NASA ဝန်ထမ်းအင်အား ၂၁% ဖြစ်သည့် ဝန်ထမ်း ၃၇၀၀ ကျော် လျှော့ချမည်

News Image

  • NASA ဝန်ထမ်းအင်အား ၂၁% ဖြစ်သည့် ဝန်ထမ်း ၃၇၀၀ ကျော် လျှော့ချမည်

အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲမှု (US National Aeronautics and Space Administration - NASA) သည် အေဂျင်စီ၏ ဝန်ထမ်းအင်အား ၃၇၈၀ ကို လျှော့ချရန် ဖြစ်ပြီး စုစုပေါင်း ဝန်ထမ်း ၁၄,၀၀၀ ခန့်ဖြင့် လုပ်ငန်းလည်ပတ်ရန် စီစဉ်နေကြောင်း အဆိုပါ အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Cheryl Warner က TASS သို့ ပြောကြားလိုက် ပါသည်။

NASA အနေဖြင့် လနှင့် အင်္ဂါဂြိုလ်တို့အပါအဝင် စူးစမ်းရှာဖွေရေးနှင့် အာကာသဆိုင်ရာ ဆန်းသစ်တီထွင်မှုရွှေခေတ်ကို အပြည့်အဝ ဆက်လက် လျှောက်လှမ်းနိုင်အောင် ပိုမိုထိရောက်သော အဖွဲ့အစည်းဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည် Warner က ပြောကြားထားပါသည်။

ဝန်ထမ်း ၃,၇၈၀ ဦး (NASA ၏ ဝန်ထမ်းအင်အား ၂၁ %) က လတ်တလော ဆိုင်းငံ့ထားသော အလုပ်နုတ်ထွက်ခြင်း အစီအစဉ် ၂ ခုတွင် ပါဝင်ရန် သဘောတူညီခဲ့ကြပြီဖြစ်ကြောင်း Warner မှ မှတ်ချက်ပြု ပြောကြားထားပါသည်။ ထိုဝန်ထမ်းများအား လျော်ကြေးငွေပေးချေခြင်း သို့တည်းမဟုတ် အခြားအခွင့်အရေးများ ပေးဆောင်ကာ ၎င်းတို့ဆန္ဒအလျောက် နုတ်ထွက်ခွင့်ကို ခွင့်ပြုပေးသွားမည်ဖြစ်ပါသည်။ 

အစောပိုင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် အေဂျင်စီများစွာရှိ ဝန်ထမ်းအင်အား လျှော့ချမှုလုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်ခဲ့ပါသည်။ ထိုစဉ်က အစိုးရစွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) ကို စီးပွားရေးလုပ်ငန်းရှင် Elon Musk က တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃