ယူကရိန်းကိုဖြတ်ပြီး ရုရှားဓာတ်ငွေ့ သယ်ယူမှု Gazprom ရပ်ဆိုင်း
ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom က ယူကရိန်းကိုဖြတ်ပြီး သဘာဝဓာတ်ငွေ့ပေးပို့ခြင်းကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၁ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ယူကရိန်းနှင့် ရုရှား စစ်ပွဲစတင်ခဲ့သော်လည်း ရုရှားသည် ယူကရိန်းကိုဖြတ်ပြီး ဓာတ်ငွေ့ကို ဥရောပသို့ ပို့ဆောင်ခဲ့ပါသည်။
Gazprom က ယခုကဲ့သို့ရပ်တန့်ရခြင်းသည် ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး သဘောတူညီချက်အား သက်တမ်းတိုးရန် ယူကရိန်းက ငြင်းဆိုခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် ပါရှိသော အချက်အလက်များ၌ Gazprom သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ ယူကရိန်းနိုင်ငံကိုဖြတ်၍ ဥရောပသို့ ဓာတ်ငွေ့ပို့ဆောင်မှုကို ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း ဖော်ပြထားပါသည်။
ယူကရိန်းကလည်း ရုရှားနိုင်ငံက ဓာတ်ငွေ့ သယ်ယူပို့ဆောင်ခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့က ကြေညာခဲ့ပါသည်။
တူရကီနှင့်ဘူလ်ဂေးရီးယားတို့မှတစ်ဆင့် ဓာတ်ငွေ့ဖြတ်သန်းမှုတိုးမြှင့်မည်ဆိုပါက ယူကရိန်း၏ ဖြတ်တောက်မှုကို တစ်စိတ်တစ်ပိုင်း ကာမိစေမည်ဟု ကျွမ်းကျင်သူတစ်ဦး၏ အကြံပြုချက်ကို ရုရှားမီဒီယာများက ကိုးကားဖော်ပြခဲ့ပါသည်။
သို့သော် အခြားလမ်းကြောင်းများ ပြောင်းလဲအသုံးပြုခြင်းအတွက် ဥရောပနိုင်ငံများအနေဖြင့် ကုန်ကျစရိတ်များ ပိုပြီးမြင့်မားလာမည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့ပါသည်။
ကိုးကား-NHK World