ထူးချွန်ထင်ရှား မြန်မာအမျိုးသမီးများ
Posted_Date
Image

Body
မြန်မာနိုင်ငံသည် ရှေးဟောင်းယဉ်ကျေးမှုအခြေခိုင်ခံ့ခဲ့သောတိုင်းပြည်ဖြစ်သည်။ ထိုရှေးဟောင်း ယဉ်ကျေးမှုများအနက် အမျိုးသမီးများ၏ဆင်ယင်ထုံးဖွဲ့မှုသည် အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိသည့်အတိုင်း ခေတ်အဆက်ဆက်မြန်မာအမျိုးသမီးတို့သည် သိက္ခာရှိရှိ ဝတ်စားဆင် ယင်ထုံးဖွဲ့လာခဲ့သည်မှာ ယနေ့တိုင်အလွန်ပင်လှပ၍ချစ်စရာကောင်းသည်။ နိုင်ငံတစ်နိုင်ငံ၏ အဆင့်အတန်းကို ထိုနိုင်ငံ၏ယဉ်ကျေးမှုကိုကြည့်ပြီး သုံးသပ်ဆုံးဖြတ်နိုင်သည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသောနိုင်ငံများတွင်ပါဝင်သည်။
မြန်မာတို့၏ရိုးရာယဉ်ကျေးမှုမှာ နှစ်ပေါင်းထောင်ချီ၍သက်တမ်းကြာမြင့်လျက်ရှိသည်ကို “မြန်မာအစ တကောင်း”၊ “မြန်မာ့ယဉ်ကျေးမှုအစ ပျူခေတ်က” သောစကားရပ်များကသက်သေပြလျက်ရှိသည်။
ပျူခေတ်ယဉ်ကျေးမှု၊ ပုဂံခေတ်ယဉ်ကျေးမှု၊ ပင်းယခေတ်ယဉ်ကျေးမှု၊ အင်းဝခေတ်ယဉ်ကျေးမှု၊ တောင်ငူခေတ်ယဉ်ကျေးမှု၊ ညောင်ရမ်းခေတ်ယဉ်ကျေးမှု၊ အလောင်းမင်းတရားကြီး၏ ကုန်းဘောင်ခေတ်ယဉ်ကျေးမှုများမှာ သမိုင်းအစဉ်အလာကောင်းများရှိခဲ့ကြသည်။
ယဉ်ကျေးမှုဟူသောစကားရပ်တွင် အနုသုခုမပညာရပ်များလည်းပါဝင်သည်။ ပျူခေတ်သည်မြန်မာ့ယဉ်ကျေးမှုကိုမှတ်တမ်းတင်ရာတွင် အစောဆုံးကာလဖြစ်သည်။ တရုတ်နိုင်ငံ၏ မှတ်တမ်းများတွင် ခရစ်နှစ် ၈၀၂ ခုနှစ်တွင်တစ်ကြိမ်၊ ၈၀၇ ခုနှစ်တွင်တစ်ကြိမ် ပျူနိုင်ငံမှသံအဖွဲ့သည် တရုတ်ပြည် ချန်အန်းမြို့သို့ရောက်ဖူးကြောင်းဖော်ပြထားသည်။
ထိုအဖွဲ့တွင်အမျိုးသမီးများလည်းပါဝင်၍အနီရင့်ရောင် ပိတ်ဝတ်စုံကိုဝတ်ကြသည်။ ဒူးကိုဖုံးလွှမ်းထားသောချည်ပိတ်ပါးကို ဝတ်ဆင်ထားသည်။ချည်ပိတ်ပါးကိုပခုံးနှစ်ဖက်ပေါ်မှ ချိုင်းကြားအောက်သို့လျှိုလျက်လွှမ်းရုံထားသည်။ ကျောက်မျက်ဖြင့် စီကပ်ထားသောရွှေလက်ကောက်၊ လက်ကြပ်နှင့်ခြေကျင်းများကိုဝတ်ဆင်ထားသည်။ ရွှေဦးဗောင်းကိုလည်းဆောင်းထားသည်ဟုဆိုသည်။
ပျူခေတ်ဗိဿနိုးမြို့ဟောင်းနှင့် ပျူခေတ်သရေခေတ္တရာတို့၏ သက်တမ်းသည်နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့သည်။ ထို့နောက် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စသည်ဖြင့်ခေတ်များပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင်မင်း ၁၁ ဆက်အုပ်စိုးခဲ့သည်။ ယဉ်ကျေးမှုသမိုင်းအစဉ်အလာကောင်းများရှိခဲ့သည်။ ကုန်းဘောင်ခေတ်ကုန်ဆုံး၍ ကိုလိုနီခေတ်ရောက်သည့်အခါ မြန်မာအမျိုးသမီးတို့၏ မျိုးချစ်စိတ်သည်ထင်ရှားပေါ်လွင်လာသည်။ ကိုလိုနီခေတ်သည် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်မှ စတင်ခဲ့သည်။ မြန်မာနိုင်ငံသူ့ကျွန်ဘဝရောက်ရှိစဉ် ၁၉၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်တွင် “ကုမ္မာရီအသင်း(ခေါ်) မြန်မာအမျိုးသမီးကုမ္မာရီအသင်း” ကို မြန်မာပြည်အနှံ့ဖွဲ့စည်းခဲ့ကြသည်။ ၁၉၁၉-ဒါနသုခမိမ္မအသင်း(ခေါ်)ဝံသာနုကုမ္မာရီအသင်းကိုလည်း တည်ထောင်ခဲ့ကြသည်။
တိုင်းတစ်ပါးအုပ်စိုးမှုခံနေရချိန်တွင် အမျိုးသမီးများသည် အမျိုးသားများနည်းတူ ရဲဝံ့စွာ အသင်းအဖွဲ့ တည်ထောင်ခြင်း၊ နယ်ချဲ့ဆန့်ကျင်ရေးတရားများဟောခြင်းတို့ကိုဆောင်ရွက်ခဲ့ကြသည်။ နယ်ချဲ့ဆန့်ကျင်ရေးတရားဟောပြောမှုကြောင့် ပုလိပ်များက မြန်မာအမျိုးသမီးများကိုထောင်ဒဏ်ချမှတ်ခဲ့သည်။ မြန်မာအမျိုးသမီးတို့သည်နိုင်ငံနှင့်လူမျိုးအတွက် အသက်ကိုပင်မငဲ့ကွက်ဘဲ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများတွင်ပါဝင်ခဲ့ကြသည်။
မြန်မာ့သမိုင်းတွင် ထူးချွန်စွာစွမ်းဆောင်ခဲ့သူအမျိုးသမီးများမှာများပြားလှ၍အမည်စာရင်းအသေးစိတ်မဖော်ပြတော့ပါ။နယ်ချဲ့တော်လှန်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေးကြိုးပမ်းလှုပ်ရှားမှုများတွင် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စားခဲ့ကြသောစာပေ၊ ဂီတ၊ သဘင်လောကမှအမျိုးသမီးများ၏ ဇာတိမာန်ပြင်းထန်မှုများ၊ စိတ်ထက်သန်မှုများကိုဖော်ပြရမည်ဆိုပါက ကျမ်းတစ်စောင်ပေတစ်ဖွဲ့ပင်ရနိုင်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် ထားဝယ်သူ-သူရမချစ်ပိုကဲ့သို့ နိုင်ငံတော်အတွက် မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့အကျိုးကိုစွမ်းစွမ်းတမံထမ်းရွက်ခဲ့သည့် စစ်ဘက်နယ်ဘက်မှအမျိုးသမီးများလည်း များစွာရှိခဲ့သည်။ သူတို့၏ဂုဏ်ယူဖွယ်ကောင်းလှသည့် ဆောင်ရွက်ချက်အလှများမှာ မမေ့နိုင်စရာဖြစ်ရသည်။
အမျိုးသမီးများ၏အလှစံချိန်ကို လောကနီတိကျမ်းတွင် အချက်ရှစ်ချက်ဖြင့် စံအဖြစ် သတ်မှတ်ထားသည်။ အဆိုပါသဘာဝအလှရှစ်ပါးမှာ ဝင်းဝါ၍စိုပြည်သောအသားအရေရှိခြင်း၊ သမင်၏မျက်စိကဲ့သို့ ညိုနက်သောမျက်စိရှိခြင်း၊ ခါးသေးတင်ကျယ် ငယ်သောဝမ်းရှိခြင်း၊ ဆင်နှာမောင်းကဲ့သို့သွယ်ပျောင်းသောပေါင်ရှိခြင်း၊ ဖြေ၍နောက်သို့ဖြန့်သော် ဖနောင့်တိုင်အောင်သွားလျက် အဖျားကော့၍တက်သောဆံပင်ရှိခြင်း၊ ကြီးငယ်မထင် ညီညွတ်သောသွားအစဉ်ရှိခြင်း၊ နက်သောချက်ရှိခြင်း၊ ကောင်းသောအလေ့အကျင့်ရှိခြင်းဟူ၍ဖြစ်သည်။ ထိုအင်္ဂါရပ်နှင့်ပြည့်စုံသော မိန်းမပျိုကို အမျိုးအနွယ်ညံ့သော်လည်း လက်ထပ်ထိမ်းမြားရာ၏ဟူ၍ပင် ရေးသားထားသည်။
မြန်မာအမျိုးသမီးများသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် “ဇာတိ ပုည ဂုဏ်မာန” ရှိခဲ့ကြသည်ကို သမိုင်းတွင်ထင်ရှားစွာရှိထားပြီးဖြစ်သည်။ အမျိုးသားများနှင့်ရင်ပေါင်တန်းပြီး ရဲရဲတောက်အစွမ်းပြသတ္တိပြခဲ့ကြသည်။ ယနေ့တိုင်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုတွင် အမျိုးသားများနှင့်ရင်ပေါင်တန်းကာ လေယာဉ်မောင်းနှင်ခြင်း၊ စစ်ရေယာဉ်မောင်းနှင်ခြင်းများကို သက်စွန့်ဆံဖျား ဆောင်ရွက်လျက်ရှိကြသည်။ မြန်မာအမျိုးသမီးတိုင်းက မြင့်မားသောရည်မှန်းချက်၊ ပြည့်ဝသောပညာအရည်အချင်းများရှိနေအောင် ကြိုးစားကြမည်ဆိုပါက မိမိတစ်ဦးချင်းအတွက်လည်းကောင်း၊ နိုင်ငံတော်အတွက်လည်းကောင်း အလွန်ပင်ကောင်းမွန်သောအခြေအနေများဖြစ်ပေါ်လာပေမည်။ အမျိုးသမီးများ၏ပင်ကိုအလှထက် နိုင်ငံ့တာဝန်ကိုစွန့်လွှတ်စွန့်စားထမ်းဆောင်မှုအလှများက ပို၍လှသော၊ ပို၍မွှေးသောပန်းကလေးများအသွင်ကဲ့သို့ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ နှလုံးသည်းပွတ်မှာ ယဉ်ကျေးမှုပင်ဖြစ်သည်။ မြေပေါ်မြေအောက်သယံဇာတများ လွန်စွာကြွယ်ဝသောနိုင်ငံဖြစ်လင့်ကစား မိမိတို့ထိန်းသိမ်းစောင့်ရှောက်အပ်သော ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကွယ်ပျောက်သွားခဲ့လျှင် လူမျိုးပါတိမ်ကောသွားနိုင်သည်။ အမျိုးပျောက်မှာစိုးကြောက်လှသည်ဟူသောစကားသည် နိုင်ငံအတွက်အလွန်သတိပြုရမည့်သတိပေးစကားဖြစ်သည်။ အမျိုးဂုဏ်ကိုစောင့်ထိန်းခြင်းဖြင့် မိမိမျိုးနွယ်၏ဂုဏ်တင့်တယ်စေရမည်ဖြစ်သည်။ လှပသော မြန်မာအမျိုးသမီးများမှာလှပနေရုံဖြင့်မဖြစ်သေးပေ။ အလှကိုအဆင်းဟုဆိုလျှင် အဆင်းနှင့်အတူရှိရမှာအချင်းဖြစ်သည်။
ဖြူစင်သောနှလုံးသားနှင့်ပြည့်ဝသောပညာအရည်အချင်းများရှိနေရမည်ဖြစ်သည်။ ထိုသို့ရှိနေလျှင်မိမိကိုယ်ကိုယုံကြည်သည့်စိတ်ဓာတ်များကိန်းအောင်းနေမည်ဖြစ်သည်။
အဆင်းနှင့်အချင်းပြည့်စုံသူကို လှသောပန်း၊ မွှေးသောပန်းနှင့်တူသည်။ တချို့သောပန်းတို့သည်လှသည်။ ရနံ့မသင်းပါ။ အချို့ကားရနံ့သင်းသော်လည်းမလှပါ။ ထို့အတူ မြန်မာအမျိုးသမီးတို့သည်လှသောမွှေးသောပန်းများကဲ့သို့ လောကကိုအလှဆင်နိုင်ကြရမည်ဖြစ်သည်။ ထိုသို့အလှဆင်နိုင်ရေးအတွက် လှသောအမျိုးသမီးများပိုမိုလှပစေရန်၊ အရည်အချင်းပြည့်ဝသောအမျိုးသမီးများ ပိုမိုအရည်အချင်းပြည့်ဝစေရန်အတွက် ထိန်းကျောင်းပဲ့ပြင်ပေးသည့်အဖွဲ့အစည်းတစ်ခုရှိရမည်ဖြစ်သည်။ ထိုအဖွဲ့အစည်းမှာမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကိုအောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်-
၁။ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင်အမျိုးသမီးများ၏အခန်းကဏ္ဍကို မြှင့်တင်ပေးရန်။
၂။ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်။
၃။ အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်အမျိုးသမီးများ၏ဘဝလုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန်။
၄။ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အမျိုးသမီးများကိုလေ့ကျင့်ပျိုးထောင်ရန်။
၅။ အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်။
၆။ အမျိုးသမီးများနှင့်ကလေးသူငယ်များအား လူကုန်ကူးမှု လျော့နည်းပပျောက်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အသွင်ဖြင့်ဆောင်ရွက်ရန်။
၇။ အမျိုးသမီးများ၏ အခွင့်အရေးများကိုတိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်သည် မြန်မာအမျိုးသမီးအားလုံးအတွက် အကောင်းဆုံးသောလမ်းကြောင်းကို တည်ငြိမ်အေးချမ်းစွာလျှောက်လှမ်းနိုင်ရန် လမ်းကြောင်းလည်းပြ လက်တွဲခေါ်လျက်ရှိသည်။ ထို့ပြင် အမျိုးသမီးများ၏ဘဝခရီးလမ်းတွင် တွေ့ကြုံရမည့်ဆူးငြောင့်ခလုတ်များကိုလည်း ကြိုတင်သိမြင်နိုင်အောင်အသိပညာပေးလျက်ရှိပြီး လမ်းဆိုးကိုမရွေးချယ်ဘဲ လမ်းကောင်းကို လျှောက်လှမ်းနိုင်ရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ အဓိကအားဖြင့်နိုင်ငံတော်အတွက် အမျိုးသမီးများ၏အခန်းကဏ္ဍကိုမြှင့်တင်ပေးနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ကိုကိုယ်စားပြုသောမြန်မာအမျိုးသမီးများ၏အခန်းကဏ္ဍသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တည်ဆောက်ရာတွင် လွန်စွာအရေးကြီးလှသည်။ အမျိုးသားများနှင့်ရင်ပေါင်တန်းကာ တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည်ကိုတွေ့မြင်ရသည်မှာ အားရဖွယ်ကောင်းလှသည်။ နိုင်ငံနှင့်လူမျိုးအတွက်ထူးချွန်ထက်မြက်သော မြန်မာအမျိုးသမီးများကိုတွေ့မြင်ရသည်။ နိုင်ငံတော်ကာကွယ်ရေးကဏ္ဍတွင်ပါဝင်ထမ်းရွက်နေကြသောအမျိုးသမီးများ၊ နိုင်ငံတော်လုံခြုံရေးကဏ္ဍတွင်ပါဝင်ထမ်းရွက်နေကြသောအမျိုးသမီးများ၏ ရဲဝံ့သောစိတ်ဓာတ်၊ ဇွဲသတ္တိနှင့်စွမ်းဆောင်ချက်မှာ နိုင်ငံ့အတွက် ဂုဏ်ရှိန်မြင့်မားလှသည်။ ထို့ကြောင့် နှစ်စဉ် ဇူလိုင်လ ၃ ရက် မြန်မာအမျိုးသမီးများနေ့ရောက်ရှိတိုင်း နိုင်ငံတစ်ဝန်းရှိထူးချွန်သောအမျိုးသမီးကို ဂုဏ်ပြုလျက်ရှိသည်။ သူတို့သည်ထူးချွန်ထင်ရှားသည့် မြန်မာအမျိုးသမီးများဖြစ်သည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ နိုင်ငံတော်လုံခြုံရေးတာဝန်၊ နိုင်ငံတော်ကျန်းမာရေးတာဝန်၊ နိုင်ငံတော်စီးပွားရေးတာဝန်၊ နိုင်ငံတော်ယဉ်ကျေးမှုအနုပညာတာဝန် စသည် စသည်ဖြင့်ဘက်ပေါင်းစုံ ကဏ္ဍစုံတွင် ထူးချွန်စွာပါဝင်ဆောင်ရွက်နေကြသည့် အမျိုးသမီးများစွာရှိသည်။
ထို့ကြောင့် နှစ်စဉ်နှစ်တိုင်းတွင် ဇူလိုင်လ ၃ ရက်နေ့ရောက်သည်နှင့် မြန်မာအမျိုးသမီးများ နေ့ကို ကျင်းပပြီး ဂုဏ်ပြုလျက်ရှိသည်မှာချီးမြှင့်ဂုဏ်ပြုထိုက်သူကို ချီးမြှင့်ထောက်ပံ့ခြင်းသည် မင်္ဂလာ တစ်ပါး ပင်ဖြစ်သည်။
လူမျိုးတိုင်းတွင်အမျိုးသား၊ အမျိုးသမီးဟူ၍ရှိကြပေရာ အမျိုးသမီးတို့၏အခန်းကဏ္ဍသည် အထူးပင် အရေးပါလှသည်။ မိမိတို့၏အမျိုးအနွယ်ကိုစောင့်ထိန်းခြင်းတွင် အမျိုးသမီးများကအဓိကဖြစ်သည်။ မြန်မာ့အစဉ်အလာသားသမီးဝတ်ငါးပါးတွင် “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်ကျင့်ဖွယ်သားတို့တာ”ဟုဖော်ပြလမ်းညွှန်ထားသည်။ မိမိ အမျိုးအနွယ် တိမ်ကောပပျောက်မသွားရအောင် အမျိုးကိုချစ်သောစိတ်မွေးမြူကာ အမျိုးကို စောင့်ရှောက်ကြရန် စောင့်လေမျိုးနွယ်ဟူသောအပိုဒ်ကသတိပေးနှိုးဆော်ထားသည်။ ဥပမာအားဖြင့် မြန်မာ့သမိုင်းတွင် ကျန်စစ်သားမင်းကြီး၏သမီးတော် ရွှေအိမ်စည်သည် ဘာသာမတူ၊ လူမျိုးမတူသည့် ပဋိက္ခရားနှင့် သံယောဇဉ်ရှိခဲ့သော်လည်း မိမိမျိုးနွယ်ကိုစောင့်ရှောက်သောအားဖြင့် စောလူးမင်း၏ သားတော်စောယွန်းနှင့် လက်ဆက်ခဲ့သောသာဓကရှိခဲ့သည်။ ထို့ကြောင့် ဒီပဲယင်းဝန်ထောက်ဦး မြဲ၏စကားဖြစ်သည့် “မြေမျို၍လူမျိုးမပြုတ်၊ လူမျိုမှလူမျိုးပြုတ်မည်” ဟူသောစကားကို ယနေ့တိုင် အလေးအနက်ထားကြရမည်ဖြစ်သည်။
မြန်မာတို့သည် မျိုးချစ်စိတ်ပြင်းထန်သူများဖြစ်ကြသည်။ မြန်မာအမျိုးသမီးတို့သည်လည်း မိမိအမျိုး အနွယ်ချစ်သည့်စိတ်ရှိကြသည်။
မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု ကိုချစ်ခင်မြတ်နိုးသည့်စိတ်၊ ကိုယ့်တိုင်းပြည်နှင့်ကိုယ့်လူမျိုးကိုထိလျှင် မချိအောင်နာတတ်သည့်စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ ကိုယ့်တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားမည် ဆိုသည့်စိတ်ဓာတ်ဖြစ်သည်။ မိမိတိုင်း ပြည်ကိုမချစ်သူသည် ဘာကိုမျှချစ်မည်မဟုတ်ဟူသောအဆိုတစ်ခုရှိသည်။ မိမိအမျိုးအနွယ်ကို မစောင့် ထိန်းဘဲ တိုင်းတစ်ပါးကိုအထင်ကြီးသူများမှာ မိမိတို့၏ ဆွေစဉ်မျိုးဆက်ကို မိမိတို့ကိုယ်တိုင် ဖျောက်ဖျက်လိုက်ခြင်းဖြစ်သည်။
ကမ္ဘာပေါ်ရှိနိုင်ငံအများစုတွင် အမျိုးသမီးများနှင့်ပတ်သက်လာလျှင် မြန်မာနိုင်ငံကဲ့သို့အခွင့်အရေးပြည့်ဝစွာရရှိမှုနည်းပါးသည်။ ထို့ကြောင့် အမျိုးသမီးများနှင့်ပတ်သက်၍ အခွင့်အရေးတောင်းဆိုမှုများရှိလာသည်။ နိုင်ငံတကာအမျိုးသမီးလှုပ်ရှားမှုများပြုလုပ်ပြီး အမျိုးသမီးများသည် အမျိုးသားနှင့်တန်းတူအခွင့်အရေးများရရှိနိုင်ရန်၊ တန်းတူရည်တူဆက်ဆံခွင့်ရရှိရန်နှင့် အမျိုးသမီးများ၏စွမ်းပကားတောင်းဆိုလှုံ့ဆော်စည်းရုံးမှုများပြုလုပ်ရန် ဟူသောရည်ရွယ်ချက်သုံးရပ်ဖြင့် ကမ္ဘာ့အမျိုးသမီးညီလာခံများကို ကျင်းပလျက်ရှိသည်။ အဆိုပါညီလာခံများအနက် ၁၉၉၅ ခုနှစ် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့အမျိုးသမီးညီလာခံတွင် ဘေဂျင်းကြေညာစာတမ်း ပြဋ္ဌာန်းခဲ့သည်။ ထိုကြေညာစာတမ်းတွင် “အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံတိုင်း၌ အမျိုးသားအဆင့်ယန္တရားဖွဲ့စည်းပြီး ဆောင်ရွက်သင့်သည့်ကဏ္ဍအပါအဝင် ကဏ္ဍကြီး (၁၂)ရပ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်သည့်အနေဖြင့် ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ (Myanmar National Committee on Women’s Affairs) (MNCWA)ကို ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ယခုမြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့ဟု ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မြန်မာနိုင်ငံရှိ မြန်မာအမျိုးသမီးအားလုံး နိုင်ငံနှင့်လူမျိုးကောင်းကျိုး ပိုမိုသယ်ပိုးဆောင်ရွက်အောင်မြင်၍တိုးတက်သောလူမှုစီးပွားဘဝများကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းရေးသားလိုက်ရပေသည်။ ။
MWD Web Portal