မိတ်ဆွေဟောင်း မိတ်ဆွေကောင်းတို့၏ စိန်ရတုကို ဂုဏ်ပြုကြိုပါသည်…
Posted_Date
Image

Body
ရတနာတို့တွင် ရတနာမြတ်သုံးပါးမှလွဲ၍ တန်ဖိုးအရှိဆုံး လောကီရတနာများတွင် စိန်သည်လည်း တစ်ခုပါဝင်သည်။ စိန်နှင့်ပတ်သက်၍ မြန်မာအဘိဓာန်တွင် “အမာဆုံးအဖိုးတန်ကျောက်မျက်၊ ကိစ္စတစ်စုံတစ်ရာ ဆောင်ရွက်ရာတွင် သဘောတူညီချက်ကို အခိုင်အမာပြသော စကား” ဟူ၍ဖော်ပြထားသည်။ လူတိုင်းသည် စိန်ကဲ့သို့သော အဖိုးတန်ကျောက်မျက် ကိုမြတ်နိုးကြသည်။ ထို့အတူအသက်ရှည်စွာ နေလိုကြသည်။
၇၅ နှစ်ဆိုသောသက်တမ်းသည် အသက်ရှည်သည်ဟု ဆိုနိုင်သည်။ ဆိုလိုချင်သည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုသည် နှစ်ရှည်ကြာစွာ ၇၅ နှစ်စိန်ရတုသို့ရောက်ရှိနေခြင်းမှာ တန်ဖိုးရှိသောခိုင်မြဲခြင်းကို ပြဆိုခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံသံတမန် ဆက်သွယ်မှုစတင်ခဲ့သည်မှာ ၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်တွင် စိန်ရတုအချိန်ကာလသို့ ချစ်ကြည်ရင်းနှီးစွာ ရောက်ရှိလာပြီဖြစ်သည်။
နှစ်တွေအလီလီ ပြောင်းလဲသွားသော်လည်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးမှုမှာ ပြောင်းလဲသွားခြင်းမရှိပေ။ ရှေးအစဉ်အဆက်လူကြီးများ လက်ထက်ကချမှတ်ထားခဲ့သော မူဝါဒများကို ယနေ့ခေတ် လူကြီးများ အဆက်ဆက်ကမဖောက်ဖျက်ဘဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးပွားအောင်သာ ဆောင်ရွက်လျက်ရှိသည်။ ယနေ့ခေတ်ကာလ၏မြန်မာ-တရုတ်နှစ် နိုင်ငံသံတမန် ဆက်ဆံရေးမှာ ၁၉၅၀ ပြည့်နှစ်မှစတင်ခဲ့သည်ဟု သတ်မှတ် ထားသော်လည်း မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ကတည်းကရှိခဲ့သည့် ခိုင်မြဲသောဆက်ဆံရေးဖြစ်သည်။ အိမ်နီးချင်းဆိုသည်မှာ အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ နေထိုင်ကြရမည့်သူများဖြစ်သည်။ တစ်ဦးမှာ အခက်အခဲရှိလျှင် တစ်ဦးကကူညီပေးခြင်းမျိုးဖြင့် မိတ်ဆွေကောင်း ဆက်ဆံရေးမျိုး ရှိနေကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ တူညီသော ယဉ်ကျေးမှုမှာ ဗုဒ္ဓဘာသာမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကိုယ်ချင်းစာစိတ်ဖြင့် တစ်ဦးအပေါ်တစ်ဦး၊ တစ်နိုင်ငံအပေါ်တစ်နိုင်ငံက ဖေးမကူညီခြင်းသည် ဖြူစင်သော စိတ်ထားဖြစ်သည်။ ကံကံ၏အကျိုးကို ယုံကြည်ကြပြီး မကောင်းမှုကိုရှောင်ရှားကြသည်။ ကောင်းမှုကို ဆောင်ရွက်ကြသည်။ တရုတ်နိုင်ငံသို့ ဗုဒ္ဓဘာသာရောက်ရှိလာသည်မှာ ဟန်မင်းဆက်ခေတ်ကာလဖြစ်သည်။ ဟန်ဧကရာဇ်မင်းဆက်သည် ဘီစီ ၂၀၆ မှ အေဒီ ၂၂၀ အထိရှည်လျားခဲ့သည်။ ဟန်မင်းဆက်လက်ထက် ဗုဒ္ဓသာသနာသည် အိန္ဒိယနိုင်ငံမှတရုတ်နိုင်ငံသို့ ပထမဆုံးရောက်ရှိလာသည်။
ဟန်မင်းဆက်၏ဧကရာဇ်မင်းတိသည် ဗုဒ္ဓဘာသာကို အလွန်ကိုင်းရှိုင်းရိုသေသည်။ ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာရဟန်းတော်များကို ရှာဖွေရန် အိန္ဒိယနိုင်ငံသို့ သံတမန်တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ အိန္ဒိယနိုင်ငံ သို့မရောက်မီ တရုတ်သံတမန်များသည် ဧကရာဇ်နှင့် တွေ့ဆုံရန်ဖိတ်ကြားခဲ့သော ထင်ရှားသည့် အိန္ဒိယဗုဒ္ဓသာသနာပြု အဖွဲ့နှစ်ဖွဲ့နှင့်တွေ့ဆုံခဲ့သည်။
ဗုဒ္ဓဘာသာသည် သာမန်ပြည်သူများအတွင်း ပျံ့နှံ့နေချိန်တွင် ရဟန်းတော်နှစ်ပါးက ကျမ်းဂန်များကို တရုတ်ဘာသာသို့ပြန်ဆို သယ်ဆောင်ခဲ့သည်။ ဗုဒ္ဓဘာသာနှင့် တရုတ်ပြည်သူများ ထိတွေ့ဆက်နွှယ်မှုကြောင့် ဘုရား၊ တန်ဆောင်း၊ ကျောင်း၊ ဗိသုကာအတတ်ပညာများနှင့် ဘုရားကျောင်းများသည် တစ်နိုင်ငံလုံးအနှံ့အပြားတွင် ပေါ်ပေါက်ခဲ့သည်။
ကိုးကွယ်ခြင်း၏သင်္ကေတအဖြစ် ဗုဒ္ဓလိုဏ်ဂူများကို တရုတ်နိုင်ငံ မြောက်ပိုင်းတွင် စတင်ခဲ့သည်။ ယန့်ကျင်းနှင့် လုံမန်ရှိ ဂူတွင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းရုပ်တုများမှာ ခရီးသွားဧည့်သည်များကို အံ့ဩဖွယ် ကောင်းလောက်အောင် ဆွဲဆောင်စည်းရုံးလျက်ရှိသည်။ လုံမန်ဆိုသည်မှာ တရုတ်ဘာသာစကားဖြင့် “နဂါးပြည်၏ အဝင်ဂိတ်” ဟုဆိုလိုသည်။ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် လျိုယန်းမြို့တောင်ဘက်တွင် ရီမြစ်ကမ်းနဖူးနှင့်အပြိုင် ကျောက်တောင်နံရံများကို ထွင်းထုထားသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းရုပ်တုများ တည်ရှိသည်။
ဤနေရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဘာသာရေးဆက်နွှယ်မှု အကြောင်းကို ဖော်ပြလိုသည်။ တရုတ်နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်သည်မြန်မာနိုင်ငံသို့ ၁၉၅၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှ ၁၉၅၆ ခုနှစ် ဇွန်လ ၈ ရက်အထိ ပထမအကြိမ်၊ ၁၉၉၄ ခုနှစ် ဧပြီလ၂၀ ရက်မှဇွန်လ ၈ ရက်အထိ ဒုတိယအကြိမ်၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၆ ရက်မှ ၁၉၉၇ ခုနှစ် မတ်လ ၅ ရက်အထိ တတိယအကြိမ်၊ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှ ဒီဇင်ဘာလ ၂၄ ရက် အထိ စတုတ္ထအကြိမ်အဖြစ် စုစုပေါင်းလေးကြိမ်တိုင်တိုင် ကြွရောက်တော်မူခဲ့သည်။ နှစ်နိုင်ငံ၏ ထူးခြားသော ဘာသာရေးဆက်နွှယ်မှုဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဘုရားရှင်စွယ်တော်မြတ်လေးဆူသည် တာဝတိံသာနတ်ပြည်၌တစ်ဆူ၊နဂါးပြည်၌တစ်ဆူ၊ ဂန္ဓာရတိုင်း၌တစ်ဆူ၊ ကလိင်္ဂတိုင်း ဒန္တပူရပြည်နယ်၌တစ်ဆူ တည်နေကိန်းဝပ်လျက်ရှိသည်။ တရုတ်နိုင်ငံမှစွယ်တော်သည် အထက်လက်ဝဲစွယ်တော် အစစ်ဖြစ်သည်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုတို့ဖြင့် မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်ခွင့်ရရှိခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပတ်သက်လာလျှင် မိတ်ဆွေအရင်းအချာ စိတ်ထားဖြင့် နှစ်ပေါင်းများစွာ ဆက်ဆံရှိလျက်ရှိသကဲ့သို့ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ထပ်တူညီမျှသော ဆက်ဆံရေးကောင်းဖြင့် ဆက်ဆံလျက်ရှိသည်။ မြန်မာတို့၏ ရှေးအစဉ်အလာ သတ်မှတ်ထားသည့် လူမှုကျင့်ဝတ်များရှိရာတွင်မိတ်ဆွေဝတ္တရားနှင့်ပတ်သက်၍ “ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ဝတ်ငါးထွေ ကျင့်လေမိတ်သဟာ” ဟူ၍ဖော်ပြထားသည်။ မြန်မာနှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးမှာလည်း အမှန် တကယ်မိတ်ဆွေကောင်း ဆက်ဆံရေးပင်ဖြစ်သည်။
တစ်နိုင်ငံနှင့်တစ်နိုင်ငံ အခက်အခဲကြုံတွေ့ပါက ကူညီတတ်ကြသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံအချင်းချင်း တန်းတူညီမျှဆက်ဆံရေးကို တန်ဖိုးထားသည်။ နိုင်ငံနှင့်ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ထားရှိကြသည်။ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့်အတူ သစ္စာခိုင်မြဲစွာ မိတ်ဝတ်မပျက်ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်။
ရှေးအစဉ်အဆက်က ပေးအပ်ထားသော နိုင်ငံ၏တည်နေရာ၊ ပတ်ဝန်းကျင်ဆိုသည်မှာ ပြောင်းလဲ၍မရနိုင်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အိမ်နီးချင်းကောင်းပီသစွာ ကောင်းမွန်သော ဆက်ဆံရေးကို ရှေးရှုတည်ဆောက်လျက်ရှိသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ချစ်ကြည်ရေးခရီးမှာ နှစ်ပေါင်းလွန်စွာကြာမြင့်သည့် အချိန်ကတည်းကရှိနေခဲ့သည်။ မြန်မာတို့၏ သရေခေတ္တရာပျူမြို့ပြနိုင်ငံသည် ယဉ်ကျေးမှုမြင့်မားသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဆက်သွယ်ရာ ပိုးလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ထန်ဧကရာဇ်နိုင်ငံ ချန်အန်းမြို့တော်မှ မြန်မာနိုင်ငံမြောက်ပိုင်းကိုဖြတ်၍ အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှတစ်ဆင့် မဇ္စျိမဒေသသို့သွားရောက်ကြသည်။ ချန်အန်းမြို့တော်မှာ မျက်မှောက်ခေတ် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ဆီပြည်နယ် မြို့တော်ရှီအန်းဖြစ်သည်။
၈၀၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် သရေခေတ္တရာ ပျူမြို့ပြနိုင်ငံမှ အိမ်ရှေ့မင်းသား သုနန္ဒခေါင်းဆောင်သော ချစ်ကြည်ရေး သံတမန်အဖွဲ့နှင့်အတူ ပျူယဉ်ကျေးမှုဂီတ အနုပညာအဖွဲ့သည် ထန်ဧကရာဇ်နိုင်ငံ ချန်အန်းမြို့သို့ သွားရောက်ခဲ့သည်။
ချန်အန်းမြို့သို့ရောက်သည့်အခါ ထန်ဧကရာဇ်ထယ်ကျုံးက လှိုက်လှဲပျူငှာစွာ ကြိုဆိုခဲ့သည်။ ပျူဂီတအနုပညာအဖွဲ့သည် ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်တူရိယာ ၂၂ မျိုးဖြင့် ဗုဒ္ဓ၏တံဆိပ်တော် (ပျူအမည် မော့်ထော်မီ)၊ လက်ပံပန်း ချီးမွမ်းခန်း(ပျူအမည် လုန်မန်တိ)၊ ခိုဖြူ(ပျူအမည် တာတူး)၊ ကြိုးကြာဖြူ၏ခရီး(ပျူအမည် စူးမန်တီလီ)စသည်ဖြင့် တေးသီချင်း ၁၂ ပုဒ်သီဆို၍ ငြိမ့်ညောင်းသာယာစွာ တီးမှုတ်ဖျော်ဖြေတင်ဆက်သည်။
ပျူယဉ်ကျေးမှုအဖွဲ့၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဒူးကိုဖုံးလွှမ်းထားသည့် ဝါဂွမ်းနှင့် ရက်လုပ်ထားသော အနီရင့်ရောင်ချည်ပိတ်ပါးဝတ်စုံများကို ဝတ်ဆင်ကြသည်။ ပခုံးနှစ်ဖက်အပေါ်မှ ချိုင်းကြားအောက်သို့လျှိုပြီး လွှမ်းရုံထားပြီး ကျောက်မျက်များဖြင့် စီတပ်ထားသောလက်ကောက်၊ လက်ကျပ်နှင့် ခြေချင်းများကိုဝတ်ဆင်ထားသည်။
ရွှေဦးပေါင်းကိုလည်းဆောင်းထားသည်။ လက်ဝဲလက်ယာနားနှစ်ဖက်တွင်နားဆွဲများကို ဆင်ယင်ထားသည်။ ပန်းများကို သီကုံး၍ပန်ထားသည်။
ဆံထိုးဆံညှပ်နှစ်ခုပါရှိ၍ အမွေးနု(ငှက်မွေး)များဖြင့် တန်ဆာဆင်ယင်ထားသည်။ အကပညာသည်များသည်အစီအစဉ်တစ်ခုပြီးဆုံးလျှင် ဦးညွှတ်၍ကန်တော့ကြသည်။
အထက်ပါအကြောင်းအရာများမှာ ပျူနိုင်ငံတော်မှ တရုတ်နိုင်ငံသို့ လာရောက်ကြသည့်ချစ်ကြည်ရေးကိုယ် စားလှယ်အဖွဲ့များအကြောင်းကို ထန်မင်းဆက်(အေဒီ ၆၁၈ မှ ၉၀၅)၊ တရုတ်စာရေးဆရာများ၏ ရေးသားချက်များနှင့် တရုတ်ခရီးသွားများ ဖြစ်ကြသည့် ချွန်ချောင်၊ အိုင်ချင်းတို့ရေးသားခဲ့သော ဘုရားဖူးမှတ်တမ်းများတွင် ဖော်ပြထားသည့် မှတ်တမ်းများဖြစ်သည်။ အဆိုပါမှတ်တမ်း
များတွင် ယခုထက်ပိုမိုပြည့်စုံစွာ မှတ်တမ်းတင်ထားသည်။ ပျူနိုင်ငံသံတမန်အဖွဲ့တွင် ဂီတအနုပညာရှင် ၃၅ ဦးပါရှိကြောင်းနှင့် ပျူဂီတ ၂၂ မျိုးပုံများကိုရေးဆွဲကာ မှတ်တမ်းတင်ထားသည်မို့ ယနေ့တိုင်သိရှိရခြင်းဖြစ်သည်။ ယဉ်ကျေးမှုချင်း နီးစပ်လှသည့် မြန်မာ-တရုတ်ဆက်ဆံရေးမှာ ရှေးယခင်ကတည်းက ရှိနေခဲ့ကြောင်းကို ဤသို့သော သမိုင်းကြောင်း အထောက်အထားအရ သိရှိနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုအခါ တရုတ် နှစ်သစ်ကူးနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်။
ထိုသို့သတ်မှတ်ပေးခြင်းမှာ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ယခုကဲ့သို့ရှည်လျားသည့် သမိုင်းကြောင်းများနှင့် နှစ်နိုင်ငံဆက်ဆံရေး တည်ရှိမှု၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်ဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ်မှစတင်ပြီး တရုတ်နှစ်သစ်ကူးနေ့ကို နိုင်ငံတော်၏ တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသကဲ့သို့ နှစ်သစ်ကူးပွဲတော်နေ့တွင်လည်း နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်တက်ရောက်အားပေး ချီးမြှင့်လျက်ရှိသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံသည် နှစ်ပေါင်းထောင်ချီသည့် ဆက်ဆံရေးနှင့် ရှည်လျားသည့်နယ်နိမိတ် ထိစပ်နေခြင်းကြောင့် ခိုင်မာသည့်ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ရေး စသည့်ဆက်ဆံရေးမျိုးကို ထူထောင်နိုင်ခဲ့သည်။ ယခုအခါ မြန်မာ-တရုတ်သံတမန် ဆက်ဆံရေးမှာ (၇၅)နှစ်မြောက် စိန်ရတုသို့ရောက်ရှိလာပြီဖြစ်သည်။
နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ခိုင်မြဲသော ဆက်ဆံရေးဖြင့် ကောင်းမွန်သော အနာဂတ်လမ်းသို့ ရည်သန်လျှောက်လှမ်းကြလျက် ရှိသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှာ အေးအတူပူအမျှ အသိုက်အဝန်းတစ်ခုအဖြစ် အတူယှဉ်တွဲနေထိုင်လျက် ရှိသောကြောင့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ အပြန်အလှန်ကူညီ ဆောင်ရွက်ပေးလျက်ရှိသည့် သမိုင်းမှတ်တိုင်များကို အခိုင်အမာ စိုက်ထူခဲ့ကြပြီးလည်းဖြစ်သည်။
ရှေးဘုရင်များလက်ထက်ကတည်းကပင် ရွှေလမ်း၊ငွေလမ်း ဖောက်ပြီး နှစ်ပြည်ထောင်ချစ်ကြည်ရေးကို ခိုင်ခိုင်မြဲမြဲ တည်ဆောက်ခဲ့ကြသည်မှာ ယနေ့ထက်တိုင်ဖြစ်သဖြင့် ဆွေမျိုးပေါက်ဖော်ရှိရင်းစွဲ သံယောဇဉ်တရား၊ မေတ္တာတရားများကို အဖိုးတန်အမွေကောင်းများ အဖြစ် လက်ခံကျင့်သုံးပြီး အေးချမ်းသာယာသည့် လူမှုအသိုက်အဝန်းတစ်ခုကို ထူထောင်နေကြသည်မှာ ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံး ကြည်နူးချမ်းမြေ့ဖွယ်ရာဖြစ်သည်။
ဤသို့လျှင် သမနိရှည်ကြာခဲ့ပြီဖြစ်သည့် နှစ်နိုင်ငံဆက်ဆံရေး သမိုင်းကြောင်း၊ သမိုင်းကောင်းအား အလေးအနက်ထားသော အားဖြင့် ဇွန်လ ၈ ရက်(ယနေ့)တွင် မြန်မာ-တရုတ်သံတမန် ဆက်ဆံရေး(၇၅)နှစ်မြောက် စိန်ရတုအခမ်းအနားအား နေပြည်တော်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲမည်ဖြစ်ကြောင်း ကြားသိရသည်။ ရေကိုသား၍ အကြားမထင်သကဲ့သို့ ချစ်ကြည်ရင်းနှီးစွာကျင်းပဆင်နွှဲကြမည်ဖြစ်ရာ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ စိန်ပွင့်များကဲ့သို့ ခိုင်ကျည်မာကြောကာ အနာဂတ်ကာလများသို့တိုင် ထာဝစဉ်တောက်ပ နေမည်ဖြစ်ပါကြောင်း လှိုက်လှဲဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။ ။