မိုးရာသီနှင့် သွေးလွန်တုပ်ကွေးရောဂါ
Posted_Date
Image

Body
“အာရောဂျံပရမံလာဘံ” ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ လူအများစုသည် ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသောအချိန်မှသာသိရှိကြသည်။ ကျန်းမာနေချိန်တွင် ဖြစ်သလို နေထိုင်စားသောက်ကြသည်။ လူတစ်ဦးသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ မျှတအောင် ပြုမူနေထိုင်စားသောက်နေမှသာလျှင် ကျန်းမာချမ်းသာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ လူသားအားလုံး၏ တောင့်တမှုသည် သက်ရှည်ကျန်းမာပြီး ကြွယ်ဝချမ်းသာစွာနေထိုင်နိုင်ရေးပင်ဖြစ်သည်။ လက်ရှိအချိန်တွင် သွေးလွန်တုပ်ကွေးရောဂါသည် လူကြီးလူငယ် အသက်အရွယ်ပေါင်းစုံကိုခြိမ်းခြောက်လာ လျက်ရှိသဖြင့်တင်ကာကွယ်ရေးနည်းလမ်းများအတိုင်းလိုက်နာကျင့်ကြံနေထိုင်သွားရန်လိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါ
သွေးလွန်တုပ်ကွေးရောဂါသည်ဗိုင်းရပ်ပိုးကူးစက်ခြင်းကြောင့်ဖြစ်ပွားပြီး သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်သည့် ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားသည်။ ထိုခြင်များ၏ ခန္ဓာကိုယ်တွင် အဖြူအစက်များပါရှိသည့်အတွက် ခြင်ကျားဟုခေါ်ခြင်းဖြစ်သည်။ ခြင်ကျားများသည် ရေကြည်ရေသန့်တွင် အဓိကပေါက်ပွားကြပြီး နေ့အခါတွင် လူများကိုကိုက်လေ့ရှိသည်။
သွေးလွန်တုပ်ကွေးရောဂါတွင် Dengue Fever၊ သွေးလွန်တုပ်ကွေး(Dengue Hemorrhagic Fever) နှင့်သွေးလန့်ခြင်း (Dengue Shock Syndrome) ဟူ၍အဆင့်ဆင့်ဖြစ်ပွားတတ်သော ရောဂါ ဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၁၅ နှစ်အောက်တွင် အများဆုံး ဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိသည်။ ကျား၊ မ မရွေး တောရောမြို့ပါ နေရာမရွေးဖြစ်ပွားလေ့ရှိသောရောဂါဖြစ်သည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အဖြစ် အများဆုံးဖြစ်သည်။
ရောဂါလက္ခဏာများ
သွေးလွန်တုပ်ကွေးလက္ခဏာများသည် ရောဂါပိုးသယ်ဆောင်ထားသည့် ခြင်ကိုက်ခံရပြီး ပျမ်းမျှ လေးရက်မှ ခြောက်ရက်အကြာတွင် စတင်ပြသပြီး အောက်ပါအတိုင်း တွေ့ရှိရသည်-
Dengue Fever ရောဂါတွင် ရုတ်တရက် လတ်တလော အဖျားတက်လာခြင်းနှင့်အတူ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မစားချင်/ မသောက်ချင်ဖြစ်ခြင်းနှင့် တစ်ခါတစ်ရံ တွင် ခန္ဓာကိုယ်၌ အစက်အပြောက်များပေါ်လာခြင်းတို့ဖြစ်တတ်သည်။ ထို့ကြောင့် ပုံမှန်ရာသီအကူး အပြောင်းတွင် ဖြစ်တတ်သည့် တုပ်ကွေးရောဂါနှင့် ကွာခြားမှုမရှိသောကြောင့်များသောအားဖြင့် Dengue Fever မှန်းမသိလိုက်ကြပေ။ သွေးပေါင်ချိန်တိုင်းကိရိယာဖြင့်စစ်ဆေးတိုင်းတာကြည့်ပါက လက်ဖျံတွင်အစက်အပြောက်များပေါ်လာသည်မှလွဲ၍ အခြားစိုးရိမ်ရသည့်လက္ခဏာများ မရှိပါ။ မိဘအုပ်ထိန်းသူများအနေဖြင့် တုပ်ကွေးဖျား (အထူးသဖြင့် ကလေးသူငယ်များ) ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေကို ထည့်သွင်း စဉ်းစားသွားရန်လိုအပ်ပေသည်။
သွေးလွန်တုပ်ကွေးရောဂါ (Dengue Hemorrhagic Fever)နှင့် သွေးလန့်ခြင်း (Dengue Shock Syndrome)စိုးရိမ်ရသည့်လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပြီး ၎င်းလက္ခဏာတစ်ခုခုတွေ့ရှိခဲ့လျှင် နီးစပ်ရာဆေးရုံ/ဆေးခန်းသို့ ချက်ချင်းခေါ်ဆောင်ပြသရန်လိုအပ်သည်-
ခန္ဓာကိုယ်တွင်းသွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင်အဖတ် အမျှင်လေး များပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်းသွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း၊ ခန္ဓာကိုယ်တွင် သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း၊ ကိုယ်အပူချိန် ရုတ်တရက် ကျဆင်းသွားခြင်း (များသောအားဖြင့် စဖျားသည့်နေ့မှ သုံးရက်မြောက်တွင် ဖြစ်တတ်သည်။) ရုတ်တရက် ဗိုက်အောင့်လာခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း သို့မဟုတ် အရမ်းမှိန်းလာခြင်း၊ ခြေဖျား၊ လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း၊ သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍မရသည့်အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် ၂ဝ မီလီမီတာ မာကျူရီ သို့မဟုတ် ထို့ထက်နည်းခြင်း၊ အစာနှင့်ရေမဝင်နိုင်လောက်အောင် အဆက်မပြတ်အန်ခြင်း တို့ဖြစ်ပြီး ကလေးကိုယ်အပူချိန်ကျဆင်းသွား၍ မှိန်းလျှင်/အိပ်နေလျှင် အန္တရာယ်ရှိသောအခြေအနေ ဖြစ်နိုင်သည်။
ကုသမှုနည်းလမ်းများ
ကလေးငယ်များသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျှင် အောက်ဖော်ပြပါအတိုင်း စနစ်တကျစောင့်ကြည့် ကုသမှုများလုပ်ဆောင်သွားရန်လိုအပ်ပေသည်-
ဂရုတစိုက်ကြည့်ရှုခြင်း (သွေးပေါင်မှန်မှန်ချိန်ခြင်း၊ ကလေးအခြေအနေ စောင့်ကြည့်ခြင်း)၊ ကိုယ်အပူချိန် အတွက် ပါရာစီတမော(Paracetamol) တိုက်ကျွေးနိုင်ခြင်းနှင့် ရေဖတ်တိုက်ပေးခြင်း၊ အရည်ပြန်လည် ဖြည့်တင်းပေးရန် လိုအပ်သဖြင့် ဓာတ်ဆားရည်သောက်ခြင်း၊ အသီးအနှံဖျော်ရည်များ သောက်ပေးခြင်း၊ နို့တိုက်ကလေးငယ်များကို မိခင်နို့ဆက်လက်တိုက်ကျွေးခြင်းတို့လုပ်ဆောင်ရန်လိုအပ်သည်။
ဖျားနေသည့်ကလေးကိုအစားအသောက်မကျွေးခြင်းမျိုးကို မပြုလုပ်သင့်ပါ။ ကလေးစားချင် သောက်ချင်စိတ်ရှိမည်ဆိုပါက မည်သည့်အစားအစာမဆို ကျွေးနိုင်သည်။ သို့သော် ကလေးကို အညိုရောင်အရည်များ(ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ မိုင်လို၊ အိုဗာတင်း) တိုက်ကျွေးခြင်းကို ရှောင်ရမည်။ အကြောင်းမူကား သွေးလွန်တုပ်ကွေးဖြစ်သည့်ကလေးများသည် အစာအိမ်လမ်းကြောင်း တစ်လျှောက်တွင် သွေးကြောလေးများမှ သွေးယိုစိမ့်ပြီး အညိုရောင်များ အန်တတ်သဖြင့် ကော်ဖီကဲ့သို့ အညိုရောင်ရှိသည့်အရည်များ တိုက်ကျွေးသည့်အခါ ခွဲခြားရခက်ခဲသောကြောင့်ဖြစ်သည်။
Dengue Fever တွင် သွေးဥမွှားအရေအတွက် ၁ဝဝ အောက်ကျနေသူများ၊ သွေး လန့်သည့် လက္ခဏာ ရှိသူများ၊ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို စသည့်သွေးယိုစီးသည့်လက္ခဏာ ရှိနေသူများ၊အလွန် အမင်းအန်နေခြင်း၊အရည်မသောက်နိုင်ခြင်းတို့ဖြစ်နေသည့်သူများ၊သက်ဆိုင်ရာတာဝန်ခံ ဆရာ ဝန်မှ ဆေးရုံတက်ရန်လိုအပ်သည်ဟုဆုံးဖြတ်ပေးထားသူများ၊ ဆေးရုံနှင့် အသွားအလာခက်သည့် နေရာတွင်နေသူများ၊ပို့ဆောင်ရေးခက်ခဲသည့် ဒေသတွင်နေသူများကို ဆေးရုံတင်ရန်လိုအပ်သည်။ ဆေးရုံ၊ ဆေးခန်းသို့အချိန်မီမရောက်ရှိနိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံး သည်အထိဖြစ်နိုင်သည်။ ထို့ပြင် သက်ဆိုင်ရာဆေးရုံမှ တာဝန်ခံဆရာဝန်၏ ခွင့်ပြုသည့်အချိန်မတိုင်သေးဘဲ ဆင်းပါက ဆိုးကျိုးများဖြစ်ပြီး ကလေးကို ထိခိုက်မည်ဖြစ်ကြောင်း မိဘ သို့မဟုတ် မိသားစု ဝင်များကို သတိပေးပြောကြားထားသင့်သည်။ ဆေးရုံဆင်းပြီးပါက တစ်ပတ်ခန့် အနားယူရန်လိုအပ်သည်။
ကာကွယ်နှိမ်နင်းရန်လို
ခြင်ကျားကိုက်ခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါသည် ယခင်က မိုးရာသီတွင် လူငယ်များ၌သာအဖြစ်များသော်လည်း လက်ရှိအချိန်တွင် အသက်အရွယ်ပေါင်းစုံ၌ ရာသီမရွေး ဖြစ်ပေါ်လျက်ရှိသည်။ အထူးဂရုစိုက်ကာကွယ်သွားရန်လိုအပ်ပေသည်။ အထူးသဖြင့် ကျန်းမာရေး အသိပညာပေး ခြင်းနှင့် မှန်ကန်သောအလေ့အကျင့်များပေါ်ထွန်းလာစေရေးအတွက် သွေးလွန် တုပ်ကွေးရောဂါ လက္ခဏာများကို ကျန်းမာရေးအသိပညာပေးခြင်း၊ ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းစဉ်များသင်ကြားပေးခြင်း (ဥပမာ- ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ လောင်း၊ ထောင်၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ် လုပ်ငန်းစဉ်များ)၊ ရောဂါဖြစ်ပွားမှုများလာပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီသတင်းပေးပို့ရန် အသိပညာပေးခြင်းနှင့် သွေးလွန်တုပ်ကွေးလူနာရှိသောနေအိမ်နှင့် ပတ်လည်တွင် သွေးလွန်တုပ်ကွေးဖြစ်စေသော ခြင်များသေစေရန်အတွက် ခြင်ဆေးမှုတ်လုပ်ငန်းများကိုလုပ်ဆောင်သွားရန်လိုအပ်သည်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာအလိုက် တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ခြင်ကျား၊ ပိုးလောက်လမ်းနှိမ်နင်းခြင်းလုပ်ငန်းဆောင်ရွက်ခြင်း၊ ခြင်ကျား၊ ပိုးလောက်လမ်း အဓိကပေါက်ပွားတတ်သော အိမ်တွင်း၊ အိမ်ပြင်ရှိ ရေသိုလှောင်ထားသည့် အိုးခွက်များ (ဥပမာ- စဉ့်အိုး၊ အုတ်ရေကန်၊ ဘုရားပန်းအိုး၊ နတ်စင်အိုး စသဖြင့်)ကို ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ မလိုအပ်သည့် အိုး၊ ခွက်၊ ဘက်ထရီအိုး၊ တာယာဟောင်း စသည်တို့ကို စနစ်တကျမြေမြှုပ်ပစ်ခြင်း၊ ရေအောင်းပြီး ခြင်ပေါက်ပွားနိုင်သော ဝါးငုတ်၊ သစ်ခေါင်းများကို ရှင်းလင်း၊ မြေဖို့ခြင်း၊ မသွန်နိုင်၊ မလှယ်နိုင်သော ရေစည်၊ ရေကန်များတွင် ပိုးလောက်လမ်းသတ်ဆေး(အဘိတ်ဆေး)ခတ်ခြင်း၊ ကျောင်း များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ခြင်ကျား ကင်း စင်သည့် ကျောင်းများထူထောင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးပညာပေးခြင်း၊ သောကြာနေ့တွင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ပိုးလောက်လမ်း စစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း၊ ကျောင်းတွင် တစ်ပတ်လျှင်တစ်ကြိမ် နာရီဝက်ခန့် အချိန်ပေး၍ ပိုးလောက်လမ်းရှာဖွေစေခြင်း၊ ရေလှယ်ခြင်း၊ သွန်ခြင်း၊ တစ်ပတ်အတွင်း နောက်ဆုံး ကျောင်းတက်ရသည့်နေ့ (သောကြာ)တွင် သောက်ရေအိုးများနှင့် တခြားအိုးများကို ပွတ်တိုက်ဆေးကြော၍ ကျောင်းပိတ်ရက်များတွင် မှောက်ထားခဲ့ခြင်းတို့ကိုဆောင်ရွက်သွားသင့်သည်။
ထို့ပြင် တစ်ဦးချင်းအနေဖြင့်လည်း ခြင်ကိုက်မခံရစေရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ထားခြင်း၊ အိပ်သည့်အခါတိုင်း နေ့/ည မရွေး ခြင်ထောင်ဖြင့်အိပ်ခြင်း(ဖြစ်နိုင်ပါက) ဆေးစိမ်ခြင်ထောင် ဖြင့်အိပ်ခြင်း၊ ခြင်နိုင်ဆေးလိမ်းခြင်း၊ အိမ်များတွင် ခြင်လုံဆန်ခါတပ်ဆင်ခြင်းတို့ ပြုလုပ်သင့်သည်။
မိုးရာသီနှင့်သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်
ဆိုရလျှင် သွေးလွန်တုပ်ကွေးသည် ရောဂါပိုးရှိသည့် ခြင်ကျားကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။ အကောင်းဆုံးကာကွယ်နည်းမှာ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းနှင့် ခြင်ကျား မပေါက်ပွားနိုင်အောင် ပြုလုပ်ခြင်းတို့ဖြစ်သည်။ မိုးတွင်းကာလသာမက မည်သည့်အချိန်တွင်မဆို ကလေးများဖျား နာလျှင် သွေးလွန်တုပ်ကွေးအန္တရာယ်ကို သတိပြုသွားရန်လိုအပ်သည်။
အသက်အန္တရာယ်ရှိသည့်ရောဂါဖြစ်သော်လည်းအလွယ်တကူကာကွယ်နိုင်သော ရောဂါဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးသံသယရှိပါကဆေးရုံ၊ ဆေးခန်းများတွင် ချက်ချင်းသွားရောက် ပြသသင့်သည်။
အထူးဂရုပြုသင့်သောအချက်မှာ သွေးလွန်တုပ်ကွေးသည် ယခင်ဖြစ်ဖူးသည့်သူများတွင် နောက်တစ်ကြိမ်ဖြစ်လျှင် ပိုမိုဆိုးရွားတတ်သောကြောင့် အထူးသတိထားရန်လိုအပ်သည်။ရာသီတစ်ခုတည်း မှာပင်နှစ်ကြိမ်ပြန်ဖြစ်နိုင်သည့်အတွက်ပထမတစ်ကြိမ်ဖြစ်ပြီးဟု သဘောထားပြီး ပေါ့ဆ၍မရ သည့် ရောဂါဖြစ်သည်။ ထို့ကြောင့် မိုးရာသီတွင် အဖြစ်များတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် စေတနာဖြင့်တိုက်တွန်း အကြံပြုရေးသား အပ်ပါသည်။ ။
MWD Web Portal