ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ၊ ထရမ့်ဂျူနီယာ ဂရင်းလန်းသို့ သွားရောက်လေ့လာမည်

News Image

  • ဒေါ်နယ်ထရမ့်၏ သားဖြစ်သူ၊ ထရမ့်ဂျူနီယာ ဂရင်းလန်းသို့ သွားရောက်လေ့လာမည်

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ထိန်းချုပ်လိုကြောင်း ထပ်လောင်းပြောကြားပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ၎င်း၏ သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာက ဂရင်းလန်းသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း ပြောကြားထားပါသည်။

ဒေါ်နယ်ထရမ့်၏ ဇန်နဝါရီ ၆ ရက်နေ့ Truth Social Postတွင် ၎င်း၏သားဖြစ်သူနှင့် ကိုယ်စားလှယ်များသည် ဂရင်းလန်း၏ ခမ်းနားသည့်နေရာများနှင့် ရင်သပ် ရှုမောဖွယ် ရှုခင်းအချို့သို့ သွားရောက်လည်ပတ်မည်ဟု အတည်ပြုဖော်ပြခဲ့ပြီး ၎င်းအနေဖြင့် နယ်နိမိတ် ကျယ်ပြောလှသော အာတိတ်‌ဒေသကို ဝယ်ယူပိုင်ဆိုင်ရန် စိတ်ဝင်စားနေကြောင်း ထပ်မံဖော်ပြခဲ့သည်။ 

ထို့ပြင် ဂရင်းလန်းတွင် နေထိုင်သည့် ပြည်သူများသည် MAGA ဖြစ်ကြောင်း "Make America Great Again" ဆောင်ပုဒ်ကို ရည်ညွှန်း၍ ထရမ့်က ပြောကြားလိုက်သည်။ ဂရင်းလန်းသည် မယုံနိုင်‌ကြည်နိုင်‌လောက်အောင် ထူးခြားသော နေရာဒေသတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ ကျွန်းသည် မိမိတို့နိုင်ငံပိုင်ဖြစ်လာပါက ဂရင်းလန်း ပြည်သူများအတွက်များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ အလွန်ကောက်ကျစ်ကြမ်းကြုတ်သည့် ပြင်ပကမ္ဘာကြီး၏ အန္တရာယ်မှ မိမိတို့ ကာကွယ်စောင့်ရှောက်ပေးမည် ဖြစ်ကြောင်း၊ ဂရင်းလန်းကို ပြန်လည်ကြီးကျယ်ခမ်းနား စေရန် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆိုထားပါသည်။

ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုခရီးစဉ်မှာ အမေရိကန်အစိုးရ၏ တရားဝင်ခရီးစဉ်မဟုတ်သဖြင့် မှတ်ချက်ပြုစရာမရှိကြောင်း ဇန်နဝါရီ ၆ ရက်နေ့ အစောပိုင်းက ပြောကြားထားသည်။

ကိုးကား - CNN