ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အီရန်သမ္မတ Masoud Pezeshkian တို့ ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေး
ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် အီရန်သမ္မတ Masoud Pezeshkian တို့သည် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကရင်မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြမည် ဖြစ်ပါသည်။
အစည်းအဝေး၏ အစီအစဉ်သည် ကျယ်ပြန့်မည်ဟု မျှော်လင့်ရပါသည်။ ၎င်းတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း အပြန်အလှန် အကျိုးစီးပွားဆိုင်ရာ ပြဿနာများ ပါဝင်မည်ဖြစ်ပြီး ဆီးရီးယားနှင့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဇုန်တို့ အပါအဝင်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေး ကြမည်ဖြစ်ပါသည်။ ထို့အပြင် Transcaucasia ရှိ အခြေအနေနှင့် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ် အခြေအနေကိုလည်း ဆွေးနွေးကြမည်ဖြစ်ပါသည်။
နှစ်နိုင်ငံဆက်ဆံရေး၏ အဆင့်အသစ်တစ်ခုအဖြစ်ပြင်ဆင်ထားသည့် အဆိုပါသဘောတူညီချက်သည် ရုရှားနှင့်အီရန်နိုင်ငံအကြားဆက်ဆံရေးကို အဆင့်အသစ်တစ်ခုသို့ ရောက်ရှိစေမည်ဖြစ်ပါသည်။
အဆိုပါ ဘက်စုံမဟာဗျူဟာမြောက် သဘောတူညီချက်စာချုပ်သည် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေမူဘောင်ကိုလည်း ချမှတ်နိုင်မည်ဖြစ်ပါသည်။ သဘောတူစာချုပ်တွင် ကာကွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ သိပ္ပံနှင့် နည်းပညာ အပါအဝင် နယ်ပယ်အားလုံး အကျုံးဝင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့ပါသည်။
လက်ရှိတွင် ရုရှားနှင့် အီရန်တို့သည် နှစ်နိုင်ငံဆက်ဆံရေး အခြေခံမူများနှင့် ပူးပေါင်းဆောင်ရွက်ရေးမူများကို ၂၀၀၁ ခုနှစ် စာချုပ်ပါ ပြဋ္ဌာန်းချက်များ၊ လမ်းညွှန်ချက်များဖြင့်ဆောင်ရွက်နေပြီး ၎င်းသည် ၁၀ နှစ်ကြာသက်တမ်းရှိခဲ့ပြီး နောက်ထပ်ငါးနှစ်တာ ကာလအတွက် အလိုအလျောက်သက်တမ်းတိုးခဲ့ပါသည်။ဘက်စုံမဟာဗျူဟာမြောက်သဘောတူညီချက်စာချုပ်အသစ်သည် အနှစ် ၂၀ သက်တမ်းရှိမည်ဖြစ်ပါသည်။
အီရန်နိုင်ငံရေးသိပ္ပံပညာရှင်နှင့် ရုရှားနိုင်ငံဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ပါမောက္ခ Ruhollah Modabber က အဆိုပါသဘောတူညီချက်အသစ်သည် နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရုံသာမက အမေရိကန်၏ ပိတ်ဆို့မှုများကိုတွန်းလှန်ရန် အခွင့်အလမ်းများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ သဘောတူညီချက်အသစ်တွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေစိုးမိုးရေး လေးစားမှုဆိုင်ရာ ပြဋ္ဌာန်းချက်များလည်းပါရှိပါသည်။ အဆိုပါ သဘောတူညီချက်သည် မော်စကိုနှင့် တီဟီရန်တို့၏ မျှော်မှန်းချက်များနှင့်ကိုက်ညီပြီး အခြားနိုင်ငံများ၏ အကျိုးစီးပွားကို ဆန့်ကျင်ခြင်းမဟုတ်ကြောင်း သိရှိရပါသည်။
ကိုးကား - TASS
Photo: Al Jazeera