အစွန်းရောက်ဩသဒေါက်စ်များက အဝေးပြေးလမ်းမကို ပိတ်ဆို့ဆန္ဒပြ

News Image

  • အစွန်းရောက်ဩသဒေါက်စ်များက အဝေးပြေးလမ်းမကို ပိတ်ဆို့ဆန္ဒပြ

ရာနှင့်ချီသောအစွန်းရောက်သြသဒေါက်စ် ဂျူးဆန္ဒပြသူများသည် Haredi အမျိုးသားများအား အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သို့ စစ်မှုထမ်းဆောင်စေခြင်းကို ဆန့်ကျင်သည့်အနေဖြင့် Tel Aviv အရှေ့ဘက် Bnei Brak အနီး အဝေးပြေးလမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၉ ရက်နေ့က ပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။

အစ္စရေးနိုင်ငံတွင် နိုင်ငံသားအများစုအတွက် စစ်မှု မထမ်းမနေရစနစ်ရှိပြီး အမျိုးသား၊အမျိုးသမီးများသည် ၂၄ လ မှ ၃၂ လ အထိ စစ်မှုထမ်းကြရသည်။

Haredi ဂျူးလူမျိုးများသည် အစ္စရေးနိုင်ငံ စတင်တည်ထောင်ချိန် ၁၉၄၈ ခုနှစ်ကတည်းက ကင်းလွတ်ခွင့် ရခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် တရားရုံးချုပ်က အဆိုပါကင်းလွတ်ခွင့်ကို ရုတ်သိမ်းခဲ့သည်။

ဂါဇာရှိ ဟားမတ်စ်များအပေါ် စစ်ဆင်ရေးဆင်နွှဲချိန်အတွင်း အင်အားဖြည့်တင်းရန်လိုအပ်သည့် IDF ၏ ကြိုးပမ်းမှုနှင့်တိုက်ဆိုင်နေပြီး  Haredi အမျိုးသားများ သည် ဩဂုတ်လတွင် စစ်မှုထမ်းရန် အကြောင်းကြားစာများ စတင်လက်ခံရရှိခဲ့သော်လည်း အနည်းငယ်သာဆန္ဒအလျောက် စာရင်းသွင်းခဲ့ကြသည်။

အစွန်းရောက် ဩသဒေါက်စ် အကြမ်းဖက်အဖွဲ့ Jerusalem Faction နှင့်ဆက်နွယ်နေသော ဆန္ဒပြသူများသည် ဇန်နဝါရီ ၉ ရက်နေ့က Bnei Brak အဝေးပြေး လမ်းမကြီးပေါ်တွင် လမ်းနှစ်ဘက်စလုံး ပိတ်ဆို့ဆန္ဒပြခဲ့ကြပြီး လူစုခွဲရန်ကြိုးစားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်။ အစ္စရေးတွင် Haredim တစ်သန်းကျော်နေထိုင်လျက်ရှိပြီး ၎င်းတို့သည် အစ္စရေး၏ အခြားသောဓလေ့ထုံးတမ်းယုံကြည်ကိုးကွယ်သူ ဂျူးအများစုနှင့် ထိတွေ့ဆက်ဆံမှုနည်းပါးစွာ နေထိုင်လေ့ရှိကြသည်။ စစ်မှုထမ်းဆောင်ခြင်းသည် ၎င်းတို့၏ Torah လေ့လာမှုများ၊ ဆုတောင်းခြင်းလုပ်ရိုးလုပ်စဉ်များနှင့် ဘာသာရေးဓလေ့ထုံးစံများကို အနှောင့်အယှက်ဖြစ်စေသည်ဟု ယုံကြည်ကြသည်။ IDF က ၎င်းတို့၏ လူနေမှုဘဝပုံစံနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် မူဝါဒများနှင့် လေ့ကျင့်ရေးအခြေခံများကို လိုက်လျောညီထွေဖြစ်စေရေး လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

ကိုးကား-RT

Photo: Anadolu Ajansi