နိုင်ငံရေးအမြတ်ထုတ် စားပေါက်ထွင် သတင်းအဆိပ်လုပ်

Posted_Date

Image

နိုင်ငံရေးအမြတ်ထုတ် စားပေါက်ထွင် သတင်းအဆိပ်လုပ်

Body

မေ ၁၂ ရက်ကနေ ယနေ့အထိ လူမှုကွန်ရက်မျက်နှာစာအသီးသီးမှာ မရပ်မနားနေ့စဉ် အထပ်ထပ်ထုတ်လွှင့်နေတဲ့ သတင်းတစ်ပုဒ်ကိုပြပါဆိုရင် အားလုံးသိရှိကြပြီးဖြစ်တဲ့အတိုင်း စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အိုးထိမ်းကွင်းရွာမှာ မေ ၁၂ ရက်က ဖြစ်ခဲ့တဲ့ သတင်းပဲဖြစ်ပါတယ်။ အဆိုပါသတင်းကို ပြည်တွင်းမှာသာမက နိုင်ငံတကာနဲ့ ကုလသမဂ္ဂစင်မြင့်ထက်ရောက်အောင် သတင်းပေါက်အောင်လုပ်နိုင်တာက ဖြစ်ပျက်ခဲ့တဲ့သတင်း မှန်သည်/မမှန်သည်ကိုမကြည့်ဘဲ အမည်းရောင် (သို့မဟုတ်) အဖျက်အမှောင့်သတင်းစာပညာအစွမ်းနဲ့ လုပ်ခဲ့တာကို သတင်းနဲ့ပတ်သက်ပြီး နားလည်သူတိုင်းသိကြပါတယ်။

အသိပေးဖော်ပြခဲ့

တရားမဝင်ပြည်ဖျက်မီဒီယာတွေနဲ့ အပေါင်းပါအကြမ်းဖက်အဖွဲ့တွေက အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို လုံခြုံရေးတပ်ဖွဲ့တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆရာ ဆရာမနှစ်ဦးအပါအဝင် ကျောင်းသား ကျောင်းသူ ၅၀ ဝန်းကျင်ခန့် ထိခိုက်သေဆုံးခဲ့တယ်လို့ မဟုတ်မမှန် ရေးသားထုတ်လွှင့်ဖြန့်ဝေနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါသတင်းနဲ့ပတ်သက်လို့ သက်ဆိုင်ရာနယ်မြေခံ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက “အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ နယ်မြေဒေသတည်ငြိမ်အေးချမ်းလုပ်ငန်းတွေကိုသာ ဆောင်ရွက်လျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေမရှိကြောင်း” ပြောကြားခဲ့ပြီး အဆိုပါပြောကြားချက်ကို ပြည်တွင်းရှိ တရားဝင်မီဒီယာတွေမှာလည်း အသိပေးဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ယခုအခါမှာ အကြမ်းဖက်သောင်းကျန်းသူတွေဟာ တော်လှန်ရေးခေါင်းစဉ်ပြပြီး တိုင်းပြည်တည်ငြိမ် အေးချမ်းမှုပျက်ပြားအောင် ပြုလုပ်နေတာတွေ၊ လမ်းတံတားတွေ၊ မြို့ရွာတွေကို ဖျက်ဆီးနေကြတာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်၊ အဓမ္မလူသစ်စုဆောင်းတာတွေ၊ တိုင်းပြည်ရဲ့သယံဇာတတွေကို တရား မဝင်ခိုးထုတ်တာတွေ၊ မူးယစ်ဆေးဝါးနဲ့ အကြမ်းဖက်လုယက်တာတွေစတဲ့ ဒုစရိုက်မှုအမျိုးမျိုးကို ပြုလုပ်နေတာတွေကို တွေ့လာရတာကြောင့် ပြည်သူတွေအနေနဲ့ လူကောင်းနဲ့လူဆိုး၊ အမှန်နဲ့အမှားကို ကွဲကွဲပြားပြားနားလည်လာကြပြီဖြစ်ပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူတွေကိုယ်တိုင်မှန်ခြင်း၊မှားခြင်းကို အထောက်အထားတွေနဲ့တကွ ခွဲခြားဝေဖန်သုံးသပ်ပြလာတာတွေကို တွေ့မြင်နေရပါတယ်။

အမှန်တရားရှာဖွေဖို့ ခက်ခဲ

တစ်ဖက်မှာ နိုင်ငံတော်နဲ့ တပ်မတော်ကို ချစ်မြတ်နိုးတဲ့သူတွေ၊ တိုင်းပြည်အကျိုးစီးပွားကို ရှေးရှုပြီး သတင်းတွေကို အမှန်ကိုအမှန်အတိုင်း ပြည်သူတွေသိအောင် ရေးကြ၊ တင်ကြတဲ့ ပြည်တွင်းက တရားဝင်မီဒီယာတွေနဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး အမှန်တရားကို တန်ဖိုးထားတဲ့ပြည်သူတွေက ချက်ချင်းတုံ့ပြန်ချေပရေးသား တင်ပြနေကြတာတွေကြောင့် အမှန်နဲ့အမှားဟာ ကွဲကွဲပြားပြားဖြစ်သွားပြီဆိုတာ သေချာပါတယ်။ ဒီအခါမှာ ပြည်ဖျက်မီဒီယာတွေနဲ့ အကြမ်းဖက်သမားတွေ မခံမရပ်နိုင်ဖြစ်ကြပြီး အမှန်ကိုအမှား၊ အမှားကိုအမှန် အတင်းအဓမ္မလုပ်ကြပါတယ်။ တကယ်တမ်းမှာ ဖြစ်စဉ်တစ်ခုမှန်/မမှန်ဆိုတာကို ကြားခံအဖွဲ့အစည်းတစ်ခုက မြေပြင်ကို ကွင်းဆင်းသွားရောက်စစ်ဆေးပြီး ရှုထောင့်အမြင်ပေါင်းစုံမှ အချက်အလက်တွေရယူရပါတယ်။ ဒါပေမယ့် ဒီဒေသတွေဟာ အကြမ်းဖက်သမားတွေနဲ့အတူ ဒေသခံပြည်သူတွေ အတူတူရှိနေကြတဲ့ ဒေသတွေဖြစ်နေတာကြောင့် အမှန်တရားကို သွားရောက်ရှာဖွေဖို့ခက်ခဲပါတယ်။

ဒါပေမယ့် အကြမ်းဖက်အဖွဲ့နဲ့ အပေါင်းပါတွေက သတင်းတု၊ သတင်းယောင်အဖြစ် ဖန်တီးထားတာဟာ မသေသပ်ဘဲလုံခြုံရေးတပ်ဖွဲ့တွေကို အပြစ်ပုံချဖို့ အလောတကြီးလုပ်လိုက်ပုံပါပဲ။ အပြစ်ပုံချဖို့ အထောက်အထားဟာ ကိုယ့်ရှုးကိုယ်ပြန်ပတ်နေတာကို သတိမပြုလိုက်ကြပါဘူး။ ဗုံးကြဲခံလိုက်ရတယ်ဆိုတဲ့ ကျောင်းခန်းအတွင်းမှာ စာသင်စားပွဲနဲ့ ခုံတွေမရှိတာ၊ ကျောင်းနံရံတွေ ပျက်စီးမှုမရှိတာ၊ မျက်နှာကြက် ကျောက်ပြားတွေသာ မွစာကျဲနေတာ၊ ခေါင်မိုးသွပ်ပြားတွေ အပေါ်ဘက်ကို လန်ထွက်နေတာ၊ ဗီရိုနဲ့ နံရံကပ်ပုံတွေ၊ ဘုရားပန်းအိုးတွေအနေအထား မပျက်တာ၊ အထောက်အထားအဖြစ်ပြထားတဲ့ ကျောင်းသားလေးတွေရဲ့ လွယ်အိတ်လေးတွေမှာ အစွန်းအထင်းမရှိဘဲ အိမ်ကယူလာတဲ့တိုင်းဖြစ်နေတာ စတဲ့ အချက်တွေကြောင့်အပေါ်က ဗုံးကြဲတာမဟုတ်နိုင်ဘဲ လက်လုပ်ဗုံးတွေ ပေါက်ကွဲမှုဖြစ်တာ ပိုမိုဖြစ်နိုင်ခြေများတာကို တွေ့ရပါတယ်။

လက်လုပ်မိုင်းပေါက်ကွဲ

ဒေသခံပြည်သူတွေဆီက ရရှိထားတဲ့ အချက်အလက်နဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သုံးသပ်ကြည့်မယ်ဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ အထောက်အထား မတွေ့ရပါဘူး။ အပေါ်မှကျရောက်တဲ့ ဗုံးပေါက်ကွဲမှုဆိုရင် အဲဒီကျောင်းအဆောက်အအုံနဲ့ကျောင်းအသုံးအဆောင်ပစ္စည်းအားလုံးဟာ တစ်စစီကြေမွပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဗုံးထိမှန်တဲ့ လူတွေဆိုရင်လည်း အလားတူပါပဲ၊ ခန္ဓာကိုယ်ကို အကောင်းပကတိပြန်ရဖို့ မလွယ်ကူပါဘူး။ တကယ်တော့ အဲဒီစာသင်ကျောင်းမှာ အကြမ်းဖက်သမားတွေက လက်လုပ်မိုင်းတွေပြုလုပ်ကြပြီး အဲဒီနေ့က အပူရှိန်လွန်ကဲတာကြောင့် လက်လုပ်မိုင်းတွေ ဆင့်ကဲပေါက်ကွဲပြီး စာသင်ကျောင်းကို ရောက်လာတဲ့ ကျောင်းသားကလေးငယ် ၂၂ ဦးနဲ့ ဆရာမနှစ်ဦးတို့ သေဆုံးခဲ့ဟန်တူပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အဆိုပါစာသင်ကျောင်းမှာ အကြမ်းဖက်သမားတွေက လက်လုပ်မိုင်းတွေ ပြုလုပ်နေတဲ့ ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်ပေါ်မှာ အစောပိုင်းကတည်းက ပေါ်ထွက်ထားပါတယ်။ အဲဒီရုပ်သံဖိုင်မှာ အဆိုပါစာသင်ကျောင်းရဲ့ စာသင်ခန်းတွေမှာ အကြမ်းဖက်သမားတွေက အိမ်သုံးပီစီပီပိုက်တွေကို ဖြတ်တောက်ပြီး လက်လုပ်ဗုံးတွေ ပြုလုပ်နေတာဟာ အသည်းယားစရာကောင်းလောက်အောင် အန္တရာယ်ကြီးလှပါတယ်။ လက်လုပ်မိုင်းတွေကို အလွယ်တကူရနိုင်တဲ့ နေ့စဉ်သုံးပစ္စည်းတွေနဲ့ ပြုလုပ်ထားတတ်ကြပါတယ်။ လက်လုပ်မိုင်းတွေဟာ အဝေးထိန်းစနစ်နဲ့ဖြစ်စေ၊ အချိန်အတိကျနဲ့ အလိုအလျောက် ပေါက်ကွဲအောင် ချိန်ကိုက်ထားလို့ဖြစ်စေ၊ ထိမိကိုင်မိလို့ဖြစ်စေ ပေါက်ကွဲနိုင်ပါတယ်ဆိုတဲ့ “မိုင်းအန္တရာယ်ကာကွယ်ပေးကြရအောင်” နှိုးဆော်တဲ့ ပြည်ဖျက်မီဒီယာတွေကပဲ အသိပေးခဲ့ကြတာဖြစ်ပါတယ်။

၎င်းတို့အပြစ်ကိုဖုံးကွယ်

ဒီထက် ကျယ်ကျယ်ပြန့်ပြန့်လေ့လာကြည့်ရင် ပိုမိုရှင်းရှင်းလင်းလင်းသိရမှာ ဖြစ်ပါတယ်။ အခုဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တာ မဟုတ်သလိုစာသင်ကျောင်းမှ ၎င်းတို့ပြုလုပ်ခဲ့တဲ့ လက်လုပ်ဗုံးတွေ ပေါက်ကွဲခဲ့တာကြောင့် အပြစ်မရှိတဲ့ ကလေးငယ်တွေ သေဆုံးမှုဖြစ်ခဲ့တာကို အကြမ်းဖက် သမားတွေ၊ အကြမ်းဖက်အားပေးတဲ့ သူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ ပူးပေါင်းပြီး ၎င်းတို့ရဲ့အပြစ်တွေကို ဖုံးကွယ်ဖို့နဲ့ လုံခြုံရေးတပ်ဖွဲ့ကို သိက္ခာချဖို့ ဖန်တီးခဲ့တာ ထင်ရှားပါတယ်။ အဆိုပါဖြစ်စဉ်ကို နိုင်ငံတကာက ကူကြပါလို့ အော်နေတဲ့ ဇာတ်လမ်းဟာ ပိုသိသာပါတယ်။ လက်လုပ်ဗုံးပေါက်ကွဲမှုတွေဟာ တကယ်တော့ အကြမ်းဖက်လောကမှာ မဆန်းတော့ပါဘူး။ လက်လုပ်ဗုံးပေါက်လို့ သေသွားတဲ့အကြမ်းဖက်တွေ မနည်းပါဘူး။ ဒီတစ်ခါ ကလေးတွေအဆစ်ပါသွားတာပါ။

အကြမ်းဖက်အဖွဲ့တွေဟာ အထူးသဖြင့် အညာဒေသ ကျေးလက်တောရွာတွေက စာသင်ကျောင်းတွေမှာ အကြမ်းဖက်စခန်းတွေပြုလုပ်ပြီး အဖျက်အမှောင့်လုပ်ရပ်တွေ ပြုလုပ်နေတာတွေကို မကြာခဏမြင်တွေ့ကြား သိနေရပါတယ်။ ကျောင်းသားကျောင်းသူ ကလေးငယ်တွေ စာသင်ကြားရမယ့် ကျောင်းတွေကို အကာအကွယ်ယူပြီး အကြမ်းဖက်လုပ်ငန်းတွေ လုပ်ကိုင်နေ ကြတာဖြစ်ပါတယ်။ တကယ်လို့ စာသင်ကျောင်းတွေမှာ ခိုအောင်းစခန်းချနေတဲ့ အကြမ်းဖက်သမားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းတဲ့အခါ အပြစ်မဲ့ကလေးတွေကို လုံခြုံရေးတပ်ဖွဲ့က အကြောင်းမဲ့သက်သက် ရက်ရက်စက်စက် သတ်ဖြတ်နေပါတယ်လို့ အော်ကြမှာဖြစ်ပါတယ်။ အခု သူတို့ဖန်တီးတဲ့ လက်လုပ်ဗုံးပေါက်ကွဲတာကို လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အထင်လွဲအောင်၊ ဇာတ်နာအောင် အကြမ်းဖက်နဲ့ အပေါင်းပါတွေက ဖန်တီးလိုက်ကြတာဖြစ်ပါတယ်။

စာသင်ကျောင်းနဲ့ အကြမ်းဖက်

ယခုနှစ် ဇန်နဝါရီ ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မရသိမ်ကျေးရွာ မူလတန်းကျောင်းအတွင်း အဖျက်အမှောင့်လုပ်ငန်းတွေလုပ်ကိုင်ဖို့ စခန်းချနေတဲ့ PDF အမည်ခံအကြမ်းဖက်သမားတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းခဲ့ပါတယ်။ စာသင်ကျောင်းမှာ အကြမ်းဖက်သမားတွေက ကျောင်းအတွင်း/အပြင်မှာ သဲအိတ်တွေကာရံတာ၊ မိုင်းထောင်ထားတာ၊ သဲအိတ်ဘန်ကာတွေ ကာရံတာ၊ လေ့ကျင့်ရေးကွင်းတွေ အခိုင်အမာဆောက်လုပ်တာတွေကိုတွေ့ရပြီး သူတို့ထံက​နေ တစ်တောင့်ထိုး သေနတ်၊ တူမီးသေနတ်၊ လက်လုပ်သေနတ်၊ လက်လုပ်စိန်ပြောင်း ဗုံးသီးတွေ၊ လက်လုပ်သံကိုယ်ထည်ဆွဲမိုင်းတွေ၊ လေ့ကျင့်ရေးသေနတ်တွေ၊ လက်နက်တွေ ပြုလုပ်တဲ့တွင်ခုံ၊ TNT ယမ်းတွေ၊ ဖောက်ခွဲဖျက်ဆီးရာမှာ အသုံးပြုတဲ့ သံတို သံစတွေ၊ သံပိုက်လုံးတွေ၊ ပြောက်ကျား ယူနီဖောင်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

ဆရာ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းတွေနဲ့ နိုင်ငံတော်က တည်ဆောက်ပေးထားတဲ့ ပညာရေးအဆောက်အအုံတွေဟာ နိုင်ငံတော်ရဲ့ အနာဂတ်နဲ့ မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ ကလေးသူငယ်၊ လူငယ်လူရွယ်​တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ တော်လှန်ရေးအကြောင်းပြပြီး ပေါ်ပေါက်လာခဲ့တဲ့ NUG လို အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ရဲ့ အသုံးချခံ PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ ကျေးလက်တွေက စာသင်ကျောင်းတွေကို အကြမ်းဖက်စခန်းအဖြစ် ပြုလုပ်ခဲ့တဲ့ အထောက်အထားတွေ အမြောက်အမြားရှိပါတယ်။ စာသင်ကျောင်းတွေကို အကြမ်းဖက်စခန်းအဖြစ် အသုံးချသလို ပညာရေးနဲ့ပတ်သက်ပြီး အမြောက်အမြားဖျက်ဆီးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ ပညာရေးဆိုင်ရာ စာသင်ကျောင်းတွေ မီးရှို့ဖျက်ဆီးခဲ့မှု ၁၂၃ ကြိမ်၊ ပညာရေးဝန်ထမ်းတွေ ခြိမ်းခြောက်ခံရမှု ၄၄၉ ကြိမ်၊ ပညာရေးဝန်ထမ်း ဆရာ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်တာ ၇၇ ဦး ရှိပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အနာဂတ် မျိုးဆက်သစ်ကျောင်းသားလူငယ်တွေ ပညာရည်မြင့်မားစေဖို့အတွက် အလေးထားဆောင်ရွက်နေတာကို ပြည်သူအားလုံး သိရှိကြပါတယ်။ အကြမ်းဖက်သမားတွေကသာ ၎င်းတို့ကို မထောက်ခံ၊ အားမပေးတဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရော့ဗုံးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပြန်ပေးဆွဲတာ၊ ဖမ်းဆီးနှိပ်စက်တာ၊ သတ်ဖြတ်တာတွေ စတဲ့ရက်ရက် စက်စက်ကျူးလွန်နေတဲ့ အနိဋ္ဌာရုံသတင်းတွေကို မကြာခဏကြားသိနေရပါတယ်။ အကြမ်းဖက်သမားတွေဟာ ကျေးရွာတွေမှာ လက်နက်အားကိုးနဲ့ ရွာသူရွာသားတွေကို အကြောက်တရားကြီးမားလာအောင် ရက်စက်တဲ့လုပ်ရပ်တွေလုပ်ပြပြီး စည်းရုံးထားကြပါတယ်။

ယခုဖြစ်စဉ်မှာ အကြမ်းဖက်သမားတွေဟာ ၎င်းတို့ရဲ့ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့၊ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့ကို ပြည်သူလူထုက အထင်အမြင်လွဲမှားစေဖို့၊ အကြမ်းဖက်အဖွဲ့အစည်းတွေက နိုင်ငံရေးအမြတ်ထုတ်ဖို့နဲ့ ပြည်ဖျက်မီဒီယာတွေက သူတို့ရဲ့ အကျိုးစီးပွားစားပေါက်ထွင်ဖို့အတွက် ကျေးလက် ပြည်သူတွေကို အသုံးချပြီး အဆိပ်သင့်သတင်းတွေအဖြစ် ဖန်တီးကာ ရည်ရွယ်ချက်ရှိရှိ ဇာတ်မနာနာအောင် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ပါကြောင်း သေသေချာချာလေ့လာကြည့်ရင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ။

Source: www.moi.gov.mm