ထူးခြားသတင်းများ - နိုင်ငံတကာ

နှစ်နိုင်ငံကြားကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်နိုင်ရန် အိန္ဒိယနှင့် ကာတာတို့ ရည်မှန်းထား

အိန္ဒိယနှင့်ကာတာနိုင်ငံတို့သည် နှစ်နိုင်ငံကြားဆက်ဆံရေးကို ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊နည်းပညာ၊စွမ်းအင်နှင့် ပြည်သူအချင်းချင်းဆက်ဆံရေးကို အဓိကအာရုံစိုက်သည့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့သည်ဟု သိရှိရပါသည်။

ထို့အပြင် နှစ်နိုင်ငံစလုံးသည် ၂၀၃၀ ပြည့်နှစ်တွင် ကုန်သွယ်မှု နှစ်ဆတိုးမြှင့်ရန် ရည်မှန်းထားကြောင်းလည်း သိရပါသည်။ ကာတာနိုင်ငံ မင်းသား Sheikh Tamim bin Hamad Al Thani သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။

ဖေဖော်ဝါရီ ၁၇ ရက် ညပိုင်း၌ နယူးဒေလီမြို့သို့ Sheikh Tamim bin Hamad Al Thani ရောက်ရှိလာသည့် အချိန်တွင် အိန္ဒိယဝန်ကြီးချုပ်မိုဒီ ကိုယ်တိုင် ကြိုဆိုခဲ့သည်ဟုလည်း သိရပါသည်။ မိုဒီနှင့် Sheikh Tamim bin Hamad Al Thani တို့သည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုနှင့် အာကာသနည်းပညာများ အပါအဝင် အဓိက ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆွေးနွေးခဲ့ ကြကြောင်းလည်း သိရပါသည်။ လက်ရှိအချိန်၌ ကာတာနှင့် အိန္ဒိယ နိုင်ငံကြားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ဝန်းကျင်ရှိပြီး လာမည့် ၅ နှစ်အတွင်း နှစ်နိုင်ငံကြားကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံ ဝန်းကျင်ထိ ရှိလာနိုင်သည်ဟု အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါသည်။ အိန္ဒိယနှင့် ကာတာနိုင်ငံ တို့သည် အခွန်နှစ်ဆကောက်ခံခြင်းကို ရှောင်ရှားရန်နှင့် အခွန်နှင့် ပတ်သက်သော ဘဏ္ဍာရေးဆိုင်ရာရှောင်လွှဲမှုများကို တားဆီးရန်အတွက် ပြန်လည်ပြင်ဆင်သည့် သဘောတူညီချက်တစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြသည်ဟုလည်း သိရှိရပါသည်။

ကိုးကား-NP News

စင်္ကာပူအိမ်ထောင်စုများသည် လစဉ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၈,၄၀၀ ထက်ကျော်လွန်

စင်္ကာပူရှိအိမ်ထောင်စုများသည် အလုပ်မှပျမ်းမျှဝင်ငွေပိုမိုမြင့်မားလာပြီး တစ်လလျှင် စင်္ကာပူဒေါ်လာ ၁၁,၂၉၇ (အမေရိကန်ဒေါ်လာ ၈,၄၁၃) အထိရောက်ရှိခဲ့ပြီး ယမန်နှစ်ကထက် အစိုးရအစီအစဉ်များမှ ပံ့ပိုးမှု ပိုမို ရရှိခဲ့သည်။

၎င်းသည် ငွေကြေးဖောင်းပွမှုကို ထိန်းညှိပြီးနောက် ဝင်ငွေ ၁.၄% တိုးလာခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ပျမ်းမျှဝင် ၂.၈% တိုးတက်မှုထက်နည်းခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သော မြို့တော်-ပြည်နယ်စာရင်းအင်းဌာနမှ အချက်အလက်များကို ကိုးကား၍ CNA က ဖော်ပြခဲ့သည်။

 ၂၀၂၄ ခုနှစ်တွင် စင်္ကာပူရှိအိမ်ထောင်စုများအတွက် ပျမ်းမျှလစဉ် အလုပ်အကိုင် ဝင်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ သတ်မှတ်ချက်ထက် သုံးနှစ်ဆက်တိုက် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် စင်ကာပူ ဒေါ်လာ ၁၀,၀၉၉ နှင့် ၂၀၂၃ ခုနှစ်တွင် စင်ကာပူဒေါ်လာ ၁၀,၈၆၉ ဖြစ်ခဲ့၍ ပျမ်းမျှလစဉ် အလုပ်အကိုင်ဝင်ငွေ သတ်မှတ်ချက်ထက် ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။

အိမ်ထောင်စုဝင်တစ်ဦးလျှင် ၀င်ငွေသည် တစ်လလျှင် စင်္ကာပူဒေါ်လာ ၃,၆၁၅ ဖြစ်၍ ၀.၈% တိုးလာပြီး ဝင်ငွေအုပ်စုအားလုံးတွင် တိုးလာပါသည်။

ဝင်ငွေအနည်းဆုံး ၁၀% အုပ်စုရှိ အိမ်ထောင်စုများ၏ ၁၄.၁% သည် ကားတစ်စီးပိုင်ဆိုင်ပြီး ၈.၅% သည် ကိုယ်ပိုင်အိမ်များတွင် နေထိုင်ကြသည်။

စာရင်းအင်းဌာန၏ ပြောကြားချက်များအရ အလုပ်လုပ်ကိုင်ခြင်းမရှိသူများ ပါဝင်သည့် အိမ်ထောင်စုများအပါအဝင် နေထိုင်သူအိမ်ထောင်စုများသည် အစိုးရ၏ အစီအစဉ်များမှ တစ်ဦးချင်းစီအတွက် ပျမ်းမျှ စင်္ကာပူ ဒေါ်လာ ၇,၈၂၅ ရရှိခဲ့ပြီး ယခင်နှစ် ၂၀၂၃ ထက် ၂၂% တိုးလာခဲ့ကြောင်းThe Business Times က ဖော်ပြထားသည်။

ဤအချက်အလက်များသည် အစိုးရ၏ လူမှုဖူလုံရေးနှင့် ငွေကြေးထောက်ပံ့မှုများ ပိုမိုမြှင့်တင်လာခြင်းကိုဖော်ပြနေပြီး စီးပွားရေး စိန်ခေါ်မှုများနှင့် အိမ်ထောင်စုများ၏ ဝင်ငွေတိုးတက်ရေးအတွက် ကြိုးပမ်းမှုများကို ထင်ဟပ်စေပါသည်။

ကိုးကား-VN Express

ဗီယက်နမ် အစိုးရယန္တရား၏ ငါးပုံတစ်ပုံအထိ လျှော့ချမည့် ဗျူရိုကရေစီ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဗီယက်နမ်လွှတ်တော်မှ အတည်ပြု

ဗီယက်နမ်နိုင်ငံသည် ဘဏ္ဍာရေးအသုံးစရိတ်များကို လျှော့ချရန်နှင့် စီမံခန့်ခွဲရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရန် ကြိုးစားနေချိန်တွင် အစိုးရယန္တရားကို ငါးပုံတစ်ပုံအထိ လျှော့ချမည့် ဗျူရိုကရေစီ ပြုပြင် ပြောင်းလဲရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၁၈ ရက်(အင်္ဂါနေ့)တွင် ဗီယက်နမ် လွှတ်တော်မှ အတည်ပြုခဲ့သည်။

မတ်လ ၁ ရက်နေ့မှစတင်၍ အစိုးရဝန်ကြီးဌာန အရေအတွက်ကို လက်ရှိ ၁၈ ခုမှ ၁၄ ခုသို့ လျှော့ချသွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ ၉၇ ရာခိုင်နှုန်းကျော်က ထိုအစီအစဉ် ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့အစောပိုင်းက အစည်းအဝေးတွင် ပြင်ဆင်ချက်ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပြီးနောက် အေဂျင်စီလေးခုနှင့် နိုင်ငံပိုင်ရုပ်သံချန်နယ် ငါးခု တို့ အပါအဝင် အခြားလျှော့ချမှုများ ပါဝင်သည့် အစိုးရယန္တရား၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချမည့်အစီအစဉ်ကို အတည်ပြုရန် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်မှုသည် “နိုင်ငံတော်ဘဏ္ဍာငွေ သက်သာစေရုံသာမက ပိုအရေးကြီးသည်မှာ စနစ်၏ စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်လိမ့်မည်” ဟု ဗီယက်နမ်အာဏာရ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး To Lam က ပြီးခဲ့သည့်အပတ်က လွှတ်တော်သို့ ပြောကြားခဲ့သည်။

ရင်းနှီးမြုပ်နှံသူများ၊ သံတမန်များနှင့် တာဝန်ရှိသူများက အဆိုပါ အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြသော်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှု များကို ကြီးကြီးမားမားမှီခို နေရသည့် ဒေသတွင်းစက်မှုဗဟိုဖြစ်သည့် ဗီယက်နမ်နိုင်ငံတွင် ရေတိုကာလအတွင်း စီမံခန့်ခွဲရေးဆိုင်ရာ ကြန့်ကြာမှု အချို့ကို ကြုံတွေ့လာရဖွယ်ရှိသည်။

ပြုပြင်ပြောင်းလဲမှုသည် စီမံကိန်းအတည်ပြုချက်အပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အတည်ပြုပေးမည့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းမည်ဖြစ်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပေါင်းစည်းမည်ဖြစ်သည်။

ထို့အပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနတို့လည်း ပေါင်းစည်းမည်ဖြစ်သည်။ လက်ရှိ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး အပါအဝင် ဒုတိယ၀န်ကြီးချုပ် အသစ်နှစ်ဦးကို ခန့်အပ်ရန် လွှတ်တော်ကိုယ်စားလှယ်များက ယင်းနေ့တွင် အတည်ပြုခဲ့သည်။ ထို့ကြောင့် ဒုတိယဝန်ကြီးချုပ် အရေအတွက်သည် ငါးဦးမှ ခုနစ်ဦး အထိ တိုးလာမည်ဖြစ်သည်။

ဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းမှုသည် နိုင်ငံ့ဝန်ထမ်းပေါင်း ၁၀၀,၀၀၀ ကို ထိခိုက်စေနိုင်သည်ဟု ပြီးခဲ့သည့်လတွင် ဗီယက်နမ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

“စွမ်းဆောင်ရည်ညံ့ဖျင်းသည့် ဝန်ထမ်းများကို စနစ်ကနေ ဖယ်ရှားရမည် ဖြစ်ကြောင်း” ဒုတိယဝန်ကြီးချုပ် ငုယင်ဟွာဘင်း၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကိုးကား-Reuters

နေတိုးအဖွဲ့ဝင်နိုင်ငံများ ယူကရိန်းတွင် တပ်ဖြန့်ခြင်းမပြုရန် ရုရှား သတိပေး

ငြိမ်းချမ်းရေးအကြောင်းပြကာ ယူကရိန်း ပိုင်နက်အတွင်း NATO အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖြန့်ထားရေးသဘောတူညီမှုအား လက်မခံကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်သည်။

ဆော်ဒီအာရေးဗီးယားတွင် ပြုလုပ်ခဲ့သည့် အမေရိကန်နှင့် ယူကရိန်း ရုရှားစစ်ပွဲ အဆုံးသတ်ရေးဆွေးနွေးပွဲအပြီးတွင် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ယူကရိန်းတွင် အခြားနိုင်ငံများ၏ အလံအောက်မှ စစ်တပ်တချို့ ရောက်ရှိ နေရုံဖြင့် အခြေအနေ ကွာခြားသွားမည်မဟုတ်ဘဲ လုံးဝ လက်ခံမည်မဟုတ်ကြောင်း ၄င်းကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ယူကရိန်းမြေပေါ်တွင် ဗြိတိန်အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံများမှ စစ်တပ်များ တပ်ဖြန့်ချထားရန် အဆင်သင့်ရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ရုရှား နိုင်ငံခြား ရေးဝန်ကြီးက တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံသို့ အထူးစစ်ဆင်ရေးမဖော်ဆောင်မီ ယူကရိန်း သမ္မတ ဇီလန်စကီး၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုအား အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

ကိုးကား- ဒေသတွင်းမီဒီယာ

Photo: Euractiv

ယူကရိန်း လုံခြုံရေးအာမခံချက်အတွက် ဥရောပက အသင့်ဖြစ်ကြောင်း နေတိုးအကြီးအကဲပြောကြား

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် အရေးပေါ် ပြုလုပ်နေသော ပဲရစ် လုံခြုံရေးညီလာခံတွင် ဥရောပခေါင်းဆောင်များက ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးရန် ဦးဆောင် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့၏ ယူကရိန်းအရေး စေ့စပ်ညှိနှိုင်းရန် ဥရောပကို ဖယ်ရှားထားမှုအပေါ် အမေရိကန်နှင့် ရုရှား ထိပ်တန်း ကိုယ်စားလှယ်များ ဆော်ဒီ၌ ရှေ့ပြေးတွေ့ဆုံဆွေးနွေးချိန်နှင့် ကိုက်ညီ၍ ပြုလုပ်သည့် ပဲရစ်အစည်းအဝေးတွင် ယူကရိန်းအတွက် စစ်ရေးအကူအညီများ ပိုမိုထောက်ပံ့နိုင်ရန်နှင့် လုံခြုံရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးသွားရန် သဘောတူညီခဲ့ကြကြောင်း နေတိုးအကြီးအကဲ Mark Rutte က ပြောကြားထားပါသည်။

ကိုးကား-TASS

Photo: UNITED24 Media

ဂရင်းလန်းကို ရက် ၁၀၀ အတွင်း ဝယ်ယူရန် ဒေါ်နယ်ထရမ့် ကြိုးစားလာနိုင်ကြောင်း ကျွမ်းကျင်သူ ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတသက်တမ်းရက် ၁၀၀ အတွင်း ဂရင်းလန်းကို ဝယ်ယူရန် စတင်လုပ်ဆောင်လာနိုင်ဖွယ်ရှိပြီး အောင်မြင်ပါက ထိုလုပ်ငန်းစဉ်ကို တစ်ခါတည်း လုပ်ဆောင်မည်မဟုတ်ဘဲ နောက်ပိုင်းတွင် ရေရှည်အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စိန့်ပီတာစ်ဘာ့ဂ်မြို့ရှိ အာတိတ်ရေးရာကော်မတီ၏ ပြည်သူ့ကောင်စီဒုတိယဥက္ကဋ္ဌနှင့် စီးပွားရေးပညာရှင် ဒေါက်တာ အလက်ဆီဖာဒေးဗ်က TASS သတင်းဌာနကို ပြောကြားလိုက်ပါသည်။

အမေရိကန်သမ္မတများသည် ပထမ ရက် ၁၀၀ အတွင်း ၎င်းတို့၏ အားထုတ်မှုကို အစွမ်းကုန်ပြသကြသည့် ယှဉ်ပြိုင်မှုတစ်ခုရှိပါကြောင်း၊ လက်ရှိဒေါ်နယ်ထရမ့်၏ ဒုတိယသက်တမ်း အစကာလသည် ၎င်းအတွက်အစွမ်းကုန် လုပ်ဆောင်ပြသည့် အချိန်ကာလရောက်ရှိနေသည်ကို အားလုံး မျက်မြင်ပင် ဖြစ်ကြောင်း ၊ ဂရင်းလန်းသည် ထရမ့်၏ ဦးစားပေးကိစ္စတွင် ပါဝင်နေကြောင်း ၎င်းက ပြောကြားထားပါသည်။ 

ကိုးကား-TASS

ဥဇဘက်ကစ္စတန်နိုင်ငံတွင် တရုတ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ထိပ်ဆုံးမှ ဦးဆောင်

ကုမ္ပဏီပေါင်း ၃,၄၆၇ ခုဖြင့် တရုတ်ကုမ္ပဏီများသည် ဥဇဘက်ကစ္စတန် ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ စာရင်းအင်းဌာန၏ အချက်အလက်များအရ သိရှိရပါသည်။ 

စာရင်းအင်းဌာန၏အစီရင်ခံစာအရ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ လာရောက်ရင်းနှီးမြှုပ်နှံသည့် တရုတ်နိုင်ငံ ကုမ္ပဏီနှင့် လုပ်ငန်းစုစုပေါင်းသည် ၁၅,၁၆၃ ဖြင့် ပထမနေရာမှ ဦးဆောင်နေပြီး ရုရှားနိုင်ငံက ကုမ္ပဏီပေါင်း ၂,၉၇၃ ခုဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ တူရကီနိုင်ငံက ကုမ္ပဏီပေါင်း ၁,၈၆၉ ဖြင့် တတိယနေရာတွင် ရှိနေကြောင်း သိရှိရ ပါသည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံအထိ လက်ခံသွားမည်ဖြစ်ကြောင်း ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Mirziyoyev က ဒေသတွင်းမီဒီယာများသို့ ပြောကြားခဲ့ပါသည်။ 

ကိုးကား -China Daily

အမေရိကန်လက်နက်များ ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့လိုပါက ဝယ်ယူနိုင်သည်ဟု ထရမ့်ပြော

ရုရှားကိုတိုက်ခိုက်ရန် အမေရိကန်နိုင်ငံလုပ် လက်နက်များကိုဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့လိုပါက ဝယ်ယူနိုင်သည်ဟူသော ခွင့်ပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးပြီး ခွင့်ပြုလိုက်ပြီး ယူကရိန်း၏ စွပ်စွဲချက်တစ်ခုဖြစ်သည့် ရုရှားက နေတိုးကို စစ်ရေးအရ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု ပြောဆိုချက်ကို ပယ်ချလိုက်ပါသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ ယူကရိန်းသမ္မတ ဇီလန်စကီးက အီးယူ ခေါင်းဆောင်များနှင့်အတူ ဝါရှင်တန်အစိုးရသစ်၏ နိုင်ငံရေးရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါသည်။ ဆော်ဒီအာရေဗီးယား၌ တွေ့ဆုံကြမည့် ထရမ့်နှင့် ပူတင် ဆွေးနွေးပွဲသည် ယူကရိန်း အပါအဝင် ဥရောပနိုင်ငံများ၏ အကျိုးစီးပွားဖြစ်လာနိုင်စရာ မရှိနိုင်သည့်အတွက် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆန့်ကျင်ကြမည်ဆိုကာ ဥရောပတွင် ငြင်းခုံမှုများ ဖြစ်နေကြသည်။ ဇီလန်စကီးက ၎င်း၏ရပ်တည်ချက်ကို မပြောင်းလဲနိုင်ကြောင်း ဆိုထားပါသည်။ 

ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းတွင် ဖလော်ရီဒါ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဥရောပနိုင်ငံများအား ယူကရိန်း အတွက် အမေရိကန်လက်နက်များ ဝယ်ယူခွင့်ပြု/မပြု မေးခွန်းအပေါ် ထရမ့်က ဝယ်ယူခွင့်ပြုမည်ဟု ဖြေကြားခဲ့ပါသည်။ သို့သော် ဇီလန်စကီးနှင့် အီးယူခေါင်းဆောင်များ တင်ပြထားသည့် ရုရှားက နေတိုးကို စစ်ရေးအရ ခြိမ်းခြောက်မှုပြုနေသည်ဆိုသည့် တင်ပြချက်အား မယုံကြည်ကြောင်း ပြောသွားပါသည်။ 

မြူးနစ်လုံခြုံရေးညီလာခံမတိုင်မီ အင်တာဗျူးတစ်ခု၌ အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရုရှားက မလိုက်နာပါက စစ်ရေး အရအရေးယူမည်ဟု ပြောဆိုခဲ့ခြင်းကို ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတ ထရမ့်နှင့် ဒုသမ္မတ၏ တာဝန်ရှိသူများက ငြင်းဆိုကာ သတင်းအမှားဖော်ပြသည်ဟု စွပ်စွဲခဲ့ပါသည်။ 

ကိုးကား-Myanmar National Post

ဇီလန်စကီးအား လူထုထောက်ခံမှု အနိမ့်ဆုံး ၄% သာ ရှိကြောင်းကို ထရမ့်က ပြောကြား

ဗလာဒီမာ ဇီလန်စကီးအား လူထုထောက်ခံမှု အနိမ့်ဆုံး (၄% သာ) ရှိကြောင်းကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းတွင် ရွေးကောက်ပွဲကျင်းပရန် လိုအပ်ကြောင်းကိုလည်း ထောက်ခံခဲ့ပြီး၊ ယူကရိန်းတွင် ရွေးကောက်ပွဲပြုလုပ်ရေးကိစ္စသည် ရုရှား၏ တောင်းဆိုမှုမဟုတ်ဘဲ “နိုင်ငံများစွာ၏ စိုးရိမ်မှု” ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ 

ကိုးကား - TASS

အမေရိကန်၏ နိုင်ငံခြားအကူအညီများမှာ အကျင့်ပျက်ခြစားမှုရှိနေကြောင်း ပြည်သူအများစု ယုံကြည်

အမေရိကန်ပြည်သူအများစုသည် အမေရိကန်နိုင်ငံ၏ နိုင်ငံခြား အကျင့်ပျက်ခြစားမှုရှိနေသည် ဟု ယုံကြည်နေကြကြောင်း Public First အကြံပေးကုမ္ပဏီ၏ စစ်တမ်းတစ်ခုက ဖော်ပြထားပါသည်။

The Financial Times သတင်းစာ၏ စစ်တမ်းအရ ပါဝင်ဖြေဆိုသူများ၏ ၆၀% ခန့်သည် လူသားချင်းစာနာမှု ရန်ပုံငွေများမှာ အကျင့်ပျက်ခြစားမှု သို့မဟုတ် စီမံခန့်ခွဲမှုစရိတ်အနေဖြင့်သာ အသုံးပြုသည်ဟု ယုံကြည်ကြောင်း ဖြေကြားထားပါသည်။ ၁၂% သာ ထိုကိစ္စကို သဘောမတူညီကြောင်း ဖြေကြားထားပါသည်။ 

ထိုအချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် လက်ရှိအစိုးရ စွမ်းဆောင်မှုမြင့်တင်ရေးဌာန (DOGE) အကြီးအကဲ အီလွန်မတ်စ်တို့၏ အမြင်နှင့်ကိုက်ညီသည်ဟု The Financial Times သတင်းစာက ဖော်ပြသည်။

ဖေဖော်ဝါရီအစောပိုင်းတွင် ထရမ့်သည် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏လုပ်ငန်းများမှာ ရိုးသားမှုမရှိကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် Reuters သတင်းဌာနက အမေရိကန်အစိုးရသည် USAID ၏ ဝန်ထမ်းအရေအတွက်ကို လက်ရှိ ၁၀,၀၀၀ မှ ၂၉၄ သို့ ၃၀ ဆကျော် လျှော့ချရန် စီစဉ်နေကြောင်း ဖော်ပြထားပါသည်။ 

ကိုးကား- TASS

Photo: Financial Times