နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

News Image

  • နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ

နေပြည်တော် ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများကြောင့် အခြေခံပညာကျောင်းများအား တစ်နှစ်နီးပါးပိတ်ထားခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှစ၍ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ပညာသင်ကြားနိုင်ရေးဆောင်ရွက် ပေးလျက်ရှိရာ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်း ၂၂ ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင်လည်း ကျောင်းသား ကျောင်းသူ ၄၉၀ ထပ်မံ၍ ကျောင်းအပ်နှံသဖြင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၄၄၇ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ထို့အပြင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းပတ်ဝန်းကျင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ဩဂုတ် ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံကြီး၌ အဖျားရောဂါနှင့် အထွေထွေရောဂါများဖြင့် ဒေသခံတိုင်းရင်းသားပြည်သူအမျိုးသား ၄၂ ဦး၊ အမျိုးသမီး ၆၆ ဦး စုစုပေါင်း ၁၀၈ ဦးတို့အား တပ်မတော်သားဆရာဝန်များနှင့် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်း၍လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

MOI