ကလေးငယ်များဖျားနာရခြင်းနှင့်အကြောင်းအရင်းများ

Posted_Date

Image

ကလေးငယ်များဖျားနာရခြင်းနှင့်အကြောင်းအရင်းများ

Body

ခုရက်ပိုင်း ကလေးတွေ အန်တာ၊ ဖျားတာတွေ ခပ်စိတ်စိတ်ကြားရပါတယ်။ ဒါကြောင့် မိဘများ ဆောင်ရန်၊ရှောင်ရန်တွေသိရစေဖို့ ဒီဆောင်းပါးကိုရေးသားလိုက်ပါတယ်။

ယေဘူယျအားဖြင့် ခန္ဓာကိုယ်အပူချိန် 100.4°F (38°C) ထက်ပိုမြင့်တယ်ဆိုရင် ကလေးတစ်ဦဖျားနေပြီလို့ သတ်မှတ်ယူဆပါတယ်။

💠ကလေးဖျားရတဲ့အကြောင်းအရင်းများကတော့

-Respiratory Syncytial Virus သကဲ့သို့သော ဗိုင်းရပ်စ်ကူးစက်မှုများ
-နားပိုးဝင်ခြင်း
-ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs)
-အဆုတ်ရောင်ခြင်းကဲ့သို့ ဘက်တီးရီးယားပိုးဝင်ခြင်း
-ကာကွယ်ဆေးထိုးခြင်း
-သွားကိုက်ခြင်း (သွားပေါက်ခြင်း)
-အပူလွန်ကဲခြင်းစတဲ့အချက်တွေကတော့ အဖြစ်များတဲ့ အကြောင်းအရင်းတွေပါ။

📍ပိုသတိထားရမယ့်အရွယ်

မွေးကင်းစကလေးများနဲ့ အသက်၆လအောက်ကလေးများဟာ အင်မတန်နုနယ်ပြီး ခုခံအားစနစ်များဖွံ့ဖြိုးဆဲကာလဖြစ်တဲ့အတွက် ဖျားနာခြင်းဖြစ်ရင် ပြင်းထန်နိုင်ပါတယ်။

အခုလိုမိုးရာသီမှာအဖြစ်များတာကတော့ Acute Viral Infectionလို့ခေါ်တဲ့ ရုတ်တရက် Virus ပ်ိုးဝင်ပြီးဖျားနာမှု (အအေးမိဖျားနာခြင်း)နဲ့ရိုးရိုးအအေးမိခြင်းတို့ပဲဖြစ်ပါတယ်။ ဒီဖျားနာမှုတွေဟာ Virus ပိုးကြောင့်ဖြစ်ကြပါတယ်။ အဲဒါတွေကတော့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာကိုတိုက်ခိုက်တဲ့ဗိုင်းရပ်စ်တွေပါ။ ဒါ့အပြင် ရာသီတုပ်ကွေးလည်းဖြစ်တတ်ပါတယ်။ Influenza Virus ကြောင့်ပါ။

🔺အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေးရောဂါပါ။ ဒီရောဂါကိုလည်း လုံးဝမေ့ထားလို့မရပါဘူး။ ကျွန်မတို့ရဲ့ ဆရာကြီးဖြစ်သူ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးစောဝင်းက သင်ပေးဖူးပါတယ်။

'ရာသီတိုင်းတွင် ဖျားနာလျှင် 
သွေးလွန်တုပ်ကွေးမှတ်
အဖျားကျစဉ် မလန်းလျှင် 
အစဉ်သတိချပ်' ဆိုပြီး ကဗျာစာချိုးလေးနဲ့သင်ပေးဖူးပါတယ်။

သွေးလွန်တုပ်ကွေးကတော့ မိဘများ အထူးဂရုစိုက်ရမယ့်ရောဂါပဲဖြစ်ပါတယ်။ ကလေးကဖျားလို့နုံးနေတာက ရိုးရိုးအဖျားမှာလည်းဖြစ်တတ်ပေမယ့် အဖျားကျတာတောင် မလန်းဘဲ နုံးနေပြီဆိုရင်တော့ သွေးလွန်တုပ်ကွေးကို အမြဲထည့်စဉ်းစားပါလို့မှာထားခဲ့တာပါ။

▪️သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါကတော့ Aedes လို့ခေါ်တဲ့ နေ့ဘက်မှာကိုက်တဲ့ခြင်ကနေ ရောဂါပိုးကူးစက်တာပါ။ ခြင်ကိုက်ခံရပြီး ၄ရက်ကနေ ၁၀ရက်အတွင်းရောဂါလက္ခဏာစပြပါတယ်။

-ဖျားနာခြင်း(အဖျားကြီးခြင်းနဲ့အတူ)
-ကိုယ်လက်ကိုက်ခဲခြင်း
-မှိန်းခြင်း
-အရေပြားပေါ်တွင်အနီစက်များထွက်ခြင်း
-Hess Test - positive ဖြစ်ခြင်း
-အော့အန်ခြင်း
-နှာခေါင်းသွေးလျှံခြင်းနှင့်
​-အညိုရောင်(ကော်ဖီနှစ်ရောင်)အန်ခြင်း စတဲ့-အချက်တွေပါတွဲရှိလျှင် သွေးလွန်တုပ်ကွေးရောဂါကို အထူးသံသယရှိရမှာဖြစ်ပါတယ်။

💠သွေးလွန်တုပ်ကွေးမှာ အထူးဂရုပြုရမှာကတော့ သွေးလန့်လက္ခဏာပါပဲ။

ကလေးရဲ့စဖျားတဲ့ရက်ကို သေချာမှတ်သားထားဖို့လိုပါတယ်။ Day 3 မှ D7 အထိ သေချာဂရုစိုက်စောင့်ကြည့်ဖို့လိုအပ်ပါတယ်။

💠အန္တရာယ်ရှိတဲ့လက္ခဏာတွေကတော့

🔺ကလေးမှိန်းနေခြင်း / ကယောင်ကတမ်းဖြစ်ခြင်း
🔺ဗိုက်နာခြင်း
🔺ဗိုက်ကိုအထိမခံခြင်း
🔺ဆက်တိုက်အန်ခြင်း
🔺သွေးစစ်တဲ့အခါ (သွေးဖြူဥ WBC ကျခြင်း) (PCV တက်ခြင်း) စတဲ့အချက်တွေတွေ့ရရင် အလွန်အရေးကြီးပါတယ်။ ချက်ချင်းဆေးရုံတက်ရမယ့်အခြေအနေဖြစ်ပါတယ်။

ဒါကြောင့် မိဘများအနေနဲ့ ကလေးတွေနေမကောင်းဖြစ်တဲ့အခါ ၊ ကိုယ်အပူချိန်တက်တဲ့အခါ စပြီးနေမကောင်းဖြစ်တဲ့ရက်ကို မှတ်သားထားပေးပါ။ Day 1 , Day 2, Day 3 စသဖြင့် မှတ်သားထားပေးရင် ဆေးခန်းပြတဲ့အခါမှာ ရောဂါရာဇဝင်မှတ်သားမှုမှာပိုပြီး မြန်ဆန်ပါတယ်။ ဆရာဝန်နဲ့လူနာစောင့် ပူးပေါင်းပါဝင်မှုကိုတိုးတက်စေပါတယ်။ အချို့သောဖျားနာမှုများမှာ အဖျားကြီးရင် Day ဘယ်လောက်ဖြစ်နေသလဲပေါ်မူတည်ပြီး ဆရာဝန်များက စောင့်ကြည့်ခိုင်းတာမျိုး၊ ဆေးစစ်ခြင်းများပြုလုပ်ရတာမျိုးရှိတဲ့အတွက် ဆေးကုသမှုကိုပိုမိုလွယ်ကူချောမွေ့စေပါတယ်။

▪️နောက်တစ်ခုက ဆေးတိုက်တာပါ။ ပါရာစီတမောဟာ ကိုယ်အပူချိန်ကျစေပါတယ်။ ကိုက်ခဲနာကျင်မှုကိုသက်သာစေပါတယ်။ ဒါသည် ရောဂါလက္ခဏာကိုသက်သာစေတဲ့ဆေးဝါးသာဖြစ်ပါတယ်။ ကိုယ်ပူကျချင်ဇောနဲ့ ၂နာရီ တစ်ခါ ၃နာရီတစ်ခါ မတိုက်ရပါဘူး။ ၆နာရီခြားသာတိုက်ပေးရပါမယ်။ လိုအပ်တဲ့ပမာဏထက် ပိုပြီးတိုက်တာဟာ ကလေးငယ်ရဲ့ အသည်းကိုဆိုးကျိုးဖြစ်စေပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့လိုအပ်သောပမာဏပဲတိုက်မယ်ဆိုရင်တော့ ဘေးကင်းပါတယ်။

▪️အရေးကြီးဆုံးသတိပေးချင်တာကတော့ မွေးကင်းစကလေးတွေဖျားတဲ့အခါ ဆေးခန်းပြဖို့ မတွန့်ဆုတ်ပါနဲ့။ အရပ်ကပြောတဲ့ သူငယ်နာပျောက်ဆေးများခွံ့ခြင်းဟာ မွေးစကလေးငယ်အတွက် အသက်အန္တရာယ်ရှိပါတယ်။ နို့ပဲစို့နိုင်သေးတဲ့ အစာအိမ်အူလမ်းကြောင်းမှာ အဖတ်ဝင်ရင် အန္တရာယ်ရှိပါတယ်။ အစာသီးနိုင်ပါတယ်။ ဆေးတို့ပတ်ရှူခိုင်းခြင်းကလည်း ကလေးရဲ့နုနယ်တဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်ပါတယ်။ ပန်းနာရင်ကြပ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီအပြုအမူတွေကိုရှောင်သင့်ပါတယ်။

▪️ဒါ့အပြင် ကလေးဖျားတဲ့အခါ လက်ထိပ်များကို ဖောက်ခြင်း၊ အသားများကို နို့ဆီဘူးခွံနဲ့ခြစ်ခြင်းများလုံးဝမပြုလုပ်ရပါ။ အဲဒီလိုလုပ်တဲ့အခါ သွေးပုပ်တွေထွက်လာတယ်ဆိုတဲ့အယူအဆကလည်း လုံးဝမှားယွင်းပါတယ်။ ကလေးဟာ မက်ကလောင်ဖောက်/ခြစ်စဉ်မှာ နာကျင်တဲ့အတွက် အလွန်အမင်းလှုပ်ရှားရုန်းကန်နေရတာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်မြန်သွားပြီး ချွေးထွက်ပါတယ်။ ဒါကြောင့် ခေတ္တအပူကျသွားသလိုဖြစ်ပါတယ်။ ဒါကိုအမှတ်မှားကြတာဖြစ်ပါတယ်။ နုနယ်တဲ့အရေပြားကို သံစများနဲ့ ခြစ်ခြင်းကြောင့် သွေးများထွက်ကာ မေးခိုင်ရောဂါပိုးကူးစက်ကောင်းကူးစက်နိုင်ပါတယ်။ Bacteria ပိုးမွှားများကူးစက်ပြီး ပိုးဝင်နိုင်ပါတယ်။ သန့်ရှင်းမှုနည်းပါးရင် ဖျားနာပြီး သွေးဆိပ်သင့်တဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးဖျားနာတဲ့အခါ မက်ကလောင်ဖောက်ခြင်း ၊ခြစ်ခြင်းများကိုတော့ လုံးဝရှောင်ရပါမယ်။

ဖျားနာခြင်းနဲ့အတူ ဝမ်းလျှောခြင်း၊ အန်ခြင်းဟာလညါ် တွဲဖြစ်တတ်သလို တစ်ခုချင်းစီလည်းဖြစ်တတ်ပါတယ်။ ကလေးငယ်များဝမ်းလျှောပြီးအန်ခြင်းတွဲဖက်တဲ့အခါ

▪️ကလေးကိုအိမ်မှာကောင်းကောင်းအနားယူစေပါ။အပြင်ခေါ်သွားခြင်း၊ ကျောင်းပို့ခြင်းမပြုပါနဲ့။
▪️အရည်များများတိုက်ပေးပါ။ ရိုးရိုးရေတစ်ခုတည်းမဟုတ်ဘဲ ဆန်ပြုတ်၊ စွပ်ပြုတ်ရည် စသဖြင့် ရေဓာတ်မှန်သမျှတိုက်ပေးပါ။ နည်းနည်းနဲ့ မကြာခဏတိုက်ပါ။ အများကြီး တစ်ခါတည်းမတိုက်ပါနဲ့။
▪️မိခင်နို့ဆက်တိုက်ပါ။ 
▪️အစာကြေလွယ်သောအစားအစာများကိုကျွေးပေးပါ။
▪️WHO Formula နဲ့ထုတ်ထားသော ဓာတ်ဆားကိုတိုက်ပေးပါ။ကလေးငယ်ရဲ့ ကုန်ဆုံးသွားတဲ့အရည်ဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပြီး အထိရောက်ဆုံးကုသနိုင်ပါတယ်။ ကလေးဝမ်းသွားတဲ့ပမာဏအပေါ်မူတည်ပြီး အနည်းအများတိုက်ရပါတယ်။ ကလေးဝမ်းတစ်ခါသွားပြီးတိုင်း ဇွန်း သို့မဟုတ် ခွက်လေးနဲ့ဓာတ်ဆားရည်တိုက်ရပါမယ်။ 
▪️ဗိုက်နာခြင်းသက်သာအောင် Paracetamol ကို သတ်မှတ်အညွှန်းအတိုင်းတိုက်နိုင်ပါတယ်။
ကလေးငယ်၆လအောက်ဆိုပါက ဆေးခန်းပြရပါမယ်။

ကလေးဟာ အန်တာပါဖြစ်နေပြီဆိုရင် Ondansetron ဆိုတဲ့ဆေးဝါးကို အရေးပေါ်အခြေအနေနဲ့ ဆေးရုံဆေးခန်းဝေးသောနေရာများမှာ စနစ်တကျသုံးနိုင်ပါတယ်။ အသက် ၆လအထက်ကလေးကိုသာတိုက်ရပါမယ်။ ဆေးပမာဏအနေနဲ့ကိုယ်အလေးချိန်နဲ့တွက်ပြီးတိုက်ရပါမယ်။

ကလေးကိုယ်အလေးချိန် 8-15 kg အတွင်း ဆေး 2mg  , 15-30 kg အတွင်း ဆေး 4mg, > 30kg ဆေး 6-8mg တိုက်နိုင်ပါတယ်။ ဆေးအခဲပဲရှိတာများတဲ့အတွက် အမှုန့်ကြိတ်ပြီး ရေအနည်းငယ်နဲ့ဖျော်တိုက်ပါ။

(kg တွက်နည်း = ပေါင်ချိန်ကို 2.2 နဲ့စားပါ)

ကလေးကို ဆေးတိုက်ပြီး မိနစ်၂၀အတွင်းပြန်အန်လျှင် နောက်တစ်ကြိမ်ထပ်တိုက်ရပါမယ်။ ထပ်အန်ရင်တော့ ထပ်မတိုက်ရတော့ပါဘူး။ ဆေးခန်းသာအမြန်ပြရမှာဖြစ်ပါတယ်။ ဆေးတိုက်ပြီး အနည်းဆုံး မိနစ်၂၀ မှ နာရီဝက်အတွင်း အစာ၊ ရေမကျွေးပါနဲ့။ ဆက်မအန်မှသာ အစာနည်းနည်း၊ ရေနည်းနည်းစီသာ တိုက်ကျွေးကြည့်ရမှာဖြစ်ပါတယ်။

ရှောင်ရန်

▪️Gas ပါသောအချိုရည်များ၊ အားဖြည့်အချိုရည်များမတိုက်ပါနဲ့။
▪️Formula နို့တိုက်ပါက ရေများများနဲ့ဖျော်ခြင်းမလုပ်ရပါ။ ပုံမှန်အတိုင်းသာဖျော်ရပါမယ်။
▪️အသက် ၁၂အောက်ကလေးကို ဝမ်းပိတ်ဆေးမတိုက်ရပါ။
▪️အသက် ၁၆နှစ်အောက်ကလေးကို Aspirin ကဲ့သို့ အကိုက်အခဲပျောက်ဆေးမပေးရပါ။

🔺အရေးကြီးလက္ခဏာများ

▪️ကော်ဖီရောင်အညိုများအန်လျှင်၊ သွေးစများအန်လျှင်
▪️အစိမ်းရောင် သို့မဟုတ် စိမ်းဝါရောင်များအန်လျှင်
▪️ဗိုက်အလွန်အောင့်ပြီးငိုခြင်း၊ မှိန်းခြင်း၊ နုံးခွေနေခြင်း၊
▪️ငယ်ထိပ်ချိုင့်ခြင်း
▪️နို့ကောင်းကောင်းမစို့ခြင်း
▪️ဖျားနာခြင်းများ ဖြစ်လာရင်တော့ နီးစပ်ရာဆေးရုံ/ဆေးခန်းမှာ အမြန်ပြသရမှာဖြစ်ပါတယ်။

Ref : NHS

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

Dr.မာမီ ၏ Facebook Page မှတစ်ဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။