ကိုရီးယားနိုင်ငံ ဒေသအများအပြားတွင် ဇန်နဝါရီ ၁၀ ရက်တွင် အပူချိန်အနိမ့်ဆုံးအဆင့်အထိ ကျဆင်းမည်
ဆိုးလ် ဇန်နဝါရီ ၉
ကိုးရီးယားနိုင်ငံ၏ ဒေသအများအပြားတွင် ဇန်နဝါရီ ၁၀ ရက်တွင် အပူချိန် အနုတ် ၂၁ ဒီဂရီ ဆဲလ်စီးယပ်အထိ ကျဆင်းနိုင်ခြေရှိသည့်အတွက် အအေးဆုံးရာသီဥတုကို ကြုံတွေ့ခံစားရရနိုင်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုရီးယားမိုးလေဝသ စီမံခန့်ခွဲမှုဌာနက ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် အပူချိန်သည် အနုတ် ၂၁ ဒီဂရီဆဲလ်စီးယပ်မှ ၅ ဒီဂရီဆဲလ်စီးယပ်ကြားရှိနိုင်ပြီး ဇန်နဝါရီ ၉ ရက် အပူချိန်ထက် ပိုမိုကျဆင်းမည်ဟု ခန့်မှန်းထားသည်။
မြို့တော် ဆိုးလ်တွင် ဇန်နဝါရီ ၉ ရက် နံနက် ၈ နာရီအပူချိန်သည် အနုတ် ၁၀ ဒသမ ၂ ဒီဂရီအထိရှိသည်။ အအေးလှိုင်းအကြံပေးချက်ကို ဇန်နဝါရီ ၈ ရက် ည ၉ နာရီအချိန်တွင် စတင်ထုတ်ပြန်ခဲ့ပြီး နောက်ထပ် နှစ်ရက် သို့မဟုတ် နှစ်ရက်ကျော်ကာလအထိ နံနက်ပိုင်း အပူချိန်သည် အနုတ် ၁၂ သို့မဟုတ် ထိုထက်ပိုမိုကျဆင်းနိုင်ကြောင်း ဖော်ပြထားသည်။
အခြားဒေသများ၌ ဇန်နဝါရီ ၈ ရက် အနိမ့်ဆုံးအပူချိန်သည် ၁၆ ဒသမ ၉ မှ ၁၃ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့သည်။
ကိုရီးယားနိုင်ငံဒေသအများအပြားတွင် ဆောင်းရာသီ၏ မှတ်တမ်းတင် အနိမ့်ဆုံးအပူချိန်ကို ရင်ဆိုင်ကြုံတွေ့လျက်ရှိကြောင်း ကိုရီးယားမိုးလေဝသစီမံခန့်ခွဲရေးဌာနက ဖော်ပြထားသည်။
ဆင်ဟွာ
Source: မြန်မာ့အလင်းသတင်းစာ