မော်စကို- ပြုံယမ်း ပထမဆုံး တိုက်ရိုက်လေကြောင်းလိုင်း စတင် ပြေးဆွဲ

News Image

  • မော်စကို- ပြုံယမ်း ပထမဆုံး တိုက်ရိုက်လေကြောင်းလိုင်း စတင် ပြေးဆွဲ

မော်စကိုမှ ပြုံယမ်းသို့ ပထမဆုံး ပြေးဆွဲသည့် တိုက်ရိုက်လေကြောင်း ခရီးစဉ်အဖြစ် ဇူလိုင်လ ၂၇ ရက်တွင် Nordwind လေကြောင်းလိုင်း၏ Boeing 777-200ER လေယာဉ်ဖြင့် မော်စကိုမြို့မှ စတင်ပြေးဆွဲရာ မြောက်ကိုရီးယား မြို့တော်သို့ ဒေသစံတော်ချိန် နံနက် ၀၉း၃၀ နာရီ (၁၂း၃၀ GMT) အချိန်တွင် ဆင်းသက်ခဲ့ကြောင်း TASS သတင်းဌာနက ဖော်ပြထားပါသည်။ 

ရုရှားသယံဇာတနှင့် ဂေဟဗေဒဝန်ကြီးဌာန ဝန်ကြီးနှင့် ရုရှား-မြောက် ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်၏ ပူးတွဲဥက္ကဋ္ဌ Alexander Kozlov တို့ ဦးဆောင်သည့် ရုရှားကိုယ်စားလှယ်အဖွဲ့နှင့် လေကြောင်း ဝန်ထမ်းများကို မြောက်ကိုရီးယားဘက်က ပန်းစည်းများဖြင့် ကြိုဆို နှုတ်ဆက်ကြပါသည်။ ခရီးသည် ၄၄၀ ဦး ဆံ့သော Nordwind လေကြောင်းလိုင်း၏ Boeing 777-200ER လေယာဉ်သည် မော်စကိုမြို့ရှိ Sheremetyevo လေဆိပ်မှ တနင်္ဂနွေနေ့ (၀၄း၃၀ GMT) တွင် ထွက်ခွာ ခဲ့ပါသည်။ 

မော်စကိုနှင့်ပြုံယမ်းကြား လေယာဉ် ရှစ်နာရီခန့်ကြာမြင့်ကြောင်း သိရ ပါသည်။ အဆိုပါ မော်စကို - ပြုံယမ်း လေကြောင်း အပြန်ခရီးစဉ်ကို ဇူလိုင် ၂၉ ရက် တွင် စီစဉ်ထားပါသည်။ နှစ်နိုင်ငံမြို့တော်များအကြား လေကြောင်း ပြေးဆွဲမှုကို တစ်လလျှင် တစ်ကြိမ်နှုန်း ပြေးဆွဲမည်ဖြစ်ကြောင်း ရုရှား ပို့ဆောင်ရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် ပြောကြားထားပါသည်။ 

ရုရှားနိုင်ငံ အရှေ့ဖျားမြို့ Vladivostok နှင့် ပြုံယမ်းကြား တိုက်ရိုက် လေကြောင်းခရီးစဉ်များကို မြောက်ကိုရီးယား၏ Air Koryo က တစ်ပတ်လျှင် သုံးကြိမ် ပြေးဆွဲပေးလျက်ရှိပါသည်။ ထိုလေကြောင်းခရီးစဉ်ကို   COVID-19 ကပ်ရောဂါကာလက ခေတ္တရပ်နားပြီးနောက် နှစ်နိုင်ငံကြား တိုက်ရိုက် လေကြောင်းဝန်ဆောင်မှုကို ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ပြန်လည် စတင် ခဲ့သည်ဟု သိရပါသည်။ 

ကိုးကား- TASS

Photo: Kazinform

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃