ထိုင်းစစ်တပ်၏ သဘောထားထုတ်ပြန်မှုက အပစ်ရပ် သဘော တူညီချက်အား ချိုးဖောက်ရာကျဟု ကမ္ဘောဒီးယား ပြစ်တင်
ထိုင်းနိုင်ငံ အမှတ် (၂) စစ်ဒေသ ကွပ်ကဲရေးမှူး Boonsin Padklang ၏ ဩဂုတ် ၁၀ ရက် သဘောထား ထုတ်ပြန်ပြောကြားရာတွင် ကမ္ဘောဒီးယား နှင့်သက်ဆိုင်သည့် စစ်ရေးလှုပ်ရှားမှု အစီအစဉ်များ ပါဝင်နေရာ ယင်းသည် နှစ်နိုင်ငံက ရရှိထားသည့် အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ရာ ကျကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Maly Socheata က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
Boonsin Padklang က ဩဂုတ် ၁၀ ရက်တွင် ထိုင်းမီဒီယာ တွေ့ဆုံ မေးမြန်းမှုကို ဖြေကြားရာ၌ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ပိုင်နက် နယ်မြေ အငြင်းပွားမှုရှိသည့် ဘုရားကျောင်းနှစ်ကျောင်းနှင့် စပ်လျဉ်း၍ ကမ္ဘောဒီးယား ဝင်ရောက်မှုကို ရှောင်ကြဉ်ရန် ထိုင်းဘက်က ၎င်းအနက် တစ်နေရာကို ပိတ်ဆို့မှု လုပ်ဆောင်သွားရန် စဉ်းစားနေကြောင်း၊ ကမ္ဘော ဒီးယားဘက်က အားသာချက်ရှိသည့် နောက်ဘုရားကျောင်း တစ်နေရာ ကိုလည်း ထိုင်းဘက်က သေချာပေါက် ပြန်လည်ရယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းမီဒီယာများက သတင်းဖော်ပြထားသည်။
Boonsin Padklang ၏ အထက်ပါ သဘောထား ထုတ်ပြန် ပြောကြားမှု သည် “ရန်စမှုနှင့် ကမ္ဘောဒီးယား အချုပ်အခြာအာဏာနှင့် နယ်မြေ ပိုင်နက် ပြည့်စုံမှုအား ကျူးကျော်ရန် ကြိုတင်ပြင်ဆင်မှုအတွက် ငြင်းပယ်၍ မရသော သက်သေဖြစ်” ကြောင်း၊ နှစ်ဖက်က ဇူလိုင် ၂၈ ရက်တွင် ရရှိခဲ့ သည့် အပစ်ရပ် သဘောတူညီချက်နှင့် ဩဂုတ် ၇ ရက်တွင် မလေးရှား နိုင်ငံ၌ ကျင်းပသည့် နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေး သဘောတူညီချက်ကို ချိုးဖောက်ရာကျကြောင်း Maly Socheata က ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေးတွင် ကမ္ဘောဒီးယား-ထိုင်းနှစ်ဖက်က လက်ရှိနေရာပြင်ပ၌ ကင်းလှည့်ခြင်း မပြုရန် အပါအဝင် စစ်တပ်ရွှေ့ပြောင်းခြင်းမပြုရန် စသည်တို့နှင့်စပ်လျဉ်း၍ သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း Maly Socheata က ဆိုသည်။ “ကမ္ဘောဒီးယား အနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး သဘောထားကို ခိုင်မာစွာ ထိန်းသိမ်း ထားပြီး ငြိမ်းချမ်းရေးအခြေခံမူကို လက်ကိုင်ထားကာ အပစ်ရပ် သဘော တူညီချက်ကို တင်းကျပ်စွာ ဖော်ဆောင်လျက်ရှိပါတယ်။ ထိုင်းနိုင်ငံဘက် ကလည်း အဆိုပါအခြေခံမူကို လက်ကိုင်ထားရန် မျှော်လင့်ပါသည်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- Xinhua