စာပေထဲက မိန်းမလှ

Posted_Date

Image

စာပေထဲက  မိန်းမလှ

Body

“နတ်ပြည်မိုးသူဇာ၊ ပျံကျလာသို့ရှုသာတင့်စနိုး၊ လှခေါင်မိုးလျှင်ပြစ်မျိုးမှည့်မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ထွန်းရောင်ဝင်း၊ လှမှန်ကင်းကိုညဉ့်ခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့”

အင်းဝခေတ် ရဟန်းစာဆို ရှင်မဟာရဋ္ဌသာရ၏  ဝဏ္ဏပဘာရတုကဗျာမှ ပြစ်မျိုးမှည့်မထင်သော၊ ဖြူစင် ဝင်းပသော၊ ရှုချင်စဖွယ် တင့်တယ်လှပသော၊ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့နေတတ်သောလှမှန်ကင်းဖြစ်သော မိန်းကလေးငယ်၏ပင်ကိုအလှကို ဖွဲ့ဆိုထားသည့်အလှအဖွဲ့ဖြစ်သည်။

အလှဟူသည်

ကျွန်မတို့သည် အလှ၊ အလှအပ၊ အလှတရားဟုဆိုလိုက်ပါလျှင် ယေဘုယျအားဖြင့် မျက်နှာအလှ၊ အသားအရေအလှ၊ ကိုယ်ခန္ဓာအလှ၊ ရုပ်ဆင်းသွင်ပြင်အလှစသည်များကို   မြင်မိထင်မိတတ်ကြသည်။ စာပေထဲကအလှဘွဲ့ဟုဆိုပါလျှင်လည်း မောင်တို့မယ်တို့၏ရုပ်ဆင်းရူပကာ အလှအပအဖွဲ့အနွဲ့များကို အောက်မေ့သတိရမိတတ်ကြသည်။

“ဣတ္ထိ ရူပံ ဓနံ”- မိန်းမတို့၏ ဥစ္စာပစ္စည်းသည် အဆင်းဖြစ်သည်ဟူသော ဆိုရိုးစကားသည်လည်း ကျွန်မတို့ပစ်ပယ်၍မရသော၊  မပစ်ပယ်နိုင်သော လောကီဝါဒအလှအယူအဆဖြစ် နေသည်။ မြန်မာ စာပေကို အဖတ်အမှတ်နာလာသောအခါ၊ အလေ့အလာအဆည်းအပူးများလာသောအခါ၊ မြန်မာစာပေ ထဲမှမိန်းမလှများကိုကျွန်မသတိပြုမိလာသည်။

စာပေထဲမှယင်းမိန်းမလှများသည် ပုဂံခေတ်ကျောက်စာများထဲတွင် မြင်ရတွေ့ရထိတွေ့ခံစားရသော အလှူ့အမ ပုဂံသူမိန်းမသားများ၊ အနှစ် ၁၀၀၀ ကြာပြီဖြစ်သော မြန်မာစာပေခရီးလမ်းကြောင်းတွင် စာပေဂီတကဗျာအနုပညာပစ္စည်းများဖန်တီးခဲ့ကြသူ စာပြုစာဆိုသူမိန်းမသားများ၊ ဝတ္ထုကဗျာစသော ရသစာပေများထဲတွင်  သက်ဝင်လှုပ်ရှားနေကြသောဇာတ်ဆောင်မိန်းမသားများ  စသည်များစွာတို့၏ စာအလှ၊ စိတ်အလှ၊ သဒ္ဓါတရားအလှ၊ ကိုယ်ကျင့်တရားအလှ၊ အချစ်အလွမ်းအလှ၊ အိမ်ထောင်မှုအလှ၊ မိသားစုအလှ၊  လူနေမှုအလှစသောအနှစ်သာရပြည့်ဝသော အဖိုးထိုက်တန်သောအလှများကို ပိုင်စိုးထား သူများဖြစ်ကြသည်။

 တောင်တွင်းရှင်ငြိမ်းမယ်

“နှမလေးမယ်တို့မောင်မှာ၊   စစ်သံကြားလျှင် ရွှေဓားပိုက်ကာ၊ အိုးစားဖက်ကို လိုက်လို့ရှာသည်၊ ရိက္ခာကနည်း မိုးကသည်းသနှင့်၊ သင်းတွဲကိုမှ ကူးနိုင်ပါ့မလားတော်”

ဟူသော စစ်မှာတစ်မူ အိုင်ချင်းမှကဗျာတစ်စကို တက္ကသိုလ်ဝင်တန်း စာသင်ခန်းကို ဖြတ်သန်းဖူးသူတိုင်း စွဲခဲ့ကြသည်။

စစ်မှာတစ်မူ အိုင်ချင်းကဗျာရှင်ဖြစ်သော ရှင်ငြိမ်းမယ်သည် “ချစ်တဲ့သူငယ်လေ ....... သူငယ်ချင်း ကောင်း ယောက်မတို့လေ”

ဟူ၍ သူငယ်ချင်းအား  ရင်းနှီးချစ်ခင်စွာခေါ်ဆိုပြီး ရင်ဖွင့်ခဲ့သော ချစ်စဖွယ်အိုင်ချင်းကဗျာများကို ရေးဖွဲ့ခဲ့ သည့် ညောင်ရမ်းခေတ်ကျေးလက်သူဖြစ်သည်။

သို့ရာတွင် နာမည်ဂုဏ်သတင်းကျော်စောခြင်းမရှိသော၊ ငွေကြေးဥစ္စာပြည့်စုံကြွယ်ဝခြင်းမရှိသော၊ ရာထူးရာခံကင်းမဲ့သော၊ ကျေးတောသူတစ်ဦးမျှသာဖြစ်သော ရှင်ငြိမ်းမယ်သည် သူ့ခေတ်သူ့အခါက အမှတ်ထင်ထင်မှတ်တမ်းတင်ခံရသောစာဆိုမဖြစ်ခဲ့ရပါချေ။ မွေးဖွားရာဇာတိရွာအမည်၊ မွေးဖွားသောခုနှစ်သက္ကရာဇ်၊ မိဘမည်ရည်၊ ဘဝခရီးပုံရိပ်၊ ကွယ်လွန်သော   ခုနှစ်သက္ကရာဇ်   အစရှိသောသူမ၏ဘဝအတ္ထုပ္ပတ္တိကိုလည်းမတွေ့ရှိကြရပါချေ။ နောက်နှောင်းလူများအနေဖြင့် ရှင်ငြိမ်းမယ်ကို တောင်တွင်းကြီးနယ်သူ ညောင်ရမ်းခေတ် မြန်မာအမျိုးသမီးတစ်ဦး၊ နှစ်လိုဖွယ် အိုင်ချင်းကဗျာများကို ရေးဖွဲ့သူ ကျေးလက်စာဆိုမယ်တစ်ဦးအဖြစ်သာ တွေ့မြင်သိရှိကြရသည်။

ရှင်ငြိမ်းမယ် ရေးဖွဲ့ခဲ့သောအိုင်ချင်းကဗျာများ ၁၅ ပုဒ်ခန့်တွေ့ရှိရသည်။ မြန်မာသက္ကရာဇ် ၉၀၀ မှ ၁၁၀၀ ဝန်းကျင်အတွင်း ပေါ်ထွက်ခဲ့ခြင်းဖြစ်သောကြောင့် ယင်းအိုင်ချင်းများကို  “ရာပြည့်အိုင်ချင်းများ”ဟု  နှောင်းလူတို့က သတ်မှတ်ခေါ်ဆိုကြသည်။ ရှင်ငြိမ်းမယ်၏ အိုင်ချင်းကဗျာများသည် ကျေးလက် နေလုလင်ပျိုနှင့်လုံမပျိုတို့၏ချစ်ရေးချစ်ရာများကို ပြုံးချင့်စဖွယ်ကြည်နူးလွမ်းမောဖွယ် ဖွင့်အံသွန်ချ ထားသော အချစ်ရသ၊ အလွမ်းရသကျေးလက်တေးကဗျာများဖြစ်သည်။

အိုင်ချင်းကဗျာ

ပုဂံဝန်ထောက်မင်းဦးတင်က  “အိုင်”ဟူသော ဝေါဟာရသည် ကဗျာ၊ အသံ၊ ပြည့်လျှမ်းသော၊ အင်းအိုင် ဟူသော အနက်များရှိကြောင်း ဆိုခဲ့သည်။

ဆုတောင်းခန်းပျို့မှ “နေစိမ့်ကိုင်သို့၊ အိုင်အိုင်ရင့်ကျူး၊ နှလုံးနူးအောင်”ဟူသောအဖွဲ့ မဂ္ဃစိုးခန်းပျို့မှ “ထိုရပ်ပြည်ကား၊ သံကြည်ရိုက်အိုင်၊ မိုးဖြိုင်ဖြိုင်လျှင်၊ မနိုင်မကန်”ဟူသောအဖွဲ့၊ ကဝိလက္ခဏ သတ်ပုံသံပေါက်မှ “ပိုက်ပိုက်ထုပ်ထုပ်၊ ငြင်းလက်ခုပ်၊ စည်းဆုပ်တီးအိုင်အိုင်”ဟူသောသံပေါက်အဖွဲ့ များအရ “အိုင်”သည် အသံကိုဆိုလိုကြောင်း ထင်ရှားလှသည်။

ထို့ပြင် “အိုင်”ဟူသောစကားမှာ သီဆိုရာ၌ အသံတစ်မျိုးကိုဆိုလိုကြောင်း၊ ထိုအသံကို “အိုင်သံ”ဟု ခေါ်ဆိုကြောင်း၊  ဆရာကြီးဦးဖေမောင်တင်ကလည်း  “သီဆိုရန်အတွက် စိတ်နှလုံးကြည်နူး စေတတ်သော အသံမျိုးဖြင့် စီစဉ်ဖွဲ့နွဲ့အပ်သောသီချင်းဖြစ်သောကြောင့် “အိုင်ချင်းဟူ၍ခေါ်ဆိုခြင်း ဖြစ်သည်”ဟု အနက်ဖွင့်ခဲ့သည်။

 ရှင်ငြိမ်းမယ်နှင့် အိုင်ချင်းကဗျာ

ရှင်ငြိမ်းမယ်၏ အိုင်ချင်းကဗျာများသည် ချစ်သူမောင်နှင့်ချစ်သူမယ်တို့၏ အချစ်အလွမ်း၊ မိန်းကလေး ၏ဘဝနှင့်ဘဝဝန်းကျင်ပုံရိပ်များကို ချစ်ဖွယ်၊ သနားဖွယ်၊ ကြည်နူးဖွယ်၊ လွမ်းဆွတ်ဖွယ်၊ သတိမူဖွယ်၊ ဆင်ခြင်ဖွယ်၊ ပြုံးချင်ဖွယ်၊ ရယ်မောချင်စဖွယ်ဖွဲ့ဆိုထားသော တေးကဗျာများဖြစ်သည်။

အိမ်ထောင်ပြုခြင်းကို   တစ်သက်မှာတစ်ခါဟုလက်ခံထားကြသော မြန်မာအမျိုးသမီးများသည် လူရည် လူသွေးနုန့်နဲ့သော  သာမန်လုလင်ပျိုမျှကို ခင်ပွန်းအဖြစ် မရွေးချယ်ချင်ခဲ့ကြပါချေ။ ဤသဘောကို   ပန်ရ မည်ဆိုပါလျှင်လည်း  ပင်မြင့်ထက်မှသဇင်ပန်းကိုမှ ပန်လိုသူ၊ လိမ်းရမည်ဆိုလျှင်လည်း ရွှေအဆင်းလို ဝါဝင်းသော နနွင်းတက်ကိုမှ လိမ်းလိုသူ၊ “ကြင်ပါရလို၊ ကြင်ရလျှင်လည်းရေမြေ့သခင်၊ အရှင်စက် ရင်းရွှေတိုက်တော်မှာ၊ စာရင်းသွင်းသည်ခြင်းခြင်းတောက်တဲ့လူ မှသာတဲ့” ဟူ၍ ဖွဲ့ဆိုခဲ့သည်။  မစဉ်းစားမဆင်ခြင်ဘဲ ချစ်သူရည်းစားထားတတ်သူမဟုတ်ကြောင်း၊ ဘုရင်မင်းမြတ် ၏ရွှေတိုက်တော်တွင် စာရင်းဝင်သော မင်းမှုထမ်းကောင်းမျိုးကိုသာ စဉ်းစားမည်ဖြစ်ကြောင်း မိန်းကလေးငယ်၏ ချစ်စိတ်ကူးကို တွေ့မြင်ရသည်။

တကယ်တမ်းချစ်မိသွားသောအခါတွင်မူ ထွေးလေးများက တားဆီးကြသောကြောင့် မတွေ့ရတာ ကြာခဲ့ပြီဖြစ်သောချစ်သူနှင့် တွေ့ရပြန်သောအခါ မယ့်ချစ်သူ လူပုံနွဲ့က“ပဝါရက်သစ်၊ မယ်ကပေး တဲ့ပိုးသေးမဲပါ၊ ခေါင်းပေါင်းပြာလည်မှာရစ်လို့၊ ဖွင့်လှစ်ကယ်မဆိုပခုံးဘယ်တင်၊ မယ့်ကျောပြင်လက်တင် ရပ်လို့၊ မတ်တတ်ကယ်ငိုမောင့်ကိုစိမ်းကား၊ မယ်နှမကဆိုသလား”ဟု စကားနာထိုးလာသောအခါ ယောက်ျားသားဖြစ်ပါလျက် မျက်ရည်ကျနေသောလူပျော့လူနွဲ့ချစ်သူမောင်ကိုပင် စိတ်မပျက်နိုင်ဘဲ “တို့ချစ်ခြင်းကို၊ ကွင်းအောင်တစေနေ့တိုင်းမွှေတဲ့၊ သက်ကြီးဝန်တိုမြင်တိုင်းမုန်းစရာ့ ကုန်းမအိုရေလို ခန်းခြောက်ပါစေသား...” ဟု အဒေါ်များကိုသာ ရန်ထောင်စကားဆိုမိလိုက်ပါတော့သည်။

ယင်းသို့ပင် ဘကြီး ဒေါ်ကြီးများက သဘောမတူ၍  ဝိုင်းဝန်း၍ ဖျက်ကြ၊ တားကြ၊ လှေကားခုံမှာ ဂဠုန် စောင့်၊ လှေကားဦးမှာ ဘီလူးစောင့်၊ ထရံကြားမှာ ဓားသွားထားသည့်ကြားမှ ချိန်းတွေ့ကြသော အခါ.... သူခိုးအမှတ်နှင့် လူလိုက်ခံရသောအခါ ....

“ညီမအထွေး၊ ရွှေတလေးကိုပြေး၍ကြည့်ချေ၊ စေလသောခါအမယ်မမ၊ ကျွန်မခဲအို မြင်ငဲ့ငါတို့၊ ရွာလယ်ကောင်တွင်ခုတင်ကြီးမှာ၊ စောင်းတီးလို့လေး ....”

ဟူ၍  ပူပင်နေသောမိန်းကလေးကိုမှ အားမနာ၊ ရွာလယ်ကောင်ရှိ ကွပ်ပျစ်ခုတင်ပေါ်တွင် စောင်းတီးကာ အေးဆေးသာယာနေသော  ချစ်သူမောင်ကို ချစ်စိတ်ဖြင့် အပြစ်မတင်ရက်ခဲ့သူများဖြစ်သည်။             

မြန်မာမင်းများအုပ်ချုပ်စဉ်ကာလများတွင် အရေးတော်ပေါ်လေတိုင်း လုလင်တို့သည် စစ်ထွက်ကြ ရသည်။ ချစ်သူမယ်သည် တိုင်းရေးပြည်ရာအတွက် “ရွှေဓားငယ်မှပြိုးပြောင်၊ ရွှေလှံထောင်နှင့်၊ ဝေးခေါင် ရပ်မြေ၊ စစ်ချီရလေတော့သည့်”ချစ်သော စစ်သည်မောင်အတွက် ချစ်စိတ်လွမ်းစိတ်သောကစိတ်တို့ ဖြင့် ပူပန်နေမိသည်။

“စစ်မှာတစ်မူ၊ နှမလေး မယ့်ထက်ဖြူကို၊ ယူမလို့လားတော်၊ စစ်မှာယွန်းမ၊ နှမလေး မယ့်ထက်လှကို၊ ရမလို့လားတော်”ဟူ၍လည်း ထေ့ငေါ့မိသေးသည်။

“မောင်ကလေး မောင့်ကိုလွမ်းတော့၊ သောက်တော်ရေချမ်း၊ စားတော်ကွမ်းနှင့်၊ သွန်းတဲ့ညောင်ရေ၊ ပန်းသပြေနှင့်၊ မပြေ”နိုင်ဖြစ်နေရပါကြောင်း၊ အလွမ်းများကြောင့် ပိုးလောက်လမ်းကဲ့သို့ ကျွမ်းပစ်နေရပါကြောင်းကို  “သောက်တော်ရေအိုး၊ ကျွမ်းထိုးကောင်နှယ်၊ အပျိုဖြူငယ်နှမမှာမှ၊ ကြုံရတယ်ရှင်”ဟု ရင်ဖွင့်ခဲ့သည်။

ချစ်သူထံမှအောင်လေပြီဖြစ်ကြောင်း၊ ဆီမလူးသော ပေဖူးစာနှင့် မှာလိုက်သောအခါတွင်မူ “ဓားကိုသို့ကိုင်၊ လှံကိုသို့နုတ်၊ စစ်မြေပြင်မှာ၊  ဝင်ကာခုတ်”သော မောင်သည်  “ဗိုလ်ပေါင်းငယ်မှဝန်းရုံ၊  ရဲမက် ပုံမှာ၊ စိတ်ကုန်အောင်  မယ်ချစ်တဲ့၊ မောင်စစ်သည်”ဖြစ်ပါကြောင်း၊ ချစ်သူရဲမက်အတွက် ဂုဏ်ယူ ချစ်ခင်သူလည်းဖြစ်သည်။

ရှေးမြန်မာကြီးများသည်  “အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ သည်သုံးခုချက်မပိုင်လျှင်၊ နောင်ပြင်ရန် ခက်တဲ့အမျိုး”ဟူ၍ မြန်မာ့အိမ်ထောင်မှုနှုန်းစံကို  ယင်းသို့သတ်မှတ်ကြသည်။  အမေများ၊ အဒေါ်များ၊ အစ်မများသည် သမီးများ၊ တူမများ၊ ညီမများ၏အိမ်ထောင်မှုကိစ္စများတွင် မေတ္တာစေတနာ ထားကြသည်။ ဝိုင်းဝန်းစဉ်းစားပေးတတ်ကြသည်။ မသင့်ဟုယူဆလျှင်လည်း တားမြစ်တတ်ကြသည်။

သင့်လျော်သူများတွေ့လျှင်လည်း ဝိုင်းဝန်းနားချပေးတတ်ကြသည်။ အနာဂတ်ကို မစဉ်းစားချင်သေး သော ကာယကံရှင်လူငယ်များအတွက်မူ တစ်ဖက်သတ်ခံစားမှုများ ပြင်းထန်ကြရစမြဲဖြစ်သည်။

“ကြင်ချင်းငယ်မှရည်တူရှင်လူထွက်သစ်၊ ဆယ့်ခြောက်နှစ်ကယ်ကချစ်တဲ့သူကို၊ ကလူငယ်မှကလဲ ချစ်ဖော်ကွဲရ၊ အသည်းကနာသည်အရီးအေ၊ မိထွေးအေတို့မွှေနှောက်လှာသည်”

“တောင်တစ်ပြင်မှာ ၊ အင်ခွင်ရှိသည့်ဗောဓိတကာ၊ ပိန်ပါးပါးသည်မယားကွာက၊ ရှာရှာဖွေဖွေသုံးခါ ရောက်လို့၊ သုံးခေါက်စေလျှင်မျိုးဆွေလုပ်ခွင်၊ ဝတ်ဖြူထွားနှင့် ပုဏ္ဏားမြင်ဗေဒင်အမယ်မေးမိတယ်”

“ဥစ္စာကိုမက်၊ ဘယ်အတွက်ကြောင့်သမက်ဖို့ကြံ၊ ဟိုလတွင်းကအသွင်းငယ်ခံသည်လူစံအမယ် ရွေးလှ တယ်”ဟူသောရှင်ငြိမ်းမယ်၏ “လူစံအမယ် ရွေးလှတယ်”

အိုင်ချင်းသည် မြန်မာအမျိုးသမီးတို့၏ အိမ်ရာထူထောင်မှုနယ်ပယ်နှင့်မိသားစုဝင်လူကြီးလူငယ်တို့၏ ဝိရောဓိများကို စိတ်ဝင်စားဖွယ်၊ သတိပြုမိဖွယ်၊ ပြုံးချင်ဖွယ်၊ နှစ်သက်ဖွယ် ဖွဲ့ဆိုထားသောအိုင်ချင်း ဖြစ်သည်။

 အိုင်ချင်းကဗျာများကို  ဖတ်ရှုရသောအခါ  တောင်တွင်းရှင်ငြိမ်းမယ်ဟူသော လွန်ခဲ့သောနှစ်ပေါင်း လေးရာခန့်က ကျေးလက်စာဆိုတစ်ဦး၏အိုင်ချင်းကဗျာများသည် မြန်မာအမျိုးသမီးတို့၏ချစ်ခြင်း မေတ္တာကိုတန်ဖိုးထားမှု၊ အိမ်ထောင်ရေး၌ လေးနက်မှု၊ ချစ်သူခင်ပွန်းအပေါ် နက်ရှိုင်းစွာ ချစ်ခင်မှု၊ မိခင်ဖခင်များသာမက ထွေးတော်မိကြီးများကပါ  သားသမီးများအပေါ်တာဝန်ယူတတ်မှု၊ နွေးထွေး သော လူမှုဆက်ဆံရေးဝန်းကျင်ရှိမှု အစရှိသော  ညောင်ရမ်းခေတ် ကျေးလက်လူ့အဖွဲ့အစည်း၏ ပုံရိပ်များကို ချိုသာပြေပြစ်စွာ၊ ပီပြင်ပေါ်လွင်စွာ၊ လှပစွာ၊ ရသမြောက်စွာ ဖော်ကျူးထားသော သီချင်းကဗျာအလှ များဖြစ်သည်ကို တွေ့ရှိရသည်။

အိုင်ချင်းကဗျာများဖြင့် မြန်မာအမျိုးသမီးများ၏အလှကိုစာပန်းချီခြယ်ခဲ့သော တောင်တွင်းရှင်ငြိမ်း မယ်သည်လည်း “အိုင်ချင်းကဗျာအလှ စာပေရသ”များကို ဖန်တီးနိုင်သော ချစ်ခင်နှစ်သက်ဖွယ် ချီးမြှောက်ဖွယ်ကောင်းလှသော  မိန်းမလှတစ်ဦးဖြစ်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်ရှင် ....။   ။

MWD Web Portal