ငါးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်မျိုးကောင်းမျိုးသန့်များထိန်းသိမ်းခြင်းနှင့် မျိုးမြှင့် တင်ခြင်း
Posted_Date
Image

Body
ငါးလုပ်ငန်းဦးစီးဌာနသည် ဝန်ကြီးဌာန၏ပန်းတိုင်တစ်ရပ်ဖြစ်သော သားငါးမျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ဖြန့်ဖြူးမှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒေသမျိုးရင်းများထိန်းသိမ်းရေးနှင့် မှတ်တမ်းထားရှိရေးကို လိုက်နာဆောင်ရွက်လျက်ရှိသည်။ ငါးလုပ်ငန်းဦးစီးဌာန၏ ငါးမွေးမြူရေးလုပ်ငန်းရေရှည်ဖွံ့ဖြိုး တိုးတက်ရန်လုပ်ငန်းစဉ်များအနေဖြင့် ဒေသ၏ငါး၊ ပုစွန်သားပေါက်လိုအပ်ချက်များ ဖြည့်တင်းပေးနိုင်ရန် အရည်အသွေးကောင်းမွန်သော ငါး၊ ပုစွန်သားပေါက်များအား ဖြန့်ဖြူးပေးခြင်း၊ ငါးသယံဇာတများ ရေရှည်တည်တံ့ပွားများစေပြီး ငါးရိက္ခာများတိုးတက်ရရှိစေရန် ငါးမျိုးစိုက်ထည့်ပေးခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။
အရည်အသွေးမြင့်ငါးမျိုးကောင်းမျိုးသန့်များ တင်သွင်းခြင်းနှင့် မျိုးဗီဇမြှင့်ငါးမျိုးစိတ်ထုတ်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းရင်းငါးမျိုးများထိန်းသိမ်းခြင်း နှင့်သုတေသနပြုသားဖောက် မွေးမြူထုတ်လုပ်ခြင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ရေချိုရေငန်ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရန် ဌာန၊ ပုဂ္ဂလိကနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့်လိုက်လျောညီထွေမှုရှိသော ငါးမျိုးစိတ်များနှင့်မွေးမြူရေးနည်းစနစ်များ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်သည်။
အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အရှေ့တောင် အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးရေးဗဟိုဌာန အဖွဲ့ဝင်နိုင်ငံများ၏ လာမည့် ၂၀၃၀ ပြည့်နှစ်တိုင် ၁၀ နှစ်တာ ကာလအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များထဲမှ သားဖောက်မည့်မျိုးငါး၊ မျိုးပုစွန် (Breeder or Broodstock) များ မျိုးဗီဇကောင်းမွန်စေရေး၊ အရည်အသွေးကောင်းသော ငါး၊ ပုစွန်သားပေါက်များထုတ်လုပ်သည့် ပုဂ္ဂလိကနှင့် အစိုးရသားဖောက်စခန်းများ တည်ထောင်ခြင်း၊ မျိုးဗီဇမြှင့်ထားသော ငါး၊ ပုစွန်များကိုသေချာစွာထိန်းသိမ်းဖြန့်ဖြူး၍ ၎င်းနှင့်ပတ်သက်သောနည်းပညာနှင့် မျိုးပွားနည်းသစ်များကိုဖြန့်ဝေခြင်း၊ သဘာဝရေပြင်မှ သားပေါက်နှင့် မျိုးငါးများကို တာဝန်သိစိတ်ဖြင့် စုဆောင်းအသုံးပြု၍ သီးသန့်ရောဂါကင်းသော ငါး၊ ပုစွန်သားပေါက်များ(Specific Pathogen Free-SPF)ထုတ်လုပ်ရန်နှင့် ပိုမိုကောင်းမွန်သောသားဖောက်ရုံစီမံမှုကျင့်စဉ်(Better Hatchery Management)ဆိုင်ရာ မူဝါဒလမ်းစဉ်များချမှတ်အကောင်အထည်ဖော်ခြင်း၊ တစ်နိုင်တစ်ပိုင် သားပေါက်ထုတ်လုပ်သူများကို ကျန်းမာသန်စွမ်းသောမျိုးငါးများအသုံးပြုရန် အားပေးခြင်း၊ မွေးမြူရေး ရေသတ္တဝါများ ဇီဝလုံခြုံမှုတိုးတက်ကောင်းမွန်စေရန် မျိုးထိန်းသိမ်းခြင်း၊ အသေးစား ငါးသားဖောက် ရုံများနှင့် အသေးစားငါးမွေးမြူသူများမှ ကျန်းမာသန်စွမ်းသော မျိုးငါး၊ မျိုးပုစွန်များရယူအသုံးပြု၍ အရည်အသွေးကောင်း သားပေါက်များထုတ်လုပ်စေခြင်း၊ ပြည်ပငါး၊ ပုစွန်မျိုးစိတ်များမွေးမြူခြင်းဆိုင်ရာ ဘေးအန္တရာယ်ရှိမှုအကဲဖြတ်ခြင်းနှင့် အဆိုပါမျိုးစိတ်များ ပြင်ပရေပြင်သို့ လွတ်ထွက်မသွားရန် ကာကွယ်တားဆီးသည့်အစီအမံများချမှတ်လုပ်ဆောင်ခြင်း၊ သဘာဝဂေဟစနစ်နှင့် ဇီဝမျိုးကွဲမှုကို ထိခိုက်စေနိုင်မှုများကိုကာကွယ်ခြင်း၊ မွေးမြူရေးလုပ်ငန်း၌ မျိုးဗီဇပြောင်းထားသောရေသတ္တဝါမျိုးနှင့် အစာများအသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သုတေသနများနှင့် ဘေးအန္တရာယ်ရှိမှုအကဲဖြတ်ခြင်းတို့ ပါဝင်ပူး ပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအဖွဲ့ဝင်ဖြစ်သော အာရှ-ပစိဖိတ်ဒေသတွင်း ငါးမွေးမြူရေးဗဟိုဌာနများဆိုင်ရာ ကွန်ရက် (NACA)မှ မျိုးဗီဇနှင့် ဇီဝမျိုးကွဲမှုအစီအစဉ်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများမှ ရေသတ္တဝါများ မျိုးဗီဇအရင်း အမြစ်ဆိုင်ရာ သိပ္ပံနည်းကျဗဟုသုတများ ကောင်းမွန်တိုးတက်လာစေရန်၊ ဇီဝမျိုးကွဲမှုနှင့် သဘာဝဒေသ ငါးမျိုးများအား ထိခိုက်သက်ရောက်မှု အနည်းဆုံးဖြစ်ရေး တာဝန်သိစိတ်ဖြင့် အသုံးပြုရန်၊ အပြည်ပြည် ဆိုင်ရာ သဘောတူညီမှုများအောက်ရှိ ၎င်းတို့၏ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မျိုးများတိုးတက်ကောင်းမွန်စေရန်၊ တည်ရှိပြီးသော ရေသတ္တဝါမျိုးများ၏ မျိုးဗီဇလက္ခဏာများ သတ်မှတ်ဖော်ထုတ်ခြင်း၊ မျိုးဗီဇဆိုင်ရာနည်းပညာအသစ်များ ချမှတ်ဆောင်ရွက်နိုင်ရန်၊ ဒေသရင်း မဟုတ်သော ပြည်ပငါးမျိုးစိတ်များ၏ မျိုးဗီဇကွဲပြားခြားနားမှုအကဲဖြတ်ဆန်းစစ်ရန်၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြုမျိုးများအတွက် သတင်းအချက်အလက်များစုဆောင်းရန် ဒေသတွင်း ဆိုင်ရာအချက်အလက်များအား Database ထူထောင်ပေးခြင်း၊ မော်လီကျူလာ နည်းပညာ အသစ်များ၊ နည်းလမ်းများနှင့် မဟာဗျူဟာများအသုံးချခြင်းနှင့် ရေနေသတ္တဝါမျိုးဗီဇအရင်းအမြစ်များ စီမံခန့်ခွဲခြင်း ဆိုင်ရာလူ့စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ပေးခြင်း၊ မျိုးစိတ်သစ်များ၊ တန်ဖိုးရှိဗီဇအရင်း အမြစ်များ ကိုရှာဖွေရန် ရေသတ္တဝါများမျိုးဗီဇအရင်းအမြစ်များလက္ခဏာသတ်မှတ်ဖော်ထုတ်ခြင်း၊ တိုင်းရင်းငါးမျိုး များ ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်သိမျိုးဗီဇ Germplasm များ လဲလှယ်ခြင်း၊ အန္တရာယ်ကင်း သောမျိုးပွားထုတ်လုပ်ခြင်းနှင့် ရရှိလာသည့်အကျိုးအမြတ်များကို မျှဝေခြင်းအတွက် စီမံပေးခြင်းတို့၌ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ရေနေသတ္တဝါမျိုးဗီဇအရင်းအမြစ်များ ဖွံ့ဖြိုးရေးနှင့် ရေရှည် အသုံးပြုနိုင်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးတို့အတွက်လုပ်ငန်းစဉ်များကို လိုက်နာအကောင် အထည်ဖော်ဆောင်ရေးအားသိရှိနိုင်ရန်၊ စားရေရိက္ခာနှင့်စိုက်ပျိုးရေးအတွက် ရေနေသတ္တဝါမျိုးဗီဇ အရင်းအမြစ်များဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ၂၃ ရက်အထိ ပြုလုပ်ခဲ့ပြီး တိုင်းပြည်၏မွေးမြူရေးပြုလုပ်နေသော ရေသတ္တဝါများနှင့် ၎င်းရေ သတ္တဝါများနှင့်ဆက်စပ်သော သဘာဝရေပြင်ရှိ မျိုးစိတ်များ၏ သတင်းအချက်အလက်များ ဆွေးနွေးခဲ့သည်။
ရေသတ္တဝါမွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှုကောင်းမွန်သော မျိုးကောင်းမျိုးသန့်မွေးမြူနိုင်ရေးသည် အခြေခံကျသောအချက်ဖြစ်သကဲ့သို့ အဆိုပါရေသတ္တဝါများသည် ပတ်ဝန်းကျင်ရာသီဥတုနှင့်လိုက် လျောညီထွေမှုရှိပြီး ရှင်သန်ထုတ်လုပ်နိုင်မှု ကောင်းမွန်ရန်လည်းလိုအပ်သည်။ ထို့ကြောင့် မိမိနိုင်ငံ၏ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော ငါး၊ ပုစွန် မျိုးကောင်း မျိုးသန့်များရရှိနိုင်ရေးသည် ငါးမွေးမြူရေးလုပ်ငန်းအတွက် အဓိကကျသောလိုအပ်ချက်လည်းဖြစ်သည်။ မြန်မာနိုင်ငံ၌ အများစုမွေးမြူထုတ်လုပ်သော ငါးမျိုးများသည် ပြည်တွင်း၌ လုံလောက်စွာထုတ် လုပ်နိုင်သော်လည်း ရေချို၊ ရေငန် ပုစွန်မျိုးများမှာလုံလောက်စွာ ရရှိနိုင်ရေးအတွက် ပြည်ပကိုမှီခိုနေရ သေးသဖြင့် အဆိုပါမျိုးများရရှိနိုင်ရန် ကုန်ကျစရိတ်မြင့်မားခြင်း၊ မွေးမြူသူများ အလွယ်တကူရရှိနိုင်ရန် ခက်ခဲခြင်းစသည့်အခက်အခဲများကို တွေ့ကြုံနေကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း ၁၉၆၇ ခုနှစ်မှ စတင်၍ ဒေသရင်းငါးမျိုးဖြစ်သည့် ငါးမြစ်ချင်း ငါးမျိုးအား အောင်မြင်စွာ ဆေးထိုးသားဖောက်ထုတ်လုပ်နိုင်ခဲ့ပြီး နောက် ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်မှ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းပေးနိုင်ခဲ့သဖြင့် ငါးမွေးမြူရေးလုပ်ငန်း တစ်ဟုန်ထိုးတိုးတက်လာခဲ့ သည်။ ယနေ့ဆိုလျှင် မွေးမြူရေးရေချိုငါးများကို ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပြည်ပသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး ငါးမျိုးစိတ် ၁၂ မျိုး သားဖောက်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ ငါးများကို နှစ်ကာလကြာမြင့်စွာမျိုးရိုးစဉ်ဆက်အလိုက်သားဖောက်ထုတ်လုပ်ခြင်းကြောင့် မျိုးဗီဇနည်းပညာအရ မျိုးနိမ့်ကျလာပြီး မွေးမြူရာ၌ ကြီးထွားနှုန်းနှေးလာခြင်း၊ အရောင်အသွေးညံ့ဖျင်းခြင်းစသည့်အားနည်းချက်များဖြစ်ပေါ်လာသည်။ အကျိုးဆက်အနေဖြင့် မျိုးညံ့သောငါးမျိုးများမွေးမြူပါက မွေးမြူကာလကြာမြင့်၍ ထုတ်လုပ်မှုကုန်ကျစရိတ်များပြားပြီး ရင်းနှီးကုန်ကျမှုမြင့်လာသဖြင့် ငါးမွေးမြူရာ၌ ရေရှည်တွင် စီးပွားရေးတွက်ခြေမကိုက်ဘဲ ဆုံးရှုံးမှုများကြုံတွေ့ရလျက်ရှိသည်။ နိုင်ငံတော်၏ငါးမွေးမြူ ရေးထုတ်လုပ်မှုပိုမိုတိုးတက်၍ ငါးမွေးတောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေရေးအတွက် ငါးမြစ်ချင်း ငါးမျိုးဗီဇမြှင့်တင်ရေးလုပ်ငန်းအား ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များ အသင်းတို့မှတတ်သိပညာရှင်များဖြင့်ကော်မတီဖွဲ့စည်း၍ ဆောင်ရွက်ခဲ့သည်။ ငါးမြစ်ချင်း ငါးမျိုးဗီဇများ တိုးတက်ကောင်းမွန်လာစေရန် မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများမှ ငါးမြစ်ချင်းငါးမျိုးများစုဆောင်းခြင်း၊ မျိုးစပ်သားဖောက်ရန် သားဖောက်ခြင်းအစီအစဉ်များ (Breeding Programme)နှင့် လမ်းညွှန် (Guideline) များရေးဆွဲပြီး တိုင်းဒေသကြီး/ပြည်နယ်များရှိငါးလုပ်ငန်းစခန်းများသို့ ကွင်းဆင်းပညာပေးခြင်းတို့ဆောင်ရွက်ခဲ့သည်။
ထို့အတူ ထုတ်လုပ်မှုကောင်းမွန်သောနိုင်ငံခြားငါးမျိုးဖြစ်သည့် တီလားဗီးယားငါးမျိုးအား ရောဂါနှင့်ရာသီဥတုဒဏ်တို့ကိုခံနိုင်ရည်ရှိပြီး ကြီးထွားနှုန်းကောင်းသည့် မျိုးဗီဇမြင့်တီလားဗီးယား ငါးမျိုးများ(Genetically Improved Farmed Tilapia-GIFT)ကို ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည်။ ကြီးထွားနှုန်းမြန်ဆန်ကောင်းမွန်သော တီလားဗီးယားအထီးသီးသန့်မွေးမြူခြင်းအတွက် သားပေါက်အရွယ်တွင် ဟော်မုန်းဖြင့်ဖော်စပ်ထားသော အစာကျွေးခြင်းဖြင့်
လည်းကောင်း၊ မျိုးဗီဇပိုင်းဆိုင်ရာ မျိုးစပ်ယူခြင်းဖြင့်လည်းကောင်း တီလားဗီးယားအထီး သီးသန့်သားပေါက်များကိုသားဖောက်ထုတ်လုပ်ကြသည်။ ထိုကဲ့သို့ အဆင့်မြင့်နည်းပညာများဖြင့် မျိုးစပ်သားဖောက်ခြင်းများတွင် Genetically Improved Farmed Tilapia (GIFT) တီလားဗီးယားငါးမျိုးသည် အာရှဒေသအတွက် မျိုးမြှင့်ထားသော နိုင်းတီလားဗီးယားငါးမျိုးတစ်မျိုးဖြစ်ပြီး အခြားသောတီလားဗီးယားငါးမျိုးများနှင့် နှိုင်းယှဉ်ပါက ကြီးထွားနှုန်း ၈၅ ရာခိုင်နှုန်း ပိုမိုမြန်ပြီး ရှင်သန်နှုန်း ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားသည်ဟု သိရှိရသည်။ အချို့သော သုတေသနပြုချက်များအရ GIFT တီလားဗီးယားငါးမွေးမြူခြင်းသည် စျေးကွက် အရွယ်ဝင်ထိ မွေးမြူရာ၌ ထုတ်လုပ်မှုကုန်ကျစရိတ် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိလျှော့ချနိုင်ကြောင်း ဆိုထားသည်။ ဖိလစ်ပိုင်နိုင်ငံ၏ တီလားဗီးယားစျေးကွက်၌ GIFT တီလားဗီးယားမျိုးမှာ၂၅ ရာခိုင်နှုန်း ရရှိထားသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌လည်း GIFT တီလားဗီးယားမျိုးကို မွေးမြူစမ်းသပ်ချက်အရ ၎င်းတို့ရှိ တီလားဗီးယားငါးမျိုးများထက် ကြီးထွားနှုန်း ၁၈ ရာခိုင်နှုန်း ပိုမိုကောင်းမွန်ကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံ၌ အများဆုံးမွေးမြူကြသော တီလားဗီးယားငါးမျိုးဖြစ်သည့် Tilapia niloticus ငါးမျိုးဖြစ်သည်။ တီလားဗီးယားငါးမျိုးအား မြန်မာ့ရေလုပ်ငန်း၊ ငါး
လုပ်ငန်းဦးစီးဌာနတို့မှ ၁၉၅၃၊ ၁၉၇၈၊ ၁၉၈၀ ကာလ များအပြင် နောက်ပိုင်းကာလများတွင်လည်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံစသည်တို့မှ အကြိမ်ကြိမ်တင်သွင်း၍ သားဖောက်ပြီး ကျေးလက်တစ်နိုင်တစ်ပိုင်ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန်ဖြန့်ဖြူးခဲ့သည်။ သို့သော် တင်သွင်းလာသောတီလားဗီးယားငါးမျိုးများအား မျိုးရင်းထိန်းခြင်း၊ မျိုးမြှင့်တင်သားဖောက်ခြင်း၊ သုတေသနပြုလုပ်ခြင်း စသည့်အစီအမံကောင်းများဆောင်ရွက်မှုအားနည်းခဲ့သဖြင့် ကြီးထွားနှုန်းကောင်းမွန်သော တီလားဗီးယားငါးမျိုးများ အလုံအလောက်ထုတ်လုပ်နိုင်မှုမရှိခဲ့ပါ။
ငါးလုပ်ငန်းဦးစီးဌာနမှ World Fish Center Myanmar နှင့်ပူးပေါင်း၍ စီမံကိန်းအစီအစဉ်ဖြင့် မလေးရှားနိုင်ငံ World Fish Center မှ ကြီးထွားနှုန်းကောင်းမွန်သည့်မျိုးဗီဇမြှင့်ထားသော တီလားဗီးယား(Genetically Improved Farmed Tilapia- GIFT)ကိုတင်သွင်းပြီး ကောင်းမွန်စနစ်ကျသော မျိုးထိန်းသိမ်းမွေးမြူသားဖောက်မှုအစီအမံများဖြင့် ကျေးလက်အသေးစားငါးမွေးတောင်သူများအတွက် ဖြန့်ဖြူးပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် FAO မှ ငါးလုပ်ငန်းဦးစီးဌာနဖြင့်ပူးပေါင်း၍ တရုတ်နိုင်ငံမှ GIFT တီလားဗီးယားငါးမျိုးများတင်သွင်းပြီး ကောင်းမွန်သောမျိုးထိန်းသိမ်းမှုစနစ်ဖြင့်သားဖောက်၍ ငါးမွေးတောင်သူများကို ဖြန့်ဖြူးခဲ့သည်။ ထိုင်းနိုင်ငံငါးလုပ်ငန်းဦးစီးဌာန၏ပံ့ပိုးမှုဖြင့် Royal Thai Tilapia တီလားဗီးယားမျိုးကို၂၀၁၇ ခုနှစ်တွင် နောက်ဆုံးတင်သွင်းခဲ့ပြီး မျိုးရင်းများကို ထိန်းသိမ်းခြင်းနှင့် သားဖောက်ဖြန့်ဖြူးပေးလျက်ရှိသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးအရနှင့်မွေးမြူရေးအတွက် သင့်လျော်သော ရေငန်ငါးမျိုးများ ဥပမာ-ကျောက်ငါး၊ ကကတစ်၊ ငါးပါးနီ၊ ကဘီလူးငါးနှင့် ငါးတိန်းမျိုးများရှိသည်။ ဤငါးမျိုးများအနက် ကျောက်ငါးနှင့် ကကတစ်ငါးမျိုးများသည် တန်ဖိုးမြင့်မားကြောင်းတွေ့ရှိရပြီး ပုဂ္ဂလိကကုမ္ပဏီ သုံးလေးခုမှ ကျောက်ငါးအား လှောင်အိမ်စနစ်ဖြင့်မွေးမြူလျက်ရှိသည်ကို တွေ့ရှိရသည်။
သို့သော် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာလိုအပ်ချက်များရှိနေသေးကြောင်းကို တွေ့ရှိရသည်။ မွေးမြူရန်အတွက် လိုအပ်သောငါးမျိုးများအားသဘာဝမှစုဆောင်းရယူနေရသည်။
ယခုအခါတွင် ကမ္ဘာပေါ်တွင် သဘာဝမှ ငါး၊ ပုစွန်သားပေါက်များရရှိမှု လျော့နည်းလာခြင်းအတွက်မွေးမြူရေးအပိုင်းကို အားစိုက်ပြီးကြိုးစားဆောင်ရွက်လာကြသည်။ ယခင်က အရှေ့တောင်အာရှဒေသရှိ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့တွင် ဒေသရင်းမျိုးစိတ်ဖြစ်သော ကျားပုစွန် (Penaeus monodon) ကို မွေးမြူကြသည်။ ၂၀၀၃ ခုနှစ် လောက်တွင် ထိုင်းနိုင်ငံ ပုစွန်မွေးမြူရေးလောကတွင် White Spot Syndrome Virus (WSSV) ရောဂါကျ ရောက်ခြင်းကြောင့် မွေးမြူနေသောမျိုးစိတ်အမယ်သစ်ဖြစ်သောပုစွန်ဖြူ(Litopenaeus vannamei)ကိုပြောင်းလဲမွေးမြူခြင်းဖြင့် ထုတ်လုပ်မှုပြန်လည်တိုးတက်လာသည်။ ပုစွန်မွေးမြူသောနိုင်ငံများသည် ပုစွန်မွေးမြူထုတ်လုပ်မှု ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးကောင်းမျိုးသန့်များရရှိအောင် ကြိုးပမ်းဆောင်ရွက်လာကြသည်။
မြန်မာနိုင်ငံ ရေချိုပုစွန်မွေးမြူရေးတွင်လက်ရှိမွေးမြူနေသော ဒေသရင်းမျိုးစိတ်မှာ ရေချိုပုစွန်တုပ်ကြီး (Macrobrachium rosenbergii) ဖြစ်သည်။ မြန်မာ့မျိုးရင်း ရေချိုပုစွန်တုပ်ကြီးသည် လက်မနှင့်ခေါင်းပိုင်းတိုပြီး ကိုယ်ထည်ပိုရှည်ကာ အရောင်အသွေးလည်းလှသည်။ ရေချိုပုစွန်အသားတိုးမွေးကန်များမှ ပြည်တွင်းဝယ်လိုအားမြင့်မားနေမှုကြောင့် ပြည်ပမှရေချိုပုစွန်သားပေါက်များတင်သွင်းလာခဲ့ကြသည်။ အများစုမှာ ထိုင်းမျိုးဖြစ်ပြီး ဗီယက်နမ်မျိုးကို အစောပိုင်းမှာတင်သွင်းပြီး နောက်ပိုင်းတင်သွင်းမှုမရှိတော့ပါ။ ယနေ့အထိ ထိုင်းမျိုးစိတ်ကိုသာ တင်သွင်းလာကြသည်။ မြန်မာ့မျိုးရင်း ရေချိုပုစွန်တုပ်ကြီးကို မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေးအတွက် မျိုးမြှင့်ခြင်းလုပ်ငန်းကိုလည်း လုပ်ဆောင်သင့်ကြောင်း၊ မျိုးကောင်းမျိုးသန့်များထုတ်လုပ်ပေးနိုင်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး စဉ်ဆက်မပြတ်ထုတ်လုပ်မှုရှိနေမည်ဖြစ်သည်။
မိမိတို့နိုင်ငံအတွက်ဒေသနှင့်လျော်ညီပြီးထုတ်လုပ်မှုမြင့်မားသည့်မျိုးကောင်းမျိုးသန့်ငါး၊ ပုစွန်ကိုယ်ပိုင်မျိုးများထုတ်လုပ်နိုင်ရေးအတွက် ဒေသမျိုးရင်း/ မျိုးစစ်များအား စနစ်တကျထိန်းသိမ်းခြင်း၊ မှတ်တမ်းများထားရှိခြင်း၊ မျိုးရွေးချယ်ခြင်း၊ မျိုးဗီဇမြှင့်တင်ရွေးချယ်သားစပ်ကာလိုအပ်သောမျိုးရရှိအောင် သုတေသနပြုဆောင်ရွက်ခြင်း၊ မျိုးရိုးဗီဇဆိုင်ရာသုတေသနပြုခြင်းတို့အားဆောင်ရွက်ပြီး ငါးပုစွန်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကဒေါက်တိုင်တစ်ခုဖြစ်သည့်မျိုးမြှင့်တင်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်သည်။
အဆိုပါမျိုးထိန်းခြင်း၊ မျိုးမြှင့်သားစပ်ခြင်း၊ ကိုယ်ပိုင်မျိုးသစ်ရရှိရေးအတွက် ဆောင်ရွက်ခြင်းသုတေသနလုပ်ငန်းများသည် ကာလရှည်ဆောင်ရွက် ရမည့်လုပ်ငန်းများဖြစ်ပြီး အဆိုပါလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ရေသတ္တဝါမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အကျိုးကျေးဇူးရရှိလာမည်ဖြစ်သည်။ အဆိုပါနိုင်ငံနှင့်ကိုက်ညီသည့် ငါးပုစွန်မျိုးကောင်းမျိုးသန့်များကိုထုတ်လုပ်နိုင်ခြင်းဖြင့် ရေသတ္တဝါမွေးမြူရေးလုပ်ငန်းအမျိုးအစားအလိုက် ထုတ်လုပ်မှုများ မြင့်မားလာခြင်း၊ နိုင်ငံခြားမှ သားပေါက်နှင့်မျိုးများတင်သွင်းဝယ်ယူရမည့်ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း၊ နိုင်ငံခြားဝင်ငွေရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
MWD Web Portal