကောက်ပွဲ၌ အခြေအနေမကောင်းတော့ဘဲ လူကြိုက်နည်းလာသည်။ သို့ဖြစ်ရာ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အဓိက ပြိုင်ဘက်နှစ်ပါတီအဖြစ် ဂျိုကိုဝီကို သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့သော PDI-P ပါတီနှင့် ပရာဘိုဝို၏ ဂျယ်ရင်ဒရာ(Gerindra) (Great Indonesia Movement) ပါတီတို့သာ ပေါ်ထွက်ခဲ့သည်။ ထိုပြိုင်ပွဲ၌ အကျင့်ပျက်ခြစားမှုသတင်းဆိုးမရှိဘဲ လူချစ်လူခင်များပြားသူ ဂျိုကိုဝီအား ယခင်သမ္မတဟောင်း ဆူဟာတို၏ သမက်ဖြစ်ပြီး တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်က အရှေ့တီမောတွင် ဆန္ဒပြကျောင်းသားများကို ပစ်ခတ်ရန် အမိန့်ပေးခဲ့မှု ကြောင့် နာမည်ပျက်ရှိခဲ့သော ပရာဘိုဝိုက မယှဉ်နိုင်ဘဲ အရေးနိမ့်သွားခဲ့သည်။
ရိုးဂုဏ်တစ်ခုဖြင့် တောနယ်ကျေးလက်မှ သမ္မတအဆင့် တက်ဖြစ်လာသူ ဂျိုကိုဝီအနေဖြင့် ကျယ်ပြန့် ရှုပ်ထွေးလှသော သမ္မတတာဝန်များကို ထမ်းဆောင်ရန်မှာ လိုအပ်ချက်များစွာရှိခဲ့သည်။ ထို့အပြင် လွှတ်တော်အတွင်း၌လည်း ပရာဘိုဝို၏ ဂျယ်ရင်ဒရာပါတီ (တပ်မတော်အင်အားစု)၊ အစဉ် အလာရှိခဲ့သော ဂိုလ်ကာ (အုပ်စု) နှင့် PPP (အစ္စလမ္မစ်အုပ်စု)တို့ စုပေါင်း၍ သမ္မတဂျိုကိုဝီ၏ အာဏာရ (PDI-P) ပါတီထက်ပို၍ အင်အားတောင့်တင်းနေခြင်းကိုလည်း ရင်ဆိုင်ခဲ့ရသည်။ စင်စစ်၌ PDI-P ပါတီသည် ပင်လျှင် ဂျိုကိုဝီ၏ ကိုယ်ပိုင်ပါတီ မဟုတ်ပေ။ သမ္မတဟောင်း ဆူကာနို၏သမီး မီဂါဝတီ၏ ပါတီဖြစ်သည်။ မီဂါဝတီအနေဖြင့် ဂျိုကိုဝီကို စင်တင်ပေးခဲ့သည့်တိုင်အောင် သူ၏ PDI-P ပါတီကိုမူ ဂျိုကိုဝီလက်ထဲသို့ ထိုးအပ်လိုခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ပါတီခေါင်းဆောင် မီဂါဝတီနှင့် သမ္မတ ဂျိုကိုဝီတို့အကြား ဆက်ဆံရေးမှာ များစွာနွေးထွေးခြင်း မရှိခဲ့ပေ။
သို့ဖြစ်ရာ သမ္မတဂျိုကိုဝီအနေဖြင့် သူ၏ လူကြိုက်များမှုနှင့် လူထုထောက်ခံမှုကို အားပြု၍ နိုင်ငံရေး ကွန်ရက်၊ အဆက်အသွယ်၊ ခြေကုပ်များကို ထူထောင်ခဲ့ရသည်။ သူ၏ အစိုးရအဖွဲ့အတွင်း အရေးပါသော ဘဏ္ဍာရေး၊ စီးပွားရေးဆိုင်ရာ နေရာဌာနများတွင် ကျွမ်းကျင်သူ တက္ကနိုခရက်များကို တာဝန်ပေးခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးနေရာတွင် ဝါရင့်သံတမန်တစ်ဦးဖြစ်ပြီး အထူးသဖြင့် အနောက်အုပ်စုနိုင်ငံများနှင့် ရင်းနှီးကျွမ်းဝင်သော ရက်တနိုမာဆူဒီအား ခန့်အပ်ခဲ့သည်။ စစ်ဘက်ကျောထောက် နောက်ခံမရှိခဲ့သော ဂျိုကိုဝီသည် အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး ကောင်းမွန်ပြေလည်စေရေးအတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် သက်ဆိုင်သောကိစ္စရပ်များတွင် စစ်ဘက်အရာရှိကြီးများကိုသာ လွှဲအပ်တာဝန်ပေးခဲ့သည်။ ဂျိုကိုဝီ၏ ပထမအစိုးရသက်တမ်း (၂၀၁၄-၂၀၁၉) ၌ ကာကွယ်ရေးဝန်ကြီးမှာ ယခင်အင်ဒိုနီးရှား တပ်မတော် ကြည်းတပ်ဦးစီးချုပ်ဟောင်း ရီယာမီဇတ် ရီယာကူဒူးဖြစ်ပြီး ဒုတိယအစိုးရသက်တမ်း (၂၀၁၉-၂၀၂၄) တွင် ယင်း၏နိုင်ငံ ရေးပြိုင်ဘက်ဖြစ်သူ ပရာဘိုဝို ဆူဗျန်တိုဖြစ်သည်။ ထို့အပြင် အင်ဒိုနီးရှား တပ်မတော်အတွင်း၌ ဩဇာရှိသူ အရာရှိကြီးများ၏ အဆက်အနွယ်များကိုလည်း နေရာပေး မြှောက်စားခဲ့၏။ ဥပမာအားဖြင့် ဂျိုကိုဝီနှင့် စီးပွားဘက်လည်းဖြစ်ခဲ့သော အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး လူဟွတ်ဘင်ဆာ ပန်ဂျိုင်တန်မှာ ဂျိုကိုဝီ၏ ဒုတိယသက်တမ်းတွင် ရေကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးအဖြစ် ခန့်ထားခြင်းခံခဲ့ရပြီး လူဟွတ်၏ သမက်တော်စပ်သူမှာ သမ္မတ၏ လုံခြုံရေးတပ်ဖွဲ့အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ အင်ဒိုနီးရှား အမျိုးသားထောက်လှမ်းရေး အဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟန်ဒရို (ငြိမ်း)၏ သမက်ဖြစ်သူ ဗိုလ်ချုပ်ကြီး အန်ဒီကာ ပါကာဆာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။
စင်စစ်၌ ဂျိုကိုဝီ၏ ဒုတိယသက်တမ်း ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ဖြစ်ခဲ့သော ဗိုလ်ချုပ်ပရာဘိုဝို (ငြိမ်း)ကို ဒုတိယသက်တမ်းကာလတွင် ကာကွယ်ရေးဝန်ကြီး ရာထူးပေးခဲ့ခြင်းမှာ ဂျိုကိုဝီ၏ နိုင်ငံရေး အရင်းအနှီးစုဆောင်းသည့် ရွှေ့ကွက်တစ်ခုဟု ဆိုနိုင်သည်။ ပရာဘိုဝိုသည် နန်းစဉ်နိုင်ငံရေးအရ သမ္မတ ဟောင်းဆူဟာတို၏ သမက်ဖြစ်ခဲ့ပြီး စစ်ဘက်ကျောထောက်နောက်ခံရှိသူလည်း ဖြစ်သည်။ ထို့အပြင် အစ္စလမ္မစ်အဖွဲ့ချုပ် (OIC) မှ အဓိက အာရပ်နိုင်ငံများနှင့်လည်း ခင်မင်ရင်းနှီးသူဖြစ်သည်။ လစ်ဘရယ် ဆန်သော ဂျိုကိုဝီနှင့် OIC နိုင်ငံများ၏ဆက်ဆံရေးမှာ ပရာဘိုဝိုလောက် နွေးထွေးမှုမရှိလှပေ။ သို့ဖြစ်၍ ပရာဘိုဝိုကို အိတ်ထဲသို့ ထည့်လိုက်ခြင်းမှာ ဂျိုကိုဝီအတွက် ကြီးမားသောနိုင်ငံရေးအမြတ်ထွက်မှု ဖြစ်လေသည်။
(ဆက်လက်ဖော်ပြပါမည်။)
Source-www.moi.gov.mm