ကမ္ဘာ့ငြိမ်းချမ်းရေး … မျှော်လင့်ရင်း ဝေးသည်ထက်ဝေး
Posted_Date
Image

Body
အစဉ်အလိုက်လော တစ်ခုမဟုတ်တစ်ခုလော
နှစ်ပေါင်းထောင်ချီဖြတ်သန်းခဲ့သော ကမ္ဘာကြီး၏သမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်လျှင် ရုပ်ပိုင်းဝတ္ထုဆိုင်ရာ ဖွံ့ဖြိုးမှုများတိုးတက်မှုသည် ဖြည်းဖြည်းခြင်းဖြင့်လည်းကောင်း၊ လျင်မြန်သော အရှိန်အဟုန်ဖြင့်လည်းကောင်း အံ့မခန်းဖြစ်ပေါ်နေခဲ့သည်ကို မျက်မြင်ထင်ရှားတွေ့ရှိကြရသည်။ တစ်ချိန်တည်းမှာပင် စိတ်ပိုင်းဆိုင်ရာကို အခြေခံဖြစ်ပေါ်လာသော အနိဋ္ဌာရုံများ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင်ပင် ဖြစ်ပျက်နေကြသည်ကိုလည်း တွေ့ကြရလိမ့်မည်။ မနာလိုဝန်တိုမှုနှင့် လွန်ကဲသော လောဘ၊ ဒေါသကို သရုပ်ဖော်နေသောအပြုအမူများ၊ စစ်ပွဲများ၊ ပဋိပက္ခများ၊ အဖြစ်အပျက်ဆိုးများသည် တစ်ခုပြီးတစ်ခု အစဉ်အလိုက်ဖြစ်နေသကဲ့သို့လည်းကောင်း၊ တစ်ခုမဟုတ်တစ်ခုဖြစ်နေသကဲ့သို့ လည်းကောင်း တွေ့နေရသည်။
အတိတ်သမိုင်းနှင့် ပစ္စုပ္ပန်အခြေအနေ၊ ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှု
မိတ်ဆွေတစ်ယောက်၏ ပြောစကားကို အမှတ်ရသည်။ အိန္ဒိယဂန္ထဝင်စာပေတွင် ရာမယဏ (Ramayana) နှင့် မဟာဘာရတ္တ (Mahabharata) ဇာတ်လမ်းများရှိပြီး မော်ကွန်းတင်ကဗျာရှည်ကြီးများအဖြစ် ဖွဲ့ဆိုထားကြသည်။ မော်ကွန်းတင် ကဗျာရှည်ကြီးများအဖြစ် ဖွဲ့ဆိုရလောက်သည့် အဆိုပါဇာတ်လမ်းများထဲ၌ ဇာတ်ကောင်များ၏ ကြမ်းတမ်းသော၊ ကျင့်ဝတ်သိက္ခာမဲ့သော၊ ခိုက်ရန်ဖြစ်ပွားသော စရိုက်လက္ခဏာများ၊ ငြိမ်းချမ်းလိုသည့် ဆန္ဒရှိသော၊ စိတ်ကောင်းစေတနာရှိသော စရိုက်လက္ခဏာများ၊ မြင့်မြတ်သောအပြုအမူများကို လုပ်ဆောင်သည့်အမျိုးသားများ၊ အမျိုးသမီးများနှင့် သူတော်ကောင်း၊ သူတော်စင်များ၏ အပြုအမူများစသဖြင့် အကောင်းအဆိုးအခြေအနေများကို ဖော်ညွှန်းရေးသားထားသည်။
ဇာတ်လမ်းဇာတ်ကွက်များသည် အတိတ်သမိုင်းယဉ်ကျေးမှုကို သရုပ်ဖော်ထင်ဟပ်နေသကဲ့သို့ အမှန်တရားနှင့် ငြိမ်းချမ်းရေးတို့ကြား သဟဇာတဖြစ်မှု၊ လူသားတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးအတွက် မှတ်သားလိုက်နာသင့်သည့် လမ်းညွှန်မှုတို့ကို သင်ခန်းစာယူ၊ မှတ်သားဖွယ်ရာ ဖော်ပြထား သည်။ လူသားဝါဒတို့နှင့်ဆက်စပ်သော မြင့်မြတ်သည့်အတွေးအခေါ်များ၊ ဘာသာအယူဝါဒအပေါ် သက်ဝင်ယုံကြည်မှုအပါအဝင် ကောင်းမွန်သောအကျင့်စရိုက်များ၊ အပြုအမူများကိုလည်း သရုပ်ဖော်ထား၏။ ကမ္ဘာကြီးနှင့် လူသားတို့ အပြန်အလှန်မှီခိုရှင်သန်နေနိုင်ရေး၊ လူသားများအချင်းချင်းကြား သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးနှင့် မကောင်းမှုများသည် ကမ္ဘာကြီးနှင့်လူသားတို့ကို ပျက်စီးစေသည်ဟူသော သတိချပ်စရာ၊ မှတ်သားလိုက်နာ စရာများလည်းပါဝင်သည်။
နှောင်းခေတ်လူသားတို့မှတ်သား၊ လိုက်နာ၊ ကျင့်ကြံနိုင်ခြင်းရှိပါသလော။ ပစ္စုပ္ပန်အခြေအနေများဖြင့် သက်သေထူနိုင်ပါသည်။ ယနေ့ကမ္ဘာတွင် မကောင်းမှုများသည် အတိတ်ကာလများထက်ပင် ပို၍ဖြစ်ပေါ်လာနေတော့၏။
ထိုဇာတ်လမ်းများထဲတွင် ဖော်ပြထားသော ဇာတ်ကောင်များ၏ စရိုက်လက္ခဏာများနှင့် ယနေ့ခေတ်အခြေအနေတို့ကို နှိုင်းယှဉ်ကြည့်မိသည်။ လက်ရှိအချိန်ကာလတွင် နေထိုင်ကြသော လူအများစု၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာများ၊ အပြုအမူများနှင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာက နေထိုင်ခဲ့သော လူတို့စရိုက်လက္ခဏာ၊ အပြုအမူများသည်များစွာ ကွာခြားမှုမရှိသည်ကို ရှင်းရှင်းလင်းလင်းသိမြင်နေရ၏။ ထိုအချိန်ထိုအခါက အခြေအနေများကို ထင်ဟပ်စေသော အကောင်းအဆိုး၊ ဇာတ်လမ်း ဇာတ်ကွက်များသည် ယနေ့ခေတ်တွင် ဖြစ်ပျက်နေသောအခြေအနေများနှင့် များစွာကွာခြားမှုမရှိပေ။ သိသာထင်ရှားသောအချက်မှာ သိပ္ပံနှင့်နည်းပညာများ သိသိသာသာဖွံ့ဖြိုးတိုးတက်လျက်၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ အားကောင်းလာခဲ့သော်လည်း လူသားတို့၏ စိတ်သဘောထားသည် နှစ်ပေါင်းများစွာအတွင်း ပိုမိုကောင်းမွန်သည့် အပြောင်းအလဲများစွာ ဖြစ်မလာခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့နေရခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ အခြေခံအမူအကျင့်များသည် ယခင်အချိန်များက လူသားများ ကဲ့သို့ပင်ရှိနေသည်။ ယဉ်ကျေးမှုရှုထောင့်မှဆိုရလျှင် ကျောက်ခေတ်ကာလများမှသည် ယနေ့အချိန် ကာလအထိ လူသားတို့၏နေထိုင်မှုများမှာ တဖြည်းဖြည်းချင်းတိုးတက်လာခဲ့သော်လည်း လူသားတို့၏ စိတ်ထားနှလုံးသားတို့သည် ကောင်းစွာမတိုးတက်သေး၊ စိတ်ပျက်ဖွယ်ကောင်းနေတော့သည်ဟု သုတေသီအချို့ကထောက်ပြသည်။ အဘယ်ကြောင့်ဆိုသော် သတ္တဝါများထဲတွင် အသိဉာဏ်အရှိဆုံး ဖြစ်သည့် လူသားများသာကြီးစိုးသော ယနေ့ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ယခုအချိန်အထိ ပြည့်ပြည့်ဝဝမရရှိသေးသော ကြောင့်ဖြစ်သည်။
အဆိုးသင်ခန်းစာများထပ်ရနေသော ကမ္ဘာ
ကမ္ဘာကြီးတွင် အတိတ်ကာလများက စစ်ပွဲများစွာဖြစ်ပွားခဲ့၏။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့သည် အကြီးမားဆုံး၊ အပျက်စီးဆုံးနှင့် လူသန်းပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့သည့် အနိဋ္ဌာရုံကြီးများဖြစ်သည်။ လေးနှစ်ကျော်ကြာမြင့်ခဲ့သည့် ပထမကမ္ဘာစစ်အပြီးတွင် ငြိမ်းချမ်းရေးရရှိရန် အရေးကြီးကြောင်း အသိရလာခဲ့ကြပြီး ငြိမ်းချမ်းမှုကို နှလုံးသွင်းလျက် နိုင်ငံပေါင်းချုပ်အသင်းကြီးကို ဖွဲ့စည်းခဲ့ကြသည်။ တဒင်္ဂသာခံ၏။ ဒုတိယကမ္ဘာစစ်ကြီး ထပ်မံဖြစ်ပွားခဲ့ရာ အချိန်ကာလခြောက်နှစ်ကြာမြင့်ခဲ့၏။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးပြီးခဲ့သောအခါ ငြိမ်းချမ်းရေးလှုပ်ရှားမှုများ တစ်ကျော့ပြန် စတင်ခဲ့ပြီး စစ်ပွဲမရှိသော ကမ္ဘာကြီးကို မျှော်လင့်ခဲ့ကြပြန်သည်။ ပို၍သေချာမှုရှိစေရန် ရည်ရွယ်လျက် ကုလသမဂ္ဂအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
ယခု ဒုတိယကမ္ဘာစစ်ကြီးပြီးခဲ့သည်မှာ ခုနစ်ဆယ့်ငါးနှစ်ပင်ကျော်ခဲ့ပြီ။ ကုလသမဂ္ဂအဖွဲ့ကြီးသည် ခံ့ခံ့ထည်ထည်ရှိနေဆဲ။ ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နေဆဲမှာပင် ငြိမ်းချမ်းရေးဆိုသည်ကို နိဒါန်းပင်မပျိုးနိုင်သေးပေ။ စစ်ပွဲကြီးငယ်များသည်လည်း ဆက်လက်ဖြစ်ပွားနေဆဲ။ ယူကရိန်းစစ်ပွဲ အဆုံးမသတ်နိုင်သေး။ ၂၀၂၃ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အရပ်သားပြည်သူများစွာ သေကျေခဲ့ရသည့် အစ္စရေးနှင့်ဟားမာ့စ်တို့၏ စစ်ပွဲများဖြစ်ပွားခဲ့သည်။ နိုင်ငံအတော်များများတွင် ဒေသတွင်းစစ်ပွဲများ၊ နယ်စပ်ပဋိပက္ခများ တစ်နေ့ တခြားတိုးလာနေ၏။ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် အီရန်-အစ္စရေး နှစ်နိုင်ငံ စစ်ပွဲမီး စတင်ခဲ့ပြန်သည်။
စစ်ပွဲဖန်တီးဖြစ်ပေါ်မှုများသည် ကမ္ဘာ့နိုင်ငံအကြီး၊ အငယ်များအပေါ် demonstration effect ဖြစ်ပေါ်လျက် အတုမြင်အတတ်သင် အဆိုးသင်ခန်းစာကို ထပ်မံပေးနေခြင်းလော။
မြင့်မြတ်သောနှလုံးသားများရှိနေသည့်တိုင်
ဤသို့ဆိုလျှင် စစ်ပွဲများတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံခေါင်းဆောင်များ ငြိမ်းချမ်းရေးကို မည်သူကမျှ နှစ်နှစ်ကာကာ စိတ်ဝင်စားမှုမရှိခြင်း သဘောပေလော။ ထိုကဲ့သို့မဟုတ်ပေ။ အတိတ် ကာလများကတည်းက ငြိမ်းချမ်းရေးကို နှစ်သက်မြတ်နိုးလျက် ကြိုးစားအားထုတ်မှု ပြုလုပ်ခဲ့သူများရှိခဲ့၏။ မဟတ္တမဂန္ဒီ၊ မာတင်လူသာကင်း၊ နယ်လ်ဆင်မင်ဒဲလားအပါအဝင် ခေါင်းဆောင်အချို့သည် စစ်ပွဲတိမ်တိုက်မည်းကြီးများ လွင့်စဉ်ပျောက်ကွယ်၍ ကောင်းကင်ပြာပြာတွင် ငြိမ်ချမ်းရေးချိုးငှက်များ လွတ်လပ်စွာ ပျံသန်းနိုင်ရေးအတွက် ၎င်းတို့၏ဘဝကိုမြှုပ်နှံ၍ ရုန်းကန်လှုပ်ရှားပင်ပန်းခဲ့ကြသည်။ ထိုကဲ့သို့ စွန့်လွှတ်အနစ်နာခံတတ်သော နှလုံးသားများ၏ မြင့်မြတ်သောအားထုတ်မှုများရှိခဲ့သည့်တိုင် စစ်ပွဲဖန်တီးရေး နှလုံးသားများသည် ဟန်ဆောင်မှုများကိုသာ အထင်းသားပြ၍ အတွင်းစိတ်သဘောကမူ တုတ်တုတ်မျှမလှုပ်ခဲ့ချေ။ အခြေအနေများသည် အရင်အတိုင်းရန်လိုမုန်းထားမှုများ ကြီးစိုးနေဆဲ။ ကမ္ဘာကြီးသည် ကြေကွဲနေရဆဲဖြစ်၏။
ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အထပ်ထပ်အခါခါ ကတိကဝတ်ပြုခဲ့ကြသော ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ၏ နှုတ်ကတိများသည်လည်း အချည်းအနှီး။ လေထဲတွင် ချက်ချင်းပင် ပျောက်ကွယ်သွားသော၊ စာရွက်ပေါ်တွင် သမိုင်းမှတ်တမ်းအဖြစ်ပြရုံ သက်သက်စကားလုံးများသာဖြစ်သည်ကို ဖြစ်နေဆဲစစ်ပွဲများက သက်သေပြလျက်ရှိနေသည်။ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်အများစုသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွား၊ နယ်မြေချဲ့ထွင်လိုမှုလောဘ၊ အခြားနိုင်ငံများအပေါ် လွှမ်းမိုးကြီးစိုးလိုစိတ် စသည့် ပါဝါများအတွက် စစ်ပွဲဖန်တီးရန် တွန့်ဆုတ်ခြင်းမရှိကြ။ ပဋိပက္ခများ၊ စစ်ပွဲများကို မသိမသာရော၊ သိသိသာသာပါ ဖန်တီးပြီးရင်း ဖန်တီးနေကြသည်။
ငြိမ်းချမ်းသည့်နှလုံးသားရှိသူများသာ ငြိမ်းချမ်းရေးအတွက်အဖြေရှာနိုင်
ယနေ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များထံမှ ထွက်ပေါ်လာသော “ငြိမ်းချမ်းရေး” ဆိုသော ဝေါဟာရသည် ၎င်းတို့အားလုံး၏ စိတ်ထားနှင့်ထပ်တူကျပါ၏လော။ ငြိမ်းချမ်းရေးဖြစ်စေချင်သော ရယူလိုမှုများသည် စိတ်ကူးယဉ်သက်သက် ဖြစ်နေပြီလော။ ကမ္ဘာ့ဒေသများစွာတွင် ကျင်းပပြုလုပ်ခဲ့ကြသော ငြိမ်းချမ်းရေးဖိုရမ်များ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများတွင် မည်သည့်အရာ လစ်ဟာ နေပါသနည်း။
ကမ္ဘာကြီးငြိမ်းချမ်းမှုရရှိရေးအတွက် ကြိုးစားအားထုတ်မှုများတွင် ပါဝင်နေကြသော ခေါင်းဆောင်တစ်ဦးချင်းစီသည် ၎င်းတို့၏ အတွင်းစိတ်သဘော မနောတို့ကိုပြန်လည်ဆန်းစစ်ကြဖို့ လိုလာသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခြင်းမပြုမီ ၎င်းတို့တစ်ဦးချင်း၏စိတ်ထဲ၌ လောဘ၊ ဒေါသကိုတစ်ဖက်၊ ငြိမ်းချမ်းရေးကို တစ်ဖက်ထားလျက် စိတ်တိုက်ပွဲဝင်ခိုင်းနေသင့်သည်ဟု အကြံပြုပါသည်။ အဆိုပါစိတ်တိုက်ပွဲ၌ ငြိမ်းချမ်းရေးက အနိုင်ရရှိစေရန် မိမိတို့၏စိတ်သန္တာန်ကို ပြင်ဆင်နေရမည်။ ငြိမ်းချမ်းရေးကသာ အမှန်တကယ်အနိုင်ရနေရမည်။ ငြိမ်းချမ်းရေးဖြစ်စေရန် စိတ်နှလုံးတွင် လောဘ၊ ဒေါသတို့ကို လျှော့ချနိုင်သလောက် လျှော့ချထားနေရမည်။ လောဘ၊ ဒေါသ လျှော့ချထားနိုင်လေလေ၊ ငြိမ်းချမ်းလိုသည့်စိတ် ပိုအားကြီးလေလေဖြစ်မည်။ ထိုသို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပါဝင်နေသည့် ခေါင်းဆောင်များ၏ အတွင်းစိတ်၌ ငြိမ်းချမ်းရေးအနိုင်ရရှိနေမှသာ (စိတ်ငြိမ်းချမ်းမှုရှိနေမှသာ) အပြင်လောကနိုင်ငံများ အချင်းချင်းကြား ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ရမည့် ငြိမ်းချမ်းရေးကိုဦးတည်သည့် ကနဦးပြင်ဆင်မှုများ အလုပ်ဖြစ်မည်ဟုဆိုသည်။ စိတ်တိုက်ပွဲ၌ ငြိမ်းချမ်းရေးအနိုင်ရရှိထားသူများဖြင့်သာ၊ မိမိကိုယ်တိုင်ငြိမ်းချမ်းသည့် နှလုံးသားရှိသူများကသာ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အဖြေရှာနိုင်လိမ့်မည်ဟု ယူဆ၏။
မျှော်လင့်ချက်မဲ့ ကမ္ဘာ
ယနေ့ ကမ္ဘာကြီးတွင် လူတို့၏မဆင်ခြင်သော အပြုအမူများနှင့် သဘာဝတရား၏ ဟန်ချက်မညီ ယို့ယွင်းမှုများကြောင့် အပူချိန်ဒီဂရီများ တိုးလာနေစဉ် ကမ္ဘာကြီးကို မှီခိုနေကြသော လူသားတို့၏ စိတ်နှလုံး သားများသည်လည်းမသိမှု၊ အဝိဇ္ဇာတိုးလျက် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် ပူလောင်မြိုက် လျက်ရှိနေပါသည်။ ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့လူသားတို့ မျှော်လင့်ချက်မဲ့ရတော့မည်လား။
ကောင်းကင်ပြာတစ်ခွင်၌ လွတ်လပ်စွာပျံသန်းနေသော ငြိမ်းချမ်းရေးချိုးငှက်ကို ရှာဖွေကြည့်သည်။ တွေ့မြင်ရနိုးနိုးမျှော်လင့်မိ၏။ ယခုအချိန်အထိ အရိပ်အယောင်မျှပင်မတွေ့ရသေး။ ။
ကိုးကား - https://www.eurasiareview.com/
MOI