ဟနွိုင်းမြို့သည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာ

News Image

  • ဟနွိုင်းမြို့သည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်လာ

ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း မီးခိုးမြူထူထပ်စွာ ဖုံးလွှမ်းနေပြီး ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့စာရင်း၌ ထိပ်ဆုံးက ရပ်တည်နေကြောင်း အစိုးရက ပြောကြားပါသည်။ အဆိုပါပြဿနာကို ဖြေရှင်းရန် လျှပ်စစ်ကား (EVs) များ ပိုမိုအသုံးပြုကြရန်လည်း တိုက်တွန်းထားသည်ဟု သိရှိ ရသည်။

ဟနွိုင်းမြို့၏ လေထုညစ်ညမ်းမှုနှုန်းသည် ၂၆၆ မိုက်ခရိုဂရမ်ထိရှိနေပြီး များသောအားဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ၊ အမှိုက်မီးရှို့ခြင်းနှင့် စက်မှုလုပ်ငန်းများ ကြောင့် မြူခိုးများ ဖြစ်လာသည်ဟု သိရှိရပါသည်။ “အစတုန်းကတော့ မြူမှိုင်းလို့ ထင်ခဲ့တာ၊ ဒါပေမယ့် နောက်ပိုင်း အဲဒီဖုန်မှုန့်တွေကြောင့် ကောင်းကောင်း မမြင်ရတော့သလို အသက်ရှုမဝသလိုလည်း ခံစားရစေပါတယ်” ဟု အသက် ၂၁ နှစ်အရွယ် ကျောင်းသား တစ်ဦးက ဆိုပါသည်။

ဇန်နဝါရီ ၂ ရက်က ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင် တွေ့ဆုံချိန်တွင် ဒုတိယဝန်ကြီးချုပ် ထရန်ဟောင်က ၎င်းပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် EV ကား များ ပြောင်းလဲအသုံးပြုရေးကို အရှိန်မြှင့်ရန်တောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာက ဆိုပါသည်။ အစိုးရက ၂၀၃၀ ၌ ဟနွိုင်း၏ ဘတ်စ်ကား ၅၀ ရာခိုင်နှုန်းနှင့် တက္ကစီ ၁၀၀ ရာခိုင်နှုန်းကို EV ကားများဖြစ်လာစေရန် ရည်မှန်းထားသည်ဟု သိရပါသည်။

ကိုးကား- NP News