၂၀၂၄ ခုနှစ်အတွင် အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည် ၁၅ ဒသမ ၇ သန်းစံချိန်တင်
ကိုင်ရို ဇန်နဝါရီ ၂
၂၀၂၄ ခုနှစ်အတွင်း အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသည် ၁၅ ဒသမ ၇ သန်း စံချိန်တင်ခဲ့ကြောင်း အီဂျစ်ဝန်ကြီးချုပ် မိုစတာဖာမတ်ဘောင်လီက ယမန်နေ့ကပြောကြားသည်။
အဆိုပါ အရေအတွက်သည် အီဂျစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် ကောင်းမွန်သည့်ရလဒ်များကို ပိုင်ဆိုင်ရရှိခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် မတ်ဘောင်လီက အုပ်ချုပ်ရေးမြို့တော်သစ်ကိုင်ရို၌ အပတ်စဉ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အထူးသဖြင့် Grand Egyptian ပြတိုက်ကို တရားဝင်ဖွင့်လှစ်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားသားခရီးသည် ၁၈ သန်းလာရောက်ရန် ရည်မှန်းထားသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အီဂျစ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေသည် ၂၀၁၉ ခုနှစ်တွင် ၁၃ သန်းကျော်မှ ၂၀၂၀ ပြည့်နှစ်တွင် ၃ ဒသမ ၇ သန်းဝန်းကျင်သို့ သိသိသာသာ လျော့ကျသွားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ရှစ်သန်းခန့် ၂၀၂၂ ခုနှစ်တွင် ၁၁ ဒသမ ၇ သန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၁၄ ဒသမ ၉ သန်းလာရောက်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အောင်ကျော်ကျော်
Source: ကြေးမုံသတင်းစာ