အစာစားချင်စိတ်မရှိတာ ဘာကြောင့်လဲ
Posted_Date
Image

Body
သင် တစ်ခါတစ်ရံ အစာစားချင်စိတ် ကင်းမဲ့နေပါ လိမ့်မည်။ ဘာစားချင်သလဲမေးလျှင် ဘာပြောရမှန်း မသိ၊ စားချင်စိတ်မရှိသဖြင့် စားချင်တာကို မသိခြင်း ဖြစ်သည်။ အိမ်ရှင်မက ဈေးခြင်းကိုင်ပြီး ဈေးသွားခါနီး လျှင် ဒီနေ့ဘာစားချင်သလဲဟု မေးလေ့ရှိသည်။ ထိုအခါ ဘာပြောရမှန်းမသိဖြစ်ပြီး-"ကြုံတာသာ ဝယ်ချက်ပါကွာ၊ ဘာမှ စားချင်စိတ် မရှိဘူး" ဟု ပြောလိုက်ရသည်။
လူကိုအစာစားချင်စိတ်ဖြစ်စေသောအရာမှာ အစာအိမ်မှ ဝမ်းမီးဖြစ်သည်။ ဝမ်းမီးတောက်နေပြီဟု ပြောလျှင် ဗိုက်ဆာလှပြီ၊ ခြေဖို့အစာကို အစာအိမ်က တောင့်တနေပြီ၊ မြန်မြန်စားပါတော့ဟု ဆိုလိုသည်။
ဝမ်းမီးငြိမ်းသွားပြီဆိုလျှင် ယနေ့အဖို့ အစာဝပြီ၊ ပြည့်စုံပြီ၊ နောက်ထပ်စားရန်မလိုတော့သဖြင့် အစာ အိမ်မှ မီးဖိုကြီးကို ငြှိမ်းလိုက်ပြီဟု သဘောပေါက် ရလေသည်။ သို့သော် ဝမ်းမီးငြိမ်းခြင်းသည် တစ်နေ့တာအတွက်သာ ငြိမ်းခြင်းဖြစ်ပြီး နောက်တစ်နေ့အချိန်တန်လျှင် ဗိုက်ပြန်ဆာပြီး ဝမ်းမီးပြန်တောက်ဖို့လိုသည်။ အမြဲငြိမ်းသွားဖို့မဟုတ်။ ဝမ်းမီး အမြဲငြိမ်းသွားသည်ကား လူသေဆုံးခြင်းပင်ဖြစ်သည်။
ဝမ်းမီးငြိမ်းခြင်းအပြင် ဝမ်းမီးပျက်ခြင်းဟူသော စကားလည်းရှိသေးသည်။ လူနာက အစာကို လက်မခံ တော့၊ ဘာကျွေးကျွေးမဝင်၊ ဝင်လျှင်လည်း ပြန်အန် ထုတ်သည်။ ဝမ်းသွားလျှင် မကြေသောအစာများမှာအဖတ်များအတိုင်း ပြန်ပါလာသည်။
ဝမ်းမီးအလုပ်မလုပ်တော့သောအခြေအနေကို ဝမ်းမီးပျက်သည်ဟုဆိုသည်။ အိမ်တွင် မီးမလာသောအခါ မီးစက်နှိုးကြသည်။ မီးစက်နှိုးမရသောအခါ မီးစက်ပျက်သွားပြီဟု ဆိုကြသည်။ ပူအိုက်ခြင်း၊ မှောင် မည်းခြင်းဒဏ်အမျိုးမျိုးကို ခံစားကြရသည်။
ထို့အတူ ဝမ်းမီးပျက်လျှင်လည်း ထိုလူနာမှာ ပူလောင်ခြင်း၊ ရေငတ်ခြင်း၊ သွေးထွက်ခြင်း၊ ဝမ်းပျက်ခြင်း၊ သတိလစ်ခြင်းတို့ကို ခံစားရလေသည်။ ထို့ ကြောင့် ရှေးသမားတော်ကြီးများကရေးသော ဆေးကျမ်းများတွင် ဝမ်းမီးပျက်သော် သိကြားမင်းဆင်းကုသော်မှ မရဟု ဆိုကြသည်။ဝမ်းမီးငါးမျိုးရှိသည်ဟု ဆေးကျမ်းများက ဆိုသည်။
မန္ဒဝမ်းမီး-အားပျော့သော ဝမ်းမီး၊ တိက္ခဝမ်းမီး- ထက်သော ဝမ်းမီး၊ သမဝမ်းမီး-မျှတသော ဝမ်းမီးတို့ ဖြစ်သည်။ဤသုံးမျိုးသည် လူတို့တွင် အခြေအနေ၊ အချိန်အခါ၊ အသက်အရွယ်လိုက်၍ အစာအိမ်အတွင်း မကြာခဏ ပြောင်းလဲဖြစ်တတ်သော ဝမ်းမီးများဖြစ်သည်။ဆေးကျမ်းများအဆို ကျန်ဝမ်းမီးနှစ်မျိုးမှာကား ရောဂါဖြစ်နေသူများအဆင့်တွင် တွေ့ရလေ့ရှိသော ဝမ်းမီးမျိုးဟု ဆိုရမည်ဖြစ်သည်။
ယင်းနှစ်မျိုးမှာ ဝိသမဝမ်းမီး-ပျက်စီးနေသော ဝမ်းမီးနှင့် ဘဿဝမ်းမီး-ပြာကျအောင် လောင်သော ဝမ်းမီးဟု ဆေးပညာကျမ်းများအဆိုအရ သိရသည်။ဤဝမ်းမီးငါးမျိုးအနက် မန္ဒဝမ်းမီး ခေါ် နုံ့သော ဝမ်းမီး တစ်နည်းအားဖြင့် အားလျော့သောဝမ်းမီး အကြောင်းကိုသာ ဤဆောင်းပါးတွင် တင်ပြလိုက် ရပါသည်။သမုဒ္ဒရာဝမ်းတစ်ထွာဟုဆိုရာဝယ် ကိုယ့်ဝမ်း အတွက်သာမက သူတစ်ပါးဝမ်းအတွက်၊ မိသားစု ဝမ်းအတွက်ပါ ရှာဖွေကြရသူများတွင် စားချိန်တန်၍ မစားရ၊ အချိန်လွန်မှစားရသောနေ့များရှိကြပေ လိမ့်မည်။
လူတချို့ပြေလည်နေကြသော်လည်း မပြေလည် ကြသူများမှာ အစာကို စားရပြန်သော်လည်း ဝဝလင် လင်မစားရ၊ ခွဲတမ်းနှင့်သာ စားရသူများရှိကြသည်။ဝမ်းမီးဟူသည် စိတ်နှင့်ဆက်နွှယ်နေသော သဘာဝ ရှိသဖြင့် စားစရာမရှိတော့၊ မကျန်တော့သဖြင့် အာသီသ မပြည့်ဝဘဲ ရပ်လိုက်ရသောအခါတွင် ဝမ်းမီးကလည်း အားလျော့သွားရလေသည်။
ဈေးရောင်းရသူမိတ်ဆွေတစ်ဦးက ပြောဖူးသည် မှာ သူတို့မိသားစု ထမင်းစားလျှင် ဘယ်သောအခါ တွင်မျှ စုံစုံညီညီမစားရ။ တစ်ဦးစားလျှင် ကျန်သူ များက ဈေးရောင်း၊ အလှည့်ကျစားရသဖြင့် ထမင်းက မမြိန်၊ တစ်ခါတစ်ရံ စားလက်စကို ရပ်လိုက်ရသည့်အခါ များလည်းရှိသည်။အလုပ်ရှုပ်သူ၊ အလုပ်များသူ၊ အလုပ်မအားလျှင် အစာမစားသူများ သတိထားရန်မှာ ဝမ်းမီးအားလျော့ သွားခြင်းကြောင့် မန္ဒဝမ်းမီးရောဂါရရှိလာနိုင်ခြင်း ဖြစ်သည်။ ဘယ်အချိန်မှာ ငါအစာစားမလဲ၊ စားမည့် အချိန်တွင် အလုပ်နှင့်မတွဲဘဲ လွတ်လပ်စွာစားသောက် နိုင်မည့်အနေအထားကို ကြိုတင်စဉ်းစားထားပါ။
"အစာက အရေးမကြီး၊ အလုပ်က အရေးကြီးသည်။ အလုပ်ကသာ အောင်မြင်မှုကို ပေးနိုင်သည်" ဟု ယူဆထားသူများထဲမှ ထင်ရှားအောင်မြင်သော ပုဂ္ဂိုလ် ကြီးတစ်ဦးသည် အစာအိမ်ရောဂါ နှစ်ရှည်ခံစားပြီးမှ ကွယ်လွန်သွားရသည်ကို တွေ့မြင်ဖူးသည်။အစာအိမ်ကင်ဆာရောဂါဖြစ်နေသူ အတော်များ များကို လေ့လာကြည့်ရာ ဖြစ်စတွင် အစာမကြေ၊ စားလျှင် ပြန်ပြန်အန်ထွက်ရာမှ စသည်။ မန္ဒဝမ်းမီး ကြောင့် အစာခြေရည်မထွက်၊ မခြေနိုင်ခြင်းက စတင် ခြင်းဖြစ်သည်။
အစာမကြေလျှင် အစာကြေဆေးသောက်ရမည်။ အစာကြေဆေးသောက်လိုက်လျှင် အစာကြေသွား မည်ဟုထင်လျှင်မှားမည်။မူလဝမ်းမီးအားဖြင့် ခြေထားသောအစာကို ၇၀ ရာခိုင်နှုန်းကြေပြီးမှ ခန္ဓာကိုယ်အားနည်း၍အစာခြေရည်ဆက်ထွက်မလာလျှင် ကျန် ၃၀ ရာခိုင်နှုန်းကို အစာခြေဆေးများက ကူညီပေးနိုင်သည်။ ဝမ်းမီးအားလျော့ပြီး မန္ဒဝမ်းမီးနုံ့နေလျှင် အစကတည်းက မကြေသောအစာများကို အစာကြေဆေးက ခြေပေးနိုင်မည်မဟုတ်ပါ။အစာကြေခြင်းတွင် ကျမ်းများအဆိုအရ အဆင့် ခုနစ်ဆင့်အထိ ကြေချက်ရသည်။
ခန္ဓာကိုယ်ကြီးအတွက် ပထမအဆင့် အစာကြေလျှင်ရသရည်ဖြစ်သည်။ ဒုတိယအဆင့် အစာကြေလျှင် သွေးဖြစ်သည်။ တတိယအဆင့် အစာကြေလျှင်အသားဖြစ်သည်။ စတုတ္ထအဆင့်အစာကြေလျှင်အဆီ ဖြစ်သည်။ ပဉ္စမအဆင့်အစာကြေလျှင် အရိုးဖြစ်သည်။ ဆဋ္ဌမအဆင့်အစာကြေလျှင် ခြင်ဆီဖြစ်သည်။ သတ္တမ အဆင့်အစာကြေလျှင် သုက်ဖြစ်သည်။
အကျယ်ကိုမဖော်ပြနိုင်သော်လည်း ဝမ်းမီးအား မကောင်းလျှင် အဆင့်ဆင့်မကြေချက်နိုင်သဖြင့် ရသ ရည်အဆင့်တွင်ပင်ကြေပြီး နောက်အဆင့်များမရောက် နိုင်လျှင် အသွေး၊ အသား၊ အရိုး အားရှိသောဓာတ်များ ခန္ဓာကိုယ်က ရရှိတော့မည်မဟုတ်ပါ။
လမ်းလျှောက်ပေးခြင်းသည် ဝမ်းမီးကိုတောက် စေသော သတ္တိအပြည့်ရှိသည်။ လူတိုင်း လမ်းလျှောက်ချိန် တစ်ရက်လျှင်နှစ်နာရီပေးသင့်သည်။ သီးသန့် လမ်းလျှောက်ချိန်မရှိပါက အလုပ်နှင့်မဝေးလွန်းလျှင် လမ်းလျှောက်ပြီးသွားပါ။ ဝမ်းမီးပြန်ကောင်းလာရန် ငွေမကုန်သော ဆေးကုသနည်းဖြစ်သည်။
အစာမကြေမန္ဒဝမ်းမီးရောဂါရပြီထင်လျှင် အစာ စားပြီးချိန်တွင် ထိုင်မနေပါနှင့်။ ဝမ်းမီးအားနည်းသော် အစာစားပြီးလျှင် အိပ်ချင်ငိုက်မျဉ်းလာလေ့ရှိသည်။ မအိပ်ပါနှင့်၊ ထပြီး လမ်းအနည်းငယ်လျှောက်လိုက် ပါ။ လမ်းလျှောက်လျှင် အစာအိမ်နံရံကြွက်သားများကို လှုံ့ဆော်သလိုဖြစ်ပြီး အစာခြေရည်ထွက်ကျလာ ပါလိမ့်မည်။ ထိုအခါ မန္ဒဝမ်းမီးရောဂါကို ကုသပေး ရာရောက်ပါလိမ့်မည်။
အစာအိမ်ကျန်းမာမှ လူကျန်းမာမည်။မန္ဒဝမ်းမီးရောဂါဘေး ကင်းဝေးကြပါစေ။
MWD Web Portal
Photo - Istock