ရေအောက်သွား မောင်းသူမဲ့ရေယာဉ်များကို ဗြိတိန်နိုင်ငံ၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းက အောင်မြင်စွာစမ်းသပ်ပစ်လွှတ်
ဗြိတိန်တော်ဝင်ရေတပ်မတော်သည် မောင်းနှင်သူလိုက်ပါခြင်းမရှိသည့်ရေအောက်သွား ရေယာဉ်များ ကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစ်စင်းမှ အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီဖြစ်သည်။
ဗြိတိန်ရေတပ်မတော်သည် Project Scylla ဟုအမည်ပေးထားသည့် အဆိုပါစမ်းသပ်မှုအတွင်း ရေတပ် ဖွဲ့၏ ရေအောက်စစ်ဆင်မှုစွမ်းရည်ကို တိုးမြှင့်နိုင်ရန်အတွက် ရေငုပ်သင်္ဘောမှမောင်းသူမဲ့ ရေအောက် သွားရေယာဉ်များကို မြေထဲပင်လယ်အတွင်း၌ မကြာသေးမီအချိန်က စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စမ်းသပ်ရာတွင် Astute အတန်းအစား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောရှိ တော်ပီဒိုများ ပစ်လွှတ်သည့် ပြွန်မှတစ်ဆင့် မောင်းသူမဲ့ရေအောက်သွားရေယာဉ်များကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
ဗြိတိန်တော်ဝင် ရေတပ်မတော်၏ Astute အတန်းအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောသည်အလေးချိန်အားဖြင့် ၇၄၀၀ တန်ရှိပြီး သင်္ဘောတွင် Tomahawk ခရုစ်ဒုံးကျည်များနှင့် Spearfish တော်ပီဒိုများကို တပ်ဆင်ထားပြီး တစ်ကမ္ဘာလုံး၏မည်သည့်နေရာတွင်မဆို ရန်သူ၏ရေဒါကိုရှောင်ရှား၍ မောင်းနှင်သွားလာနိုင်သည်။
အဆိုပါစမ်းသပ်မှု၏ အဓိကရည်ရွယ်ချက်မှာ တော်ဝင်ရေတပ်ဖွဲ့၏ ရေအောက်စောင့်ကြည့်ရေး၊ ပင်လယ်ကြမ်းပြင်စစ်ပွဲဆင်နွှဲရေးနှင့် ရေအောက်ဆက်သွယ်ရေးစနစ်များအား လုံခြုံမှုရှိစေရေးအတွက် ဖြစ်သည်။
ရေငုပ်သင်္ဘောမှ ရေအောက်သွားမောင်းသူမဲ့ရေယာဉ်များ ပစ်လွှတ်စမ်းသပ်မှုကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ရေငုပ်သင်္ဘောဆိုင်ရာအေဂျင်စီ (SDA) နှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် L3Harris တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစမ်းသပ်မှုသည် အနာဂတ် ရေတပ်စစ်ဆင်မှုကို ပုံဖော်ရာတွင် များစွာ အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ထားသည်။
Project Scylla စီမံကိန်းသည် ဗြိတိန်၊ အမေရိကန်နှင့် ဩစတြေးလျနိုင်ငံတို့ ပါဝင်သည့် AUKUS သုံးနိုင်ငံ လုံခြုံရေးအဖွဲ့၏ ဒုတိယအဆင့် ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
Ref: Vp
MWD Web Portal