အသက် ၂၅ နှစ်အောက် ရုရှား အမျိုးသမီးကျောင်းသူများကို ကျန်းမာသော ကလေးတစ်ဦးမွေးဖွားလျှင် ဆုငွေ ၁သိန်းဆုချမည်

News Image

ရုရှားနိုင်ငံမှ ဒေသတစ်ခုသည် အသက် ၂၅ နှစ်အောက် အမျိုးသမီးကျောင်းသူများကို ကျန်းမာသော ကလေး တစ်ဦး မွေးဖွားလျှင် ဆုငွေ ရူဘယ် ၁သိန်း ချီးမြှင့်မည် ဖြစ်ကြောင်း The Moscow Times သတင်းတွင် ဖော်ပြ ထားပါသည်။ ၎င်းမူဝါဒသည် နိုင်ငံ၏ကျဆင်းနေသော ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။ ဇန်နဝါရီလ ၁  ရက်နေ့မှစ၍ လျှောက်ထားနိုင်ပြီး  မိခင် ဖြစ်လိုသူသည် ဒေသန္တရတက္ကသိုလ် သို့မဟုတ် ကောလိပ် တွင် အချိန်ပြည့်ကျောင်းသူ ဖြစ်ရမည်ဖြစ်သည့်အပြင် ကာရီလီယားတွင်နေထိုင်သည့် အသက် ၂၅ အောက် အမျိုးသမီးဖြစ်ရမည်ဟု ပါရှိပါသည်။ 

ဒေသဆိုင်ရာဥပဒေတွင် အဆိုပါမူဝါဒသည် မွေးကင်းစ ကလေးငယ်များကို မွေးဖွားသောမိခင်များနှင့် သက်ဆိုင်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြ ထားသော်လည်း မတော်တဆမှုကြောင့် ကလေး သေဆုံးပါက ငွေပေးချေခြင်းအား ရုတ်သိမ်းခြင်း ရှိ၊ မရှိ အတိအကျဖော်ပြထားခြင်းမရှိပေ။ မသန်စွမ်းကလေးမွေးဖွားသော အမျိုးသမီးများသည်ငွေကြေးအတွက် အရည်အချင်းပြည့်မီခြင်း ရှိ၊ မရှိ သို့မဟုတ် ကလေးစောင့်ရှောက်မှုနှင့် မီးဖွားပြီးနောက် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကုန်ကျစရိတ်များအတွက် အာဏာပိုင်များက ထပ်လောင်းပေးချေမှုများဖြင့် ကူညီမည်ဆိုသည်ကို ဖော်ပြထားခြင်းမရှိကြောင်း အဆိုပါစာစောင်တွင် ဖော်ပြထားပါသည်။

ထိုကဲ့သို့ ကလေးမွေးဖွားပေးလျှင် ဆုချမည်ဆိုသည်မှာ ကာရီလီယားဒေသတစ်ခုတည်းမဟုတ်ဘဲ ရုရှားနိုင်ငံရှိ ပြည်နယ် ၁၁ ခုထက်မနည်းသော အစိုးရများက ကလေး မွေးဖွားမှုအတွက် ကျောင်းသူများကို ပေးဆောင်နေကြောင်း သိရပါသည်။ သင့်လျော်သော အစီအမံ မပါဝင်ကြောင်းနှင့် မိခင်အသစ်များအတွက် စံပြစီးပွားရေးအခြေအနေများ မပါရှိခြင်းကြောင့် အဆိုပါလှုပ်ရှားမှုကို ထိရောက်သော နည်းလမ်းတစ်ခုမဟုတ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။

ရုရှားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ကလေး ၅၉၉,၆၀၀ ဦးသာ မွေးဖွားခဲ့ပြီး ၂၅နှစ်အတွင်း အနိမ့်ဆုံးကလေးမွေးဖွားနှုန်းအဖြစ် မှတ်တမ်းတင်ခဲ့ ပါသည်။ ၂၀၂၃ ခုနှစ်က အလားတူကာလထက် ၁၆,၀၀၀ ဦး လျော့နည်းခဲ့ပြီး ဇွန်လအတွင်းကလည်း ပထမဆုံးအကြိမ်အဖြစ် ကလေးမွေးဖွားမှု ဦးရေ ၁ သိန်း အောက်သို့ ကျဆင်းသွားသည့်အတွက် သမိုင်းကြောင်းအရ မွေးဖွားနှုန်းနိမ့်ကျမှုကိုလည်း တွေ့မြင်ခဲ့ရကြောင်း ဖော်ပြထားပါသည်။

ကိုးကား-Myanmar National Post