တရုတ်စစ်တပ်အတွင်း ဖြုတ်ထုတ်ရှင်းလင်းမှုများအကြားမှ ရှီကျင့်ဖျင်
Posted_Date
Image

Body
ဇူလိုင် ၇
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လူထုရှေ့မှောက်သို့မထွက်သည်မှာ တစ်လနီးပါးရှိပြီ ဖြစ်ခြင်းကြောင့် ၎င်း၏ အာဏာဆုပ်ကိုင်ထားနိုင်မှုအပေါ် မေးခွန်းများဖြစ်ပေါ်လာစေခဲ့ပါသည်။ ဇွန်လ ၄ ရက်နေ့မှစ၍ တရားဝင်ဗီဒီယိုများတွင် ၎င်းအား နှစ်ကြိမ်သာတွေ့မြင်ခဲ့ရပြီး စစ်တပ်အတွင်း ဖြုတ်ထုတ် ရှင်းလင်းမှု များနှင့် စီးပွားရေးအခက်အခဲများကြုံနေရချိန်တွင် စိုးရိမ်မှုများကို မြင့်တက်လာနေပါသည်
ရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ဆယ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီကကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိသည်ကို တွေ့မြင်ခဲ့ရပါသည်။ ၎င်းအစား ဝန်ကြီးချုပ် လီကျန်းကသာ တရုတ်နိုင်ငံကိုယ်စားပြု တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ရှီကျင့်ဖျင်သည် နိုင်ငံပိုင်မီဒီယာများတွင် မကြာခဏ တွေ့မြင်ရလေ့ရှိပြီး အဓိကသံတမန်ရေးရာအခမ်းအနားနှင့်ပွဲများကို လက်လွတ်လေ့မရှိသောကြောင့် ဤသို့ပျက်ကွက်ခြင်းသည် ပုံမှန်မဟုတ်သည့်အခြေအနေအဖြစ် သုံးသပ် ရပါသည်။
နိုင်ငံပိုင်မီဒီယာသည် ရှီကျင့်ဖျင်၏ မကြာသေးမီက ဗီဒီယိုနှစ်ခုကို ထုတ်ပြန်ခဲ့မှုရှိသော်လည်း တစ်ခုမှာ ဇွန်လ ၂၀ ရက်နေ့တွင် နယူးဇီလန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်းဖြစ်ပြီး အခြား တစ်ခုမှာ ဇွန်လ ၂၄ ရက်နေ့ တွင် စင်ကာပူဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့မတွေ့ဆုံမီ ဇွန်လ ၄ ရက်နေ့က ဘယ်လာရုစ် သမ္မတနှင့် တွေ့ဆုံပြီးနောက်ပိုင်း ရှီကျင့်ဖျင်ကို လူမြင်ကွင်း၌ မြင်တွေ့ရခြင်းမရှိတော့ပါ။
တစ်ချိန်တည်းမှာပင် တရုတ်စစ်တပ်သည် အကြီးအကျယ်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးအများအပြားသည် ရာထူးမှဖယ်ရှားခံရခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်း များဖြစ်ပေါ်လျက် ရှိပါသည်။ သတင်းများတွင်မူ ရှီကျင့်ဖျင်သည် အာဏာကိုပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေခြင်း သို့မဟုတ် ၎င်း၏ဩဇာလွှမ်းမိုးမှု ကျဆင်းနေခြင်းဖြစ်နိုင်သည်ဟု ဆိုထားပါသည်။ ထို့အပြင် သမ္မတဟောင်း ဟူကျင်းတောင်နှင့် ဆက်နွှယ်မှုရှိသည့် ဗိုလ်ချုပ်ကြီး ကျန်းယိုရှားနှင့် ဝမ်ယန်ကဲ့သို့သော ပုဂ္ဂိုလ်များသည် တရုတ်ကွန်မြူနစ်ပါတီအတွင်း အာဏာပြန်လည်ရရှိလာပုံ ရပါသည်။
ရှီကျင့်ဖျင်၏ လူထုရှေ့မှောက်သို့ထွက်ပေါ်လာမှုနည်းပါးလာခြင်းနှင့်အတူ နိုင်ငံတကာ၏ စိုးရိမ်မှုကို ဖြစ်ပေါ် လာလျက်ရှိပြီး ပေကျင်းအစိုးရကမူ သမ္မတရှီကျင့်ဖျင်သည် “အချိန်ဇယား ညှိနှိုင်းမရမှုများကြောင့်” BRICS ထိပ်သီးအစည်းအဝေးကို မတက်ရောက်နိုင်ခဲ့ခြင်းဟု ဆိုသော်လည်း အများစုကမူ အဆိုပါ အကြောင်း ပြချက်ကို သံသယရှိနေကြပါသည်။
၎င်းအပြင် လေ့လာသူများက ရှီကျင့်ဖျင်၏ခေါင်းဆောင်မှုပုံရိပ်သည် အားနည်းလာနေသည် ဟု သုံးသပ် ထားကြပြီး ၂၀၁၃ ခုနှစ်တွင် အာဏာရလာပြီးနောက်ပိုင်း ရှီကျင့်ဖျင်သည် နိုင်ငံပိုင် မီဒီယာများတွင် အမြဲတစေအသားပေးဖော်ပြခံခဲ့ရသူဖြစ်ပါသည်။ သို့သော် ဇွန်လအတွင်း ၂၂ ရက် ကြာမျှ ၎င်းအမည်သည် People's Daily သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင်ပါဝင်လာခြင်း မရှိသည့်အပြင် ပုံမှန်မြင်တွေ့နေကျ အခြေအနေမှ ရှားရှားပါးပါးကင်းကွာနေခြင်းလည်းဖြစ်ပါသည်။
ဤကာလအတွင်း ဝန်ကြီးချုပ် လီကျန်းနှင့် ဒုတိယဝန်ကြီးချုပ် ဟဲလီဖုန်းကဲ့သို့သော အခြား အဆင့် ခေါင်းဆောင်များကသာ အဓိကအစည်းအဝေးများကို တာဝန်ယူခဲ့ကြသည်ကို တွေ့ရှိရပါ သည်။ ရှီကျင့်ဖျင် ၏ ဘယ်လာရုစ်သမ္မတနှင့် တွေ့ဆုံမှုတွင်လည်း ၎င်းသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး အာရုံစူးစိုက်နိုင်ပုံ မရသည့်အပြင် ပုံမှန်ထက်နည်းပါးသည့် လုံခြုံရေးအဖွဲ့ငယ်ဖြင့်သာ တွေ့မြင်ခဲ့ရပါသည်။ ထို့အပြင် ပုံမှန် မဟုတ်သော ဖြစ်ရပ်တစ်ခုအဖြစ် နိုင်ငံပိုင်ရုပ်မြင်သံကြားတစ်ခု၏ ထုတ်လွှင့်မှုတစ်ခုတွင် ရှီကျင့်ဖျင်၏ တရားဝင်ရာထူးများကို ခေတ္တချန်လှပ်ထားခဲ့သည့် ဖြစ်စဉ် တစ်ခုရှိခဲ့ပြီး ထုတ်လွှင့်မှုအတွင်း အဆိုပါ အမှားကို လျင်မြန်စွာပြန်လည်ပြင်ဆင်ခဲ့သော်လည်း သတိပြုမိခဲ့ကြပါသည်။ ဤကဲ့သို့ သေးငယ်သော်လည်း ပုံမှန်မဟုတ်သော အသေးစိတ်အချက်အလက်များသည် ကွန်မြူနစ်ပါတီအတွင်း တစ်စုံတစ်ရာ မှားယွင်း နေသည် ဟူသော ယူဆချက်ကို ပိုမိုအားကောင်းစေပါသည်။
၂၀၂၃ ခုနှစ်အစောပိုင်းမှစ၍ တရုတ်စစ်တပ်အတွင်း အဓိကပြောင်းလဲမှုများကို တွေ့မြင်ခဲ့ရ ပါသည်။ ဗိုလ်ချုပ်ကြီး ဟဲဝေတုန်း၊ ဗိုလ်ချုပ်ကြီး မြောင်ဟွာနှင့် ဗိုလ်ချုပ်ကြီး လင်ရှန်းယန် ကဲ့သို့သော အဆင့်မြင့် အရာရှိများကို ဖယ်ရှားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး ဒုံးတပ်ဖွဲ့နှင့် အနောက်ပိုင်း စစ်ဒေသတို့တွင် လည်း ခေါင်းဆောင်အသစ်များ ခန့်အပ်ထားခဲ့ခြင်း ဖြစ်ပါသည်။
ရှီကျင့်ဖျင်၏မဟာမိတ်ဟောင်းတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားသည် ယခုအခါ စစ်တပ်အတွင်း အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်လာပုံရပါသည်။ သို့သော် ၎င်းသည် ဟူကျင်းတောင် အပါအဝင် ၎င်းနှင့် ဆက်နွှယ် နေသူများထံမှ ထောက်ခံမှုများရရှိနေပြီး အာဏာချိန်ခွင်လျှာပြောင်းလဲမှု တစ်ရပ်ကို အရိပ်အမြွက် ပြနေသည်ဟု ယူဆရပါသည်။
ရှီကျင့်ဖျင်၏ စစ်တပ်အပေါ်ချုပ်ကိုင်မှုသည် ၎င်း၏ခေါင်းဆောင်မှုနှင့်အုပ်ချုပ်ရေးအတွက် အဓိကကျခဲ့ပြီး ၎င်း၏သမ္မတသက်တမ်းအစောပိုင်းတွင် သစ္စာစောင့်သိမှုကိုသေချာစေရန် ဗိုလ်ချုပ်များစွာကို ဖြုတ်ထုတ် ရှင်းလင်းခဲ့မှုများ ဆောင်ရွက်ခဲ့ပါသည်။ ယခုလက်ရှိ “စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုများ” ဟု မရေရာသော စွပ်စွဲချက်များဖြင့် ရာထူးမှထုတ်ပယ်ခြင်းများသည် သမ္မတရှီ အနေဖြင့် ခြိမ်းခြောက်မှုများကို ဖယ်ရှားရန်ကြိုးစားနေဆဲ သို့မဟုတ် ထိန်းချုပ်မှုဆုံးရှုံးနေသည်ကို ဆိုလိုခြင်းဖြစ်နိုင်ပါသည်။
ဟူကျင်းတောင်၏ နိုင်ငံရေးမဟာမိတ်အုပ်စုသည် ဩဇာအာဏာပြန်လည်ရရှိလာနေသည့် လက္ခဏာများ တိုးပွားလာနေပါသည်။ ၂၀၂၂ ခုနှစ် ပါတီညီလာခံတွင် ဟူကျင်းတောင်ကို မျှော်လင့်မထားဘဲ အပြင်သို့ ခေါ်ထုတ်သွားခဲ့ခြင်းကို ရှီကျင့်ဖျင်က ၎င်း၏အသာစီးရမှုကို ပြသခြင်းဟု အများကယူဆခဲ့ကြပါသည်။ သို့သော် ဟူကျင်းတောင်၏ မဟာမိတ်များဖြစ်သော ဝမ်ယန် ကဲ့သို့သောသူများ ပြန်လည် ပေါ်ထွက် လာခြင်းသည် ဟူကျင်းတောင်အနေဖြင့် အာဏာပြန်လည် ရရှိလာမှုကို ညွှန်ပြနေပါသည်။
ဟူကျင်းတောင်၏အုပ်စုမှ ပြုပြင်ပြောင်းလဲရေးလိုလားသူခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝမ်ယန်ကို အနာဂတ် ခေါင်းဆောင်တစ်ဦးအဖြစ် ပြုစုပျိုးထောင်ပေးနေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဝမ်ယန်သည် ရှီကျင့်ဖျင်၏ တင်းကျပ်သောထိန်းချုပ်မှုနှင့်မတူဘဲ ပိုမိုပွင့်လင်းပြီး ဈေးကွက်ကိုဦးစားပေးသည့် ချဉ်းကပ်မှု ကို ထောက်ခံလိုလားသူဖြစ်ကြောင်း သိရပါသည်။
တရုတ်ပြည်တွင်းရေးပြဿနာများသည် ပိုမိုဆိုးရွားလာနေပုံရပြီး လူငယ်အလုပ်လက်မဲ့နှုန်းသည် ၁၅% ကျော်ရှိနေခြင်းနှင့်အတူ အိမ်ခြံမြေကဏ္ဍသည် ရုန်းကန်နေရကာ နိုင်ငံတော်ကြွေးမြီ ပမာဏသည် ဒေါ်လာ ထရီလီယံ ၅၀ ကျော်လွန်နေပြီဖြစ်ကြောင်း သိရပါသည်။ ဆန္ဒပြမှုများနှင့် မငြိမ်သက်မှုများ တိုးပွား လာနေပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်နှင့် တင်းမာမှု များကြောင့် ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရုပ်သိမ်းလာလျက်ရှိပါသည်။
အဆိုပါပြဿနာများသည် ရှီကျင့်ဖျင်ကို ၎င်း၏နိုင်ငံရေးဦးဆောင်မှုတွင်ပြောင်းလဲရန် တွန်းအား ဖြစ်လာ စေပြီး အချို့လေ့လာသုံးသပ်သူများက ရှီကျင့်ဖျင်၏ လူထုရှေ့မှောက်တွင် မြင်တွေ့ရမှု နည်းပါးခြင်းသည် ၎င်းအနေဖြင့် ပြည်တွင်းမှဆန့်ကျင်မှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါသည်။ အခြားသူများကမူ သမ္မတရှီကျင့်ဖျင်အနေဖြင့် နောက်ကွယ်မှနေ၍ နိုင်ငံရေး ဦးဆောင်မှုအဖွဲ့ကို ဂရုတစိုက်ပြန်လည်ဖွဲ့စည်းနေသည်ဟု ယူဆကြပါသည်။
သို့သော် တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုမရှိသော နိုင်ငံရေးစနစ်တွင် ရှီကျင့်ဖျင်သည် အာဏာကို အပြည့်အဝချုပ်ကိုင်ထားဆဲလော သို့မဟုတ် ဘေးဖယ်ခံနေရသလောဆိုသည်ကို သိရှိနိုင်ရန် ခက်ခဲနေဆဲ ဖြစ်ပြီး ယခုအချိန်တွင် ၎င်း၏အချိန်ကြာမြင့်စွာပျောက်ကွယ်နေမှုနှင့် ဟူကျင်းတောင်၏မဟာမိတ်များ ရုတ်တရက်ပေါ်ထွက်လာမှုသည် တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ပိုင်းတွင် အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်ဟူသော ထင်ကြေးပေးမှုများကို အားကောင်းလာစေလျက်ရှိပါသည်။
ကိုးကား- India Today
ပေးပို့သူ- သတင်းနှင့်လုံခြုံရေးဆိုင်ရာဌာနကြီး