ထူးခြားသတင်းများ - နိုင်ငံတကာ

မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဂိုဏ်းအဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်မည်ဆိုပါက အမေရိကန်လက်နက်ထုတ်လုပ်သူများအပေါ် တရားစွဲဆိုမှု တိုးမြှင့်လုပ်ဆောင်မည်ဟု မက္ကဆီကိုသမ္မတပြောကြား

အမေရိကန်အစိုးရက မက္ကဆီကိုရှိ မူးယစ်ဂိုဏ်းအဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ပါက အမေရိကန်လက်နက် ထုတ်လုပ်သူများအား မက္ကဆီကိုနိုင်ငံတွင် ဖြစ်ပွားသည့် ရာဇဝတ်မှုများတွင် ပါဝင်သူများ အဖြစ် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မက္ကဆီကိုသမ္မတ Claudia Shein က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြုလုပ်သည့် နေ့စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မက္ကဆီကိုရှိ ရာဇဝတ်မှုကျူးလွန်သူအဖွဲ့များ အသုံးပြုသော လက်နက် များ၏ ၇၄% သည် နယ်စပ်ဒေသမြောက်ပိုင်းမှလာသည်ကို အမေရိကန် တရားရေးဌာနကပင် တရားဝင်အသိ အမှတ်ပြုထားကြောင်း သူမက ဆက်လက်ပြောကြားထားပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မက္ကဆီကို၊ ကိုလံဘီယာ၊ အယ်လ်ဆာဗေးဒိုးနှင့် ဗင်နီဇွဲလားရှိ ရာဇဝတ်မှုကျူးလွန်သူအဖွဲ့များကို “အကြမ်းဖက်အဖွဲ့များ” အဖြစ် သတ်မှတ်ရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီ ၁၄ ရက်နေ့ထုတ် နယူးယောက်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြထားပါသည်။

အမေရိကန်က အကြမ်းဖက်အဖွဲ့များအဖြစ် သတ်မှတ်မည့်အဖွဲ့များတွင် မက္ကဆီကိုနိုင်ငံရှိ မူးယစ်ဆေးမှောင်ခိုကူးရာတွင် အဓိကအဖွဲ့နှစ်ဖွဲ့ ဖြစ်‌သောJalisco New Generation နှင့် Sinaloa တို့ ပါဝင်ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားပါသည်။ 

ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်နေ့တွင် ထိုမူးယစ်ဂိုဏ်းအဖွဲ့များကို နှိမ်နင်း‌ဆောင်ရွက်ရန် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုအဖွဲ့ များသည် “သမားရိုးကျ ကျူးလွန်နေသည့် ရာဇဝတ်မှုထက် ကျော်လွန် နေသဖြင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်သည့် အန္တရာယ် တစ်ခု ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အမေရိကန်ထုတ်လုပ်သည့် လက်နက်အရေအတွက် ၂၀၀,၀၀၀ မှ ၇၅၀,၀၀၀ ခန့်ကို နှစ်စဉ် နယ်စပ်မှတစ်ဆင့် တရားမဝင် ခိုးယူ သယ်ဆောင်နေကြောင်း၊ အဆိုပါလက်နက် အများအပြားကို ရာဇဝတ်မှု ကျူးလွန်သည့်ဖြစ်စဉ်များတွင်လည်း တွေ့ရှိရကြောင်း မက္ကဆီကိုက ထုတ်ပြန်ထားပါသည်။

ကိုးကား- The Guardian

ပဋိပက္ခအဆုံးသတ်ရေးအတွက် ဇီလန်စကီးက ပူတင်နှင့်သာ ဆွေးနွေးလိုသည်ဟုဆို

ယူကရိန်းခေါင်းဆောင် ဗလာဒီမာဇီလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့်သာ ဆွေးနွေးရန်အဆင်သင့်ရှိကြောင်း၊ မော်စကို၏ ကိုယ်စားလှယ်များပါဝင်မည့် အခြားမည်သည့်ပုံစံကိုမဆိုပယ်ချကြောင်း ပြောကြားခဲ့ပါသည်။

ဇီလန်စကီးက ၂၀၂၂ ခုနှစ်တွင် ရုရှားခေါင်းဆောင်နှင့် မည်သည့် တုံ့ပြန်ဆက်သွယ်မှုကိုမဆို တားမြစ်သည့်အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ သို့သော် ယခုလအစောပိုင်း၌ ယူကရိန်းခေါင်းဆောင်က ဗြိတိန် သတင်းထောက် Piers Morgan ကို ပြောကြားရာတွင် “ယူကရိန်း နိုင်ငံသားများကို ငြိမ်းချမ်းရေးယူဆောင်လာနိုင်မည့် တစ်ခုတည်းသော ပုံစံဖြစ်မည်ဆိုပါက ၎င်းက ပူတင်နှင့်တွေ့ဆုံမည်” ဟု ဖြေကြားခဲ့ပါသည်။

မြူးနစ်လုံခြုံရေးညီလာခံ၌ ပြောကြားရာတွင် ဇီလန်စကီးက “မိမိအနေ ဖြင့် ရုရှားများနှင့်တွေ့ဆုံမည်မဟုတ်ကြောင်း၊ ရုရှား သမ္မတ ပူတင် တစ်ယောက်တည်းဖြင့်သာ တွေ့ဆုံမည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ထို့နောက် ယူကရိန်း၊ အမေရိကန်နှင့် EU တို့အနေဖြင့် အခြေခံ အစီအစဉ်တစ်ခုကို ရေးဆွဲပြီးမှသာ “မိမိနှင့်ပူတင် ထိုင်ပြီး စစ်ပွဲကို ရပ်တန့်မည်" ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ဇီလန်စကီးက “အခြားမည်သည့်သဘောတူညီမှုကိုမဆို” လက်မခံကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ဆောင်ရွက်ပေးသူအဖြစ်သာမက ကိယက်ဗ်ကို ထောက်ခံပြီး အမှန်တကယ် ကူညီပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ကိုးကား-RT

ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြား

ယူကရိန်းပဋိပက္ခဖြေရှင်းပြီးနောက် ရုရှားသည် ကမ္ဘာ့စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအိုဗန် က ပြောကြားခဲ့ပါသည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အိုဗန်က Kossuth ရေဒီယိုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယူကရိန်းပဋိပက္ခအပြီးသတ်ပြီးနောက် ရုရှားအား ကမ္ဘာ့ စီးပွားရေးစနစ်နှင့် ဥရောပလုံခြုံရေးတို့တွင် အပြည့်အဝပြန်လည် ပေါင်းစည်းနိုင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ 

ထို့အပြင် ဟန်ဂေရီနိုင်ငံသည် ဥရောပစီးပွားရေးကို ထိခိုက်စေသည့် ရုရှား ဆန့်ကျင်ရေး ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရန် နှစ်ရှည်လများ တိုက်တွန်းလျက်ရှိကြောင်း ထပ်လောင်းအလေးပေး ပြောကြားခဲ့ပါသည်။ ထိုဒဏ်ခတ်မှုများသည် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုအပါအဝင် ဥရောပစီးပွားရေးကို ကြီးမားစွာထိခိုက်စေသည်ဟု ၎င်းက ဖော်ပြခဲ့ပါသည်။ 

ကိုးကား - TASS

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် နျူကလီးယားလက်နက်များ လျှော့ချရေးကို ဆွေးနွေးရန်အတွက် ရုရှား၊ တရုတ်တို့နှင့် အစည်းအဝေး ပြုလုပ်လိုကြောင်း ကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားလက်နက်များ မည်သည့်အခါမျှ အသုံးမပြုရလေအောင် မျှော်လင့်ထားကြောင်း ဖော်ပြခဲ့ပါသည်။

“မိမိ ဦးစွာလုပ်ဆောင်ချင်သည်မှာ တရုတ်နှင့်ရုရှားကို နျူကလီးယား လက်နက်ထုတ်လုပ်မှုနှေးကွေးရေး၊ ရပ်တန့်ရေးနှင့်လျှော့ချရေးအတွက် အစည်းအဝေးလုပ်ဆောင်ရန်ဖြစ်ပါကြောင်း၊ မိမိတို့တွင် နျူကလီးယား လက်နက်များ အများကြီးရှိနေပြီဖြစ်ကြောင်း၊ ကမ္ဘာကို ၅၀ ကြိမ်၊ ၁၀၀ ကြိမ် ဖျက်ဆီး၍ရနိုင်ကြောင်း၊ ယခု မိမိတို့က အသစ်ထုတ်နေကြောင်း၊ ရုရှား နှင့်တရုတ်တို့ကလည်း ထုတ်နေပါကြောင်း၊ အဆိုပါထုတ်လုပ်သည့် ငွေများကို အခြားအကျိုးရှိသော အရာများအတွက် အသုံးပြုနိုင်ရန် မျှော်လင့်ပါကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ အဆိုပါ လက်နက်များ အသုံးပြုရမည့်အချိန် မည်သည့်အခါမျှ မရောက်စေလိုကြောင်း” ၎င်းက နိဂုံးချုပ်ပြောကြားခဲ့ပါသည်။

ထိုပြောဆိုချက်သည် နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြပြီး၊ ဒေါ်နယ်ထရမ့် ၏ နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆိုင်ရာမူဝါဒကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။

ကိုးကား - TASS

(၆၁) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) စတင်

(၆၁) ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံ (MSC) သည် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့ရှိ Hotel Bayerischer Hof တွင် တရားဝင်စတင်ခဲ့ပြီး ကမ္ဘာ့ပြဿနာများကို ဆွေးနွေးရန် အဆင့်မြင့်နိုင်ငံရေးသမားများ၊ ဆန်းစစ်သူများ၊ အနောက်နိုင်ငံမီဒီယာများနှင့် လုံခြုံရေးကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြပြီး ယူကရိန်းပဋိပက္ခကို အဓိကထား ဆွေးနွေး ကြမည်ဖြစ်သည်။

သမ္မတ Vladimir Putin ၏ ၂၀၀၆ ခုနှစ်က NATO ၏ချဲ့ထွင်မှုကို သတိပေးခဲ့သည့် ကျော်ကြားသောမိန့်ခွန်းပြောကြားခဲ့ရာ ဤညီလာခံသို့ ရုရှား အရာရှိများကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။

သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၃ ရက်နေ့ တွင် အမေရိကန်နှင့် ရုရှားအရာရှိများသည် မြူးနစ်တွင် ဖေဖော်ဝါရီ ၁၅ ရက်နေ့၌ ညီလာခံပြင်ပ တွေ့ဆုံကြမည်ဟု ကြေညာခဲ့ပြီး ယူကရိန်း ကိုလည်းပါဝင်ရန် ဖိတ်ကြားခဲ့သည်။ Vladimir Zelensky က မည်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့နှင့်မှ ဆွေးနွေးရန် မျှော်လင့်ထားခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

အဓိကတက်ရောက်သူများတွင် အမေရိကန်ဒုသမ္မတ J.D. Vance၊ NATO အထွေထွေအတွင်းရေးမှူး Mark Rutte နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့ ပါဝင်သည်။

ကိုးကား-RT

Great Patriotic War နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် ဒေါ်နယ်ထရမ့် လာရောက်မည်ဆိုပါက လှိုက်လှဲစွာ ကြိုဆိုမည်

၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ (Great Patriotic War) နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်ရန် နိုင်ငံတော်ခေါင်းဆောင်များကို ဖိတ်ကြား ထားပြီး တချို့ခေါင်းဆောင်များက ဖိတ်ကြားချက်ကို လက်ခံကြောင်း အတည်ပြုထားသည်။

အထူးသဖြင့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ဖိတ်ကြားချက်ကို လက်ခံပြီး အဆိုပါ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသည် ရုရှားနိုင်ငံ၏ သမိုင်းကြောင်းအရ နိုင်ငံတော် ခေါင်းဆောင်များနှင့် ပြည်သူများအတွက် အထူးအရေးပါလှသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် အဆိုပါအခမ်းအနားကို တက်ရောက်မည်ဆိုပါက လှိုက်လှဲစွာကြိုဆိုမည်ဖြစ်ကြောင်း ရုရှား သမ္မတ က ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်ပါသည်။

ကိုးကား- ကရင်မလင်

ရုရှား - အမေရိကန် ခေါင်းဆောင်အချင်းချင်း ဖုန်းဆက်သွယ်ပြောကြားမှုက ဥရောပ သဘောထားကို လျစ်ရှုပြုလိုက်ခြင်း ဖြစ်ကြောင်း ဝေဖန်မှုမြင့်တက်

ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ဖေဖော်ဝါရီ ၁၂ ရက်က ဖုန်းဆက်သွယ်ပြောကြားမှုမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတွင် အရေးကြီးသော ပြောင်းလဲမှုတစ်ရပ်အဖြစ် ဖော်ပြနေ ကြောင်း၊ ရုရှားသည် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးတွင် အဓိက ပါဝင်သူ အဖြစ် ထရမ့်က သတ်မှတ်ထားခြင်းကို ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။

ကမ္ဘာ့ဩဇာညောင်း မီဒီယာများဖြစ်သည့် Bloomberg၊ The Economist၊ The Financial Times သတင်းဌာနများ၏ အဆိုအရ ယူကရိန်းနှင့် ဥရောပတို့သည် ၎င်းတို့၏ သဘောဆန္ဒမပါဘဲ ထရမ့်က ပူတင်နှင့် သဘောတူညီမှုရရှိသွားမည်ကို စိုးရိမ်နေကြသည်။

နောက်ပိုင်း အမေရိကန်က ယူကရိန်းအပေါ် သဘောတူညီချက်ရရှိပါက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးနိုင်သည်ဟု နိုင်ငံရေး ကျွမ်းကျင်သူများကလည်း ယူဆနေကြကြောင်း TASS က ဖော်ပြထား ပါသည်။ 

ကိုးကား- TASS

နေတိုးအဖွဲ့ဝင် နိုင်ငံများကို ထိခိုက်လာလျှင် ရုရှားကို ချေမှုန်းပစ်မည်ဟု နေတိုးအတွင်းရေးမှူးချုပ် ကြိမ်းဝါး

နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ်ရက်တီက ရုရှားသမ္မတ ဗလာ ဒီမာပူတင်အား အမေရိကန်ဦးဆောင်သောစစ်ဘက်အုပ်စု (နေတိုး)၏ အဖွဲ့ဝင်နိုင်ငံများကို တိုက်ခိုက်လာပါက မော်စကိုအား ချေမှုန်းပစ်မည် ဟု ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတိပေးခဲ့ပါသည်။ 

မကြာသေးမီနှစ်များအတွင်း ရက်တီ ကဲ့သို့သော နေတိုးအဖွဲ့၏ ထိပ်တန်း အကြီးအကဲများကို ရုရှားက ချုပ်ကိုင်နိုင်ရန်အတွက် အစီစဉ်ချ လုပ်ဆောင် နေကြောင်း စွပ်စွဲထားပြီး ပူတင်က အဓိပ္ပာယ်မရှိသောစွပ်စွဲချက်များဟု ငြင်းဆိုထားခဲ့သည်။ 

ရက်တီက အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကာကွယ်ရေးအသုံးစရိတ်နှင့် ပတ်သက်၍ ယခုနှစ်အတွင်း ခက်ခဲသော ဆုံးဖြတ်ချက် အချို့ကို ပြုလုပ် နေရပြီး တိုင်းပြည်ဝင်ငွေ၏ ၂ % ထက် ပိုမိုထည့်ဝင်ရန် လိုအပ်သည်ဟု တိုက်တွန်းခဲ့ပါသည်။ ဥရောပနိုင်ငံများတွင် အရည်အသွေးကောင်းမွန်သော လက်နက်ထုတ်လုပ်သူများ ရှိသော်လည်း အလုံအလောက် မထုတ်လုပ် နိုင်သေးကြောင်းနှင့် အဆိုပါပြဿနာကို အရေးတကြီး ဖြေရှင်းရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ဒိန်းမတ် ထောက်လှမ်းရေးဌာန၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့်အစီရင်ခံစာတွင် ရုရှား၏တိုက်ခိုက်လာနိုင်မှုနှင့်ပတ်သက်၍ နေတိုး၏ အစီအမံ ၊ ယူကရိန်းပဋိပက္ခကို ရပ်တန့်နိုင်ရေးအစီအမံနှင့် နေတိုး၏ ကာကွယ်ရေးစရိတ်တိုးမြှင့်မှုနှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအခြေအနေကို ထည့်သွင်းစဉ်းစားထားမှု ရှိ/မရှိ ဟူသော မေးခွန်းများနှင့်အတူ ရုရှားက ဥရောပကို ကြီးမားသော ထိုးစစ်ဆင် နိုင်ကြောင်းလည်း ပါဝင်သည်ဟု သိရှိရပါသည်။

ကိုးကား-RT

ယူကရိန်း၏ "Contract 18-24" ဆန္ဒအလျောက်စစ်မှုထမ်းရန် လူသစ် စုဆောင်းရေး အစီအစဉ်သည် ယူကရိန်းစစ်တပ်ထဲသို့ ၁၈နှစ် မှ ၂၄ နှစ် အရွယ် ယူကရိန်းလူသစ်စုဆောင်းရေးအတွက် ရည်ရွယ်

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန (MoD) သည် မကြာသေးမီက “Contract 18-24” ဆန္ဒအလျောက်လူသစ်စုဆောင်းရေး အစီအစဉ် ကို စတင်ခဲ့ပြီး ယူကရိန်းစစ်တပ်ထဲသို့ ၁၈နှစ် မှ ၂၄ နှစ်အရွယ် ယူကရိန်း လူသစ် စုဆောင်းရေးအတွက် ရည်ရွယ်ကြောင်း သိရှိရပါသည်။

ယူကရိန်း MoD သည် ဖေဖော်ဝါရီ ၁၁ ရက်တွင် အဆိုပါ အစီအစဉ်ကို တရားဝင် စတင်ခဲ့ပြီး အဆိုပါ အစီအစဉ်သည် အသက် ၁၈ နှစ်မှ ၂၄ နှစ် ကြားရှိသူများကို တစ်နှစ်စာချုပ်ဖြင့် စစ်မှုထမ်းရန်နှင့် တစ်နှစ်အကြာ တွင် စာရင်းပြန်သွင်းရန် သို့မဟုတ် အရပ်သားဘဝသို့ ပြန်သွားရန် ရွေးချယ်ခွင့်ပေးထားကြောင်း မှတ်ချက်ပြုခဲ့သည်။ ယူကရိန်း MoD သည် ဆန္ဒအလျောက် စစ်မှုထမ်းသူများအား တစ်နှစ်လုပ်ခ 200,000 UAH ($4,700) နှင့် ၎င်းတို့၏ ဝန်ဆောင်မှုကာလအတွင်း နောက်ထပ် 800,000 UAH ($19,120) ပေးဆောင်မည်ဖြစ်ပြီး လစဉ်လစာ 120,000 UAH ($2,870) ပေးဆောင်မည်ဖြစ်သည်။ ဆန္ဒအလျောက် စစ်မှုထမ်း သူများအား ရှေ့တန်းသို့ စေလွှတ်ခြင်းမပြုမီ သုံးလကြာ လေ့ကျင့်မှု ပြုလုပ်ပေးမည်ဖြစ်သည်။ ယူကရိန်းအစိုးရသည် ဆန္ဒအလျောက် စစ်မှုထမ်းသူများအတွက် အနာဂတ် ငွေချေးမှုများ၊ ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများကို ထောက်ပံ့ပေးမည်ဖြစ်ပြီး ၎င်းတို့၏ ဝန်ဆောင်မှုတစ်နှစ်ပြီးနောက် နိုင်ငံရပ်ခြားသို့ ၎င်းတို့ကို သွားရောက်ခွင့်ပြုမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် ၎င်းတို့၏ တစ်နှစ်စာချုပ် ကုန်ဆုံးပြီးနောက် ဆန္ဒအလျောက် စစ်မှုထမ်းသူများအား ထပ်မံ၍ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းမှ ကင်းလွတ်ခွင့် ပေးပါသည်။ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Rustem Umerov က “Contract 18-24” အစီအစဉ်သည် ပရော်ဖက်ရှင်နယ် စစ်တပ်ကို ဖန်တီးရန် ယူကရိန်း၏ ဆက်လက် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်း MoD ပြောရေးဆိုခွင့်ရှိသူ Dmytro Lazutkin က MoD သည် ဆန္ဒအလျောက် စစ်မှုထမ်းရန် စာချုပ်ချုပ်ဆိုသောအခါ အသက် 25 နှစ်အောက် ယူကရိန်းတပ်သားများအား UAH တစ်သန်း (ဒေါ်လာ 23,900 ခန့်) ချီးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-ကရင်မလင်

လွှတ်တော်ဥက္ကဋ္ဌ တာဆိုလပ်စ်ကို သမ္မတအဖြစ် ဂရိလွှတ်တော်ရွေးချယ်

အေသင်   ဖေဖော်ဝါရီ ၁၂

ဂရိလွှတ်တော် အမတ်များသည် လွှတ်တော်ဥက္ကဋ္ဌဟောင်း ကွန်စတန်တိုင်းတာဆိုလပ်စ်ကို ဂရိသမ္မတသစ်အဖြစ် ယနေ့တွင် ရွေးချယ်တင်မြှောက်နိုင်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ဥက္ကဋ္ဌဟောင်း ကွန်စတန်တိုင်းတာဆိုလပ်စ်ကို ဂရိသမ္မတသစ်အဖြစ် လက်ရှိကွန်ဆာဗေးတစ်အစိုးရက အမည်စာရင်းတင်သွင်းထားခြင်းဖြစ်သည်။

ကွန်စတန်တိုင်းတာဆိုလပ်စ်ကို သမ္မတသစ်အဖြစ် အမည်စာရင်း ပေးသွင်းထားမှုကြောင့် ၂၀၂၃ ခုနှစ် ရထားတိုက်မှုနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်နေသူများက ပြီးခဲ့သည့်လအတွင်းဂရိလွှတ်တော်ရှေ့၌ ဆန္ဒပြခဲ့ကြသည်။

တာဆိုလပ်စ်၏ ဦးဆောင်မှုအောက်တွင် ဂရိလွှတ်တော်အမတ်များသည် ၂၀၂၃ ခုနှစ် ရထားတိုက်မှုအတွက် နိုင်ငံရေးအရ တာဝန်ခံရေးအတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း ဆန္ဒပြသမားများက ပြောကြားထားသည်။

သို့ရာတွင် ယနေ့လွှတ်တော်မဲခွဲပွဲတွင် ဂရိလွှတ်တော်အမတ် ၃၀၀ အနက် ၁၆၀ တို့က တာဆိုလပ်စ်ကို ဂရိသမ္မတသစ်အဖြစ် ထောက်ခံမဲပေးပေးခဲ့ကြသည်။

ဂရိနိုင်ငံ၏ နိုင်ငံရေးစနစ်အရ သမ္မတမှာ နိုင်ငံရေးအာဏာကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနိုင်မှုမရှိသော ဂုဏ်ထူးဆောင်ရာထူးမျိုးဖြစ်ကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ